News @ M-Media

Blog

  • ကမ္ဘာ့စီးပွားရေး အန္တရာယ်ရှိနေသည်ဟု IMF ပြော

    ကမ္ဘာ့စီးပွားရေး အန္တရာယ်ရှိနေသည်ဟု IMF ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    economy

    – ကမ္ဘာ့စီးပွားရေးမှာ အလွန်အမင်း အားနည်းလာနေပြီး အမေရိကန်နှင့် အခြားသော နိုင်ငံကြီးများအနေဖြင့် ထိုပြဿနာကို ရင်ဆိုင်နိုင်မည့် အစီအစဉ်များကို အလျင်အမြန် ပြင်ဆင်ထားရန် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ IMF က သတိပေး ပြောကြားလိုက်သည်။

    အဆိုပါ သတိပေးချက်မှာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဂျီ ၂၀ နိုင်ငံများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် တင်သွင်းရန် ပြင်ဆင်နေသည့် အစီရင်ခံစာဖြစ်သည်။ လက်ရှိအချိန်တွင် စတော့ဈေးကွက်များ ကျဆင်းမှု၊ ငွေကြေးဈေးကွက်များ မတည်ငြိမ်မှုနှင့် စီးပွားရေးအားနည်းလာမှု လက္ခဏာများကို ကြုံတွေ့နေရပြီး ထိုကိစ္စအတွက် ဖြေရှင်းရန် ဂျီ ၂၀ နိုင်ငံများက ဆွေးနွေးခြင်းဖြစ်သည်။

    IMF ၏ အစီရင်ခံစာတွင် ကမောက်ကမဖြစ်နေသည့် စီးပွားရေးမှာ ရေနံဈေးနှုန်းများ ကျဆင်းမှု၊ တရုတ်နိုင်ငံနှင့် အခြားသော စီးပွားရေးကြီးမားသည့် နိုင်ငံများ၏ စီးပွားရေးတိုးတက်မှု ကျဆင်းလာမှုကြောင့် ပိုဆိုးလာသည်ဟု ဖော်ပြထားသည်။

    “ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးဖို့ ရနိုင်သမျှ ဘဏ္ဍာရေးအခွင့်အလမ်းတွေကို အသုံးချပြီး တောင်းဆိုမှုတွေအတွက် ဂျီ ၂၀ နိုင်ငံတွဟာ အခုကတည်းက အစီအစဉ်တွေ လုပ်ထားရပါမယ်” ဟု အစီရင်ခံစာက ဆိုသည်။

    ထို့ပြင် စီးပွားရေးတိုးတက်မှု ဆက်လက်အားနည်းနေပါက ထပ်ဆောင်းဆောင်ရွက်မှုများကို အလျင်အမြန် ဆောင်ရွက်သင့်သည်ဟုလည်း IMF က ထည့်သွင်းပြောကြားခဲ့သည်။

    ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တို့တွင် ၀.၂ ရာခိုင်နှုန်းသာ ရှိမည်ဟု IMF က ပြီးခဲ့သည့်လက ခန့်မှန်းခဲ့သည်။ ထိုခန်မှန်းချက်မှာ ယခင်က ထုတ်ပြန်ထားခဲ့သော ၃.၄ ရာခိုင်နှုန်းနှင့် ၃.၆ ရာခိုင်နှုန်းထက် ပိုမိုလျော့နည်းသွားခြင်းဖြစ်သည်။

    Ref: Aljazeera

  • မန်စီးတီးအသင်း၏ ချန်ပီယံလိဂ် တိုးတက်မှုအတွက် နည်းပြ ပယ်လီဂရီနီ ချီးကျူး

    မန်စီးတီးအသင်း၏ ချန်ပီယံလိဂ် တိုးတက်မှုအတွက် နည်းပြ ပယ်လီဂရီနီ ချီးကျူး

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    man city 3

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုနမိုကိဗ်အား အနိုင်ကစားနိုင်ပြီးနောက် အသင်း၏ တိုးတက်မှုကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်စီးတီးမှာ အဝေးကွင်း၌ ကစားခဲ့ရသော်လည်း ဆာဂျီယိုအဂူရို၊ ဒေးဗစ်ဆေးလ်ဗားနှင့် ယာယာတိုးရေးတို့၏ ဂိုးများကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်တက်ရေးအတွက် အခြေအနေ ကောင်းလာခဲ့သည်။ ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ပါက မန်စီးတီးမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ ရောက်ရှိမည်ဖြစ်သည်။

    “ရလဒ်ကောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ကံသေကံမ ပြောလို့မရသေးပေမယ့် ၂ ဂိုးအသာနဲ့ အဝေးကွင်းနိုင်ပွဲဟာ ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ဟာ အခွင့်အရေးအများကြီး လွဲချော်ခဲ့တယ်။ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာ သံသယနည်းနည်း ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ကြောင်း၊ ကွာတားဖိုင်နယ်သို့ ရောက်ရှိပါက ဥရောပရှိ အကောင်းဆုံး ၈ သင်းစာရင်းတွင် ပါဝင်မည်ဖြစ်ကာ မည်သည့်အရာမဆို ဖြစ်နိုင်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • အီရန်ပြည်သူများ၏ နိုင်ငံအပေါ်သစ္စာရှိမှုကို ဖျက်ဆီးလိုသည့် ရန်သူများ၏အကြံအစည် မအောင်မြင်ဟု အဓိပတိ ပြော

    အီရန်ပြည်သူများ၏ နိုင်ငံအပေါ်သစ္စာရှိမှုကို ဖျက်ဆီးလိုသည့် ရန်သူများ၏အကြံအစည် မအောင်မြင်ဟု အဓိပတိ ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    iran 4

    – အစ္စလာမ့်သမ္မတနိုင်ငံ တည်ထောင်ခြင်းအပေါ် အီရန်ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုကို ဖျက်ဆီးဖို့ လွန်ခဲ့တဲ့ ၃၇ နှစ်လုံးလုံး ကြိုးစားခဲ့တဲ့ ရန်သူတွေရဲ့ အကြံအစည်ဟာ မအောင်မြင်ခဲ့ဘူးလို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။

    “(အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်ကတည်းက) ၃၇ နှစ်လုံးလုံး အမျိုးမျိုးသောဖိအားတွေ၊ အင်မတန်ရက်စက်တဲ့ အရေးယူပိတ်ဆို့မှုတွေ၊ ၀ါဒဖြန့်သွေးထိုးမှုတွေ စသဖြင့် ဆောင်ရွက်ပြီး အစ္စလာမ့်သမ္မတနိုင်ငံအပေါ် အီရန်ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုကို ရပ်တန့်ဖို့ ရန်သူတွေက ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အီရန်ရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ကြီးကျယ်ခမ်းနားမှုကိုသာ သူတို့ နားလည်သဘောပေါက်လာကြပါတယ်” လို့ နိုင်ငံအလယ်ပိုင်း နာဂျာဖာဘဒ်မြို့မှာ ဗုဒ္ဓဟူးနေ့က ထောင်ပေါင်းများစွာသော ပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ခါမေနီက အခုလို ပြောကြားခဲ့ပါတယ်။

    ဒါအပြင် အယာတိုလာခါမေနီက တိုင်းပြည်ထဲကို သူလျှိုအဖြစ် ၀င်ရောက်လာမယ့် ရန်သူတွေရဲ့ အစီအစဉ်နဲ့ တိုင်းပြည်ထဲမှာ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးမယ့် ရန်သူတွေရဲ့ အကြံအစည်ကိုလည် အမြဲမပြတ် သတိရှိရှိစောင့်ကြည့်ဖို့ တောင်းဆိုခဲ့ပါတယ်။

    ခါမေနီက ရန်သူတွေဟာ အစိုးရထောက်ခံတဲ့ ပါလီမန်နဲ့ အစိုးရဆန့် ကျင်တဲ့ပါလီမန် စသဖြင့် အစွန်းနှစ်ဖက်ဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ အီရန်ပြည်သူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခြင်းဖြင့် ရန်သူတွေရဲ့ အကြံအစည်ကို ရင်ဆိုင်ကြဖို့လည်း အထူးအလေးပေး တိုက်တွန်းခဲ့ပါတယ်။

    အီရန်ပါလီမန် (မဂ်ျလီစ်) ရဲ့ ၁၀ ကြိမ်မြောက်ရွေးကောက်ပွဲနဲ့ ကျွမ်းကျင်ပညာရှင်များလွှတ်တော် ရွေးကောက်တင်မြှောက်မှုကို ဖေဖော်ဝါရီ ၂၆ မှာ တစ်ပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

    “အီရန်နိုင်ငံဟာ ဘာသာရေးကိုင်းရှိုင်းပြီး၊ ရည်မှန်းချက်ကြီးတဲ့၊ ရဲရင့်တဲ့ပါလီမန်၊ ရန်သူတွေရဲ့ လှည့်စားမှုဒဏ်ကို မခံရဘဲ နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ဂုဏ်သိက္ခာကိုကာကွယ်ပေးမယ့် ပါလီမန်၊ အီရန်နိုင်ငံကို အကျိုးယုတ်စေမယ့် အာဏာမက်မောသူတွေရဲ့ရန်ကို ကာကွယ်ပေးမယ့် ပါလီမန်တစ်ခုကို လိုချင်ပါတယ်” လို့ အဓိပတိ အယာတိုလာ အလီခါမေနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • ပါလက်စတိုင်းဒုက္ခသည်များအတွက် နှစ်စဉ်ထောက်ပံ့ငွေကို ဆွီဒင်က တိုးမြှင့်

    ပါလက်စတိုင်းဒုက္ခသည်များအတွက် နှစ်စဉ်ထောက်ပံ့ငွေကို ဆွီဒင်က တိုးမြှင့်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    sweden

    – ပါလက်စတိုင်း ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂက UNRWA အဖွဲ့ကို ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံရဲ့နှစ်စဉ် ရန်ပုံငွေကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး ဒေါ်လာ ၄၀.၆ သန်းအထိ ရှိလာတော့မယ်လို့ သိရပါတယ်။

    UNRWA ရဲ့ အရေးပေါ်မေတ္တာရပ်ခံမှုကြောင့် ဆွီဒင်က ဒီလို ထပ်တိုးထောက်ပံ့လိုက်တာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ တရားဝင်ကြေငြာမှာဖြစ်တယ်လို့ UNRWA ရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် မိမိတို့တိုင်းပြည်ရဲ့ ကတိက၀တ်တွေကို ဖြည့်ဆည်းပေးမယ်လို့ ဂျေရုစလင်က ဆွီဒင်ကောင်စစ်ဝန် အန် ဆိုဖီ နီလ်ဆင်က ပြောကြားပြီးတဲ့နောက်ပိုင်း အခုလို ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    “UNRWA ကို ပေးနေတဲ့ ရံပုံငွေကို တိုးမြှင့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဆွီဒင်နဲ့ UNRWA အကြား ဆက်ဆံမှုနဲ့ သူတို့ရဲ့ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် ဆောင်ရွက်မှုရဲ့ အရေးပါမှုကို ပြသနေတာဖြစ်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    ရာမာလာမှာ ကျင်းပတဲ့ နှစ်စဉ်ရံပုံငွေပေးအပ်ပွဲအခမ်းအနားဖြစ် အမာရီ ဒုက္ခသည်စခန်းကို အလည်ပတ်သွားရောက်ခဲ့စဉ်က နီလ်ဆင်ဟာ ပါလက်စတိုင်းဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို ကာကွယ်ပေးရေးနဲ့ အမျိုးသမီး စွမ်းအားမြှင့်တင်ပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ယခုနောက်ဆုံးပေးအပ်မယ့် ကန်ဒေါ်လာ ၄၀.၆ သန်း အပါအ၀င် ၁၉၉၃ ကနေ ၂၀၁၆ ထိ UNRWA ကို ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံရဲ့ ရံပုံငွေပမာဏဟာ စုစုပေါင်း ကန်ဒေါ်လာ ၆၉၃ သန်း ကျော်ခဲ့ပြီ ဖြစ်တယ်လို့ UNRWA အဖွဲ့ရဲ့ ပြောကြားမှုအရ သိရပါတယ်။

    Ref: IINA

  • သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ် ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ချီးမြှင့်

    သက်ကြီးရွယ်အိုများနှင့် တက္ကသိုလ် ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ချီးမြှင့်

    Dr Hla maung Foundation

    ပျဉ်းမနား ဖေဖော်ဝါရီ ၂၄

    ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်) အား အမှူးထား၍ အသင်း၏ နာယက သံအမတ်ကြီး ဒေါက်တာလှမောင် (ဒေါက်တာလှမောင် ဖောင်ဒေးရှင်း ) က အသက် ၈၀ နှင့်အထက်ဘိုးဘွားများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်က ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပခဲ့သည်။

    အခမ်းအနားတွင် ပျဉ်းမနားမြို့နယ်မှ ဦးမှတ်ကြီးက အမှာစကားပြောကြား၍ သံအမတ်ကြီး(ငြိမ်း) ဒေါက်တာလှမောင်(ဒေါက်တာလှမောင် ဖောင်ဒေးရှင်းဥက္ကဌ)က ဂုဏ်ပြုပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

    ထို့နောက် အသက်(၈၀)နှင့် အထက် သက်ကြီးရွယ်အို ဘိုးဘွား ၉၈ ဦးကို ဂုဏ်ပြုကြသည်။ ဆက် လက်၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ
    ၃၄ ဦးကို တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    မင်းမင်းလတ်(မန်းတက္ကသိုလ်)

    ၂၅ ၊ ၂ ၊ ၂၀၁၆ မြန်မာအလင်းသတင်းစာ မှ ကူးယူဖော်ပြသည်။