News @ M-Media

Blog

  • နိုင်ငံသားဖြစ်မှုကို လက်နက်အဖြစ် အသုံးချနေတဲ့ စစ်ကောင်စီ

    နိုင်ငံသားဖြစ်မှုကို လက်နက်အဖြစ် အသုံးချနေတဲ့ စစ်ကောင်စီ

    ဧပြီ ၂၀၊ ၂၀၂၂

    M-Media


    – စစ်ကောင်စီဟာ မတ်လကစတင်ပြီး သူတို့ကိုဆန့်ကျင်သူ၊ ၀ေဖန်သူ၊ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံသူ၊ ခိုင်းတဲ့အတိုင်းမလုပ်တဲ့ သံအမတ်တွေ အနည်းဆုံး ၃၃ ယောက်ကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။ 

    ‘နိုင်ငံတော်အကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက်’ နိုင်ငံသားအဖြစ်ကနေ ရပ်စဲတာလို့ စစ်ကောင်စီမီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

    ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ ရေးဆွဲပြဌာန်းတဲ့ ၁၉၄၇ နိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး မြန်မာစစ်အာဏာရှင်တွေရဲ့ ခေါင်းကိုင်ဖခင် ဦးနေ၀င်းရေးဆွဲတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မညီဘဲ အာဏာရှင်တွေ လုပ်ချင်တာ လုပ်ဆောင်လို့ရတဲ့ ဥပဒေတစ်ခုသာ ဖြစ်တယ်လို့ ပညာရှင်တွေက အရင်ကတည်းက ၀ေဖန်ထားကြတာပါ။ 

    အခုတော့ အာဏာသိမ်းစစ်ကောင်စီဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အသုံးပြုပြီး အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်လာပြီဖြစ်ပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့  Human Rights Watch ရဲ့ လက်ထောက်ဒါရိုက်တာ ဖီလ်ရော်ဘတ်ဆန်က စစ်ကောင်စီဟာ နိုင်ငံသားဖြစ်မှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “၁၉၀၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေက ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွင်း ပါ၀င်ခဲ့သူတွေထဲမှာ နိုင်ငံသားဖြစ်ခွင့် ပြန်မရတဲ့ တက်ကြွလှုပ်ရှားသူတွေ တော်တော်များများ ရှိပါတယ်” 

    Amnesty International အဖွဲ့က သုတေသနဆိုင်ရာ အကြီးအကဲ အီမာလင် ဂီလ်က နိုင်ငံသားဖြစ်မှုကို ရပ်ဆိုင်းတာဟာ နိုင်ငံမဲ့ဖြစ်သွားစေတဲ့အတွက် ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ ထောက်ပြပါတယ်။ 

    စစ်ခေါင်းဆောင်တွေဟာ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့ဆိုရင် တရားမ၀င်နည်းလမ်းတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို ဘယ်လောက်ပဲအသုံးပြုရပြုရ အသုံးပြုမယ်ဆိုတဲ့ သဘောထားကို ဒီလုပ်ရပ်က ပြသနေကြောင်း သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    စစ်တပ်ဟာ နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအသုံးပြုကာ အကြီးအကျယ်နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera 

  • ဘာသာရေးခေါင်းစဥ်တပ် အကြမ်းဖက်မှုအတွက် လူ ၆ ဦးကို ပါကစ္စတန်က သေဒဏ်ချ

    ဘာသာရေးခေါင်းစဥ်တပ် အကြမ်းဖက်မှုအတွက် လူ ၆ ဦးကို ပါကစ္စတန်က သေဒဏ်ချ

    ဧပြီ ၁၉၊ ၂၀၂၂

    M-Media 


    -ဘာသာရေးစော်ကားတယ်ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး သီရိလင်္ကာ နိုင်ငံသားတစ်ဦးကို လူအုပ်နဲ့သတ်ဖြတ်မှုမှာ ပါ၀င်သူ ၆ ဦးကို ပါကစ္စတန်က သေဒဏ်ချမှတ်လိုက်ပါတယ်။

