News @ M-Media

Blog

  • ဂျွန်တယ်ရီမရှိသည့် ချယ်ဆီးအတွက် လမ်းပတ် စိုးရိမ်နေ

    ဂျွန်တယ်ရီမရှိသည့် ချယ်ဆီးအတွက် လမ်းပတ် စိုးရိမ်နေ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    terry

    – အသင်းခေါင်းဆောင် ဂျွန်တယ်ရီမရှိတော့မည့် ချယ်ဆီး၏အနာဂတ်အား မိမိအနေဖြင့် စိုးရိမ်မိသည်ဟု ကွင်းလယ်လူဟောင်း လမ်းပတ်က ပြောကြားလိုက်သည်။

    တယ်ရီမှာ ရာသီကုန်တွင် သက်တမ်းတိုးတော့မည်မဟုတ်ဘဲ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီက ပြောကြားခဲ့သည်။ ချယ်ဆီးတွင် ၁၀ စုနှစ်တစ်ခုကျော်ကြာ ကစားကာ ၂၀၁၄ ခုနှစ်က ထွက်ခွာခဲ့သည့် လမ်းပတ်ကမူ တယ်ရီထွက်သွားပြီးနောက် ချယ်ဆီးမှာ အမှတ်သညာပျောက်ဆုံးသွားမည့် အန္တရာယ်ကို ထောက်ပြခဲ့သည်။

    “အသင်းရဲ့ တကယ်အမှတ်သညာပုဂ္ဂိုလ်တွေ ဘယ်ရောက်သွားမလဲဆိုတာကို ကျွန်တော် စိုးရိမ်မိပါတယ်။ အသင်းကြီးတစ်သင်းဖြစ်ဖို့အတွက် ကိုယ်ရည်ကိုယ်သွေးပြည့်တဲ့သူတွေ လိုအပ်ပါတယ်။ ကျွန်တော်ရှိတဲ့အချိန် ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ ပီတာချက်၊ ဒီဒီယာဒရော့ဘာတို့ ရှိတဲ့အချိန်မျိုးကို ပြန်ဂုဏ်ဖော်ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကို အခု ကျွန်တော် ကြည့်တဲ့အခါ ဂျွန်တယ်ရီက တစ်ဦးတည်းသော အမှတ်သညာ ဖြစ်နေပါတယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

    ထို့ပြင် ချယ်ဆီးအနေဖြင့် နာမည်ကြီးကစားသမား ၂ ဦး သို့မဟုတ် ၃ ဦးအထိ ၀ယ်ယူရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၁ ၌ ရှိနေမှုမှာ ချယ်ဆီးအတွက် အဓိပ္ပါယ်မရှိသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • တောင်တရုတ်ပင်လယ်တင်းမာမှုကို အာဆီယံ စိုးရိမ်နေ

    တောင်တရုတ်ပင်လယ်တင်းမာမှုကို အာဆီယံ စိုးရိမ်နေ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    asean 2

    – ပိုင်ဆိုင်မှု အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်က တင်းမာမှုတွေ တိုးတက်လာတာနဲ့ ပတ်သက်ပြီး မိမိတို့က အလွန်အမင်း စိုးရိမ်နေတယ်လို့ အာဆီယံနိုင်ငံတွေက ပြောကြားလိုက်ပါတယ်။

    တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အများစုကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်တို့ကလည်း အပြိုင်တောင်းဆိုမှုတွေ ရှိနေပါတယ်။ အငြင်းပွားရေပိုင်နက်တစ်ခုဖြစ်တဲ့ ပါရာဆယ်ကျွန်းစုအနီးမှာ တရုတ်က ဒုံးကျည်ပစ်စင်နဲ့ တိုက်လေယာဉ်တွေချထားလိုက်တဲ့အတွက် တင်းမာမှုတွေက ပိုကြီးလာပါတယ်။

    “မကြာသေးမီက ဖြစ်ပျက်ခဲ့တာတွေနဲ့ပက်သက်ပြီး ၀န်ကြီးတွေက အလွန်အမင်း စိုးရိမ်လျက်ရှိနေပါတယ်” လို့ အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က လာအိုမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများ ပုံမှန်တွေ့ဆုံမှုအပြီး ကြေညာချက်ထဲမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

    နယ်မြေပိုင်ဆိုင်လိုမှုနဲ့ အရှိန်မြင့်လာတဲ့လုပ်ဆောင်ချက်တွေက တင်းမာမှုတွေ မြင့်တက်လာစေတဲ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေကို ထိပါးနှောက်ယှက်လာနိုင်တယ်လို့ အာဆီယံရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    အမေရိကန်ကတော့ တရုတ်အနေနဲ့ပင်လယ်ထဲမှာ ကျွန်းတုတွေ တည်ဆောက်နေတာနဲ့ပက်သက်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ခွင့်ရှိဖို့ဆိုပြီးတော့လည်း အငြင်းပွားကျွန်းတွေနဲ့ကပ်လျက်မှာ စစ်သင်္ဘောတွေကို ခုတ်မောင်းတာတွေလည်း ရှိနေပါတယ်။

    တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်ရေးပြင်ဆင်မှုတွေကို ရပ်တန့်ဖို့အတွက် တရုတ်သမ္မ ဇီဂျင်ပင်းကို အမေရိကန်က သောကြာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

    တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံမှုတွေ ကြီးထွားလာပြီး အပြန်အလှန်အားပေးထောက်ခံမှုကို အာဆီယံနိုင်ငံတွေက ချိန်ညှိနေရတဲ့အချိန် တရုတ်နိုင်ငံရဲ့ ပိုင်နက်ပိုင်ဆိုင်ကြောင်း ပြောကြားမှုက အာဆီယံနိုင်ငံတွေအတွက် အငြင်းပွားဖွယ်အဖြစ်ဆုံး ပြဿနာ ဖြစ်နေပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတော်တော်များများရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပါတယ်။

    Ref : channelnewsasia

  • လိဂ်ဖလားကို ရယူချင်သည်ဟု လီဗာပူးလ်နည်းပြပြော

    လိဂ်ဖလားကို ရယူချင်သည်ဟု လီဗာပူးလ်နည်းပြပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    kloop

    – မိမိအနေဖြင့် လိဂ်ဖလားကို ရရှိရန်အတွက် လောဘတကြီးဖြစ်နေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ယနေ့တွင် မန်စီးတီးအသင်းနှင့် လိဂ်ဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မန်စီးတီးမှာ ယခုတစ်ပတ်အတွင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုင်နမိုကိဗ်အသင်းအား အနိုင်ရရှိထားသည်။ လီဗာပူးလ်အား ကိုင်တွယ်မှု ၅ လတာ ကြာမြင်ခဲ့သည့် ကလော့ပ်ကမူ အသင်းအတွက် ပထမဆုံး ဖလားကို ရယူပေးရန် မျှော်လင့်နေသည်။

    “မန်စီးတီးဟာ တစ်ခုခုဖြစ်အောင် လုပ်မှာဖြစ်ပြီး၊ မန်နျူယဲလ် ပယ်လီဂရီနီကလည်း တစ်ခုခုလုပ်ပြနိုင်ပါတယ်။ ဘောလုံးလောကဆိုတာ ဒါပါပဲ။ ဘာမှ ကံသေကံမပြောလို့မရပါဘူး။ ဒါကို လက်ခံရပါမယ်။ မန်စီးတီးဟာ အချိန်ကောင်းကို ရောက်နေပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်က လောဘကြီးပါတယ်။ လိဂ်ဖလားကို ကျွန်တော် ရယူချင်ပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာပြည်က ဆိုက်ဘာတိုက်ခိုက်မှုတွေ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ။

    မြန်မာပြည်က ဆိုက်ဘာတိုက်ခိုက်မှုတွေ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ။

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆

    M-Media

    cyber– လွန်ခဲ့တဲ့နှစ် သမိုင်းဝင်ရွေးကောက်ပွဲကာလ၀န်းကျင်မှာ ဒီမိုကရေစီထောက်ခံမီဒီယာတွေအပေါ် စဉ်ဆက်မပြတ် ဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်မှာ တာဝန်ရှိကြောင်း၊ ဒါ့အပြင် ထိုင်းအစိုးရပိုင် ၀က်ဘ်ဆိုက်တွေကို ပစ်မှတ်ထားနေတဲ့ ဟက်ကာတွေနဲ့လည်း အနီးကပ်ဆက်ဆံမှုရှိကြောင်း အစီခံစာအသစ်တစ်ရပ်ဆီက ကျယ်ကျယ်လောင်လောင် အသံထွက်ရှိလာပါတယ်။

    ၂၀၁၂ ခုနှစ်ကစလို့ မီဒီယာမျက်နှာစာ ရုပ်ပျက်ဆင်းပျက်ဖြစ်စေခြင်းလမ်းကြောင်းမှာ မြန်မာစစ်တပ်က အဓိကဇာတ်ကောင်ဖြစ်တယ်လို့ ဒီဗီဘီ၊ ဧရာဝတီ အပါအ၀င် အလွတ်တန်းသတင်းဋ္ဌာနတွေကို ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေတဲ့ ဆွီဒင်အခြေစိုက် ဆိုင်ဘာလုံခြုံရေးအဖွဲ့ Unleash Research Labs ရဲ့ သုံးနှစ်တာစုံစမ်းစစ်ဆေးချက်တစ်ရပ်က ဖွင့်ချဖော်ထုတ်လိုက်ပြီဖြစ်ပါတယ်။

    နိုဝင်ဘာရွေးကောက်ပွဲကာလတစ်ဝိုက်က “Union of Hacktivists” လို့အမည်ရတဲ့ အုပ်စုတစ်ခုရဲ့လက်ချက်လို့ ယူဆဖွယ်ရာ တိုက်ခိုက်မှုများ ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုများရဲ့ အရင်းအမြစ်တွေကို ခြေရာခံကြည့်တဲ့အခါ Firewall proxy နှစ်ခုနောက်ကွယ်မှာ တိတ်တဆိတ်လှုပ်ရှားနေတဲ့ စစ်တပ်လျှို့ဝှက်ကွန်ယက်တစ်ခုကို သွားတွေ့ပါတယ်။

    အစီရင်ခံစာအရ ဒီကွန်ယက်ကို ကာကွယ်ရေးလက်အောက်က ကွန်ပျူတာဋ္ဌာနမှ ကိုင်တွယ်လည်ပတ်စေကြောင်း၊ မြန်မာစစ်အစိုးရနဲ့စီးပွားရေးလုပ်ကိုင်နေတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမေရိကန်အဖွဲ့အစည်းက ဖော်ဆောင်ပေးထားသော အငြင်းပွားဖွယ်ရာလုံခြုံရေးစံနစ် Blue Coat နည်းပညာကို အသုံးပြုနေကြောင်း သိရတယ်။

    “ဒီတိုက်ခိုက်မှုများက စစ်တပ်ကွန်ရက်ကနေ မြစ်ဖျားခံလာတယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာ ပြောကြားနိုင်ပါတယ်။ အဲ့ဒီကွန်ရက်ဟာ အခြားမည်သည့်အဖွဲ့အစည်းအမျိုးအစားနဲ့မှ မပတ်သက်ဘဲ သူ့ချည်း သီးသန့် စနစ်တကျ တည်ဆောက်ထားတာပါ။ ဒါ့အပြင် ပုံမှန်ရုံးချိန်အတွင်း ပြုလုပ်နေခဲ့ပြီး၊ ညပိုင်းကာလအတွင်း သို့မဟုတ် ကျောင်းဆောင်ထဲကနေ ထွက်လာတာ မဟုတ်ကြောင်းကိုလည်း ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” လို့ Unleash Research Labs ရဲ့ နည်ပညာပိုင်းဒါရိုက်တာ Tord Lundstrom က ဆိုပါတယ်။

    ၂၀၁၁ ခုနှစ် စစ်အာဏာရှင်အဆုံးသတ်ချိန်ကာလ အင်တာနက်အသုံးပြုလာနိုင်ခြင်းနဲ့အတူ ခေါင်းထောင်ထလာတဲ့ မြန်မာဟက်ကာအုပ်စုထဲမှာ စစ်တပ်နဲ့အနီးကပ်ဆက်ဆံရေး ရှိနေသူတိုင်းက အဓိကတို့မီးရှို့မီးလုပ်သူများအဖြစ် တအုံတကျင်း ပါဝင်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒီဟက်ကာအုပ်စုကွန်ရက်ထဲမှာ အထင်ရှားဆုံးအဖွဲ့ကတော့ Blink Hacker Group (BHG) ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနောက်ပိုင်းက အနှိပ်စက်ခံ ရိုဟင်ဂျာလူနည်းစုတွေအကြောင်း ဖော်ပြခြင်းအပေါ် ဒီဗီဘီကို DDoS နဲ့ တိုက်ခိုက်မှုများအတွက် အဲ့ဒီအဖွဲ့မှာ တာဝန်ရှိပါတယ်လို့ ဆိုပါတယ်။

    ဒါတင်မက ဒီအုပ်စုဟာ ကမ္ဘာ့နာမည်ကြီးဟက်ကာအုပ်စု Anonymous ရဲ့အသွင်ကို အယောင်ဆောင်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း ထိုင်းရဲတပ်ဖွဲ့ပိုင် ၀က်ဆိုက်တွေကို အပြင်းအထန် စီမံတိုက်ခိုက်ခဲ့ကြတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဗြိတိသျှကမ္ဘာလှည့်ခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုအတွက် မြန်မာလူငယ်နှစ်ယောက်ကို တရားရုံးက သေဒဏ်ချမှတ်လိုက်မှုအပေါ် မြန်မာနိုင်ငံတစ်ဝှန်း အမျိုးသားရေးဒေါသကိုနှိုးဆွပြီး လက်တုန့်ပြန်ခြင်းတစ်ရပ်ဖြစ်တယ်။ အဲ့ဒီအချိန်မှာပဲ မြန်မာစစ်ဦးစီးချုပ်မင်းအောင်လှိုင်က တရားခံတွေကို ထင်ထင်ရှားရှားကူညီတဲ့အနေနဲ့ အထောက်အထားများအပေါ် ပြန်လည်သုံးသပ်ဖို့ ထိုင်းနိုင်ငံကို တိုက်တွန်းခဲ့တယ်။

    ဖေ့စ်ဘွတ်နဲ့ အုပ်စုဖွဲ့တိုက်ခိုက်ရေးအစီအစဉ်ဆွေးနွေးကြတဲ့ ဟက်ကာဖိုရမ်တွေကို နှစ်ရှည်လများ လေ့လာစောင့်ကြည့်လာခဲ့သူ Lundstrom က “မြန်မာပြည်ကဟက်ကာအုပ်စုတွေက အသံတိတ်နေသူများ၊ စစ်တပ်ကနေ တဖွဲဖွဲ ထွက်လာတဲ့ဇာတ်ကောင်များနဲ့အတူ လည်ပတ်လှုပ်ရှားခဲ့ကြတာဖြစ်တယ်။ မြန်မာနိုင်ငံအတွက် အင်တာနက်ပေါ်မှာ သဘောထားကြီးခြင်း၊ ပွင့်လင်းခြင်းတွေကို ဖွင့်ချဖော်ပြဖို့ အချိန်တန်နေပါပြီ။ ခိုးကြောင်ခိုးဝှက်အစီအမံတွေက လူငယ်လူရွယ်တွေကို ဒစ်ဂျစ်တယ်အဆောက်အဦကို ဖျက်ဆီးဖို့ မောင်းနှင်တွန်းပို့နေခြင်းက လက်ခံနိုင်စရာ မရှိပါဘူး” ဆိုပြီး ဖြည့်စွက်ပြောကြားပါတယ်။

    အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီတိုက်ခိုက်မှုတွေမှာ အလျဉ်းပါဝင်သက်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အခြေအမြစ်မဲ့စွပ်စွဲချက်တွေ မလုပ်ဖို့ မီဒီယာအုပ်စုများကို သတိပေးလိုက်ပါတယ်။

    “တိုက်ခိုက်သိမ်းယူခံရတယ်လို့ ပြောကြားနေတဲ့ မီဒီယာအုပ်စုတွေအနေနဲ့ ဒီစွပ်စွဲမှုမှန်တယ်ဆိုရင် ရှေ့တိုးပြီး တရားစွဲဆိုလိုက်ပါ။ တကယ်လို့ သူတို့ရဲ့စွပ်စွဲချက်က အခြေအမြစ်မရှိခဲ့ယင် ဒီအကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်။ ပရမ်းပတာဆန်တဲ့ အင်တာနက်ဆိုက်တစ်ခုက ဖန်တီးလိုက်တဲ့ ဒီလှုပ်ရှားတက်ကြွမှုပုံစံစွပ်စွဲချက်တွေကို ကျွန်တော်တို့ အရေးစိုက်မနေနိုင်ပါဘူး။ တကယ်လို့ ဒီဗီဘီ ၀က်ဆိုက်ကို ကျွန်တော် တိုက်ခိုက်မယ်ဆိုရင် ခြေရာခံနိုင်တဲ့ သမ္မတရုံးထဲက ကွန်ပျူတာတစ်လုံးနဲ့ အသုံးပြုနေမှာ မဟုတ်ဘူး” ဆိုပြီး ဦးသိန်းစိန်ရဲ့သမ္မတရုံးဒါရိုက်တာ ဦးဇော်ဋ္ဌေးက ဆိုပါတယ်။ မြန်မာနိုင်ငံဥပဒေအရ အသရေဖျက်ခြင်းဟာ ၂ နှစ်အထက် ထောင်ဒဏ်ချမှတ်နိုင်တဲ့ ရာဇ၀တ်မှု ဖြစ်တယ်။

    မြန်မာဟက်ကာအဖွဲ့ဟာ လူမျိုးရေးပဋိပက္ခတွေ၊ ကချင်ပြည်နယ်အကြောင်းတွေကို ဖော်ပြနေတဲ့ မီဒီယာများအပေါ် အငြိုးတကြီး ဦးတည်လာတာကို တွေ့ရတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမွတ်စ်လင်မ်နဲ့ ဗုဒ္ဓဘာသာဝင်များအကြား ပြဿနာမီးတောက်လောင်တဲ့အခါ ဟက်ကာအုပ်စုများကို အထူးနိုင်ငံရေးအစီအမံများအရ အချိန်နဲ့တစ်ပြေးညီ မောင်းနှင်ကိုင်တွယ်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    စစ်တပ်ဟာ မိမိရဲ့နိုင်ငံရေးရည်မှန်းချက် ပေါက်မြောက်စေဖို့အတွက် ဆိုက်ဘာတိုက်ခိုက်မှုအတုအယောင်များကိုလည်း ညွှန်ကြားလုပ်ဆောင်စေခဲ့ကြောင်း အစီရင်ခံစာက စွပ်စွဲထားပါတယ်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက Kachin Cyber Army ဆိုတဲ့အမည်ကိုသုံးပြီး ၀က်ဆိုက်တွေ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပြီး မြန်မာမီဒီယာတွေကို ခြောက်လှန့်ခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ ပဋိပက္ခ အဆင့်ဆင့်အရှိန်တက်လာရေးအတွက် အစိုးရဖက်က တည်ဆောက်ထားတဲ့ နိုင်ငံရေးအစီအမံသာဖြစ်တယ်လို့ Lundstrom ရဲ့ သုတေသနပြုချက်အရ သိရပါတယ်။

    BHG အပါအ၀င် ဟက်ကာအုပ်စုအသီးသီးရဲ့ ပဲ့ထိန်းသူဟာ သက်ဝေဖြိုး ဖြစ်ပြီး ဂတုံး ဆိုတဲ့ နာမည်တုကို အသုံးပြုနေတယ်လို့ ဖော်ထုတ်တင်ပြထားပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ရုရှားမှာနေထိုင်ပြီး ပညာသင်နေတဲ့ စစ်သားလို့ ဖော်ပြထားသလို Myanmar Times ရဲ့အဆိုအရ ပြင်ဦးလွင်စစ်တက္ကသိုလ်မှာ လေ့ကျင့်သင်တန်းပေးခံရသူလို့ သိရပါတယ်။ ဒေါ်စုကြည်ရဲ့ နိုင်ငံရေးလက်ထောက်တစ်ဦးဟာ ဗြိတိသျှသူလျှိုတစ်ဦးဖြစ်နေပါတယ်ဆိုပြီး လူသိရှင်ကြား သတင်းလွှင့်ခဲ့သူလည်းဖြစ်ပါတယ်။

    သူဟာ မြန်မာမီဒီယာတွေကို ပစ်မှတ်ထားတဲ့ ဟက်ကာအများအပြားစီမံပေးရေးမှာ ပါဝင်ပတ်သက်နေကြောင်း၊ Myanmar Anonymous စာမျက်နှာကိုလည်း ကိုင်တွယ်စီမံသူနေသူဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ ဗုဒ္ဓဘာသာကာကွယ်ရေးအတွက် ဟက်ကာအဖွဲ့ဖွဲ့ဖို့ ပထမဆုံး လှုံ့ဆော်သူဖြစ်ရုံမက မွတ်စ်လင်မ်ဆန့်ကျင်ရေး တို့မီးရှို့မီးဘုန်းကြီး ၀ီရသူကို ကျယ်ကျယ်လောင်လောင် ဖော်ထုတ်ထောက်ခံထားသူလည်း ဖြစ်နေပါတယ်။

    “နည်းပညာပိုင်းမှာ အရူးအမူးဖြစ်တဲ့ မြန်မာလူမျိုးတိုင်း ထေရ၀ါဒဗုဒ္ဓဘာသာကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ဒါကို ပင်မစည်းမျဉ်းအဖြစ်သတ်မှတ်ဖို့ Myanmar Hacker Forum မှာ တောင်းဆိုချင်ပါတယ်” ဆိုပြီး ၂၀၁၂ ခုနှစ် မေလအတွင်း ဖိုရမ်တစ်ခုမှာ ရေးသားခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မှတ်ချက်တစ်ခုတစ်လေ ရေးသားဖို့ပင်လျှင် မတုန့်ပြန်ခဲ့ပါဘူး။

    အွန်လိုင်းဟက်ကာအုပ်စုနဲ့ ဆက်နွှယ်နေသူနောက်ထပ်နှစ်ဦးကတော့ လင်းမြတ်အောင်နဲ့ မြတ်သူ တို့ဖြစ်တယ်။ DSA ရဲ့အဆက်အနွယ်များဖြစ်တယ်လို့ ဆိုပါတယ်။ BHG ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အဖွဲ့ဝင်တွေကို စစ်တက္ကသိုလ် တက်ရောက်ကြဖို့ လင်းမြတ်အောင်က ပွင့်ပွင့်လင်းလင်းပဲ ပို့စ်ရေးတင်တိုက်တွန်းခဲ့တယ်။ မြန်မာစစ်တပ်က တိုက်လေယာဉ်မောင်း အောင်မင်းခန့်က ဖေ့စ်ဘွတ်မှာ Hacking ပြုလုပ်နည်းလမ်းရေးတင်ပြီး ဇန်န၀ါရီလ ထိုင်းရဲတပ်ဖွဲ့ဝက်ဆိုက်တိုက်ခိုက်မှုများမှာ အဓိက ဦးဆောင်ခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာ မြတ်သူက BHG ကိုယ်စား ထိုင်းနိုင်ငံကို လက်တုန့်ပြန်နိုင်ခဲ့ကြောင်း၊ ခိုးယူရရှိတဲ့အချက်အလက် ၁ GB အထိ မျှဝေခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    လင်းမြတ်အောင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ BHG အဖွဲ့ဝင်တစ်ဦးကိုမှမသိဘူးလို့ ငြင်းဆိုခဲ့တယ်။

    “ဖေ့စ်ဘွတ်ပေါ်က ဟက်ကာလို့ အမည်ခံသူတွေကြားထဲ လိုက်ပြီးနောက်ပြောင်နေတာပါ။ BHG အဖွဲ့သားတွေကို လုံးဝ မသိပါဘူး။ စစ်တက္ကသိုလ်ကို အားကျပေမယ့် လုံးဝ မတက်ရောက်ဖူးပါဘူး” လို့ဆိုပါတယ်။ မြတ်သူရော အောင်မင်းခန့်ပါ မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေအပေါ် မတုန့်ပြန်ခဲ့ကြပါဘူး။

    ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ မစိမ်းကြပါဘူး။ ၂၀၀၇ ဒီမိုကရေစီအုံကြွမှု၊ ၂၀၁၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ အပါအ၀င် အဓိကကျတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကာလအတွင်း ဒီဗီဘီနဲ့ ဧရာဝတီသတင်းဋ္ဌာနများကို ဦးတည်စော်ကားခဲ့ကြတယ်။ အဲ့ဒိအချိန်တုန်းက မြန်မာအင်တာနက်က အကန့်အသတ်နဲ့ဖြစ်ပြီး ဈေးနှုန်းကြီးမြင့်တယ်၊ အနည်းငယ်မျှသော ISP လိုင်းတွေကိုလည်း နိုင်ငံတော်က ထိန်းချုပ်ကိုင်တွယ်ထားတယ်။ မြန်မာ့နိုင်ငံရေးမှာ အဆက်မပြတ် အထင်အရှား သြဇာလွှမ်းမိုးနေတဲ့ စစ်တပ်က တာဝန်မရှိကြောင်း အမြဲတစေ ငြင်းဆိုခဲ့ပါတယ်။

    “ဒါဟာ ဒီဗီဘီနဲ့ အချို့မီဒီယာတွေအပေါ် တိုက်ခိုက်မှုတစ်ရပ်သက်သက်လို့ ကျွန်တော်တို့ မထင်ဘူး။ သတင်းစာလွတ်လပ်ခွင့်ကို တိုက်နေတာလို့ပဲ မြင်ပါတယ်။ အစိုးရသစ်က ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာမယ်၊ ဒီလိုအနေအထားမျိုးမှာ လွတ်လပ်သောမီဒီယာဖြစ်ရေးဖက်က ရပ်တည်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်” လို့ ဒီဗီဘီ အမှုဆောင်ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် အေးချမ်းနိုင်က ဆိုပါတယ်။

    Ref : The Diplomat

    (၂၀၁၁ ခုနှစ်ကတည်းက မြန်မာနဲ့အရှေ့တောင်အာရှရေးရာအထူးပြုရေးသားနေသူ အလွတ်တန်း အမျိုးသမီး ဂျာနယ်လစ် Hanna Hindstrom ရဲ့ Is Myanmar’s Military Behind Shadowy Cyber Attacks? ဆောင်းပါးကို မြင့်မိုရ်မောင်မောင်က ဆီလျော်အောင် ပြန်ဆိုရေးသားခြင်းဖြစ်ပါတယ်။)

  • ဟဂ်ျကာလ အတွင်း လူတိုးဝှေ့မှုကို ဖြေရှင်းရန် နည်းပညာသစ် တစ်ခုကို ဆော်ဒီ အသုံးပြုမည်

    ဟဂ်ျကာလ အတွင်း လူတိုးဝှေ့မှုကို ဖြေရှင်းရန် နည်းပညာသစ် တစ်ခုကို ဆော်ဒီ အသုံးပြုမည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    mekkah

    – ဟဂ်ျ ရာသီအတွင်း မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ လူစုပြုံတိုးဝှေ့မှုတွေ ဖြစ်တာကို တားဆီးဖို့နဲ့ လုံခြုံရေးအစီအစဉ်တွေကို စီမံခန့်ခွဲဖို့အတွက် အီလက်ထရောနစ် နည်းပညာသစ် တစ်ခု အဆင်သင့်ရှိနေပြီလို့ ဆော်ဒီ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    အဲဒီစနစ်ကို Rased လို့ အမည်ပေးထားပြီး အစိုးရနဲ့ Umm Al-Qura တက္ကသိုလ်တို့ ပူးပေါင်းတီထွင်ခဲ့တာဖြစ်တယ်လို့ ဟဂ်ျနဲ့အွမ္မရာ လုံခြုံရေး စီမံကိန်းအရာရှိ ဘဒရ် ဘင် ဆအွဒ် အလ်-ဆအွဒ်က ဆိုပါတယ်။ အဲဒီနည်းပညာဟာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းမှာ လူကြပ်ညပ်သိပ်သည်းမှုကို ဖြေရှင်းဖို့အတွက် လက်ရှိစီမံခန့်ခွဲမှုတွေပြုလုပ်နေတဲ့ ဟဂ်ျနဲ့ အွမ္မရာဟ်လုံခြုံရေးအထူး တပ်ဖွဲ့တွေရဲ့ အဖြေရှာဖွေမှု အစိတ်အပိုင်းနဲ့ အီလက်ထရောနစ်လုံခြုံရေးဆိုင်ရာ အကြံပြုချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    အခု နည်းပညာသစ်မှာ ကင်မရာအလုံး ၅၀ ကို အသုံးပြုပြီး လူကြပ်တဲ့နေရာတွေကို ဖော်ပြပေးမယ့် နည်းပညာတစ်ခု ပါဝင်မှာဖြစ်ပြီး ဟဂ်ျနဲ့အွမ္မရာဟ် လုံခြုံရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူး ဆအွဒ် အလ်-ခါလ်ယာဝီရဲ့ ကြီးကြပ်မှုအောက်မှာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ၎င်းနဲ့အတူ လက်တွဲလုပ်မှာကတော့ ဟဂ်ျနဲ့အွမ္မရာဟ်အထူးတပ်ဖွဲ့များရဲ့ ဗိုလ်ချုပ် မိုဟာမက် အလ်-ရှရီးဖ် ဖြစ်တယ်လို့ ဆိုပါတယ်။

    Umm Al-Qura တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် အနတ်စ် ဘတ်ဆလာမာက အဲဒီ Rased စနစ်ဟာ မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်က လှုပ်ရှားမှုတိုင်းကို အချိန်နဲ့တစ်ပြေးညီ လွှင့်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News