News @ M-Media

Blog

  • ပါလက်စတိုင်းဒုက္ခသည်များအတွက် နှစ်စဉ်ထောက်ပံ့ငွေကို ဆွီဒင်က တိုးမြှင့်

    ပါလက်စတိုင်းဒုက္ခသည်များအတွက် နှစ်စဉ်ထောက်ပံ့ငွေကို ဆွီဒင်က တိုးမြှင့်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    sweden

    – ပါလက်စတိုင်း ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂက UNRWA အဖွဲ့ကို ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံရဲ့နှစ်စဉ် ရန်ပုံငွေကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး ဒေါ်လာ ၄၀.၆ သန်းအထိ ရှိလာတော့မယ်လို့ သိရပါတယ်။

    UNRWA ရဲ့ အရေးပေါ်မေတ္တာရပ်ခံမှုကြောင့် ဆွီဒင်က ဒီလို ထပ်တိုးထောက်ပံ့လိုက်တာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ တရားဝင်ကြေငြာမှာဖြစ်တယ်လို့ UNRWA ရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် မိမိတို့တိုင်းပြည်ရဲ့ ကတိက၀တ်တွေကို ဖြည့်ဆည်းပေးမယ်လို့ ဂျေရုစလင်က ဆွီဒင်ကောင်စစ်ဝန် အန် ဆိုဖီ နီလ်ဆင်က ပြောကြားပြီးတဲ့နောက်ပိုင်း အခုလို ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    “UNRWA ကို ပေးနေတဲ့ ရံပုံငွေကို တိုးမြှင့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဆွီဒင်နဲ့ UNRWA အကြား ဆက်ဆံမှုနဲ့ သူတို့ရဲ့ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် ဆောင်ရွက်မှုရဲ့ အရေးပါမှုကို ပြသနေတာဖြစ်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    ရာမာလာမှာ ကျင်းပတဲ့ နှစ်စဉ်ရံပုံငွေပေးအပ်ပွဲအခမ်းအနားဖြစ် အမာရီ ဒုက္ခသည်စခန်းကို အလည်ပတ်သွားရောက်ခဲ့စဉ်က နီလ်ဆင်ဟာ ပါလက်စတိုင်းဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို ကာကွယ်ပေးရေးနဲ့ အမျိုးသမီး စွမ်းအားမြှင့်တင်ပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ယခုနောက်ဆုံးပေးအပ်မယ့် ကန်ဒေါ်လာ ၄၀.၆ သန်း အပါအ၀င် ၁၉၉၃ ကနေ ၂၀၁၆ ထိ UNRWA ကို ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံရဲ့ ရံပုံငွေပမာဏဟာ စုစုပေါင်း ကန်ဒေါ်လာ ၆၉၃ သန်း ကျော်ခဲ့ပြီ ဖြစ်တယ်လို့ UNRWA အဖွဲ့ရဲ့ ပြောကြားမှုအရ သိရပါတယ်။

    Ref: IINA

  • သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ် ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ချီးမြှင့်

    သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ် ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ချီးမြှင့်

    Dr Hla maung Foundation

    ပျဉ်းမနား ဖေဖော်ဝါရီ ၂၄

    ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်) အား အမှူးထား၍ အသင်း၏ နာယက သံအမတ်ကြီး ဒေါက်တာလှမောင် (ဒေါက်တာလှမောင် ဖောင်ဒေးရှင်း ) က အသက် ၈၀ နှင့်အထက်ဘိုးဘွားများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်က ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပခဲ့သည်။

    အခမ်းအနားတွင် ပျဉ်းမနားမြို့နယ်မှ ဦးမှတ်ကြီးက အမှာစကားပြောကြား၍ သံအမတ်ကြီး(ငြိမ်း) ဒေါက်တာလှမောင်(ဒေါက်တာလှမောင် ဖောင်ဒေးရှင်းဥက္ကဌ)က ဂုဏ်ပြုပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

    ထို့နောက် အသက်(၈၀)နှင့် အထက် သက်ကြီးရွယ်အို ဘိုးဘွား ၉၈ ဦးကို ဂုဏ်ပြုကြသည်။ ဆက် လက်၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ
    ၃၄ ဦးကို တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    မင်းမင်းလတ်(မန်းတက္ကသိုလ်)

    ၂၅ ၊ ၂ ၊ ၂၀၁၆ မြန်မာအလင်းသတင်းစာ မှ ကူးယူဖော်ပြသည်။

  • လူကုန်ကူးခံရမည် စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည် စခန်းအတွင်း ဆက်နေ

    လူကုန်ကူးခံရမည် စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည် စခန်းအတွင်း ဆက်နေ

    Win Naing
    ရခိုင်ပြည်နယ် သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင် မကြာသေးင်က တွေ့ရသော ၄၃ နှစ်အရွယ် ရိုဟင်ဂျာ/ဘင်္ဂါလီ အမျိုးသား ဦးဝင်းနိုင်၊ ၎င်း၏ ဇနီး နှင့် ကလေးသုံးယောက် (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

    သင်းလဲ့ဝင်း/Myanmar Now

    သက်ကယ်ပြင်၊ ရခိုင်ပြည်နယ် (Myanmar Now) – ဒေါ်ဟာစီနား၏ အသက် ၂ဝ အရွယ် သားဖြစ်သူသည် မြန်မာနိုင်ငံအတွင်း တွေ့ကြုံခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံခံနေရမှုများမှ ထွက်ပြေးလွတ်မြောက်ရန် နေထိုင်ရာ ရခိုင်ပြည်နယ်မှ လှေဖြင့် စွန့်ခွာသွားခဲ့ပြီးနောက် သူ့သတင်းအစအနကို မကြားရသည်မှာ ၇ လ ခန့် ကြာသွားသည်။

    တစ်နေ့တွင် လူတစ်ယောက်က ဒေါ်ဟာစီနား၏ သားဖြစ်သူ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူများ လက်ထဲတွင် ရောက်နေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း ဖုန်းဆက်ပြီး   ပြောလာသည်။ သူ့သား လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ငွေပေးပြီး ပြန်ရွေးယူရန်ဖြစ်သည်။

    “တောင်းတဲ့ငွေကို မပေးဘူးဆိုရင် ခင်ဗျားသား သေလိမ့်မယ်လို့ ပြောတယ်။ ကျွန်မအရမ်း စိတ်ဓာတ်ကျသွားတယ်။ ဒီလူပွဲစားတွေ လက်ထဲကို ကျွန်မသား ဘယ်လို ရောက်သွားတယ်ဆိုတာ မသိပါဘူး။ ကျန်းမာရေးကလည်း ဘယ်လိုဖြစ်သွားတာလဲ မသိဘူး” ဟု ဒေါ်ဟာစီနားက  စစ်တွေမြို့အနီး သက်ကယ်ပြင် ဒုက္ခသည်စခန်းအတွင်းမှ သူ၏ သန့်သန့်ရှင်းရှင်း မရှိသည့် ခနော်နီခနော်နဲ့ အိမ်၏  ကြမ်းပြင်ပေါ်တွင် ထိုင်နေလျက် ပြောသည်။

    သူ၏ သားဖြစ်သူသည် ဒေါ်လာ ၁,၆ဝဝ ပေးမည့် မလေးရှားမှ အလုပ်ရှင်တစ်ယောက်နှင့် အဆက်အသွယ် ရခဲ့သည်။ သားဖြစ်သူသည် လွန်ခဲ့သည့်နှစ်မှစ၍ တင်ခဲ့သည့် ယင်းအကြွေးကို ဆပ်နိုင်ရန် ယခုအချိန်အထိ အလုပ်လုပ်နေရသည်။ နှစ်လ၊ သုံးလလျှင်တစ်ကြိမ် ကျပ် ခြောက်သောင်းခန့်သာ အိမ်သို့ ပြန်ပို့နိုင်ပြီး မိသားစုက တင်နေသည့် အကြွေးများကို ယင်းငွေဖြင့် ဆပ်ရသည်။

    ကလေး ၇ ဦး၊ ပန်းနာရောဂါစွဲကပ်နေသူ ခင်ပွန်းတို့နှင့်အတူ မိသားစုအိမ်စရိတ်အတွက် ရှာဖွေနိုင်ခဲ့သော်လည်း သားဖြစ်သူ၏ ပြဿနာကို ဖြေရှင်းပေးနေရဆဲဖြစ်ကြောင်း ဒေါ်ဟာစီနားက ရှင်းပြသည်။
    “ကလေးတွေကို အလုပ်ရှာဖို့ လှေနဲ့ ထည့်လိုက်ချင်ပေမယ့် လူပွဲစားတွေလက်ထဲကို ရောက်သွားမှာ စိုးတာနဲ့ မလုပ်ရဲဘူး” ဟု ဒေါ်ဟာစီနားက ပြောသည်။

    မြန်မာနိုင်ငံတွင်း မကြာသေးမီနှစ်များက လူမျိုးရေးအကြမ်းဖက်မှု၊ အသားအရောင်ခွဲခြားမှုကဲ့သို့ သော ပြဿနာတို့ကြောင့်  ရိုဟင်ဂျာအများအပြား ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲမှ အများအပြားသည် လူကုန်ကူးသူတို့၏ လက်တွင်းသို့ ရောက်သွားပြီး အချို့မှာ ငွေနှင့် လာမရွေးပါက သတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုများ ရရှိခဲ့သည်။

    ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသည့် ရိုဟင်ဂျာအရေအတွက် သိသိသာသာ ကျဆင်းသွားကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောသည်။ ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်း လုပ်ဆောင်နေခြင်း၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်နေရာ အများစုအတွက် နေရာရခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။

    မြန်မာအစိုးရက နိုင်ငံအတွင်းရှိနေသည့် ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းခန့်ကို နိုင်ငံသား အသိအမှတ်မပြုဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရောက်ရှိလာသည့် ဘင်္ဂါလီများဟုသာ ခေါ်ဝေါ်သုံးစွဲသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း သွားရောက်ခွင့် ပိတ်ပင်ခံထားရပြီး စာသင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရပေ။

    စစ်တွေမြို့ပြင်မှ ဒုက္ခသည်စခန်းအသီးသီးတွင် ဒေါ်ဟာစီနားကဲ့သို့ တွေ့ကြုံခံစားရခဲ့သည့် ဘင်္ဂါလီ အများအပြား ရှိနေသည်။ ယင်းအဖြစ်အပျက်များ သူတို့အကြားတွင် တစ်ဆင့်စကားတစ်ဆင့်နား ကြားနေရပြီး ရက်ပေါင်းများစွာ သွားရမည့် လှေစီးခရီးအတွက် သူတို့ စိုးရိမ်နေကြသည်။  မကြာသေးခင်က တွေ့ဆုံ စကားပြောခဲ့ရသည့် ရိုဟင်ဂျာများက  ထိုသို့ သွားရမည်ကို ထိတ်လန့်ကြောင်း ပြောသည်။

    “ဒီရာသီမှာ အောက်တိုဘာလကစလို့ လှေနည်းနည်းထွက်ခဲ့ပေမယ့် အခုနှစ်ပိုင်းမှာတော့ ထွက်တဲ့လှေ လုံးဝမရှိပါဘူး။ ထိုင်းအစိုးရက သေသေချာချာ ဖမ်းဆီးနေလို့ လူကုန်ကူးသူတွေ ဝင်လို့မရတာက အဓိကအကြောင်းတစ်ခုပါ။ နောက်တစ်ချက်က မလေးရှားမှာလည်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်” ဟု ရိုဟင်ဂျာများကို အကူအညီပေးနေသော၊ ရွှေ့ပြောင်းသွားလာမှုများကို စောင့်ကြည့်နေသော ရခိုင်စီမံကိန်းမှ Chris Lewa  က ပြောသည်။

    ဖေဖော်ဝါရီလဆန်းပိုင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများတွင် တန်းစီစောင့်ဆိုင်းနေသည့် ခိုလှုံခွင့်တောင်းခံလာသူများကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်။ ယခုအခါ မလေးရှား ထိန်းသိမ်းရေးစခန်းများတွင်  ၂,၅ဝဝ ခန့် ရှိနေကြောင်း သူက Myanmar Now ကို ရှင်းပြသည်။

    “ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ရောက်လာခဲ့တဲ့ ရိုဟင်ဂျာတွေက မှတ်ပုံတင်မရှိသလို အလုပ်လည်း ရှာရတာမလွယ်လို့ အဆင်မပြေကြပါဘူး” ဟု Chris Lewa က ပြောသည်။

    ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Fortify Rights ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ Matthew Smith က ရခိုင်ပြည်နယ်မှ ထွက်ခွာသည့် ရိုဟင်ဂျာ/ဘင်္ဂါလီအရေအတွက် ကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း လျှို့ဝှက်စွာ ထွက်ကြသည့် သဘောသဘာဝအရ အရေအတွက်ကို မှန်းဆရန် မလွယ်ကူဟု ဆိုသည်။

    ထို့ပြင် လူကုန်ကူးဂိုဏ်းများ ရှိနေသေးသောကြောင့် ၎င်းတို့အနေဖြင့် အခွင့်အရေးရပါက ပြန်လည်လှုပ်ရှားမည့် အလားအလာများလည်း ရှိနေကြောင်း Matthew Smith က ပြောသည်။

    မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်များ ရှိနေသေး
    ————————————-
    ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာတို့အကြား လူမျိုးရေးအဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်၍ မွတ်စလင်အများစုအပါအဝင် လူပေါင်း ၁၄ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သောင်းဂဏန်းအထိရှိသော ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်အတွင်းမှ လှေများဖြင့် ထွက်ခွာသွားခဲ့သည်။

    ရှေးဆယ်စုနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်သော ရေလမ်းခရီးကို ခိုင်ခန့်မှုမရှိသည့် လှေများဖြင့် ဖြတ်သန်းကြရာ အများအပြားသည် လူကုန်ကူးသမားတို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

    အိုးအိမ်စွန့်ခွာခဲ့ရသူ ၅,၆ဝဝ ခန့်ကို လက်ခံထားရှိသည့် သက်ကယ်ပြင်ကျေးရွာတွင် ၎င်းတို့ အများစု နေထိုင်ပြီး နေ့စဉ်ဘဝရှင်သန်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသည့်အပြင် ခွဲခြားဆက်ဆံခံရမှုသည် အမြဲတမ်းကြုံတွေ့နေသည့် ပြဿနာဖြစ်လာသည်။

    အဆိုပါ မိသားစုများမှ ကလေးများသည်   ဒုက္ခသည်စခန်းအနီးရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် တက်နေပြီဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်က ယင်းကျောင်းမရှိသေး။ အကူအညီပေးရေးအဖွဲ့အစည်းများနှင့် အစိုးရက ဒုက္ခသည်စခန်းများအနီးတွင် ကျောင်း၊ ဆေးခန်းများ ထပ်မံ တည်ဆောက်ထားသည်။

    လက်ရှိအစိုးရက ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း ရိုဟင်ဂျာ/ဘင်္ဂါလီတချို့က နေရပ် စွန့်ခွာမှုမပြုကြခြင်းမှာ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ်လက်ထက်တွင် သူတို့အတွက် အခြေအနေကောင်းလာနိုင်မည်ဟု မျှော်လင့်နေကြခြင်းကြောင့် ဖြစ်ကြောင်း Fortify Rights အဖွဲ့မှ Matthew Smith  က ရှင်းပြသည်။

    “ရခိုင်ပြည်နယ်က မွတ်စလင်တွေက ဒေါ်စုအနေနဲ့ သူတို့အတွက် ပိုကောင်းလာအောင်  လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” ဟု သူက ပြောသည်။

    ရိုဟင်ဂျာ/ဘင်္ဂါလီများကို ခါးခါးသီးသီး ဆန့်ကျင်သော ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသော်လည်း မွတ်စလင်တို့က ယင်းကဲ့သို့ မျှော်လင့်ထားသည်။ NLD က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စဉ် မွတ်စလင်တစ်ဦးတစ်ယောက်မျှ မပါဝင်သလို ရိုဟင်ဂျာတို့ ကြုံတွေ့နေရသည့် နှိပ်စက်ခံရမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြစ်တင်ရှုတ်ချခြင်းလည်း မပြုလုပ်ခဲ့ပေ။

    အသက် ၆၅ နှစ်အရွယ် ဦးစူလတန်က NLD အစိုးရသည် အပြောင်းအလဲအတွက် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်နေသည်ဟု ပြောကြားသည်။ စူလတန်သည် တစ်ချိန်က စစ်တွေတွင် တိုက်ဖြင့်နေထိုင်ကာ စီးပွားရေးလုပ်ငန်း သုံးခုရှိခဲ့သော်လည်း ယခုအခါ အဆိုပါ ဘဝအခြေအနေနှင့် များစွာကင်းကွာသွားပြီဟု ဆိုသည်။ ဝေးဝေးလံလံသွားလာရန်လည်း မဖြစ်နိုင်တော့သကဲ့သို့ သူ့သမီးသုံးယောက်ကိုလည်း အခြားသူများကဲ့သို့ အလုပ်သွားလုပ်ခိုင်းမည်မဟုတ်ဟု ပြောသည်။ ယခုအခါ ဦးစူလတန်သည် သူငယ်ချင်းတစ်ယောက် ဝယ်ပေးထားသည့် ဆိုင်ကယ်တစ်စီးဖြင့် ကျပ် ၁၅ဝ တန် သွားတိုက်ဆေးများကို အနီးဝန်းကျင်ရွာများ၊ ဒုက္ခသည်စခန်းများတွင် လှည့်လည်ရောင်းချလျက် အသက်မွေးဝမ်းကြောင်းနေသည်။

    “ကျွန်တော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်မရခဲ့တာ တကယ်စိတ်မကောင်းပါဘူး။ လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အခြေအနေတွေ ပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဇနီးနှင့် ၂၆ ရက်သား အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအပါအဝင် သမီး ၇ ဦး နံဘေးတွင် ထိုင်နေသည့် ဦးစူလ်တန်ကပြောသည်။

    သမ္မတဦးသိန်းစိန်အစိုးရက ရိုဟင်ဂျာတို့၏ တရားဝင် အထောက်အထား လက်မှတ်များကို ပြီးခဲ့သည့် နှစ်အတွင်းက ပြန်သိမ်းသွားခဲ့သောကြောင့် ၎င်းတို့ မဲပေးခွင့်မရတော့သဖြင့် ရိုဟင်ဂျာတို့ကို အကူအညီပေးနေသည့် နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်ပြစ်တင်ခဲ့သည်။

    ဦးစူလ်တန်က “ကျွန်တော်တို့ကို ကူညီတဲ့နိုင်ငံတကာ အသိုင်းအဝန်းကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အကူအညီကြောင့် ကျွန်တော်တို့ အသက်ရှင်နေရတာပါ။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်ပါတယ်။ အရင်လို နေခဲ့ရတဲ့ ဘဝမျိုးကို ပြန်လိုချင်တယ်” ဟု ပြောသည်။

    မတရားခံရမှု ဖြစ်ရပ်များ
    ———————–
    လှေနှင့် ခိုးထွက်သည့် ခရီးစဉ်များအတွင်း မတရားခံရမှု ဖြစ်ရပ်များကြောင့် သွားလာမှု လျော့ကျသွားသည်။  ၅ နှစ်အောက် ကလေးသုံးယောက်တို့၏ဖခင် ၄၃ နှစ်အရွယ် ဦးဝင်းနိုင်က “လှေပေါ်မှာဖြစ်ဖြစ်၊ ထိုင်းကို ရောက်ရင်ပဲဖြစ်ဖြစ် ကျွန်တော် တစ်စုံတစ်ရာဖြစ်သွားရင် ကျွန်တော့်မိန်းမနဲ့ ကလေးတွေ ဘယ်လိုလုပ်မလဲ။ အဲဒီလို သွားရင်းနဲ့လည်း သေသွားနိုင်တယ်” ဟု ပြောသည်။

    ဒေါ်ဟာစီနား၏ အိမ်နီးချင်း ကလေးနှစ်ယောက်ဖခင် အသက် ၂၅ နှစ်အရွယ် ကိုမူလာ ကလည်း  ထိုသို့ စိတ်ကူးမိသည်ဟု ဆိုသည်။  လက်လုပ်လက်စားဘဝကိုစွန့်ပြီး ပုံမှန်ဝင်ငွေတစ်ခုရရန် လွန်ခဲ့သည့် သီတင်း ခြောက်ပတ်ခန့်က  ဒုက္ခသည်စခန်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သော်လည်း ဦးဝင်းနိုင်ပြောသည့်အတိုင်း စဉ်းစားမိပြီး အစီအစဉ်ကို ဖျက်လိုက်ကြောင်း Myanmar Now ကို ရှင်းပြသည်။

    ယောက်ဖဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် သူ့ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဒုက္ခသည်စခန်းမှ ထွက်သွားသော သူ့ယောက်ဖကို  လူပွဲစားက ထိုင်းနိုင်ငံရှိ သားသတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံတွင် ဒေါ်လာ ၈၅ဝ ဖြင့် ရောင်းချခဲ့သည်။

    “သူထွက်သွားတုန်းက အင်အားဖြည့် ဘီစကွတ် ၂ ထုပ်ပဲ ပါသွားတယ်။ သူတို့ထိုင်းကိုရောက်တော့ သားသတ်သမားက ကျွန်တော့် ယောက်ဖ ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်တာကို သဘောကျသွားတယ်” ဟု ကိုမူလာက ပြောသည်။

    လပေါင်းများစွာကြာသော်လည်း စားစရာအနည်းငယ်မှအပ လုပ်ခငွေပေးခြင်းမရှိသောကြောင့် ယောက်ဖဖြစ်သူသည် အလုပ်မှ ထွက်ပြေးပြီး အလုပ်ရှင်သစ်ရှာဖွေခဲ့သည်။ သို့သော်လည်း သားသတ်သမား အလုပ်ရှင်က သူ့ကို ရှာတွေ့သွားပြီး ခြိမ်းခြောက်ကာ ပြန်ခေါ်သွားခဲ့သည်ဟု ကိုမူလာက ပြောသည်။ လွန်ခဲ့သော ငါးလခန့်က ယင်းအဖြစ်အပျက်ကို သူ့ထံမှ နောက်ဆုံးကြားခဲ့ရပြီး ယခုအခါ ငွေလည်း မပို့နိုင်ကြောင်း ရှင်းပြသည်။

    “သူ့အဖြစ်အပျက်ကို ကြားရတာ တကယ်ကို ထိတ်လန့်စရာပဲ။ ဒီပုံစံနဲ့ အသက်ရှင်ဖို့ ဘယ်လွယ်မလဲ။ ကျွန်တော့်မှာ ကလေးနှစ်ယောက်နဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဒီနေရာမှာ ကျွန်တော်သေရင်တောင် ကျွန်တော့်မိသားစုက အနားမှာ ရှိသေးတယ်” ဟု ကိုမူလာက ပြောသည်။     ။

  • ကျောက်ဖြူ  မူဆလင် ကယ်ဆယ်ရေးစခန်း တပ်မတော် လုံခြုံရေး ရုပ်သိမ်း

    ကျောက်ဖြူ မူဆလင် ကယ်ဆယ်ရေးစခန်း တပ်မတော် လုံခြုံရေး ရုပ်သိမ်း

    ကျောက်ဖြူ/RiA ၊ ဖေဖေါ်ဝါရီ ၂၅ ရက်

    003-1024x768

    ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ကယ်ဆယ်ရေး စခန်းရဲ့ လုံခြုံရေးကို ယခင်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က အသီးသီး တာဝန်ခွဲယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ရဲတပ်ဖွဲ့တစ်ခုတည်းသာ ထားရှိခဲ့ပြီး တပ်မတော်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးမောင်လှက RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    “အစတုန်းကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ နှစ်ခု လုံခြုံရေးချထားတာပေါ့။ ခုတော့ ရဲတပ်ဖွဲ့တစ်ခုပဲ ရှိပါတော့တယ်။ ရဲတပ်ဖွဲ့ကိုတော့ ပိုပြီး အင်အားတိုး ချထားလိုက်တာပေါ့”

    ကမ့်လုံခြုံရေးအတွက် တာဝန်ယူထားတဲ့ သံတွဲအခြေစိုက် တပ်ရင်း ခလရ ၅၅ ကို ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် အရေးပေါ်ညွှန်ကြားချက်တစ်ခုကြောင့် ချက်ချင်းဆိုသလို တပ်ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး ယခင် ရဲအဖွဲ့ဝင် ၂၀ ခန့်သာ ရှိခဲ့ရာမှ ယခု ၄၈ ဦးထိ တိုးမြင့်ပေးခဲ့တာဖြစ်ပါတယ်။

    ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၄၂၇ စု၊ စုစုပေါင်း လူဦးရေ ၁၂၆၇ ဦး ရှိပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တိမ်းရှောင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း-၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ ကျောက်ဖြုမြို့ အကြမ်းဖက်မီးရှို့မှုအား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ၊ Human rights watch(HRW) က ဂြိုလ်တုမှတဆင့် မှတ်တမ်းတင်ထားခဲ့သည့် ပုံဖြစ်ပါတယ်။

    RIA မှ ကူးယူဖော်ပြပါသည်။

    မူရင်းလင်ခ် => http://www.rootagency.info/2016/02/blog-post_25.html

  • အစ္စလာမ်ဟာ တကယ်ပဲ အကြမ်းဖက်ဝါဒကို အားပေးသလား။

    အစ္စလာမ်ဟာ တကယ်ပဲ အကြမ်းဖက်ဝါဒကို အားပေးသလား။

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    – IS နဲ့ ဘိုကိုဟရမ်တို့လို အစွန်းရောက်အဖွဲ့တွေ ပေါ်ထွက်လာမှုနဲ့အတူ ‘အစ္စလာမ်’ ‘မွတ်စလင်’ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးမှာ သိသိသာသာ ကွဲလွဲမှုတွေ ရှိလာပါတယ်။ အစ္စလာမ်ကြောက်ရောဂါကလည်း မြင့်တက်လာခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မှုမှာ တွေ့မြင်ရသလို အဲဒီကြောက်စိတ်က လမ်းပေါ်မှာ မွတ်စလင်တွေကို တိုက်ခိုက်တာတွေအထိ ဖြစ်လာခဲ့ပါတယ်။

    ဂျာမနီနဲ့ ယူကေမှာ PEGIDA၊ သြစတေးလျမှာ UPF လို အဖွဲ့တွေက မွတ်စလင်ဒုက္ခသည်တွေအပေါ် ဆန့်ကျင်ဆန္ဒပြတာတွေလို အအခြားနေရာတွေမှာလည်း ဒီလိုတင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ မွတ်စလင် လူ့အဖွဲ့အစည်းအတွင်းမှာ အစွန်းရောက်ဝါဒ ရှိနေတယ်ဆိုတာကို ငြင်းလို့မရသလို၊ အခြားတစ်ဖက်မှာလည်း အဲဒီ အစွန်းရောက်ဝါဒဒဏ် အခံရဆုံး သားကောင်တွေကလည်း မွတ်စလင်တွေပဲ ဖြစ်နေတယ်ဆိုတာကိုလည်း ကွင်းကွက်ကွင်းကွင်း မြင်နေရပါတယ်။

    အကြမ်းဖက်သမားအားလုံးက မွတ်စလင်တွေလား။

    “မွတ်စလင်အားလုံးဟာ အကြမ်းဖက်သမားတွေ မဟုတ်ပေမယ့်၊ အကြမ်းဖက်သမား အားလုံးကတော့ မွတ်စလင်တွေပါပဲ” ဆိုတဲ့ ပြောစကားဟာ ဒီနေ့ခေတ်အခါမှာ မကြားချင်ဆုံးသော စကားရပ် ဖြစ်နေပါတယ်။ ဒီစကားဟာ ဘယ်လောက် မှန်ပါသလဲ။

    – အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး FBI ရဲ့ လေ့လာမှုအရ ၁၉၈၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ ၆ ရာခိုင်နှုန်းသာ အစ္စလာမ့်မစ်အဖွဲ့အစည်းတွေ ကျူးလွန်ခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ လာတီနိုတွေက အကြမ်းဖက်မှုအားလုံးရဲ့ ၄၂ ရာခိုင်နှုန်း၊ လယ်ဝဲစွန်းရောက်အဖွဲ့တွေက ၂၄ ရာခိုင်နှုန်း၊ ဂျူးအစွန်းရောက်အဖွဲ့တွေက ၇ ရာခိုင်နှုန်း ကျူးလွန်ခဲ့တယ်လို့ FBI ရဲ့ လေ့လာမှုက ဖော်ပြနေပါတယ်။

    – အကြမ်းဖက်ဝါဒ လေ့လာမှုနဲ့ အကြမ်းဖက်မှုတုံ့ပြန်ရေး နိုင်ငံတော်အဆင့်အဖွဲ့အစည်း START ကတော့ ၁၉၇၀ နဲ့ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်မြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၂.၅ ရာခိုင်နှုန်းနီးပါးသာ မွတ်စလင်တွေကျူးလွန်လွန်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

    – ၉/၁၁ ဖြစ်ရပ်နောက်ပိုင်း ဖြစ်ပွားခဲ့ပြီး အမေရိကန် ၃၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အမေရိကန်မွတ်စလင်တွေ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးမှုဟာ ၃၃ ဦးသာ ရှိခဲ့တယ်လို့ အကြမ်းဖက်ဝါဒနဲ့ ပြည်တွင်းလုံခြုံရေးတြိဂံစင်တာ ( Triangle Center on Terrorism and Homeland Security) က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ Wired အဖွဲ့ကလည်း ၉/၁၁ နောက်ပိုင်းမှာ မွတ်စလင်တွေ ကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ၃၃ ဦးသာရှိပြီး အကြမ်းဖက်မှုနဲ့ မသက်ဆိုင်တဲ့ အဖြစ်အပျက်တွေကြောင့် သေဆုံးသူ အမေရိကန်အရေအတွက်ဟာ ၁၈၀၀၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    – ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ဥရောပမှာဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၂ ရာခိုင်နှုန်းအောက်ကသာ ဘာသာရေးနွယ်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

    အကြမ်းဖက်ဝါဒကို အစ္စလာမ်က တစ်ကယ်ပဲ အားပေးနေသလား။

    အစ္စလာမ်ရဲ့ တကယ့်စည်းမျဉ်းစည်းကမ်းတွေနဲ့ အစ္စလာမ်အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုတွေအကြား ကွဲလွဲမှုတွေ အများကြီး ရှိနေပါတယ်။ ဘာသာရေးဝေဖန်သူတွေက ခင်ဗျားတို့ကို ယုံကြည်အောင်လုပ်ထားသလို၊ မွတ်စလင်လူများစုကြီးကတော့ အကြမ်းဖက်အယူအဆတွေကို လက်ခံခြင်း မရှိကြပါဘူး။

    လေ့လာဆန်းစစ်သူအများစုက ၀ါဟာဘီဝါဒ ပေါ်ပေါက်လာခြင်းဟာ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဘာသာရေးအစွန်းရောက်ဝါဒကို မြင့်တက်လာစေတယ်လို့ ထောက်ပြကြပါတယ်။ ဒါပေမယ့် အဲဒီဝါဒကို မွတ်စလင်တွေက စိတ်ဝင်စားမှုမရှိဘဲ လက်တောင် မခံကြပါဘူး။

    နောက်အချက်တစ်ခုက အကြမ်းဖက်သမား အများစုဟာ အစ္စလာမ်သာသနာကို လက်တွေ့ကျင့်သုံးခြင်းမရှိတဲ့၊ အစ္စလာမ့်အကြောင်း မသိသလောက်ဖြစ်တဲ့ မွတ်စလင်တွေ ဖြစ်နေတာပါပဲ။ (ဥပမာအားဖြင့် ပဲရစ်တိုက်ခိုက်မှုကို စီစဉ်တဲ့ အဘ်ဒဲလ်ဟာမစ် အာဘာအွဒ် လို လူမျိုးပါ။) အကြမ်းဖက်အုပ်စုတွေက လူသစ်စုဆောင်းတဲ့ အနောက်တိုင်းသားတွေကတော့ အစ္စလာမ်နဲ့ ပတ်သက်ပြီး အင်တာနက်ကနေတစ်ဆင့်သာ သိတာမို့ အစွန်းရောက် အယူအဆတွေ ၀င်ရောက်ဖို့ လွယ်ကူသူတွေ ဖြစ်ပါတယ်။

    မိသားစု၊ တိုင်းပြည်နဲ့ ဘာသာရေး ဂုဏ်သိက္ခဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက်တွေရဲ့ သိမ်းသွင်းခံရတဲ့ အာရပ်တွေလည်း ဒုနဲ့ဒေးပါပဲ။ တစ်ချို့ကျတော့ အမေရိကန်ရဲ့ ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ မိသားစုဝင်တွေအတွက် လက်စားချေချင်တာကြောင့် အစွန်းရောက်အဖွဲ့အစည်းတွေထဲကို ၀င်ရောက်တာတွေလည်း ရှိနေပါတယ်။

    Guardian သတင်းစာမှာ Le Monde ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဝင်ခဲ့ဖူးတဲ့ ဆောင်းပါးမှာတော့ ဆီးရီးယားက ပြင်သစ် ဂျီဟတ်ပါဒီတွေရဲ့ နောက်ခံအသိုင်းအ၀ိုင်းဟာ မွတ်စလင်အသိုင်းအ၀ိုင်း မဟုတ်ဘူးဆိုတာကို ဖော်ပြထားပါတယ်။ အစွန်းရောက်အဖွဲ့တွေနဲ့ လူငယ်တွေ သွားပေါင်းရခြင်းနဲ့ပတ်သက်လို့ နောက်ထပ် လူမသိတဲ့ အချက်တစ်ခုကတော့ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုနဲ့ ဘာသာရေး၊ လူမျိုးရေး အခြေခံ ခွဲခြားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

    အကြမ်းဖက်ဝါဒနောက်ကွယ်မှ အခြားအကြောင်းအရင်းများ

    အခုတစ်လော ဆီးရီးယား၊ အီရတ်၊ လစ်ဗျားနဲ့ အခြားနိုင်ငံတွေမှာ IS အဖွဲ့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို ကမ္ဘာကြီးက တွေ့မြင်နေကြရပါတယ်။ IS က သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ မတည်ငြိမ်မှုကတော့ ၂၀၀၂ ခုနှစ် အမေရိကန်က အီရတ်ကို ကျူးကျော်တိုက်ခိုက်စဉ်ကတည်းက စတင်လာတာပါ။ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသောပြည်သူတွေဟာ အီရတ်စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ကျူးကျော်မှုကိုတော့ တားဆီးနိုင်ခြင်းမရှိခဲ့ဘဲ၊ အာဏာရှင်စနစ်ကို ဖြုတ်ချမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကျွေးကြော်မှုနဲ့လည်း ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပါတယ်။ ဒီစစ်ပွဲရဲ့ အကြောင်းအရင်းကတော့ ရေနံဖြစ်ပါတယ်။ စီအိုင်အေဟာ အဲဒီအချိန်တုန်းက အလ်ကိုင်းဒါးတို့လို အကြမ်းဖက်အဖွဲ့တွေကိုတောင် ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းတွေလည်း ထွက်ခဲ့
    ပါတယ်။

    ရုရှားက RT သတင်းဌာနနဲ့ အင်တာဗျူးမှာ ၀ီကီလီခ် အယ်ဒီတာချုပ် ဂျူလီယန် အာဆန်ဂီက ဆီးရီးယားမှာ ၂၀၀၆ ခုနှစ်ကတည်း စခဲ့တဲ့ မတည်ငြိမ်မှုကို အမေရိကန်က စီစဉ်ဖန်တီးခဲ့တာဖြစ်ပြီး အီရန်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာတာတို တိုက်ဖျက်ဖို့အတွက် အာဆတ်အစိုးရ ပြုတ်ကျရေး ရည်ရွယ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဒီအစီအစဉ်ရဲ့ အဓိက အရေးအကြီးဆုံးအစိတ်အပိုင်းဟာ ရှီယိုက်နဲ့ စွန်နီတို့အကြား တင်းမာမှုတွေကို ဖြစ်စေဖို့ဖြစ်တယ်လို့ အာဆန်ဂီက ထည့်သွင်းပြောကြားခဲ့ပြီး အစ္စရေးအပါအ၀င် ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တစ်နိုင်ငံချင်းစီကလည်း ဒီကိစ္စမှာ သူတို့ရဲ့ တစ်ကိုယ်ရည် ရည်ရွယ်ချက်အတွက် လက်ထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

    “ဆီးရီးယားပြဿနာရဲ့ အစိတ်အပိုင်းက အမေရိကန်ရဲ့ မဟာမိတ်တွေ ပတ်လည်ဝိုင်းနေတာ၊ အထူးသဖြင့် ဆော်ဒီနဲ့ ကာတာတို့က လက်နက်တွေထောက်ပံ့နေတာပဲ ဖြစ်ပါတယ်။ တူရကီကလည်း သိပ်အရေးပါတဲ့ကဏ္ဍက ပါဝင်နေတယ်။ သူတို့အားလုံးဟာ ဒေသတွင်းမှာ သူတို့ရဲ့ တစ်ကိုယ်ကောင်းရည်ရွယ်ချက်တွေ ရှိနေပါတယ်။ အစ္စရေးကတော့ ပြောစရာကိုမလိုပါဘူး။ (ဆီးရီးယားပိုင်) ဂိုလန်တောင်ကုန်းကို ထာဝရ သိမ်းပိုက်ဖို့ အခွင့်ရေးရလာတယ်။ ပြီးတော့ နယ်မြေထပ်ချဲ့ဖို့ပါက ဂျကာ ရလာပါတယ်။ ဒါကြောင့် ဆီးရီးယားပတ်ဝန်းကျင်မှာ ရသလောင်ဝင်ဆွဲဖို့ စောင့်နေတဲ့သူတွေ များကြီး ရှိနေပါတယ်”

    ဒါဟာ ဆီးရီးယားပြဿနာနဲ့ပတ်သက်ပြီး အာဆန်ဂီရဲ့ မှတ်ချက်ဖြစ်ပါတယ်။

    Independent သတင်းစာရဲ့ နိုင်ငံရေး လေ့လာဆန်းစစ်သူဖြစ်တဲ့ ဒန် ဂလေ့ဇ်ဘရွက်ကတော့ အမေရိကန် ဒါမှမဟုတ် ယူကေလို အမေရိကန်ရဲ့ မဟာမိတ်တွေဟာ အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး ဘယ်တော့မှ ကိုယ်ဖိရင်ဖိ လုပ်မှမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီနိုင်ငံတွေကိုယ်တိုက်က သူပုန်အဖွဲ့တွေကို ထောက်ပံ့ပေးနေလို့ဖြစ်တယ်လို့ ဆိုပါတယ်။

    နိဂုံးချုပ်

    အကြမ်းဖက်ဝါဒဟာ ပုံစံမျိုးစုံနဲ့ ပေါ်ထွက်လာတဲ့ ဒီလိုအချိန်မျိုးမှာ ဘာသာရေးအစွန်းရောက်မှုကို တန်ပြန်တိုက်ဖျက်ဖို့ ထိရောက်တဲ့ မဟာဗျူဟာတွေကို အတူတကွချမှတ်ရင်း အဲဒီအစွန်းရောက်မှု ဖြစ်စေတဲ့ အခြေခံအကြောင်းအရင်းကို တိုက်ဖျက်ဖို့ လိုအပ်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေဟာ အစ္စလာမ်ကြောက် ၀ါဒဖြန့်မှုတွေရဲ့ အကွက်ထဲကို ၀င်မသွားဖို့အတွက် မျက်လုံးတွေဖွင့်ထားဖို့ လိုပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းကလည်း မိမိကိုယ်တိုင်နဲ့ မိမိတို့ သားသမီးတွေရဲ နှလုံးသားထဲမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုတွေကို အမှန်တကယ် နှလုံးပိုက် ကျင့်သုံးနိုင်ဖို့ လိုအပ်လျက်ရှိကြောင်းပါ။

    Ref: Huffingtonpost

    (Huffingtonpost မှ Is Islam Really The Religion Of Violence? Here Are The Facts ဆောင်းပါးကို လေးေ
    မာင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)