News @ M-Media

Blog

  • အာဇာနည်များ၏အမည်ဖြင့် ဆော်ဒီတွင် ဗလီဝတ်ကျောင်းတော် ၂၀၀ တည်ဆောက်မည်

    အာဇာနည်များ၏အမည်ဖြင့် ဆော်ဒီတွင် ဗလီဝတ်ကျောင်းတော် ၂၀၀ တည်ဆောက်မည်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    saudi 7

    – ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆော်ဒီတစ်ဝှမ်းက အိမ်ရာသစ်စီမံကိန်းတွေမှာ သူတို့ရဲ့ အမည်နဲ့ ဗလီဝတ်ကျောင်းတော် အလုံး ၂၀၀ တည်ဆောက်ဖို့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နအီဖ်က အမိန့်ပေးလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း သေဆုံးခဲ့သူ အာဇာနည် ပေါင်း ၂၁၀ အတွက် ဂုဏ်ပြုသ၀ဏ်လွှာတွေကိုလည်း မင်းသားက ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး အဲဒီအာဇာနည်တွေဟာ အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေကို တရားမဲ့စွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အုပ်စုတွေကို ရင်ဆိုင်ကာ တိုင်းပြည်ကိုကာကွယ်ရင်း ကျဆုံးခဲ့သူတွေဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေပါဝင်တဲ့ သွေဖည်သူအုပ်စုတွေဟာ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးကြပြီး ညီညွတ်ရေး၊ တိုင်းပြည်တည်ငြိမ်ရေးတို့ကို ကမောက်ကမဖြစ်အောင် လုပ်သူတွေဖြစ်ကြောင်း၊ မိမိတို့တတွေ အိမ်မှာ လုံလုံခြုံခြုံနေနိုင်ပြီး ကိုယ့်မိသားစုအတွက် အနှောက်အယှက်ကင်းကင်း ပိုက်ဆံရှာနိုင်ဖို့အတွက် အဲ့ဒီအာဇာနည်သူရဲကောင်းတွေက သူတို့ရဲ့အသက်ကို စတေးခဲ့ကြတာဖြစ်ကြောင်း မင်းသား နအီဖ်က ချီးကျူးခဲ့ပါတယ်။

    အဲဒီအာဇာနည်တွေရဲ့ မျိုးချစ်စိတ်နဲ့ သူရဲကောင်းစိတ်တို့ကို ပြန်လည်အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေကို စောင့်ရှောက်ကြဖို့ ဆော်ဒီအစိုးရက ဘာမဆိုလုပ်ဆောင်သွားမယ်လို့ မင်းသားက ထည့်သွင်း ကတိပေးခဲ့ပါတယ်။

    “ဘုရင်ဆလ်မန်ဦးဆောင်တဲ့ ဆော်ဒီအစိုးရအဖွဲ့ဟာ ၎င်းတို့ရဲ့ အာဇာနည်ပီသမှုတို့ တန်ဖိုးထားအသိအမှတ်ပြုခဲ့ပြီး သူတို့ ငြိမ်းချမ်းစွာ မျက်စိမှိတ်နိုင်ဖို့အတွက် သက်ဆိုင်ရာမိသားစုတွေကို ထောက်ပံ့ပေးဖို့ အစီအစဉ်ရေးဆွဲခဲ့ပါတယ်”

    ဆော်ဒီအစိုးရဟာ အာဇာနည်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို တန်ဖိုးထားဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူမိသားစု တစ်စုစီကို ဆော်ဒီရီယဲလ် ၁ သန်းပေးဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    Ref: Arabnews

  • မက္ကဆီကိုရှိ တက္ကသိုလ်တစ်ခုတွင် အာရဘီဘာသာစကား သင်ကြားမည်

    မက္ကဆီကိုရှိ တက္ကသိုလ်တစ်ခုတွင် အာရဘီဘာသာစကား သင်ကြားမည်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    mexico uni

    – မက္ကဆီကိုနိုင်ငံက San Luis Potosi တက္ကသိုလ်မှာ အာရဘီဘာသာကစား သင်ကြားဖို့အတွက် သင်ရိုးညွှန်းတမ်းအသစ်ကို ထည့်သွင်းလိုက်ပြီး မက္ကဆီကိုနိုင်ငံဆိုင်ရာ ကူဝိတ်သံအမတ် ဆမီး ဂျိုဟာ ဟာယသ်ကတော့ ဒီအောင်မြင်မှုဟာ အာရပ်သံအမတ်များကောင်စီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    San Luis Potosi မြို့ အုပ်ချုပ်ရေးမှူး မန်နျူယဲလ် လိုပက်ဇ် ကာရီရက်စ်နဲ့ အာရပ်သံတမန်များကောင်စီ မက္ကဆီကိုနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ယခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ ၎င်းတို့ဆွေးနွေးပြောဆိုခဲ့တဲ့အထဲမှာ အာရပ်-မက္ကဆီကို ဆက်ဆံရေးကို နယ်ပယ်အမျိုးမျိုး အထူးသဖြင့် စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ပိုမိုခိုင်မာလာစေဖို့ အကြောင်းတွေ ပါဝင်ပါတယ်။

    မက္ကဆီကိုသမ္မတ အန်းရစ် ပီနာ နီယက်တိုက ပြီးခဲ့တဲ့လမှာ ကူဝိတ်၊ ဆော်ဒီ၊ ယူအေအီးနဲ့ ကာတာနိုင်ငံတို့ကို သမိုင်းဝင် လည်ပတ်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာ ကူဝိတ်နိုင်ငံနဲ့ သဘောတူညီချက် ၁၂ ခုအပါအ၀င် အခြားသဘောတူညီချက်စာချုပ် ၅၀ လောက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဟာယသ်က ပြောကြားခဲ့ပါတယ်။

    ကူဝိတ်သံအမတ်က အာရပ်နဲ့ မက္ကဆီကို ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အပြန်အလှန်လည်ပတ်တာတွေက အမျိုးမျိုးသောကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးလိမ့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဆီးရီးယားရှိ သွေးထွက်သံယိုမှုများ ရပ်တန့်ရေး အမေရိကန်နှင့် ရုရှားတို့ သဘောတူ

    ဆီးရီးယားရှိ သွေးထွက်သံယိုမှုများ ရပ်တန့်ရေး အမေရိကန်နှင့် ရုရှားတို့ သဘောတူ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media

    syria 4

    – ဆီးရီးယားအစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား ရန်လိုမှုများကို ရပ်တန့်ရန်အတွက် အမေရိကန်နှင့် ရုရှားတို့က သဘောတူညီချက်တစ်ခု ရရှိခဲ့ကြပြီး ထိုသဘောတူညီချက်တွင် IS အဖွဲ့နှင့် အလ်-နူဆရာတပ်ဦးတို့ မပါဝင်ဟု သိရသည်။

    ယမန်နေ့တွင် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး အပစ်ရပ်ရေး သဘောတူညီချက်ကို အဖွဲ့အားလုံးက ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည်တွင် လက်မှတ်ထိုးကာ ညသန်းခေါင် ၁၂ နာရီတွင် လုံးဝ အပစ်ရပ်ရန် အမေရိကန်နှင့် ရုရှားတို့က တိုက်တွန်းခဲ့သည်။

    အဓိက အတိုက်အခံအဖွဲ့ဖြစ်သာ ဆီးရီးယား အတိုက်အခံများ ညှိနှိုင်းဆွေးနွေးရေးကော်မတီ HNC က ထိုဆွေးနွေးမှုတွင် ပါဝင်ခဲ့ပြီး သဘောတူညီချက်မှ သတ်မှတ်ချက်များကို မိမိတို့က လက်ခံမည်ဖြစ်သော်လည်း ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်နှင့် ၎င်း၏ မဟာမိတ်များက ထိုသဘောတူညီချက်အတိုင်း ဆောင်ရွက်မည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    နိုင်ငံတကာ ဆီးရီးယားထောက်ပံ့ရေးအဖွဲ့ ISSG တွင် ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် အမေရိကန်နှင့် ရုရှားတို့မှ ပူးပေါင်းထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့မှာ သဘောတူညီချက်တွင် ပါဝင်သူများကို ရုရှားစစ်တပ်နှင့် အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များက တိုက်ခိုက်မှုမပြုရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဖော်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

    ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း ထိုသဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး အပစ်ရပ်ရေး ခိုင်မာစေရန် ပထဆုံး ခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ တိုးတက်မှုမှာ အာဆတ်အစိုးရနှင့် သူပုန်အဖွဲ့အချို့အကြား ထပ်မံဆွေးနွေးမှုနှင့် အပစ်ရပ်ရေးဆောင်ရွက်ရန် လမ်းခင်းပေးခြင်းလည်း ဖြစ်မည်ဖြစ်သည်။

    Ref: Aljazeera

  • တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် လိုအပ်လာသည့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာ

    တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် လိုအပ်လာသည့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media

    drug

    – မြန်မာအာဏာပိုင်များက နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို ထိထိရောက်ရောက်နှိမ်နင်းရန် ကြိုးစားလာသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ရှိ ထွက်ပေါက်များအား ထိန်းချုပ်မှုမှာ မကြာမီ ပိုမို တင်းကြပ်လာဖွယ် ရှိနေသည်။

    မူးယစ်ဆေးနှင့် ရာဇ၀တ်မှုတိုက်ဖျက်ရေး ကုလသမဂ္ဂရုံး UNODC က မိမိတို့အနေဖြင့် ကန်ဒေါ်လာ ၆ သိန်း ကုန်ကျမည့် မူးယစ်ဆေးဝါး စုံစမ်းစစ်ဆေးမှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်ကို စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော သင်တန်းမျိုးမှာ ပထမဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    စီးပွားရေး ဖွင့်ပေးမှုနှင့်အတူ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းများ၊ အရာဝတ္ထုများ တရားမ၀င်ကုန်သွယ်မှု မြင့်မားလာခြင်းကို ရင်ဆိုင်နေရသည်။ ယာဘကဲ့သို့ မူးယစ်ဆေးဝါး အမြောက်အများကိုလည်း နေ့စဉ်လိုလို ဖမ်းဆီးရမိနေသည်။

    ၂၀၁၄ ခုနှစ်တွင် ရန်ကုန်ရဲတပ်ဖွဲ့က ယာဘဆေးပြား ၂ သန်းခန့်ကို ဖမ်းဆီးရမိခဲ့ပြီး ထိုနောက်ပိုင်း တစ်နှစ်အတွင်းမှာပင် ဖမ်းဆီးရမိသောပမာဏမှာ ၃၅ သန်းသို့ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့လေသည်။ ယခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှစတင်ကာ အာဏာပိုင်များ ဖမ်းဆီးရမိသော ယာဘဆေးပြားများမှာ ၈ သိန်းကျော်ရှိနေပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလနှင့် နှိုင်းယှဉ်ပါက ၈ ဆ နီးပါး မြင့်တက်လာခြင်းဖြစ်သည်။

    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ အောက်မြန်မာပြည်ဆိုင်ရာ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဝင်းက “မှောင်ခိုသမားအများစုဟာ မူးယစ်ဆေးဝါးတွေကို ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ လာအိုနယ်စပ်တွေကို ပို့လို့ မရတော့ပါဘူး။ ဒါ့ကြောင့် အခုအချိန် သူတို့ရဲ့ မှောင်ခိုလမ်းကြောင်းက မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို ဖြတ်ပြီး ရှမ်းပြည်နယ်ကို ဦးတည်ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်တွေကို တင်ပို့ပါတယ်” ဟု ပြောကြားခဲ့သည်။

    “ဒီနှစ်မှာ ကျွန်တော်တို့ဟာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ညစဉ် မြို့နယ်တိုင်းက လမ်းမတွေပေါ်မှာ မေးမြန်းတာတွေ၊ စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတာတွေကို ပြုလုပ်နေပါတယ်”

    ရဲတပ်ဖွဲ့က မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်မှုကို လေ့လာစောင့်ကြည့်သူများက ချီးကျူးခဲ့ကြသော်လည်း မြန်မာနိုင်ငံရှိ မူးယစ်ကုန်သွယ်မှုက ရှုပ်ထွေးပွေလီသည့်ပုံစံမျိုး ရှိနေသည်ဟု ယူဆရသည်။

    “မူးယစ်ဆေးဝါးကို အပြတ်ထုတ်ဖို့ စီစဉ်သူတွေက အခြားသော နည်းလမ်းတွေကို အသုံးပြုဖို့မှာ ဖိအားတွေရှိလာပါတယ်။ ဒါ့ကြောင့် လေဆိပ်၊ သင်္ဘောဆိပ်နဲ့ ကိုယ်ပိုင်လေယာဉ်တွေက သူတို့ မျက်စိကျစရာ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရဲတပ်ဖွဲ့ကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ စိတ်ကြွဆေးပြားထုတ်တဲ့နေရာအများစုဟာ အတည်တကျမရှိဘဲ အမြဲတမ်း ရွေ့လျားနေပါတယ်။ သာမန်ဆေးဝါးထုတ်သလိုမျိုး အတည်တကျ မဟုတ်ပါဘူး” ဟု UNODC ၏ မြန်မာနိုင်ငံ စီမံကိန်းမန်နေဂျာ ထရိုအဲလ်စ် ဗက်စ်တာက ပြောကြားခဲ့သည်။

    “တရားမ၀င်ရာဇ၀တ်မှုတွေအကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ သိထားတာက ထိပ်ပိုင်းလေးပဲ ရှိနေသေးပြီး အောက်မှာ ထုနဲ့ထည်နဲ့ကို ရှိတယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မူးယစ်ဆေးဝါးတွေ မိကောင်းမိနိုင်ပေမယ့် တကယ်လက်တွေ့မှာ ဒီထက်ခြားနားတဲ့ အခြေအနေမျိုး ရှိပါတယ်။ ပြီးတော့ ဒါကို ကျွန်တော်တို့ တွေ့လိုက်ရပြီဆိုရင် ပါးစပ်အဟောင်းသား ဖြစ်သွားမှာပါ”

    UNODC ကမူ သင်္ဘောဖြင့်တင်ပို့သည့် ကွန်တိန်နာများမှာ မူးယစ်ဆေးဝါးများ ထည့်သွင်း၍ တရားမ၀င်တင်ပို့ရန် အလားအလာရှိသည့် နည်းလမ်းများ ဖြစ်နေပြီး အာဏာပိုင်များအနေဖြင့် ထိုပြဿနာကို တိုက်ဖျက်ရာတွင် မိမိတို့က ကူညီချင်သည်ဟု ပြောကြားခဲ့သည်။

    “ရန်ကုန်ဆိပ်ကမ်းမှာ တင်းသွင်းတာ၊ တင်ပို့တာ၊ ခေတ္တ၀င်ရောက်ထားရှိတာ စသဖြင့် မြန်မာနိုင်ငံကို ၀င်ရောက်မယ့်၊ မြန်မာနိုင်ငံက ထွက်သွားမယ့် ကွန်တိန်နာအားလုံးကို စစ်ဆေးမယ့် အထူးအဖွဲ့တစ်ဖွဲ့ကို ကျွန်တော်တို့ ဖွဲ့စည်းသွားမှာပါ။ သူတို့တွေဟာ မူးယစ်ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေ၊ လက်နက်တွေ၊ တရားမ၀င်ငွေကြေးတွေ၊ ငွေစက္ကူအတုတွေ၊ ကျွန်းသစ်တွေ စတာတွေကို သယ်ဆောင်လာတဲ့ အန္တရာယ်ရှိတဲ့ ကွန်တိန်နာတွေကို ဘယ်လို စစ်ဆေးသွားရမလဲဆိုတာ သင်ရမှာဖြစ်ပါတယ်။ ပြီးတော့ ဒီအလုပ်ဟာ ကျွမ်းကျင်မှုလိုပြီး အန္တရာယ်လည်းရှိတာကြောင့် ကွန်တိန်နာတွေကို ဘယ်လို ရှာဖွေရမလဲဆိုတာကိုလည်း တပ်ဖွဲ့ဝင်တွေကို သင်ကြားပေးမှာပါ” ဟု ဗက်စ်တာက ထည့်သွင်းပြော ကြားခဲ့သည်။

    မူးယစ်ဆေးစွဲမှုကို တိုက်ဖျက်သူများ

    မူးယစ်ဆေးဝါး စွဲသူများ၏ ဘ၀မှာ ပျက်ဆီးလေ့ရှိပြီး ထွန်းနေလင်းတစ်ယောက်ကတော့ ၂ နှစ်တာကာလအတွင်း ယာဘဆေးပြားအတွက် ကန်ဒေါ်လာ ၂၀၀၀၀ ခန့် သုံးစွဲခဲ့လေသည်။ သားသမီးလေးယောက်၏ဖခင်ဖြစ်သော ၎င်းမှာ ထိုဆေးစွဲမှုကို ဖြတ်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။

    “ကလေးတွေက အတုယူမှားသွားမလားဆိုတာကို ကျွန်တော် တကယ်ကို စိုးရိမ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီမူးယစ်ဆေးကို ကျွန်တော် ဖြတ်ချင်တာပါ” ဟု ထွန်းနေလင်းက ရှင်းပြခဲ့သည်။

    အသက် ၄၁ နှစ်အရွယ် မျိုးဆန်းက ဘိန်းဖြူစွဲမှုကို ရပ်တန့်ချင်ပြီး အဓိကအကြောင်းအရင်းက ၎င်း၏ အသက် ၇၀ အရွယ်မိခင်ဖြစ်သူ စိတ်ချမ်းသာစေရန် ဖြစ်လေသည်။

    “ဘိန်းဖြူမသုံးရတဲ့အခါ ဖြစ်လာတဲ့ဝေဒနာကို ကျွန်တော် မခံစားနိုင်ဘူး။ အဲဒီဝေဒနာ စတင်လာတဲ့အခါ ကျွန်တော့်အမေငိုတာတောင် ကျွန်တော် ဂရုမစိုက်နိုင်ဘူး။ ဆေးဘယ်ကရမလဲဆိုတာပဲ ကျွန်တော့်ခေါင်းထဲမှာ ရှိတယ်။ ဒါပေမယ့် သုံးပြီးတော့မှ ကျွန်တော့အမေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်”

    အချို့သော မြန်မာပြည်သူများက မကြာသေးမီက ဖြစ်ပွားခဲ့သည့် မူးယစ်ဆေ၀ါး အမြောက်အများ ဖမ်းဆီးမှုအကြောင်း ပြောဆိုနေကြသည်။ သို့သော်လည်း လက်ရှိအသုံးပြုသူများနှင့် ဆေးဖြတ်ထားသူများက ၎င်းတို့ထံသို့ မူးယစ်ဆေးဝါးများ အလွယ်တကူ ရောက်ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ကထက် နှိုင်းယှဉ်ပါက ပိုမိုဈေးပေါနေသည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတ်ဝှမ်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ရှိသူ တစ်ထောင်ခန့်ရှိနေပြီး ၎င်းတို့က ထိုပြဿနာအား စိန်ခေါ်မှုတစ်ခုထက်ပို၍ ရင်ဆိုင်ဖြေရှင်းနေရလေသည်။

    Ref: Channelnewsasia

  • မော်ရင်ဟိုအား ပရီးမီးယားလိဂ်တွင်သာ ဘက်ခမ်းက ရှိစေချင်နေ

    မော်ရင်ဟိုအား ပရီးမီးယားလိဂ်တွင်သာ ဘက်ခမ်းက ရှိစေချင်နေ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media

    morinho

    – ပြီးခဲ့သည့် ဒီဇင်ဘာက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ အခြား ပရီးမီးယားလိဂ်အသင်းတစ်သင်းသို့ နည်းပြလိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း အင်္ဂလန်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။

    မော်ရင်ဟိုမှာ ရာသီကုန်တွင် မန်ယူအား ကိုင်တွယ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ၎င်းကိုယ်တိုင်က အသင်းဟောင်းအင်တာသို့ ပြန်သွားနိုင်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့သောကြောင့် အနာဂတ်မှာ မရေမရာဖြစ်နေသည်။ မန်ယူဂန္တ၀င်ကစားသမားဟောင်း ဘက်ခမ်းကမူ မော်ရင်ဟိုအား ပရီးမီးယားလိဂ်တွင်ပင် ဆက်လက် ရှိနေစေချင်သည်။

    “မော်ရင်ဟိုဟာ မကြာခင်မှာ ပရီးမီးယားလိဂ်ကို ပြန်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီလို အရည်အသွေးရှိတဲ့သူတွေ လိုပါတယ်” ဟု ဘက်ခမ်းက talkSPORT သို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က အင်တာမီလန်အသင်း၏ စီးရီးအေပွဲသို့ လာရောက်ကြည့်ရှုရန် မော်ရင်ဟိုအား ဖိတ်ခေါ်ခဲ့သည့် အင်တာမီလန်အသင်း၏ တာဝန်ရှိသူ ဘက်ဒီ မိုရက်တီကလည်း မော်ရင်ဟိုမှာ မန်ယူသို့သွားမည်ဟု ဆိုသည်။

    “အခုအချိန်မှာ သူဟာ သိပ်ပျော်နေပါတယ်။ မန်ယူကို သူ သွားတော့မှာပါ။ ဒါ့ကြောင့် သူဟာ တော်တော်လေး ကျေနပ်နေပါတယ်”

    Ref: Goal