News @ M-Media

Blog

  • တိုင်းပြည်တွင် အာဏာရှင်စနစ် ပေါ်ထွက်လာပြီဟု မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း ပြော

    တိုင်းပြည်တွင် အာဏာရှင်စနစ် ပေါ်ထွက်လာပြီဟု မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း ပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    muhyidin

    – မိမိတို့တိုင်းပြည်တွင် အာဏာရှင်စနစ်သစ်တစ်ခု ပေါ်ထွက်လာမှုကို တွေ့မြင်နေရပြီး ဒီမိုကရေစီ အခြေခံများ ပျက်သုဉ်းနေပြီးဟု မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင် ယာဆင်က ယနေ့တွင် ပြောကြားလိုက်သည်။

    Facebook စာမျက်နှာမှတစ်ဆင့် ထိုကဲ့သို့ ရေးသားလိုက်ခြင်းဖြစ်ပြီး အာဏာရ UMNO ပါတီ၏ ဗဟိုကောင်စီ ဒုတိယဥက္ကဌအဖြစ်မှ ရပ်ဆိုင်းခံရပြီးနောက် တစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ မွဟ်ယစ်ဒင်ကမူ ၎င်းမှာ ပါတီဝင်များ၏ ရွေးကောက်တင်မြှောက်မှုကို ခံထားရခြင်းကြောင့် ယခုကဲ့သို့ တာဝန်မှရပ်ဆိုင်းမှုမှာ ဒီမိုကရေစီ နည်းလမ်းမကျဟု ပြောကြားခဲ့သည်။

    အဖွဲ့ဝင် ၂၅ ဦးပါဝင်ပြီး ပါတီ၏ ပေါ်လစီများကို ရေးဆွဲသည့် အဆိုပါဗဟိုကောင်စီမှာ စည်းကမ်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိဘဲ၊ ၎င်းအား တာဝန်မှ ရပ်ဆိုင်းမှုတွင်လည်း အကြောင်းပြချက်မပေးဘဲ၊ ခုခံခွင့်လည်း မပေးခဲ့ဟု ဒုတိယ၀န်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဆုံးဖြတ်ချက်အတွက် မိမိအနေဖြင့် အယူခံဝင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများအနေဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့် လူမျိုးရေး အသုံးချမှုများကို လက်မခံရန်နှင့် ပြည်သူများ၏ ထောက်ခံမှုကို မရသည့် နိုင်ငံရေးအသင်းအဖွဲ့များအား ဆန့်ကျင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

    “UMNO ဟာ ပါတီရဲ့ တန်ဖိုးရှိတဲ့စနစ်တွေ ဆုံးရှုံးကုန်ပါပြီ။ ခေါင်းဆောင်တွေကလည်း ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာကို မပြောနိုင်တော့ပါဘူး” ဟု မွဟ်ယစ်ဒင်က ရေသားခဲ့သည်။

    မွဟ်ယစ်ဒင်မှာ နိုင်ငံပိုင် 1MDB လုပ်ငန်းနှင့် ပတ်သက်သည့် ၀န်ကြီးချုပ်နာဂျစ်၏ ခြစားမှုပြဿနာကို ဝေဖန်ခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်အတွင်းက ကက်ဘိနတ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    Ref: Channelnewsasia

  • ဖီဖာဥက္ကဌအဖြစ် ယူအီးအက်ဖ်အေအတွင်းရေးမှူး ရွေးချယ်ခံရ

    ဖီဖာဥက္ကဌအဖြစ် ယူအီးအက်ဖ်အေအတွင်းရေးမှူး ရွေးချယ်ခံရ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    gianni-infantino_3583775b

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဥက္ကဌအဖြစ် ယူအီးအက်ဖ်အေ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂီယန်နီ အင်ဖန်တီနိုမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် မဲပေးမှု ဒုတိယအကျော့တွင် ဆွစ်ဇာလန်နိုင်ငံသား အင်ဖန်တီနိုမှာ စုစုပေါင်း ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး အဖွဲ့ဝင် ၂၀၇ ဦးရှိသည့် ဖီဖာတွင် လိုအပ်သော မဲအရေအတွက် ၁၀၄ မဲထက် ပို၍ ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ၂၀၁၉ ခုနှစ်အထိ ဖီဖာဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    အခြားရေးပန်းစားသူ တစ်ဦးဖြစ်သည့် ဘာရိန်းနိုင်ငံမှ ရှိခ် ဆလ်မန် ဘင် အီဘရာဟင် အလ် ခါလီဖာမှာ ၈၈ မဲ ရရှိခဲ့ သည်။ ဂျော်ဒန်နိုင်ငံမှ အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်ကမူ ၄ မဲသာ ရရှိခဲ့ပြီး ပြင်သစ်မှ ဂျယ်ရိုမီ ရှမ်ပိန်က မဲ မရခဲ့ပေ။ အသက် ၄၅ နှစ်အရွယ်ရှိပြီး ရှေ့နေဟောင်းဖြစ်သူ အင်ဖန်တီနိုမှာ ၎င်းအား မဲပေးသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဖီဖာရဲ့ပုံရိပ် ပြန်ကောင်းအောင်နဲ့ လေးစားမှုပြန်ရောက်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ ကမ္ဘာတစ်ဝှမ်းက လူတိုင်း ကျွန်တော်တို့ကို လေးစားလာကြပါလိမ့်မယ်။ ခင်ဗျားတို့အားလုံးရဲ့ ဥက္ကဌ ဖြစ်ချင်ပါတယ်။ အခုအချိန်ဟာ ဘောလုံးလောကကို ပြန်လည်အဖတ်ဆယ်ဖို့ အချိန်ပါပဲ။ ဖီဖာဟာ ခက်ခဲတဲ့အချိန်တွေနဲ့ ပြဿနာတွေကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါတွေက ပြီးဆုံးသွားပါပြီ။ လေးစားမှုပြန်ရအောင် ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပြီး ဘောလုံးဆိုတဲ့ အံ့သြဖွယ် အားကစားနည်းကို ပြန်လည် အာရုံစိုက်ရပါမယ်” ဟု ဥက္ကဌအဖြစ် ရွေးချယ်ခံရပြီးနောက် အင်ဖန်တီနိုက ပြောကြားခဲ့သည်။

    အန်ဖန်တီနိုမှာ ပထမကျော့ မဲပေးမှုကတည်းက ၈၈ မဲဖြင့် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • တိုက်စစ်မှူး မဟ်ရက်ဇ် ထွက်ခွာလိုပါက မတားဟု လက်စတာနည်းပြပြော

    တိုက်စစ်မှူး မဟ်ရက်ဇ် ထွက်ခွာလိုပါက မတားဟု လက်စတာနည်းပြပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    mehraz 2

    – အသင်းရှိ ခြေစွမ်းပြနေသော တိုက်စစ်မှူး မဟ်ရက်ဇ်အား အသင်းတွင် ဆက်ရှိနေစေရန် အတင်းအကျပ် တောင်းဆို မည်မဟုတ်ဘဲ ထွက်ခါလိုက ထွက်ခွာခွင့်ပေးမည်ဟု လက်စတာနည်းပြ ကေလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    အသက် ၂၅ နှစ်အရွယ် အလ်ဂျီးရီးယားတိုက်စစ်မှူး မဟ်ရက်ဇ်မှာ ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လက်စတာအသင်းအတွက် အဓိကကျသည့် တိုက်စစ်မှူးဖြစ်ပြီး ၂၅ ပွဲ ကစားရာတွင် ၁၄ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်း၏ စွမ်းဆောင်ရည်ကြောင့် ဥရောပအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ရာနီယေးရီကမူ အသင်းမှထွက်ချင်သည့် ကစားသမားကို မတားဟု ဆိုသည်။

    “ကစားသမားအားလုံးကို ကျွန်တော် ထိန်းထားချင်ပါတယ်။ သူတို့အားလုံးကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်က ကျွန်တော့်ဆီလာပြီး ‘ဘော့စ်-ကျွန်တော့်ရည်မှန်းချက်ကြောင့် အဲဒီကိုသွားချင်တယ်’ လို့ ပြောလာရင်တော့ ကျွန်တော်ကလည်း ‘သွားပါ။ ကံကောင်းပါစေကွာ’ လို့ ပြောမှာပါ။ ဒီမှာ နေရတာပျော်ရွှင်တဲ့ ကစားသမားမျိုးကိုသာ ကျွန်တော် လိုချင်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ဟာ အသင်းကောင်းတစ်သင်းအဖြစ် ပေါ်ထွက်လာမှာပါ။ ဒါပေမယ့် ဘာစီလိုနာတို့ ရီးယဲလ်မက်ဒရစ်တို့လို အသင်းမျိုးတော့ မဟုတ်ပါဘူး” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • MH370 ပျောက်ဆုံးမှုအတွက် တရုတ်နိုင်ငံသား ၂ ဦးက မလေးရှားလေကြောင်းလိုင်းကို တရားစွဲ

    MH370 ပျောက်ဆုံးမှုအတွက် တရုတ်နိုင်ငံသား ၂ ဦးက မလေးရှားလေကြောင်းလိုင်းကို တရားစွဲ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    mh 70