    ဒီအဖြစ်အပျက်အတွက် လူ ၈၈ ဦးကို ပါကစ္စတန်တရားရုံးက ပြစ်ဒဏ်ပေးခဲ့ပြီး ၉ ဦးကို တစ်သက်တစ်ကျွန်း၊ ကျန်တဲ့သူတွေကို ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။  

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ဆီယာကော့မြို့မှာ အသက် ၄၈ နှစ်အရွယ် စက်ရုံမန်နေဂျာဟာ လူအုပ်စုရဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

    ဘာသာရေးစော်ကားတဲ့အနေနဲ့ တမန်တော်မိုဟာမက်အမည် ပါ၀င်တဲ့ ပိုစတာကို မန်နေဂျာက ဆုတ်ဖြဲခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာပါ။ 

    ပါကစ္စတန်အာဏာပိုင်တွေနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ဒီလိုစော်ကားမှု တကယ်ဖြစ်ခဲ့တာမဟုတ်ဘဲ မန်နေဂျာကို မကျေနပ်တဲ့ အလုပ်သမားတစ်ချို့က ချောက်ချခဲ့တာလို့ စုံစမ်းစစ်ဆေးမှုရလဒ်တွေကို ကိုးကားပြီး နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    အဲဒီအချိန်က ပါကစ္စတန်၀န်ကြီးချုပ်ဖြစ်တဲ့ အင်မရန်းခန်းက ဒီသတ်ဖြတ်မှုဟာ နိုင်ငံအတွက် အရှက်ရစရာ နေ့တစ်နေ့ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

    Ref: BBC 

  • သီရိလင်္ကာနိုင်ငံ ဘာ့ကြောင့် ဒေ၀ါလီ ခံသွားရတာလဲ

    သီရိလင်္ကာနိုင်ငံ ဘာ့ကြောင့် ဒေ၀ါလီ ခံသွားရတာလဲ

    ဧပြီ ၁၈၊ ၂၀၂၂

    M-Media


    -သီရိလင်္ကာဟာ ဒေ၀ါလီခံကြောင်း ပြီးခဲ့တဲ့တစ်ပတ်မှာ တရား၀င် ကြေငြာလိုက်ရပါတယ်။ 

    ပြည်ပကြွေးမြိီ ကန်ဒေါ်လာ ၅၁ ဘီလီယံကို ပြန်ပေးဆပ်နိုင်ခြင်း မရှိတော့ဘဲ အစိုးရက နိုင်ငံခြားရောက်နေတဲ့ နိုင်ငံသားတွေ ပြည်တွင်းကို ငွေပြန်ပို့ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ 

    ပြည်တွင်းမှာ အစားအသောက်၊ လောင်စာဆီ ပြတ်လတ်မှု ဖြစ်ပေါ်နေပြီး ငွေကြေးဖောင်းပွမှုကလည်း အဆမတန် မြင့်မားနေပါတယ်။ 

    သီရိလင်္ကာနိုင်ငံ အခုလို စီးပွားရေးအကြပ်အတည်းဆိုက်ပြီး ဒေ၀ါလီခံရတဲ့ အကြောင်းအရင်းတွေထဲမှာ တရုတ်ရဲ့ အကြွေးထောင်ခြောက်၊  ကိုဗစ်ကပ်ရောဂါရဲ့ နှိပ်စက််မှုဒဏ်၊ ရုရှားရဲ့ ယူကရိန်းကိုကျူးကျော်မှု နောက်ဆက်တွဲဂယက်တွေ ပါ၀င်ပြီး အဆိုးဆုံးက ဆင်ဟာလာ အမျိုးသားရေး၀ါဒီ အစိုးရရဲ့ လူပြိန်းကြိုက် မူ၀ါဒအမှားတွေကြောင့် ဖြစ်ပါတယ်။ 

