News @ M-Media

Blog

  • မလေးဝန်ကြီးချုပ်ဟောင်း အာဏာရပါတီမှ နှုတ်ထွက်မည်

    မလေးဝန်ကြီးချုပ်ဟောင်း အာဏာရပါတီမှ နှုတ်ထွက်မည်

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    mahathir

    – ၀န်ကြီးချုပ်နာဂျစ်၏ ခြစားမှုပြဿနာကို အားပေးထောက်ခံနေသည်ဟု ယူဆသောကြောင့် အာဏာရ UMNO ပါတီမှ နှုတ်ထွက်တော့မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။

    မလေးရှားကို နှစ်အရှည်ကြာဆုံး အုပ်ချုပ်ခဲ့သည့် မဟာသီယာမှာ နိုင်ငံတွင်းတွင် လေးစားခံရဆုံး၊ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် နာဂျစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦးလည်း ဖြစ်သည်။ နာဂျစ်မှာ နိုင်ငံပိုင်လုပ်ငန်း 1MDB ၏ ရန်ပုံငွေ ပြဿနာနှင့်ပတ်သက်ကာ ခြစားမှုရှိနေသည်ဟု ပြီးခဲ့သည့် လများအတွင်း စွပ်စွဲခံထားရသည်။

    မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အစီရင်ခံစာအရ ၀န်ကြီးချုပ်နာဂျစ်တွင် အပြစ်မရှိကြောင်း ရှေ့နေချုပ်က ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်ရန် ကော်မရှင်အား ကြီးကြပ်သည့်အဖွဲ့က ပြန်လည်အမိန့်ပေးခဲ့သည်။

    “UNMO မှာ နောက်ထပ် ကျွန်တော် ပါဝင်မှာ မဟုတ်တော့ပါဘူး။ အဲဒါက နာဂျစ်ပါတီပါ။ ခြစားမှုမှာ အလိုတူအလိုပါ ဖြစ်နေတဲ့ ပါတီနဲ့ ပတ်သက်ရတဲ့အတွက် ကျွန်တော် ရှက်မိပါတယ်” ဟု ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မဟာသီယာက ပြောကြားခဲ့သည်။

    သို့သော်လည်း မိမိအနေဖြင့် ပါတီသစ်ထောင်ခြင်း၊ အခြားပါတီများသို့ ၀င်ရောက်ခြင်းတို့ကို ပြုလုပ်သွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • လိဂ်ဖလားအရှုံးကို တွန်းအားအဖြစ် အသုံးချမည်ဟု လီဗာပူးလ်နည်းပြ ပြော

    လိဂ်ဖလားအရှုံးကို တွန်းအားအဖြစ် အသုံးချမည်ဟု လီဗာပူးလ်နည်းပြ ပြော

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    klop 3

    – လိဂ်ဖလားဗိုလ်လုပွဲ ရှုံးနိမ့်ရခြင်း၏ နာကျင်မှုကို အပြည့်အ၀ခံစားကာ အနာဂတ်အောင်မြင်မှုအတွက် တွန်းအားအဖြစ် အသုံးချသွားမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် မန်စီးတီးနှင့် အဆိုပါဗိုလ်လုပွဲတွင် ဖာနန်ဒင်ဟို၏ အဖွင့်ဂိုးကို ကော်တင်ဟိုက ပြန်လည်ချေပနိုင်ခဲ့သော်လည်း ပင်နယ်တီတွင် လီဗာပူးလ်က ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အသက် ၄၈ နှစ်အရွယ် ကလော့ပ်ကမူ ဒုတိယနေရာသာ ရရှိခဲ့ခြင်းမှာ အရာမရောက်ဟု ပွဲအပြီးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

    “အခုအချိန်မှာတော့ ဘာကိုမှ ကျွန်တော် အကောင်းမမြင်နိုင်ပါဘူး။ ကျွန်တော်လည်း လူသားတစ်ယောက်ပဲလေ။ ဒီလို အရှုံးကြီးရှုံးတာဟာ ကျွန်တော့်အတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်လည်း ကျွန်တော် ဒီလို ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ပြီးတော့ နိုင်လည်း နိုင်ခဲ့ဖူးပါတယ်။ ဘယ်လိုဖြစ်သလဲဆိုတာ ကျွန်တော်သိတယ်။ အခု ကျွန်တော် အိမ်ပြန်၊ တံခါးပိတ်ပြီး ၃ လေးပတ်လောက်အပြင်မထွက်ဘူးလို့ ခင်ဗျားတို့ထင်နေလား။ စိတ်ဓာတ်ကျတာကတော့ ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် အေးဆေးပါ။ အရှုံးကိုခံစားရမယ်။ အမြဲတမ်း ပြန်လည်နိုးထရပါမယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ချက်အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ချက်အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    chez 3