    – MH370 လေယာဉ်မှာပျောက်ဆုံးမှုမှာ ပါသွားတဲ့ တရုတ်ခရီးသည်တစ်ဦးရဲ့ မိသားစုဝင်နှစ်ယောက်ဟာ မလေးရှား လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့တယ်လို့ ဘေဂျင်းတရားရုံးက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အမှုကို ဘေဂျင်းရထားပို့ဆောင်ရေးတရားရုံးမှာ အောင်မြင်စွာ စာရင်းသွင်းခဲ့တယ်လို့ တရားရုံးရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ကြေငြာခဲ့ပြီး၊ တရားစွဲဆိုမှုမှာ မွန်ထရီယဲလ် သဘောတူညီချက်နဲ့ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများအရ လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်ကာ ယွမ် ၄.၇ သန်း (ကန်ဒေါ်လာ ၇၁၉၀၀၀) နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။

    လေယာဉ်မတော်တဆမှုဖြစ်ပြီး တစ်နှစ်ကြာ ၂၀၁၅ မတ်လ ၈ ရက်နေ့မှသာလျှင် လေယာဉ်ပျက်ကျခဲ့မှုကို မိသားစုဝင်တွေကို အသိပေးခဲ့တယ်လို့ တရားလိုက ထွက်ဆိုထားကြောင်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူကနေ ဘေဂျင်းအသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ MH370 လေယာဉ်ပေါ်မှာ ခရီးသည် စုစုပေါင်း ၂၃၉ ဦး ပါဝင်ပြီး အဲဒီအထဲက ၁၅၀ လောက်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရတော့ လေယာဉ်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းထဲ လမ်းကြောင်းပြောင်းကာ ထိုးကျပျက်စီးသွားတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ပျက်စီးခဲ့တဲ့ နေရာရော အကြောင်းရင်းပါ အတည်မပြုနိုင်သေးပါဘူး။

    နိုင်ငံတကာ သဘောတူညီချက်တွေအရ မိသားစုဝင်တွေအနေနဲ့ လေကြောင်း မတော်တဆမှုတွေအတွက် တရားစွဲဆိုနိုင်တဲ့ကာလဟာ ၂ နှစ် ရှိနေပြီး အခု MH370 လေယာဉ်ပျက်ကျမှုအတွက် အမေရိကန်၊ မလေးရှား၊ သြစတေးလျက ဥပဒေအဖွဲ့အစည်းတွေဟာ လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ ဆွေးမျိုးသားချင်းတွေကိုယ်စား တရားစွဲဆိုဖို့ ဆောင်ရွက်နေပါတယ်။

    အဲဒီလေယာဉ်ပျောက်ဆုံးမှုမှာ ပါဝင်သွားသူ တရုတ်နိုင်ငံသားတွေအတွက် အရပ်ဖက်ဆိုင်ရာ တရားစွဲဆိုမှုအားလုံးကို ကိုင်တွယ်ဖို့အတွက် ဘေဂျင်းတရားရုံးချုပ်က ရထားပို့ဆောင်ရေး တရားရုံးကို တာဝန်လွှဲအပ်ထားပါတယ်။

    Arab News

  • မော်ရင်ဟို မန်ယူရောက်မည်ဆိုခြင်းက မဟုတ်မမှန်သတင်းဟု ဗန်ဂါးလ်ပြော

    မော်ရင်ဟို မန်ယူရောက်မည်ဆိုခြင်းက မဟုတ်မမှန်သတင်းဟု ဗန်ဂါးလ်ပြော

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁၆
    M-Media

    van gal 3

    – မိမိနေရာတွင် မော်ရင်ဟိုက အစားဝင်တော့မည်ဆိုသည့် သတင်းများမှာ ကျော်မကောင်းကြားမကောင်းသည့် မဟုတ်မမှန် သတင်းများသာဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချယ်ဆီးမှ ဒီဇင်ဘာလအတွင်းက ထုတ်ပယ်ခံခဲ့ရပြီးနောက် မော်ရင်ဟိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ တောက်လျှောက် ထွက်ပေါ်နေသည်။ ဗန်ဂါးလ်ကမူ ထိုသတင်းများအတွက် ပြစ်တင်ပြောဆိုခဲ့ပြီး အသင်းအနေဖြင့်လည်း ပြန်လည်တုံ့ပြန်ခြင်း မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “သူက ကိစ္စတော်တော်များများကို အကြိမ်တော်တော်များများ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ မပြောပါဘူး။ ဒါကြီးတစ်ခုလုံး အဓိပ္ပါယ်မရှိဘူးဆိုတာကို ကျွန်တော်တွေ့ခဲ့ပါတယ်။ မီဒီယာမှာ ကျွန်တော်ဖတ်ရတဲ့၊ လုပ်ကြံဖန်တီးထားတဲ့ ဒီကိစ္စတွေကို မန်ယူအနေနဲ့ မတုံ့ပြန်စေချင်ပါဘူး။ အသင်းနဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းကို ငြင်းပယ်ကာ မီဒီယာတွေ မျက်စိစပါးမွှေးဆူးအောင် လုပ်မှာမဟုတ်ပါဘူး။ အခု ဖြစ်ပျက်နေတာ အားလုံးက လုံးဝ မဟုတ်မမှန်သတင်းတွေပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal