News @ M-Media
Blog
  • ပလက်စတစ်အိတ်ဖြင့် မက်ဆီအင်္ကျီလုပ်ဝတ်ခဲ့သည့် အာဖဂန်ကေလးငယ်ထံသို့ မက်ဆီက ဂျာစီပေးပို့
    ပလက်စတစ်အိတ်ဖြင့် မက်ဆီအင်္ကျီလုပ်ဝတ်ခဲ့သည့် အာဖဂန်ကေလးငယ်ထံသို့ မက်ဆီက ဂျာစီပေးပို့
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media
    messi
    – ပလတ်စတစ်အိတ်ဖြင့် မက်ဆီ၏ အင်္ကျီကို ဖန်တီးကာ ဘောလုံးကစားခဲ့သည့် အသက် ၅ နှစ်အရွယ် အာဖဂန်ကလေးငယ်အား မက်ဆီက လက်မှတ်ရေးထိုးထားသည့် အာဂျင်တီးနား ဂျာစီကို ပေးပို့ခဲ့သည်ဟု သိရသည်။
    မူရ်တာဇာ အဟ်မာဒီဆိုသည့် ကလေးငယ်ဖြစ်ပြီး မက်ဆီအား ကြိုက်နှစ်သက်သည့် ၎င်းမှာ မက်ဆီဝတ်ဆင်ကစားသည့် ဘောလုံးအင်္ကျီကို လိုချင်သော်လည်း မတတ်နိုင်သောကြောင့် အစ်ကိုဖြစ်သူက ပလက်စတစ်အိတ်တွင် မက်ဆီ၏ အမည်နှင့် ကျောနံပါတ်တို့ကို ဘောပင်ဖြင့်ရေးထိုးကာ ၎င်းအား ၀င်ဆင်ကစားစေခဲ့ခြင်း ဖြစ်သည်။
    ထို ပလတ်စတစ်အင်္ကျီ ၀တ်ထားသောပုံမှာ ဇန်န၀ါရီလအတွင်းကာ ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့ပြီး မက်ဆီကလည်း ထိုကလေးငယ်အကြောင်းကို သိရှိသွားခဲ့သည်။ ထို့နောက် ၎င်း၏ အာဂျင်တီးနား အင်္ကျီတွင် လက်မှတ်ရေးထိုးကာ အာဖဂန်အလယ်ပိုင်း ဂါဇ်နီပြည်နယ်တွင် နေထိုင်သည့် မူရ်တာဇာထံသို့ ယူနီဆက်ဖ်မှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
    “သားက မက်ဆီကိုချစ်ပြီး၊ ဒီအင်္ကျီက မက်ဆီဟာ သာကိုချစ်တယ်ဆိုတာ ပြသနေတာပါပဲ” ဟု မူရ်တာဇာ၏ ပြောကြားမှုကို ယူနီဆက်ဖ်က ပြန်လည်ဖော်ပြခဲ့သည်။
    ဖခင်ဖြစ်သူ မိုဟာမက် အာရစ်ဖ် အဟ်မာဒီက “ယူနီဆက်က အမျိုးသမီးတစ်ဦးဟာ ကျွန်တော်တို့ကို ဆက်သွယ်လာပြီး မူရ်တာဇာဟာ မက်ဆီထံကနေ လက်ဆောင်တစ်ခု ရတော့မယ်လို့ ပြီးခဲ့တဲ့ ၂ ရက်အရင်က ပြောကြားခဲ့ပါတယ်။ ဒီလက်ဆောင်ရတဲ့အတွက် သားက သိပ်ပျော်နေပါတယ်” ဟု ပြောကြားခဲ့သည်။
    မူရ်တာဇာ၏ ပက်စတစ်အိတ်ဝတ်ထားသော ဓာတ်ပုံမှာ အွန်လိုင်းတွင် ပြန့်နှံ့သွားခဲ့ပြီးနောက် မက်ဆီမှာ မူရ်တာဇာနှင့် တွေ့ဆုံရန် စီစဉ်နေသည်ဟု အာဖဂန်ဘောလုံးအဖွဲ့ချုပ်က ဖေဖော်ဝါရီလ အစောပိုင်းတွင် ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အစ္စလာမ့်ခေတ်ဦးမှ ထိပ်တန်းအနုသုခုမလက်ရာ ပြပွဲကို ဆော်ဒီ၌ ပြုလုပ်
    အစ္စလာမ့်ခေတ်ဦးမှ ထိပ်တန်းအနုသုခုမလက်ရာ ပြပွဲကို ဆော်ဒီ၌ ပြုလုပ်
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media
    saudi 8
    – အစ္စလာမ့် အနုပညာလက်ရာများနှင့် အစ္စလာမ့်ခေတ်ဦးက ကြွယ်ဝခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်များအား ပြသသည့် ပြပွဲတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ အမျိုးသားပြတိုက်တွင် ပြုလုပ်နေသည်ဟု သိရသည်။
    “အစ္စလာမ့်ယဉ်ကျေးမှုမှ အစောပိုင်း ထိပ်တန်းလက်ရာများ” (Early Capitals of Islamic Culture) ခေါင်းစဉ်ဖြင့် ပြု လုပ်သည့် အဆိုပါ ပြပွဲကို ဆော်ဒီ ခရီးသွားလာရေးနှင့် အမျိုးသား အမွေအနှစ်ကော်မရှင် (SCTNH) က ဂျာမနီမှ Pergamon ပြတိုက်နှင့်အတူ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ မေလ ၃ ရက်နေ့အထိ ပြသသွားမည်ဖြစ်သည်။
    အဆိုပါ ပြပွဲတွင် အိုမိုင်ယာမင်းဆက်နှင့် အဘ္ဘာစစ်မင်းဆက် ကာလများအတွင်း ထိပ်ဆုံးရောက်ခဲ့သည့် အစ္စလာမ့် လူ့အဖွဲ့အစည်းများ၌ ထွန်းကားခဲ့သော အဖိုးမဖြတ်နိုင်သည့် အစ္စလာမ့်အနုပညာ လက်ရာများကို ပြသထားသည်။ ဂျာမနီနိုင်ငံ Pergamon ပြတိုက်မှ အစ္စလာမ့် အနုပညာလက်ရာ ၁၀၄ ခုနှင့် ဆော်ဒီအမျိုးသားပြတိုက်မှ ဗိသုကာလက်ရာ ၂၁ ခုတို့လည်း ထိုပြပွဲတွင် ပါဝင်သည်။
    ထိုဗိသုကာလက်ရာများမှာ စောစောပိုင်း အစ္စလာမ့်လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုများကို ရောင်ပြန်ဟပ်နေပြီး ထိုအချိန်က အစ္စလာမ့်နိုင်ငံများနှင့် ကျန်ကမ္ဘာ့နိုင်ငံများအကြား ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံမှု၊ အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ တိုးတက်မှုနှင့် ပြန့်နှံ့မှုများကိုလည်း ဖော်ပြနေသည့် လက်ရာများဖြစ်သည်။
    ပြတိုက်တာဝန်ရှိသူတစ်ဦးကမူ ဆော်ဒီနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်ရေအရင်းမြစ် ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် အဖွဲ့ကလည်း လာရောက်ကြည့်ရှုခဲ့ကြသည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
    ဆော်ဒီနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး ဘောရစ် ရူဂီလည်း အဆိုပါ ပြပွဲသို့ လာရောက်ကြည့်ရှုခဲ့ကာ ပြပွဲ၏ ယဉ်ကျေးမှုတန်ဖိုးကို ချီးကျူးခဲ့သည်။ ထို့ပြင် ဆော်ဒီနှင့် ဂျာမနီနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှု အရေးပါပုံကိုလည်း ရည်ညွှန်းပြောကြားခဲ့သည်။
    ဖွင့်ပွဲအခမ်းအနားသို့ ဘာလင်ရှိ နိုင်ငံတော်ပြတိုက်မှ ညွှန်ကြားရေးမှူး မီခေးလ် အိုက်စင်ဘာ့ဂ်၊ ဘာလင်ရှိ Pergamon ပြတိုက်မှ အစ္စလာမ့်အနုပညာဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်ဝဘ်ဘာတို့ တက်ရောက်ခဲ့ကြသည်။
    Ref: Arabnews
  • ပြည်မြန်မာသံဃာအရေး ရတက်မအေး
    ပြည်မြန်မာသံဃာအရေး ရတက်မအေး
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media
    sanga 1
    မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသားရေးဝါဒီအုပ်စု မဘသအဖွဲ့မှ ထောင်နှင့်ချီသော သံဃာများ၏စုစည်းမှုကို ၂၀၁၅ အောက်တိုဘာ ၄ ရက် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံးတွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ – ဖြိုးမောင်မောင်၊ AFP)
    – နှုတ်သရမ်းသည်ဟု ကျော်ကြားနေသော အမျိုးသားရေးဝါဒီဘုန်းကြီးက NLD အစိုးရအဖွဲ့အား ၎င်းတို့၏ အခရာအကျဆုံးပြန်လည်ပြုပြင်ရေးကိစ္စတစ်ရပ်နှင့်ပတ်သက်၍ ပုတ်ခတ်သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
    ပြည်ထောင်စုလွှတ်တော်သစ် မကျင်းပမီ ရက်အနည်းငယ်အလိုတွင် အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးဖြစ်သော ဦးဝီရသူက မကြာမီတက်ရောက်လာတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်သို့ တင်းမာသောလေသံဖြင့် သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
    ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မွတ်စ်လင်မ်အမျိုးသားတို့မှ မုဒိန်းကျင့်သတ်ဖြတ်သည့်အကြောင်း ရိုက်ကူးထားသော ဗီဒီယိုအား သူ၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခဲ့သည်။ ယင်းဖြစ်ရပ်သည် ရခိုင်ပြည်နယ်တစ်ခွင် လူမျိုးရေးသွေးချောင်းစီးမှု ပဋိပက္ခကို မောင်းဖြုတ်ပေးခဲ့သည်။ ၎င်းနောက် အလားတူဖြစ်စဉ်များက မိတ္ထီလာ၊ မန္တလေးနှင့် လာရှိုးမြို့များ၌ ဆင့်ကဲပေါ်ပေါက်ခဲ့သည်။
    “အမှောင်ဖုံးလွှမ်းသော နေ့ရက်” အမည်ရှိ ယင်းဗီဒီယိုအပိုင်းမှာ ကာလရှည်အချိန်ယူရိုက်ကူးထားသောဗီဒီယို၏ အမြည်းသဘောမျှသာဖြစ်ပြီး၊ NLD အစိုးရ တာဝန်ယူမည့် ဧပြီလ ၁ ရက်နောက်ပိုင်းမှ ထုတ်ဝေဖြန့်ချိမည်၊ အမျိုးဘာသာသနာကာကွယ်ရေးသာ ထိပ်တန်းဦးစားပေးအဆင့်ဖြစ်ကြောင်း NLD အစိုးရအား ပြသရန် ထုတ်လုပ်ခြင်းဖြစ်သည်၊ သူ၏ဗီဒီယိုကလစ်မှာ ဖေ့စ်ဘွတ်ပေါ်တွင် ခေတ္တမျှသာ တင်ခွင့်ရလိုက်သော်လည်း ဗီဒီယိုအပြည့်အစုံဖြန့်ချိရေးကြိုးပမ်းမှုကို လက်လျှော့လိမ့်မည် မဟုတ်ဟု ဦးဝီရသူက သူ၏ဖေ့စ်ဘွတ်စာမျက်နှာမှ ဆိုသည်။
    ဖေဖော်ဝါရီ ၁ ရက်နှောင်းပိုင်းက အဆိုပါဗီဒီယိုကလစ်သည် လူ့အသိုင်းအ၀ိုင်းစံနှုန်းများကို ချိုးဖောက်နေခြင်းကြောင့် ဖေ့စ်ဘွတ်က ဖယ်ရှားခဲ့သည်။ ယင်းကဲ့သို့ စနစ်တကျ အချိန်ကိုက်ထုတ်လွှင့်မှုမှာ NLD အစိုးရမှ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအနက် ထိလွယ်ရှလွယ်အဖြစ်ဆုံးအရာအား မီးမောင်းထိုးပြလိုက်ခြင်းပင်။ ၎င်းကား ဘာသာရေးဆိုင်ရာ စီမံကွပ်ကဲမှုကိစ္စပင်တည်း။
    ဘာသာရေးဆိုင်ရာ ခွဲခြားချိုးနှိမ်မှုနှင့် အငြိုးထားမှုများအပေါ် ပိုမိုတွန်းအားပေးရှုတ်ချပြောဆိုခြင်း မရှိသည်ကို ဝေဖန်ရမည့်အစား ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီတို့က NLD မှ မျိုးစောင့်ဥပဒေလေးရပ်အား ဆန့်ကျင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမနာပ ပြောဆိုသမုတ်လျက်ရှိသည်။ ယင်းဥပဒေများကို နေရာဖယ်ရတော့မည့် အစိုးရဟောင်းက အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
    NLD အစိုးရမှ ဤအရေးကို ကိုင်တွယ်မည်ဆိုပါက သာသနာရေးဝန်ကြီးလက်အောက်ရှိ မြန်မာနိုင်ငံ သံဃာလောကကို ကိုယ်စားပြုနေသည့် နိုင်ငံတော် မဟာသံဃာ့နာယက၏အခန်းကဏ္ဍကိုပါ ထည့်တွက်ရပေမည်။
    ယင်းကော်မတီ၌ အဖွဲ့ဝင် ၄၇ ဦးရှိပြီး၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဂိုဏ်း ၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်နေသည်။ မြန်မာနိုင်ငံသံဃာလောကအား အခိုင်အမာထိန်းချုပ်နိုင်ရန်အတွက် ထိုအဖွဲ့ကို ၁၉၈၀ ခုနှစ်တွင် စစ်အစိုးရက တည်ထောင်ဖွဲ့စည်းပေးခဲ့သည်။
    ၂၀၀၃-၂၀၀၄ ခုနှစ်တိုင်အောင် ၎င်းကော်မတီသည် အထိုက်အလျောက် သြဇာကြီးမားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံရေး၊ မထောက်ခံရေးနှင့်ပတ်သက်၍ အငြင်းပွား အုပ်စုကွဲလာတော့သည်။ နိုင်ငံရေးနားလည်သည့် သံဃာများ တိုးပွားလာသည်နှင့်အမျှ ယင်းကော်မတီအား ၀န်ကြီးဋ္ဌာန၏စွက်ဖက်ထိန်းချုပ်မှု ပိုမိုကြီးမားလာခဲ့သည်။ ယင်းအဖွဲ့၏သြဇာအာဏာလည်း ကျဆင်းသွားရသည်။
    ဦးဆောင်သူအဖြစ် ဦးဝီရသူ ပါဝင်နေသော မွစ်လင်မ်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုများအပေါ် ကော်မတီ၏ နှုတ်ဆိတ်နေခြင်းနှင့်ပတ်သက်၍ ထင်ရှားသော သံဃာတော်အချို့မှ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြကုန်၏။
    “၉၆၉ အဖွဲ့လှုပ်ရှားမှုတွေကြောင့် ဖြစ်ရတဲ့ ပဋိပက္ခတွေထဲ မဟာသံဃာ့နာယကကော်မတီက ကြားဝင်ဖျန်ဖြေဖို့ မည်သည့်ကြိုးပမ်းမှုကိုမျှ မပြုလုပ်ခဲ့ကြဘူး။ လူ့အဖွဲ့အစည်းတွေအကြား မတည်မငြိမ်ဖြစ်အောင် ဆွပေးတဲ့ လက်သည်တရားခံကို သူတို့ သိထားပြီးဖြစ်လို့ ဘာဆိုဘာမှ မလုပ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်။ ၉၆၉ လှုပ်ရှားမှုတွေထဲ ပါဝင်ပတ်သက်နေတဲ့ သံဃာတွေက အခုဆိုရင် တစ်ကျော့ပြန် ခေါင်းထောင်လာပြန်ပြီ။ နောက်အစိုးရသစ်က ဒါကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟူ၍ ဘ၀အလင်းဆရာတော်ဟု ကျော်ကြားသော ဦးသောဘိတက မိန့်ကြားသည်။
    sanga 2
    ၂၀၁၅ စက်တင်ဘာ ၁၄ ရက် ရန်ကုန်မြို့ ဘုန်းကြီးကျောင်းတစ်ခု၏ မဘသအခမ်းအနား၌ ခင်းကျင်းပြသထားသော ကမ္ဘာတစ်ဝှန်းမွတ်စ်လင်မ်တို့၏အကြမ်းဖက်ရုပ်ပုံကားချပ်များကို မယ်သီလရင်များမှ စိတ်ဝင်တစား ကြည့်ရှုနေကြစဉ် (ဓာတ်ပုံ – ဖြိုးမောင်မောင်၊ AFP)
    အစိုးရသစ်တက်လာပြီးနောက် လူမျိုးရေးဘာသာရေးမတည်ငြိမ်မှုများ ထပ်မံဖြစ်လာမည်ကို စိုးရိမ်နေသည့် ဦးသောဘိတက ကော်မတီအား ဆုံးဖြတ်ဆောင်ရွက်ခွင့်အာဏာ ပိုမိုပေးသင့်ကြောင်း အကြံပြုထား၏။ စစ်တပ်အရာရှိဟောင်းများအနေနှင့် ဘာသာသာသနာရေးရာအား ၀င်ရောက်ထိန်းချုပ်ကိုင်တွယ်ရန် မအပ်စပ်သည့်အပေါ် “သာသနာရေးဝန်ကြီးဋ္ဌာနတစ်ခုလုံးကိုလည်း ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်” ဟု မိန့်ဆိုပါသည်။
    ၎င်းဆရာတော်အတိုင်း သောကဖြစ်နေသည့် နောက်ထပ်ရဟန်းတစ်ပါးဖြစ်သူ စာရေးဆရာဆောင်းပါးရှင် အရှင်မိုးသု (ဦးခေမာနန္ဒ)က ဥပဒေချိုးဖောက်သော သံဃာများကိုလည်း ဥပဒေနှင့်အညီ အရေးယူသင့်ကြောင်း Frontier သို့ မိန့်ကြားသည်။
    “လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကတည်းက အဲ့ဒီသံဃာတွေကို ပါတီကြီးတစ်ခုနဲ့ သြဇာရှင်တစ်ချို့က အကာအကွယ်ပြု ကျားကန်ပေးခဲ့ကြတယ်။ တရားဥပဒေစိုးမိုးမှုဟာလည်း သူတို့အောက်မှာ ပြားပြားဝပ်ခဲ့ရတယ်”။
    အစိုးရသစ်လက်ထက်တွင် လူမျိုးရေးဘာသာရေးဆိုင်ရာ မငြိမ်သက်မှု ထပ်မံဖြစ်ပွားလာနိုင်ချေရှိကြောင်း သတိပေးလိုသောအားဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရား၌ တည်ရှိနေသည့် ကော်မတီ၏ ဖွဲ့စည်းပုံကို ပြောင်းလဲပြင်ဆင်သင့်သည်ဟူ၍ အရှင်မိုးသုက သွယ်ဝိုက်ညွှန်းဆိုလိုက်ပါသည်။
    “ကမ္ဘာအေးဘုရားပရ၀ုဏ်ထဲကနေ မကောင်းတဲ့သူအချို့ကို အစိုးရသစ်အနေနဲ့ ဖယ်ထုတ်ပစ်ဖို့ လိုအပ်ပါမယ်”။
    သဟဇာတလူ့အဖွဲ့အစည်းများဖြစ်စေရေးကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအရ နိုင်ငံတော်မဟာသံဃာ့နာယက ကော်မတီအား ပြောင်းလဲပြင်ဆင်မှုပြုလုပ်မည်ဆိုလျှင် NLD အဖို့ သာသနာရေးဝန်ကြီး ရွေးချယ်ရေး၌ အတန်ပင် သတိထားရပေမည်။
    ပါတီအတွင်းပိုင်းသတင်းအရ ထိုနေရာတွင် သာသနာရေးဒုဝန်ကြီး သူရဦးအောင်ကိုအား ခန့်အပ်ဖွယ်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသူအဖြစ် လူသိများသော သူရဦးအောင်ကိုသည် မကြာသေးမီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှုတ်ထွက်ခဲ့ပြီး ဖြစ်သည်။
    “သူရဦးအောင်ကို ၀န်ကြီး ဖြစ်လာရင် အင်မတန်ကောင်းမွန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ လေးစားကြည်ညိုဖွယ်ရာ အရည်အချင်းရှိတဲ့ ဒုဝန်ကြီးတစ်ဦးဖြစ်နေလို့ပါ” ဟု ဦးသောဘိတက ဆိုသည်။
    သာသနာရေးဝန်ကြီးဋ္ဌာနလက်အောက်တွင် ဋ္ဌာနခွဲ ၂ ခုရှိ၏။ သာသနာရေးရာစီမံဋ္ဌာနနှင့် သာသနာစည်ပင်ပြန့်ပွားရေးဋ္ဌာနတို့ဖြစ်သည်။ သို့သော်လည်း ထိုဋ္ဌာနနှစ်ခုစလုံးမှာ ဗုဒ္ဓဘာသာအတွက်သာ သီးသန့် အကျိုးဆောင်လျက်ရှိသည်။
    “သာသနာရေးဝန်ကြီးဋ္ဌာနဟာ ဗုဒ္ဓဘာသာတစ်ခုတည်းအတွက် မဖြစ်သင့်ပါဘူး။ ဘာသာတရားအားလုံးအတွက် ထည့်သွင်းအကျိုးဆောင်သင့်ပါတယ်။ အဲ့ဒီဝန်ကြီးဋ္ဌာနကို ဖျက်သိမ်းလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဆက်လက်ထားရှိမယ်ဆိုရင် ဘာသာတရားအသီးသီးအတွက် ဆိုင်ရာဋ္ဌာနခွဲတွေ ထားရှိပြီး အသိပညာပြည့်ဝတဲ့သူတွေကို ခန့်အပ်ထားရှိသင့်တယ်။ ဒီဋ္ဌာနရဲ့ဝန်ထမ်း အားလုံးနီးပါးက စစ်တပ်က လာတဲ့သူတွေချည်းဖြစ်နေတယ်။ ဘာသာရေးဆိုင်ရာကိစ္စတွေကို များများစားစား သိနားလည်သူတွေ မဟုတ်ကြပါဘူး” ဟု ရန်ကုန်မြို့ အစ္စလာမ်ဓမ္မဗိမာန်၏ ဦးဆောင်ဆော်သြရေးမှူး အလ်ဟဂ်ျ ဦးအေးလွင်က ဆိုသည်။
    NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီကလည်း ဒေါ်အောင်ဆန်းစုကြည်သည် နောက်ထပ်ဖြစ်လာနိုင်ချေရှိသော စိုးရိမ်ဖွယ် လူမျိုးရေးဘာသာရေးဆိုင်ရာ မတည်ငြိမ်မှုများအပေါ် သတိမပြတ်ကြောင်း ပြောကြားသည်။
    “သူမကတော့ စွမ်းသလောက် ပြုလုပ်ဆောင်ရွက်သွားမှာပါ”။
    လူထုနှင့် သံဃာများနှင့်ပတ်သက်သော ဒီမိုကရေစီတန်ဖိုးများနှင့်စပ်လျဉ်းပြီး ဦးသောဘိတက ဤသို့ မိန့်မှတ်ခဲ့ပေသည်။
    “လူထုကတော့ ဒီမိုကရေစီရသွားပါပြီ။ သံဃာတွေကတော့ မရသေးဘူး”။
    Ref : Frontier Myanmar
    Mratt Kyaw Thu’s “The State of the Sangha”
    Translated by Myintmoh Maung Maung
  • ဇီဒိန်းမှာ လာမည့်နှစ်တွင် ရီးယဲလ်၌ ဆက်ရှိနေရမည်ဟု အန်ဆယ်လော့တီပြော
    ဇီဒိန်းမှာ လာမည့်နှစ်တွင် ရီးယဲလ်၌ ဆက်ရှိနေရမည်ဟု အန်ဆယ်လော့တီပြော
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media
    zidane 3
    – ရီးယဲလ်မှာ ယခုနှစ်တွင် ဖလားတစ်လုံးမှ မဆွတ်ခူးနိုင်သည့်တိုင်အောင် နည်းပြ ဇီဒိန်းအား ဆက်ရှိနေစေရမည်ဟု နည်းပြဟောင်း အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
    အန်ဆယ်လော့တီမှာ ရီးယဲလ်အား နည်းပြစဉ်က ချန်ပီယံလိဂ်ဖလားကို ၁၀ ကြိမ်မြောက် ကိုင်မြှောက်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ သမိုင်းဝင် အခြေအနေတစ်ခုကို ရရှိစေခဲ့သည်။ ဘင်နီတက်ဇ်အား အသင်းက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာသည့် ဇီဒိန်းမှာ လက်ရှိအချိန်အထိ အသင်းအား ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး ပရိတ်သတ်များကလည်း ၎င်းအပေါ် မျှော်လင့်ချက်များ ပုံအောထားကြသည်။
    “ရာသီကုန်မှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ ဇီဒိန်းဟာ နောက်နှစ်မှာ နည်းပြအဖြစ် ဆက်ရှိနေသင့်ပါတယ်။ ချန်ပီယံလိဂ်ဟာ မလွယ်ကူပါဘူး။ အားထုတ်မှုအများကြီး လိုအပ်ပြီး၊ တော်တော်လေး အာရုံစူးစိုက်မှု ရှိရပါတယ်။ အမှားအတွက် ဆင်ခြေမရှိပါဘူး။ ကံနည်းနည်းကောင်းဖို့လည်း လိုအပ်ပါတယ်” ဟု အန်ဆယ်လော့တီက Sina Sports သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး စုပေါင်း စီမံကိန်းတစ်ခုကို အာဆီယံက ဖော်ဆောင်နေ
    သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး စုပေါင်း စီမံကိန်းတစ်ခုကို အာဆီယံက ဖော်ဆောင်နေ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media
    asean
    – ဒေသတွင်း အရေးအပေါ်အခြေအနေတွေ ဖြစ်လာတဲ့အခါ ပိုမိုလျင်မြန်ထိရောက်အောင် တုံ့ပြန်နိုင်ဖို့အတွက် အာဆီယံအဖွဲ့ဟာ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အစီအစဉ်တစ်ခုကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
    ဒါဟာ အာဆီယံဆောင်ပုဒ်ဖြစ်တဲ့ “တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်ရေး ရည်ရွယ်ချက်” ကို အကောင်အထည်ဖော်ဖို့အတွက် ပထမဆုံး ခိုင်မာတဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။ ကြီးမားတဲ့သဘာဝဘေးအန္တရယ်တွေနဲ့ပက်သက်လို့ စီမံခန့်ခွဲရာမှာ အာဆီယံအတွက် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေမယ့် ဒီအစီအစဉ် ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဂျကာတာမှာ ယမန်နေ့က ကျင်းပခဲ့ပြီး ပြည်သူ၊ အရပ်ဘက်၊ စစ်ဘက်နဲ့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
    အာဆီယံဒေသ လူသားချင်းစာနာထောက်ထားမှု ကူညီရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး စင်တာ (AHA Centre) ဟာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း သဘာဝဘေးအန္တရာယ် ၁၃ ခုကို ရင်ဆိုင်ကိုင်တွယ်ခဲ့ရပြီး ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖုန်းဟိုင်ယန်က အကြီးဆုံး သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့ပါတယ်။
    “လုပ်စရာတွေတော့ အများကြီးရှိပါတယ်၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးကလူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ သဘာဝဘေးအန္တရာယ် ဖြေရှင်းနည်းတွေကို နားလည်ပြီး ကျွမ်းကျင်တတ်မြောက်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်၊ ဒါ့အပြင် လက်ရှိ ရှိနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယန္တရားနဲ့ ဂေဟစနစ်တို့ကို တန်ဖိုးထားနိုင်စွမ်းလည်း ရှိရပါမယ်” လို့ AHA Centre ရဲ့ နည်းပညာအကြံပေး ဖြစ်သူ ဟာစန်အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
    သဘာဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းဖို့ လက်ရှိဆောင်ရွက်မယ့် အစီအစဉ်ဟာ စံညွှန်းတစ်ခုတည်းဖြစ်ဖို့ လုပ်နေတာမဟုတ်ပဲ သဘာဝဘေးအန္တရာယ် ဖြေရှင်းရေးအတွက် ရှိနေပြီးသား မတူညီတဲ့ယန္တရားတွေကို သဟဇာတဖြစ်ဖို့ ရည်ရွယ်တယ်လို့ အာဆီယံနိုင်ငံတွေက ပြောကြားခဲ့ပါတယ်။
    အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ဟာ အရင်သဘာဝဘေးဖြစ်ခဲ့သလိုမျိုး ၀ရုန်းသုန်းကားနဲ့ ပြုန်းတီးမှုတွေ မဖြစ်ရအောင် သဘာဝဘေးဖြစ်ပေါ်နေတဲ့နေရာတွေကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အလျင်မီအောင် အကူညီပေးနိုင်ဖို့ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Channelnewsasia