    တရုတ်ရဲ့အကြွေးထောင်ချောက်

    သီရိလင်္ကာ စီးပွားပျက်ပြီး ဒေ၀ါလီခံရတဲ့အဆင့်အထိ ရောက်သွားရတာမှာ တရုတ်ရဲ့ အကြွေးထောင်ချောက်က တစ်စိတ်တစ်ပိုင်း ပါ၀င်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အကြွေးထောင်ချောက်ဆိုတာ ပိုက်ဆံတွေကို အတိုးကြီးကြီးနဲ့ချေးပြီး ပြန်မဆပ်နိုင်တော့တဲ့အခါ နိုင်ငံရေးအရ မဟာဗျူဟာကျတဲ့အရာတွေကို တောင်းဆိုတာ ဖြစ်ပါတယ်။ 

    သီရိလင်္ကာရဲ့ စုစုပေါင်း ပြည်ပကြွေးမြီမှာ ၁၀ ရာခိုနှုန်းက တရုတ်ကို ပေးရမှာ ဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်းက ဗျူဟာကျတဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို တရုတ်ဆီက ပိုက်ဆံချေးပြီး ဆောက်ရာမှာ ၀င်ငွေထွက်ငွေ မကာမိတဲ့အတွက် နောက်ဆုံးမှာတော့ ၉၉ နှစ် အငှားစာချုပ်နဲ့ တရုတ်လက် ထိုးအပ်လိုက်ရပါတယ်။

    စိတ်ကူးယဥ် အော်ဂဲနစ်စီမံကိန်း

    ၂၀၂၁ ခုနှစ် ဧပြီလမှာ သီရိလင်္ကာအစိုးရဟာ အော်ဂဲနစ် စိုက်ပျိုးရေး အကောင်အထည်ဖော်မယ်လို့ ကြွေးကြော်ပြီး နိုင်ငံခြားက ဓာတ်မြေသြဇာတင်သွင်းမှုကို ပိတ်ပင်ခဲ့ပါတယ်။ 

    ပြည်သူ ၃ ပုံ ၂ ပုံလောက်ဟာ စိုက်ပျိုးရေးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ မှီခိုပြီး ရှင်သန်ရပ်တည်နေရတာပါ။ 

    ဆင်ဟာလာ အမျိုးသားရေး၀ါဒီတွေဖြစ်တဲ့ စိုက်ပျိုးရေး၀န်ကြီး ချာမာလ် ရာဂျာပက်ဆာက ‘ဓာတ်မြေသြဇာ မာဖီးယားဂိုဏ်း’ တွေကို တွန်းလှန်ရမယ်လို့ လက်သီးက်မောင်းတန်း ကြွေးကြော်ခဲ့သလို၊ ကျန်းမာရေး၀န်ကြီး ချန်နာ ဂျယာ ဆူမာနာက နိုင်ငံခြားက ဓာတုပစ္စည်းတွေ၊ ဆေး၀ါးတွေက အလကားသာဖြစ်ကြောင်း၊ ပြည်တွင်းဘုန်းကြီးတွေဟာ ကင်ဆာကိုပင် ကုနိုင်ကြောင်း ပြောကာ အော်ဂဲနစ်စီမံကိန်းကို ပံ့ပိုးပေးခဲ့ပါတယ်။

    အဆုံးသတ်မှာတော့ လက်တွေ့မကျတဲ့ ဒီစီမံကိန်းဟာ မအောင်မြင်ဘဲ နိုင်ငံခြားက ဓာတ်မြေသြဇာ မရတဲ့အတွက် ဆန်၊ လက်ဖက်ရွက်၊ ရာဘာလို နိုင်ငံခြားကို တင်ပို့ရတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်မှု ကျဆင်းခဲ့ပါတယ်။ စားနပ်ရိက္ခာမလုံလောက်မှုပါ ဖြစ်စေခဲ့ပြီး၊ ပြည်တွင်းမှာ ထုတ်လုပ်လို့ရတာကို နိုင်ငံခြားက တင်သွင်းရတာကြောင့် နိုင်ငံခြားထွက်ငွေလည်း မြင့်တက်လာပါတယ်။