    – ချက်စလိုဗက်ကီးယား ပြည်သူ့သမ္မတနိုင်ငံရဲ့ အလှမယ်ဟောင်းဖြစ်တဲ့ မာကီတာ ကိုရင်ကိုဗာဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အစ္စလာမ်သာသနာကို လူသိရှင်ကြား ပြောင်းလဲသက်ဝင်ခဲ့တယ်လို့ သိရပါတယ်။

    ကိုရင်ကိုဗာဟာ အီတလီမှာ ပြုလုပ်ခဲ့တဲ့ မယ်စကြ၀ဠာပြိုင်ပွဲမှာ သရဖူရခဲ့သူဖြစ်ပြီး၊ နာမည်ကြီးဒီဇိုင်နာတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်လောကမှာလည်း သူမက နာမည်တစ်လုံးရခဲ့ကာ ရုပ်ရှင်ရိုက်ကူးမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။

    အစ္စလာမ်ကိုပြောင်းလဲသက်ဝင်ခဲ့ပြီးနောက်မှာတော့ အစ္စလာမ့်ဘွဲ့အမည်ကို မရ်ယမ်လို့ မှည့်ခေါ်ခဲ့ပြီး ဒူဘိုင်းနိုင်ငံမှာပဲ အခြေချနေထိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုရင်ကိုဗာက သူမဟာ အစ္စလာမ့်သာသနာကို ၃ နှစ် ၃ မိုးကြာ လေ့လာခဲ့ပြီး အမျိုးသမီးတွေအပေါ်မှာ အစ္စလာမ်က ပေးထားတဲ့ အဆင့်အတန်းကို ကြိုက်နှစ်သက်တဲ့အတွက် အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တာဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

    သူမကို ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကြေငြာပေးဖို့ ကမ်းလှမ်းထားပြီး ဟောလီးဝုဒ်ကတောင် ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူမကတော့ အရာအားလုံးပြည့်စုံပေမယ့် ယုံကြည်မှုပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

    စိတ်ငြိမ်းချမ်းရာကို နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေခဲ့တဲ့ ကိုရင်ကိုဗာဟာ နောက်ဆုံးမှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်နဲ့အတူ ဘာသာတရားတွေကို လေ့လာခဲ့ပါတော့တယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်ပေမယ့် ခရစ်ယာန်ဘာသာမှာလည်း သူ့ရဲ့ စိတ်ငြိမ်းချမ်းရာကို ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးမှာတော့ အစ္စလာမ်ကို စတင်လေ့လာခဲ့ပါတယ်။

    အစ္စလာမ်က အမျိုးသမီးတွေကိုပေးထားတဲ့ အခွင့်အရေးတွေ၊ ကာကွယ်မှုတွေကို လေ့လာမိခဲ့တဲ့အခါမှာတော့ ကိုရင်ကိုဗာတစ်ယောက် အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒူဘိုင်းကို ပြောင်းရွှေ့ အခြေချဖို့အထိ ဖြစ်ခဲ့ပါတယ်။

    အဆိုးမြင်ခဲ့

    အစ္စလာမ်က အမျိုသမီးတွေကို နေရာမပေးဘူးလို့ သူမငယ်စဉ်ဘ၀မှာ နားသွင်းခံထားရကြောင်းကိုလည်း သူမက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမှန်တကယ် လေ့လာခဲ့တဲ့အချိန်မှာတော့ အစ္စလာမ်ဟာ အမျိုးသမီးတွေအတွက် အိနြေ္ဒသိက္ခာရှိတဲ့အခြေအနေကို ပေးအပ်ထားပြီး၊ အနောက်နိုင်ငံတွေကတော့ ‘လွပ်လပ်မှု’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေကို ကစားနေကြတာဖြစ်တယ်လို့ ကိုရင်ကိုဗာက မှတ်ချက်ပြုခဲ့ပါတယ်။

    ဒူဘိုင်းမှာ အခြေချခဲ့တဲ့အကြောင်းအရင်းကတော့ အစ္စလာမ့်ရဲ့သင်ကြားမှုတွေကို ထပ်မံလေ့လာနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

    သူမဘ၀တစ်လျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်မငြိမ်းချမ်းမှုဟာ ရှဟာဒသ် (အစ္စလာမ်ကို သက်ဝင်ကြောင်း သက်သေထွက်ဆိုချက်) ဖတ်ပြီးတဲ့နောက်ပိုင်းမှာတော့ အဆုံးသတ်သွားကြောင်း၊ မလုံ့တလုံ အ၀တ်အစားတွေ ၀တ်ဆင်မှုကို စွန့်လွှတ်ခဲ့ပြီး ဟီဂျဘ်ကို စတင်ဝတ်ဆင်ခဲ့ကြောင်း၊ ဟိဂျဘ်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံကို လွှင့်တင်ခဲ့တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံး အံအားသင့်သွားခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

    အစပိုင်းမှာတော့ ကိုရင်ကိုဗာဟာ ဖက်ရှင်ရှိုးတစ်ခုအတွက် ၀တ်ဆင်တာဖြစ်မယ်လို့ ပရိတ်သတ်တွေက ထင်ခဲ့ပေမယ့် သူမအမှန်တကယ် အစ္စလာမ်ကိုသက်ဝင်ကြောင်း ကြေငြာလိုက်တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံးက အံ့သြမှင်သက်ခဲ့ကြပါတယ်။

    Ref: IINA

  • နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    newyork

    – နယူးယောက်မှာရှိတဲ့ ဘက်ဖလိုမွတ်စလင်အစည်းအရုံးက ဒေသခံမွတ်စလင်တွေရဲ့ အနုပညာလက်ရာများ ထုတ်ဖော်ပြသတဲ့ ပြပွဲတစ်ခုကို စနေနေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အဲဒီပြပွဲဟာ အမေရိကန်မွတ်စလင်တွေအပေါ် နားလည်မှုလွဲမှားတာတွေ ကင်းစင်စေဖို့နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အိမ်ဖြူတော်ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ မိမိတို့ကလည်း အကြမ်းဖက်ခြင်းနဲ့ အစ္စလာမ်ဆန့်ကျင်ရေးအမြင်တွေကို ပြောင်းလဲနိုင်ဖို့ရည်ရွယ်ပြီး မိမိရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ပက်သက်လို့ တခြားသူတွေကို မိတ်ဆက်ပေးနိုင်ဖို့ အိမ်ဖြူတော်ရဲ့ ဒီအစီအမံကို လက်ခံဆောင်ရွက်ခဲ့တာလို့ အမေရိကန်မွတ်စလင်တွေက ပြောကြားခဲ့ပါတယ်။

    “ပြည်သူတွေ အတူတကွ ပြောဆိုဆွေးနွေးဖို့ သူတို့ရဲ့ အမေရိကန်မွတ်စလင်အိမ်နီးချင်းတွေကို နားလည်သဘောပေါက်ဖို့အတွက် ဒါဟာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးတာဖြစ်ပါတယ်” လို့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သူ ဟာဆန် ရှီဘလီက ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်အတွင်းမှာပြုလုပ်တဲ့ အဲဒီပြပွဲမှာ အမေရိကန်မွတ်စလင်တွေရဲ့ အနုပညာလက်ရာတွေကို ခင်းကျင်းပြသခဲ့ပြီး လူအမြောက်အများ လာရောက်ကြကာ အစ္စလာမ်ကပြောတဲ့ အမျိုးသမီးတွေအကြောင်း၊ အစ္စလာမ်က အစွန်းရောက်တွေကိုလက်မခံတဲ့အကြောင်း ဟောပြောပို့ချမှုတွေကိုလည်း နားထောင်ခဲ့ကြပါတယ်။

    “အာဃာတတရားတွေနဲ့ မသိမှုနားမလည်မှုတွေကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းက ကျွန်တော်တို့ရဲ့မိတ်ဆွေ အမေရိကန်တွေကို ကျွန်တော်တို့အကြောင်း သိအောင်လို့ ဖိတ်ခေါ်မယ့် တံခါးတွေ ဖွင့်ပေးဖို့ပါပဲ၊ ဒီနေရာတွေကနေတဆင့် နားလည်မှု၊ သည်းခံမှု၊ အပြန်အလှန်လေးစားမှုတွေ တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒီလို အမုန်းရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ သံသရာမလည်အောင် လုပ်ဖို့ဆိုရင်တော့ ကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းမှုမရှိတဲ့မရှိတဲ့အခါ ဖြစ်တတ်တဲ့အရာတွေကို ဂရုစိုက်ရပါလိမ့်မယ်” လို့ ရှီဘလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အမေရိကန်မှာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတဲ့အချိန်မှာ နိုင်ငံက လူ့အဖွဲ့အစည်းအတွင်းမှာ သဟဇာတဖြစ်မှုကို တိုးမြင့်စေဖို့ အမေရိကန်သမ္မတာ အိုဘားမားဟာ ပြီးခဲ့တဲ့လအတွင်း ဘာလ်တီမိုးက ဗလီဝတ်ကျောင်းတော်တစ်လုံးကို ပထမဆုံး သွားရောက်လည်ပတ်ခဲ့ပါတယ်။

    “ဒီမှာ လုပ်ဖို့လိုအပ်နေတာတစ်ခုက စကားလက်ဆုံပြောဆိုဆွေးနွေးဖို့ပဲဖြစ်တယ်လို့ သမ္မတအိုဘားမားကလည်း လာရောက်ပြောဆိုသွားခဲ့ပါတယ်။ တကယ်တမ်းဆို မွတ်စလင်တစ်ဦးဦးက ကိုယ့်အိမ်နီးနားချင်းဆီသွားပြီး ခင်ဗျားနဲ့ ကျွန်တော်မဆုံဖူးဘူး။ အတူ ထမင်းလက်ဆုံစားရအောင်။ တို့တွေ အေးဆေးစကားပြောကြမယ် စသဖြင့် ပြောဆိုဖြစ်ကြဖို့ပါပဲ။ ဒီလိုမှပဲ ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မကောင်းတဲ့တစ်ယူသန်အမြင်တွေ၊ ၀ါးလုံးရှည်ရမ်းတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်” လို့ ဘာလ်တီမိုးနဲ့ အန်နာပိုလစ် အစ္စလာမ်အစည်းအရုံးများမှ ရှေ့ဆောင်အီမာမ် မိုက်ကယ်စမစ်က ပြောကြားခဲ့ပါတယ်။

    ဘက်ဖလိုးမွတ်စလင်အစည်းအရုံးကတော့ အမေရိကန်မွတ်စလင်တွေအနေနဲ့ ၎င်းတို့ရဲ့ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးတည်မြဲစေဖို့အတွက် ရည်ရွယ်ပြီး ဒီပြပွဲကို ကျင်းပခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    SM/IINA

  • အရန်ဂိုးသမား၏လက်စွမ်းကို မန်စီးတီးနည်းပြ ချီးကျူး

    အရန်ဂိုးသမား၏လက်စွမ်းကို မန်စီးတီးနည်းပြ ချီးကျူး

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    mancity 3

    – လိဂ်ဖလားဗိုလ်လုပွဲတွင် လက်စွမ်းပြခဲ့သည့် အရန်ဂိုသမား ၀ီလီ ကာဘာလာရိုအား မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးလိုက်ပြီး ၎င်းအား ချန်လှပ်ထားခြင်းထက် လိဂ်ဖလားရနိုင်ခွင့်ကိုသာ အဆုံးရှုံးခံသွားရန် ဆုံးဖြတ်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ၀င်ဘလေကွင်းတွင် လီဗာပူးလ်နှင့်ကစားခဲ့သည့် အဆိုပါဗိုလ်လုပွဲ၌ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့သောကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာ အသက် ၃၄ နှစ်အရွယ် ၀ီလီကာဘာလာရိုက လီဗာပူးလ်အသင်း၏ ပင်နယ်တီ ၃ လုံးကို ကာကွယ်နိုင်ခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်တစ်ပတ်က ချယ်ဆီးအသင်းနှင့် ကစားခဲ့သည့် FA ဖလား ပဉ္စမအကျော့တွင် ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်မှုအတွက် ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

    ပယ်လီဂရီနီကမူ မိမိ၏ နံပါတ် ၂ ဂိုးသမားအပေါ် ယုံကြည်မှုအပြည့် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ဘယ်လောက်နိုင်ချင်လဲလို့မေးရင်တော့ ကျွန်တော်က တော်တော်လေးနိုင်ချင်တယ်လို့ ဖြေမှာပါ။ ပထမဆုံးပြောချင်တာက ၀ီလီကာဘာလာရို ဒီညမှာ မကစားလို့မဖြစ်ဘူးဆိုတဲ့ ကျွန်တော့်စကားကို တည်ဖို့အတွက် ဖလားကိုလည်း အဆုံးအရှုံး ခံနိုင်ပါတယ်။ ၀ီလီက အမှားလုပ်နိုင်တယ်ဆိုပြီး မီဒီယာတော်တော်များများက ကျွန်တော့်ကို ဝေဖန်ကြပါတယ်။ ကျွန်တော်က သူ့ကို ခြွင်းချက်မရှိ ယုံပါတယ်။ အသင်းပရိတ်သတ်တွေအတွက်၊ အသင်းအတွက်၊ ကစားသမားတွေအတွက် လိဂ်ဖလားရယူပေးရတာကို ကျွန်တော် ပျော်ပါတယ်။ ဒါပေမယ့် ၀ီလီ့အတွက်တော့ ပိုပြီးပျော်ပါတယ်” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ပြေးလမ်းကြောင်း၌ ဆက်လက်ရှိနေသေးပြီး၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုင်နမိုကိဗ်အား အနိုင်ရထားကာ နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းနေသည်။

    Ref: Goal