News @ M-Media

Blog

  • အသင်းဖော်များအား ဝေဖန်ခဲ့မှုအတွက် ရော်နယ်ဒို ပြန်လည်တောင်းပန်

    အသင်းဖော်များအား ဝေဖန်ခဲ့မှုအတွက် ရော်နယ်ဒို ပြန်လည်တောင်းပန်

    မတ် ၁၊ ၂၀၁၆
    M-Media

    rnd

    – အက်သလက်တီကိုမက်ဒရစ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အသင်းဖော်များနှင့် အသင်းတာဝန်ရှိသူများအား ဝေဖန်ခဲ့မှုအတွက် ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒိုက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း ကစားခဲ့သည့် အဆိုပါပွဲတွင် ရီးယဲလ်မှာ အက်သလက်တီကို မက်ဒရစ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒိုကမူ အသင်းသားများအနေဖြင့် မိမိကစားသကဲ့သို့ ကစားပါက အသင်းမှာ ဇယားထိပ်ဆုံးတွင် ရှိနေမည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ ဆေးအဖွဲ့များ၊ ရာသီအစ ပြင်ဆင်မှုများနှင့် လက်ရှိ အသင်းခြေစွမ်းပိုင်းတို့ကိုလည်း ရော်နယ်ဒိုက ဝေဖန်ခဲ့ကာ ၎င်းကိုယ်ကို အမွှမ်းတင်ခဲ့သည်။ ထို့ကြောင့် ၎င်းမှာ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ရော်နယ်ဒိုက အသင်းဖော်များအား ပြန်လည်တောင်းပန်လိုက်ပြီး ၎င်းကိုယ်ကိုလည်း နှိမ့်ချပြောဆိုခဲ့ကာ အသင်းဖော်များ စိတ်ပျက်စေရန် မရည်ရွယ်ခဲ့ဟု ဆိုသည်။ အသင်းဖော်များကလည်း ရော်နယ်ဒို၏ တောင်းပန်မှုကို လက်ခံခဲ့ပြီး ၎င်းအား နှစ်သိမ့်ဖြောင်းဖျခဲ့ကြသည်။

    Ref: Goal

  • ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ၅ မျိုးကို အီရန်က ထုတ်ဖော်ပြသ

    ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ၅ မျိုးကို အီရန်က ထုတ်ဖော်ပြသ

    မတ် ၁၊ ၂၀၁၆
    M-Media

    iran 6

    – အီရန်က အသစ်တီထွင် ထုတ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် ကာကွယ်ရေးကိရိယာငါးမျိုးကို ထိပ်တန်းစစ်အရာရှိများ တက်ရောက်ခဲ့တဲ့ ယမန်နေ့ အခမ်းအနားတစ်ခုမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

    အဲဒီ ပစ္စည်းတွေကတော့ ပုံရိပ်ဖမ်းကိရိယာတစ်ခု၊ ဖောက်ခွဲရေးပစ္စည်းနဲ့မူးယစ်ဆေးဝါးရှာဖွေရေးစက်၊ လျှပ်စစ်ဓာတ်မစီးသည့် ဗုံးဒဏ်ခံပလတ်စတစ်ကျည်ကာများ၊ (နျူးကလီးယား၊ ဇီဝပစ္စည်း၊ ဓာတုပစ္စည်း) ကာကွယ်နိုင်သည့် NBC ၀တ်စုံ၊ ဓာတုလက်နက်များကို တန်ပြန်နိုင်တဲ့ ဆေးဝါး Obidoxime Chloride ထုတ်လုပ်တဲ့ စက်တွေပဲ ဖြစ်ပါတယ်။

    အခမ်းအနားမှာ အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟူစိန် ဒေဟ်ကန်က မကြာသေးမီကာလအတွင်း အီရန်ရဲ့ ကာကွယ်ရေးကဏ္ဍမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။

    “အီရန်ကာကွယ်ရေးကဏ္ဍအပေါ် အရေးယူပိတ်ဆို့ထားပေမယ့်လည်း အီရန်တပ်မတော်ဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ ပစ္စည်းအသစ်တွေ ထုတ်လုပ်ထားပြီး ရန်သူတွေရဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်၊ နောင်အနာဂတ်မှာလည်း ဒီလိုပဲ လုပ်နိုင်အုံးမှာပါ” လို့ ဒေဟ်ကန်က ပြောကြားခဲ့ပါတယ်။

    အီရန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ပိုမိုအစွမ်းထက်တဲ့ ကာကွယ်ရေးလက်နက်များ ထုတ်လုပ်နိုင်ဖို့ အထူးတာဝန်တစ်ရပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံဟာ မကြာခင်နှစ်အနည်းငယ်အတွင်းမှာ ကာကွယ်ရေးအခန်းကဏ္ဍကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး မရှိမဖြစ်လိုအပ်တဲ့ စစ်ရေးလက်နက်တွေကိုလည်း ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

    မိမိတို့ရဲ့ စစ်အင်အားဟာ အခြားတိုင်းပြည်တွေကို ခြိမ်းခြောက်ဖို့မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ဖို့သာဖြစ်တယ်လို့ အီရန်က အကြိမ်ကြိမ်ပြောကြားထားပြီးဖြစ်ပါတယ်။

    Ref: Presstv

  • မလေးဝန်ကြီးချုပ်ဟောင်း အာဏာရပါတီမှ နှုတ်ထွက်မည်

    မလေးဝန်ကြီးချုပ်ဟောင်း အာဏာရပါတီမှ နှုတ်ထွက်မည်

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    mahathir

    – ၀န်ကြီးချုပ်နာဂျစ်၏ ခြစားမှုပြဿနာကို အားပေးထောက်ခံနေသည်ဟု ယူဆသောကြောင့် အာဏာရ UMNO ပါတီမှ နှုတ်ထွက်တော့မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။

    မလေးရှားကို နှစ်အရှည်ကြာဆုံး အုပ်ချုပ်ခဲ့သည့် မဟာသီယာမှာ နိုင်ငံတွင်းတွင် လေးစားခံရဆုံး၊ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် နာဂျစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦးလည်း ဖြစ်သည်။ နာဂျစ်မှာ နိုင်ငံပိုင်လုပ်ငန်း 1MDB ၏ ရန်ပုံငွေ ပြဿနာနှင့်ပတ်သက်ကာ ခြစားမှုရှိနေသည်ဟု ပြီးခဲ့သည့် လများအတွင်း စွပ်စွဲခံထားရသည်။

    မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အစီရင်ခံစာအရ ၀န်ကြီးချုပ်နာဂျစ်တွင် အပြစ်မရှိကြောင်း ရှေ့နေချုပ်က ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်ရန် ကော်မရှင်အား ကြီးကြပ်သည့်အဖွဲ့က ပြန်လည်အမိန့်ပေးခဲ့သည်။

    “UNMO မှာ နောက်ထပ် ကျွန်တော် ပါဝင်မှာ မဟုတ်တော့ပါဘူး။ အဲဒါက နာဂျစ်ပါတီပါ။ ခြစားမှုမှာ အလိုတူအလိုပါ ဖြစ်နေတဲ့ ပါတီနဲ့ ပတ်သက်ရတဲ့အတွက် ကျွန်တော် ရှက်မိပါတယ်” ဟု ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မဟာသီယာက ပြောကြားခဲ့သည်။

    သို့သော်လည်း မိမိအနေဖြင့် ပါတီသစ်ထောင်ခြင်း၊ အခြားပါတီများသို့ ၀င်ရောက်ခြင်းတို့ကို ပြုလုပ်သွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • လိဂ်ဖလားအရှုံးကို တွန်းအားအဖြစ် အသုံးချမည်ဟု လီဗာပူးလ်နည်းပြ ပြော

    လိဂ်ဖလားအရှုံးကို တွန်းအားအဖြစ် အသုံးချမည်ဟု လီဗာပူးလ်နည်းပြ ပြော

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    klop 3

    – လိဂ်ဖလားဗိုလ်လုပွဲ ရှုံးနိမ့်ရခြင်း၏ နာကျင်မှုကို အပြည့်အ၀ခံစားကာ အနာဂတ်အောင်မြင်မှုအတွက် တွန်းအားအဖြစ် အသုံးချသွားမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် မန်စီးတီးနှင့် အဆိုပါဗိုလ်လုပွဲတွင် ဖာနန်ဒင်ဟို၏ အဖွင့်ဂိုးကို ကော်တင်ဟိုက ပြန်လည်ချေပနိုင်ခဲ့သော်လည်း ပင်နယ်တီတွင် လီဗာပူးလ်က ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အသက် ၄၈ နှစ်အရွယ် ကလော့ပ်ကမူ ဒုတိယနေရာသာ ရရှိခဲ့ခြင်းမှာ အရာမရောက်ဟု ပွဲအပြီးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

    “အခုအချိန်မှာတော့ ဘာကိုမှ ကျွန်တော် အကောင်းမမြင်နိုင်ပါဘူး။ ကျွန်တော်လည်း လူသားတစ်ယောက်ပဲလေ။ ဒီလို အရှုံးကြီးရှုံးတာဟာ ကျွန်တော့်အတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်လည်း ကျွန်တော် ဒီလို ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ပြီးတော့ နိုင်လည်း နိုင်ခဲ့ဖူးပါတယ်။ ဘယ်လိုဖြစ်သလဲဆိုတာ ကျွန်တော်သိတယ်။ အခု ကျွန်တော် အိမ်ပြန်၊ တံခါးပိတ်ပြီး ၃ လေးပတ်လောက်အပြင်မထွက်ဘူးလို့ ခင်ဗျားတို့ထင်နေလား။ စိတ်ဓာတ်ကျတာကတော့ ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် အေးဆေးပါ။ အရှုံးကိုခံစားရမယ်။ အမြဲတမ်း ပြန်လည်နိုးထရပါမယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ချက်အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ချက်အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    chez 3

    – ချက်စလိုဗက်ကီးယား ပြည်သူ့သမ္မတနိုင်ငံရဲ့ အလှမယ်ဟောင်းဖြစ်တဲ့ မာကီတာ ကိုရင်ကိုဗာဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အစ္စလာမ်သာသနာကို လူသိရှင်ကြား ပြောင်းလဲသက်ဝင်ခဲ့တယ်လို့ သိရပါတယ်။

    ကိုရင်ကိုဗာဟာ အီတလီမှာ ပြုလုပ်ခဲ့တဲ့ မယ်စကြ၀ဠာပြိုင်ပွဲမှာ သရဖူရခဲ့သူဖြစ်ပြီး၊ နာမည်ကြီးဒီဇိုင်နာတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်လောကမှာလည်း သူမက နာမည်တစ်လုံးရခဲ့ကာ ရုပ်ရှင်ရိုက်ကူးမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။

    အစ္စလာမ်ကိုပြောင်းလဲသက်ဝင်ခဲ့ပြီးနောက်မှာတော့ အစ္စလာမ့်ဘွဲ့အမည်ကို မရ်ယမ်လို့ မှည့်ခေါ်ခဲ့ပြီး ဒူဘိုင်းနိုင်ငံမှာပဲ အခြေချနေထိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုရင်ကိုဗာက သူမဟာ အစ္စလာမ့်သာသနာကို ၃ နှစ် ၃ မိုးကြာ လေ့လာခဲ့ပြီး အမျိုးသမီးတွေအပေါ်မှာ အစ္စလာမ်က ပေးထားတဲ့ အဆင့်အတန်းကို ကြိုက်နှစ်သက်တဲ့အတွက် အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တာဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

    သူမကို ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကြေငြာပေးဖို့ ကမ်းလှမ်းထားပြီး ဟောလီးဝုဒ်ကတောင် ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူမကတော့ အရာအားလုံးပြည့်စုံပေမယ့် ယုံကြည်မှုပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

    စိတ်ငြိမ်းချမ်းရာကို နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေခဲ့တဲ့ ကိုရင်ကိုဗာဟာ နောက်ဆုံးမှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်နဲ့အတူ ဘာသာတရားတွေကို လေ့လာခဲ့ပါတော့တယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်ပေမယ့် ခရစ်ယာန်ဘာသာမှာလည်း သူ့ရဲ့ စိတ်ငြိမ်းချမ်းရာကို ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးမှာတော့ အစ္စလာမ်ကို စတင်လေ့လာခဲ့ပါတယ်။

    အစ္စလာမ်က အမျိုးသမီးတွေကိုပေးထားတဲ့ အခွင့်အရေးတွေ၊ ကာကွယ်မှုတွေကို လေ့လာမိခဲ့တဲ့အခါမှာတော့ ကိုရင်ကိုဗာတစ်ယောက် အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒူဘိုင်းကို ပြောင်းရွှေ့ အခြေချဖို့အထိ ဖြစ်ခဲ့ပါတယ်။

    အဆိုးမြင်ခဲ့

    အစ္စလာမ်က အမျိုသမီးတွေကို နေရာမပေးဘူးလို့ သူမငယ်စဉ်ဘ၀မှာ နားသွင်းခံထားရကြောင်းကိုလည်း သူမက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမှန်တကယ် လေ့လာခဲ့တဲ့အချိန်မှာတော့ အစ္စလာမ်ဟာ အမျိုးသမီးတွေအတွက် အိနြေ္ဒသိက္ခာရှိတဲ့အခြေအနေကို ပေးအပ်ထားပြီး၊ အနောက်နိုင်ငံတွေကတော့ ‘လွပ်လပ်မှု’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေကို ကစားနေကြတာဖြစ်တယ်လို့ ကိုရင်ကိုဗာက မှတ်ချက်ပြုခဲ့ပါတယ်။

    ဒူဘိုင်းမှာ အခြေချခဲ့တဲ့အကြောင်းအရင်းကတော့ အစ္စလာမ့်ရဲ့သင်ကြားမှုတွေကို ထပ်မံလေ့လာနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

    သူမဘ၀တစ်လျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်မငြိမ်းချမ်းမှုဟာ ရှဟာဒသ် (အစ္စလာမ်ကို သက်ဝင်ကြောင်း သက်သေထွက်ဆိုချက်) ဖတ်ပြီးတဲ့နောက်ပိုင်းမှာတော့ အဆုံးသတ်သွားကြောင်း၊ မလုံ့တလုံ အ၀တ်အစားတွေ ၀တ်ဆင်မှုကို စွန့်လွှတ်ခဲ့ပြီး ဟီဂျဘ်ကို စတင်ဝတ်ဆင်ခဲ့ကြောင်း၊ ဟိဂျဘ်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံကို လွှင့်တင်ခဲ့တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံး အံအားသင့်သွားခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

    အစပိုင်းမှာတော့ ကိုရင်ကိုဗာဟာ ဖက်ရှင်ရှိုးတစ်ခုအတွက် ၀တ်ဆင်တာဖြစ်မယ်လို့ ပရိတ်သတ်တွေက ထင်ခဲ့ပေမယ့် သူမအမှန်တကယ် အစ္စလာမ်ကိုသက်ဝင်ကြောင်း ကြေငြာလိုက်တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံးက အံ့သြမှင်သက်ခဲ့ကြပါတယ်။

    Ref: IINA