    ငွေရိုက်ထုတ်မှုနှင့် ငွေကြေးပေါ်လစီ 

    သီရိလင်္ကာဗဟိုဘဏ် ဥက္ကဌဟောင်း ၀လီဂါမာ ဒွန် လက်ရှ်မန်က ပြည်သူတွေအနေနဲ့ ပြည်ပကြွေးမြီတွေကို မကြောက်ဖို့ ကိုဗစ်ကာလမှာ ပြောခဲ့ပါတယ်။ 

    ဒါပေမယ့် ပြည်တွင်းမှာလိုအပ်နေတဲ့ငွေကို ငွေစက္ကူရိုက်ထုတ် ဖြေရှင်းမှုသာ လုပ်တာကြောင့် ငွေကြေးတန်ဖိုးဟာ အလွန်အမင်း ကျဆင်းလာပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ ငွေတန်ဖိုး ကျခဲ့ပါတယ်။ 

    စီးပွားရေးပြဿနာ အကြီးအကျယ် ကြုံနေရတဲ့အချိန်မှာ နိုင်ငံတကာရဲ့ အကြံပေးကူညီဖို့ကမ်းလှမ်းမှုကို သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ငြင်းဆန်ခဲ့ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကူအညီမလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။

    စီးပွားရေးအကြပ်အတည်းဆိုက်ပြီး ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြတဲ့ ဧပြီလအစောပိုင်းကျမှ ဂိုတာဘာယာဟာ IMF ကနေ အကူအညီတောင်းခဲ့ပါတယ်။ 

    လက်ရှ်မန်နောက်ပိုင်း တက်လာတဲ့ ဗဟိုဘဏ်အကြီးအကဲ အဂျစ် နီဗာဒ့်ကလည်း လျှပ်စစ်ပစ္စည်းတွေကနေ၊ ပန်းသီးအထိ အရေးမပါတဲ့ ပစ္စည်း ၃၀၀ လောက်ကို နိုင်ငံခြားကနေတင်သွင်းမှု ပိတ်ပင်ဖို့၊ လောင်စာဆီစျေးနဲ့ မီတာခကို တိုးမြှင့်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

    ခရီးသွားကဏ္ဍနှင့် အခွန်ပေါ်လစီ 

    ခရီးသွားကဏ္ဍဟာ သီရိလင်္ကာက အဓိက နိုင်ငံခြား၀င်ငွေရတဲ့ လုပ်ငန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ကိုလံဘိုက ခရစ်ယာန်ဘုရားကျောင်းနဲ့ ဇိမ်ခံဟိုတယ်တွေမှာဖြစ်တဲ့ ပေါက်ကွဲမှု၊ အဲဒီနောက်ပိုင်း ကိုဗစ်ကပ်ရောဂါတွေကြောင့် ခရီးသွားကဏ္ဍဟာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ 

    အဲဒီအချိန် ဂိုတာဘာယာဦးဆောင်တဲ့ အစိုးရရဲ့ အကြီးမားဆုံးအမှားက အခွန်လျှော့ချလိုက်တာပါ။ 

    ၀င်ငွေခွန်၊ စီးပွားရေးခွန်အပါအ၀င် အခွန်အမျိုးအစားအားလုံးကို လျှော့ချလိုက်ပြီး တိုင်းပြည်ရဲ့ ဂျီဒီပီက ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ 

    ရုရှား၏ကျူးကျော်မှု

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ ကမ္ဘာ့လောင်စာဆီနဲ့ စားနပ်ရိက္ခာ ဖူလှုံမှုကို ထိခိုက်စေခဲ့ပြီး စီးပွားရေးကျပ်တည်းနေတဲ့ သီရိလင်္ကာမှာတော့ ဒီဒဏ်ဟာ တော်တော်လေးကို ဆိုးရွားသွားစေခဲ့ပါတယ်။ 

    သီရိလင်္ကာဟာ လောင်စာဆီကို ပြည်ပကနေ အဓိက တင်သွင်းရတာဖြစ်ပြီး ယူကရိန်းစစ်ပွဲကြောင့် ဆီစျေးအလွန်အမင်း မြင့်တက်ကာ နောက်ပိုင်းမှာ မတင်သွင်းနိုင်တော့ပါဘူး။  

    သီရိလင်္ကာကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေရဲ့ ၃၀ ရာခိုင်နှုန်းက ရုရှား၊ ယူကရိန်း၊ ပိုလန်နဲ့ ဘီလာရုဇ်တို့ဖြစ်ပြီး ယူကရိန်းစစ်ပွဲကြောင့် ဒီနိုင်ငံကလူတွေ အပျော်ခရီးထွက်နိုင်မယ့် အခြေအနေ မရှိတော့ဘဲ ဒါကလည်း သီရိလင်္ကာရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ 

    အထွေထွေ အကြပ်အတည်း

    လက်ရှိမှာတော့ သီရိလင်္ကာနိုင်ငံဟာ နယ်ပယ်အသီးသီးမှာ အထွေထွေ ကြပ်တည်းမှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

    ဆေးရုံတွေမှာ ဆေး၀ါးနဲ့ အခြားပစ္စည်းတွေ ပြတ်တောက်လာပြီး၊ အခြေခံစားသောက်ကုန်တွေ၊ လောင်စာဆီတွေကိုလည်း အလွယ်တကူ ၀ယ်လို့မရတော့ပါဘူး။ 

    ပြည်ပကနေ လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းဖို့နဲ့ ပြည်ပကြွေးမြီ ဆပ်ဖို့အတွက် သီရိလင်္ကာဟာ ဒေါ်လာ ၄ ဘီလီယံလောက် ချက်ခြင်းလိုအပ်နေပါတယ်။ 

    Ref: Bloomberg, CNA, Aljazeera 

  • ကလေးငယ်အခွင့်အရေးချိုးဖောက်သည့် ကမ္ဘာ့တစ်ခုတည်းသောနိုင်ငံအဖြစ် အစ္စရေး စာရင်း၀င်

    ကလေးငယ်အခွင့်အရေးချိုးဖောက်သည့် ကမ္ဘာ့တစ်ခုတည်းသောနိုင်ငံအဖြစ် အစ္စရေး စာရင်း၀င်

    ဧပြီ ၁၈၊ ၂၀၂၂

    M-Media

    -အစ္စရေးဟာ ကလေးတွေကို စစ်ခုံရုံးတင်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်တဲ့ ကမ္ဘာ့တစ်ခုတည်းသော နိုင်ငံပါ။

    ပါလက်စတိုင်းကလေးငယ်တွေကို အဓိကထားတာဖြစ်ပြီး ဖမ်းဆီး စစ်ဆေးစဥ်မှာလည်း အခြေခံအခွင့်အရေးတွေကို မကြာခဏ ချိုးဖောက်လေ့ရှိပါတယ်။

    ၂၀၀၀ ခုနှစ်နောက်ပိုင်း အစ္စရေးက ဖမ်းဆီးအကျဥ်းချခဲ့တဲ့ ပါလက်စတိုင်း ကလေးငယ်ပေါင်း ၁၂၀၀၀ ကျော် ရှိပါတယ်။

    ကလေးငယ်အများစုဟာ ပါလက်စတိုင်းပိုင်နက်ထဲ ကျူးကျော်လာတဲ့ အစ္စရေးစစ်သားတွေကို ခဲနဲ့ပေါက်မှုအတွက် ဖမ်းဆီးခံရတာဖြစ်ပြီး အစ္စရေးစစ်ခုံရုံးက ကလေးတွေကို ထောင်ဒဏ် နှစ် ၂၀ လောက်အထိ ချမှတ်လေ့ရှိပါတယ်။

    လက်ရှိ အစ္စရေးအကျဥ်းထောင်ထဲမှာ ပါလက်စတိုင်း ကလေးငယ်ပေါင်း ၁၆၀ ရှိပြီး သူတို့ကို တရားစွဲဆိုခြင်းမရှိဘဲ ဒီအတိုင်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

    Ref: Aljazeera

    mmInternationalNews

  • အိန္ဒိယတွင် ဘုရားပွဲအခြေပြု ဘာသာရေးအဓိကရုဏ်း မြို့တော် ဒေလီအထိ ရောက်လာ

    အိန္ဒိယတွင် ဘုရားပွဲအခြေပြု ဘာသာရေးအဓိကရုဏ်း မြို့တော် ဒေလီအထိ ရောက်လာ

    ဧပြီ ၁၈၊ ၂၀၂၂

    M-Media 


    မဒ်ယာပရာဒက်ရှ်ပြည်နယ်တွင် မွတ်စလင် ဆိုင်ရှင်တစ်ဦး၏အိမ် ဖျက်ဆီးခံထားရမှု

    – အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာရေး စီတန်းလှည့်လည်ပွဲကနေ အခြေပြုတဲ့ ဟိန္ဒူ-မွတ်စလင် ဘာသာရေးအဓိကရုဏ်းဟာ မြို့တော် နယူးဒေလီအထိ ရောက်လာပါတယ်။ 

    ၀န်ကြီးချုပ်မိုဒီရဲ့ မွေးရပ်ပြည်နယ် ဂူဂျာရသ်၊ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အုပ်စိုးတဲ့ နိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်တို့ အပါအ၀င် အနည်းဆုံး ပြည်နယ် ၃ ခုမှာ ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ကြတာပါ။ လူသေဆုံးမှုတွေလည်း ရှိပါတယ်။

    မဒ်ယာပရာဒက်ရှ်မှာ မွတ်စလင်တွေရဲ့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ အများအပြား ဖျက်ဆီးခံခဲ့ရပြီး ပြည်နယ်အစိုးရကတော့ မွတ်စလင်တွေစလို့ ဖြစ်တာဖြစ်ကြောင်း၊ မွတ်စလင်တွေအနေနဲ့ တရားမျှတမှုရဖို့ မမျှော်လင့်သင့်ကြောင်း လူသိရှင်ကြား ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဘုရားပွဲလှည့်တဲ့ ဟိန္ဒူလူအုပ်ဟာ မွတ်စလင်ရပ်ကွက်တွေ၊ ဗလီတွေနား သွားရောက်ကာ ဆဲဆိုရန်စတာတွေ၊ တိုက်ခိုက်တာတွေ လုပ်တဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာပါတယ်။ 

    ဒီအဓိကရုဏ်းဟာ မြို့တော် နယူးဒေလီအထိ ကူးစက်လာပြီး မနေ့က ဒေလီမြို့ဆင်ခြေဖုံးက ဂျာဟန်ဂျီပူရီမြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

    ဟိန္ဒူဘုရားပွဲ Hanuman Jayanti လှည့်တာကနေ အစပြုတာဖြစ်ပြီး မွတ်စလင်ရပ်ကွက်က နေအိမ်နဲ့ ဆိုင်တစ်ချို့၊ ကားတွေ၊ ဆိုင်ကယ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။ 

    ဒေလီရဲတပ်ဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး အနည်းဆုံး လူ ၁၄ ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။

    ဂူဂျာရတ်နဲ့ မဒ်ယာပရာဒက်ရှ်ပြည်နယ်တွေမှာ အာဏာပိုင်တွေက မွတ်စလင်တစ်ချို့ကို အဓိကရုဏ်းမှာ ပါ၀င်သူတွေလို့ စွပ်စွဲကာ သူတို့ရဲ့ နေအိမ်တွေ၊ ဆိုင်တွေကို ဖြိုချဖျက်ဆီးခဲ့ကြပါတယ်။ 

    အတိုက်အခံနိုင်ငံရေးသမားတွေက အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီဟာ တင်းမာမှုတွေဖြစ်အောင် ပိုမိုမီးထိုးပေးနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera