News @ M-Media

Blog

  • မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြိုလဲနေသည်ဟု သင့်မြတ်လိုသူများအဖွဲ့မှ ကိုဇော်ဇော်လတ်ပြော

    မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြိုလဲနေသည်ဟု သင့်မြတ်လိုသူများအဖွဲ့မှ ကိုဇော်ဇော်လတ်ပြော

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    thint myat

    – သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့မှ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုခံထားရသည့် အဖွဲ့ဝင်နှစ်ဦးဖြစ်သူ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူ လတ်တို့၏ ဖေဖော်ဝါရီ ၁၇ က်နေ့ ကြားနာမှုကို ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ ထိုအမှုကို ကိုင်တွယ်ရန်အတွက် တရားသူကြီးအသစ်တစ်ဦးကို ခန့်အပ်မှုကြောင့်ဖြစ်ပြီး၊ အဆိုပါ တရားသူကြီးမှာ ထပ်မံဆောင်ရွက်မှုများ မပြုလုပ်ခင် ယခင်ကြားနာမှုများကို လေ့လာလိုသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နောက်ထပ် ကြားနာမှုကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    သင့်မြတ်လိုသူများအဖွဲ့ကို ၂၀၁၃ ခုနှစ် မိတ္ထီလာ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက်ပိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ဦးက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့မှာ ပြီးခဲ့သည့် ဇူလိုင်လက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    ကိုဇော်ဇော်လတ်အတွက် တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်ခြင်း စွဲချက်မှာ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက လိုင်ဇာရှိ ကချင်လွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်များနှင့် တွေ့ဆုံမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ကိုဇော်ဇော်လတ်မှာ ထိုခရီးစဉ်တွင် ရိုင်ဖယ်ကိုင်ထားသည့် ဓာတ်ပုံအား Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ၂ နှစ်အကြာတွင် အမျိုးသားရေးအုပ်စုများ၏ ဖိအားပေးမှုများ ပေါ်ထွက်လာပြီးနောက်ပိုင်း အစိုးရက ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ချမ်းအေးသာဇံမြို့ရှိ တရားရုံးတွင် ဇူလိုင်လ ၁၅ ရက်နေ့က တရားစွဲဆိုခဲ့သည်။

    “လက်ရှိအချိန်မှာ တရားစီရင်ရေးက မတည်ငြိမ်သေးပါဘူး။ ပြိုလဲနေပါတယ်။ ရွေးကောက်ခံရတဲ့ အစိုးရ တာဝန်ယူတဲ့အချိန်မှာတော့ တရားစီရင်ရေးကို ဖြောင့်မတ်အောင် ဆောင်ရွက်ဖို့လိုပါတယ်” ဟု ကိုဇော်ဇော်လတ်က တရားရုံးတွင် ပြောကြားခဲ့သည်။

    မပွင့်ဖြူလတ်ကို သင့်မြတ်လိုသူများအဖွဲ့မှ ခြားသောအဖွဲ့ဝင် ၅ ဦးနှင့်အတူ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သူမကမူ ထိုအချိန်ထဲက နောက်ထပ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ကျန် ၄ ဦးကိုမူ ၀ရမ်းထုတ်ထားသည်ဟု ဆိုသည်။

    “တရားသူကြီးအနေနဲ့ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ ဆုံးဖြတ်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီအမှုနှစ်ခုစလုံးဟာ အထက်ကနေ ဖိအားပေးထားတာပါ။ (အာဏာပိုင်တွေကို) ဆန့်ကျင်တာကြောင့် တရားစွဲဆိုခံရတာလို့ ကျွန်မ ထင်ပါတယ်” ဟု မပွင့်ဖြူလတ်က ပြောကြားခဲ့သည်။

    ကိုဇော်ဇော်လတ်အား လိုင်ဇာသို့သွားရောက်မှုဖြင့် တရားစွဲဆိုခဲ့သော်လည်း၊ လိုင်ဇာသို့ ပုံမှန်သွားရောက်နေသည့် အခြားတက်ကြွလှုပ်ရှားသူများအဖွဲ့မှ အဖွဲ့ဝင်များကိုမူ အာဏာပိုင်များက ဖမ်းဆီးခြင်းမရှိပေ။

    ထိုအမှုအား အနီးကပ်စောင့်ကြည့်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အန်ဂျီအိုတစ်ဦးဖြစ်သော Fortify Rights ကမူ အဆိုပါ တရားစွဲဆိုမှုမှာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ပြီး၊ ရုပ်သိမ်းသင့်သည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ဘာသာရေခြေခံ အမျိုးသားရေးလှုပ်ရှားမှုကို မြန်မာဥပဒေထိန်းသိမ်းရေးအဖွဲ့တွေက ပစားပေးတဲ့ နောက်ထပ်လုပ်ရပ်တစ်ခုပါပဲ။ ဘာသာပေါင်းစုံ တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား ဖမ်းဆီးမယ့်အစား၊ မြန်မာအာဏာပိုင်တွေဟာ သူတို့ကို ကာကွယ်ပေးသင့်တာပါ” ဟု Fortify Rights အမှုဆောင်ဒါရိုက်တာ မသယူးစမစ်က ပြောကြားခဲ့သည်။

    Ref: mmtimes

  • စပီရှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် အီရတ်က လူ ၄၀ ကို သေဒဏ်ပေး

    စပီရှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် အီရတ်က လူ ၄၀ ကို သေဒဏ်ပေး

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    iraq

    – ၂၀၁၄ ခုနှစ် ဇွန်လ တီကရစ်မြို့မှာ စစ်သွေးကြွအုပ်စုတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေက အလူအစုလိုအပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး လူပေါင်း ၄၀ လောက်ကို အီရတ်တရားရုံးက ကြာသာပတေးနေ့မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။

    “စပီရှာ” အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်သူလို့ သံသယရှိသူ ၄၇ ဦးထဲက ၄၀ ကို အပြစ်ရှိကြောင်း တွေ့ရှိရတဲ့အတွက် ဒီလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး၊ စပီရှာဟာ သတ်ဖြတ်မှုဖြစ်လုပ်ခဲ့တဲ့ နေရာအနီးက စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်ပါတယ်။

    “တိုက်ခိုက်မှုထဲမှာ ပါဝင်ကျုးလွန်ခဲ့တဲ့ အယောက် ၄၀ ကို သေဒဏ်စီရင်ဖို့ ရုံးတော်က အမိန့်ချခဲ့ပါတယ်၊ ကျန်တဲ့ ၇ ယောက်ကိုတော့ သက်သေမခိုင်မာတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ်” လို့ အီရတ်တရားရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘ်ဒဲလ် ဆတ်သားရ် ဘေရက်ဒါက ပြောကြားခဲ့ပါတယ်။

    အမိန့်ချမှတ်မှုအတွင်းမှာ တရားခံ ဘယ်နှစ်ယောက်ရှိခဲ့လဲဆိုတာကိုတော့ သူက ပြောကြားခြင်းမရှိခဲ့ဘဲ စပီရှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတစ်ဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေ၊ ဖမ်းဆီးမှုအခြေအနေ၊ အကြောင်းအခြင်းရာကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

    ဘေရက်ဒါက အီရတ်အကြမ်းဖက်ဆန့်ကျင်ရေးဥပဒေ အပိုဒ် ၄ မှာ မည်သူမဆို အကြမ်းဖက်မှု ကျူးလွန်သူ၊ လှုံ့ဆော်သူ၊ စီစဉ်သူ၊ ဘဏ္ဍာရေးထောက်ပံ့သူ၊ အားပေးကူညီသူတွေအားလုံး သေဒဏ်ကျခံရမယ့်အကြောင်း ဖော်ပြထားတယ်လို့ ပြောပါတယ်။

    အီရတ်မှာ IS အဖွဲ့ ထိုးစစ်ဆင်ခဲ့တဲ့ ပထမဆုံးရက်တွေမှာ ကျူးလွန်ခဲ့တဲ့ စပီရှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လက ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားနားမှုတစ်ခုမှာလည်း လူ ၂၄ ယောက်ကို သေဒဏ်ပေးခဲ့ပါတယ်။ တရားခံတွေအားလုံးက သူတို့ဟာ အဲဒီကျူးလွန်မှုတွေမှာ မပါဝင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ကြားနာမှုတွေမှာ ဒီလိုအမှုမျိုးအတွက် လိုအပ်တဲ့ စံချိန်စံညွှန်းတွေနဲ့ မညီညွတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ စပီရှာလူအစုလိုက်သတ်ဖြတ်မှုမှာ သေဆုံးခဲ့ရသူတွေဟာ ၁၇၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။ တီကရစ်မြို့ကိုတော့ အီရတ်တပ်ဖွဲ့ဝင်တွေဟာ IS တွေဆီကနေ ၂၀၁၅ ဧပြီလက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

    Ref; ArabNews

  • နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံဖြစ်မည်ဟု ဘရာဇီးလ်ဂန္တ၀င် ရော်နယ်ဒိုပြော

    နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံဖြစ်မည်ဟု ဘရာဇီးလ်ဂန္တ၀င် ရော်နယ်ဒိုပြော

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    naymer 2

    – ဘာစီလိုနာတိုက်စစ်မှူး နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံ ဖြစ်လိမ့်မည်ဟု ဘရာဇီး ဂန္တ၀င်ကစားသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ် နေးမာမှာ ၂၀၁၃ ခုနှစ်က ဆန်းတို့စ်မှ ဘာစီလိုနာသို့ ရောက်ရှိခဲ့ပြီးနောက် ဥရောပတွင် အငြင်းပွားဖွယ်မရှိသော ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်နိုင်ခဲ့သည်။ တစ်နိုင်ငံတည်းသား ရော်နယ်ဒိုကမူ နေးမာအား ချီးကျူးခဲ့သည်။

    “ကျွန်တော် နေးမာကို တော်တော်လေးကြိုက်ပါတယ်။ ပထမပိုင်းမှာ ပတ်ဝန်းကျင်အသစ်နဲ့ အသားကျဖို့ သူ နည်းနည်းတော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် သူ အောင်မြင်လာတော့မယ်ဆိုတာ ကျွန်တော်သိပါတယ်။ မက်ဆီရဲ့ အမွေအစားအမွေခံဖြစ်မလားဆိုရင်တော့ – ဟုတ်ပါတယ်။ သူဖြစ်လာမှာပါ။ မက်ဆီလို ပြောစရာမရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ လိုအပ်တာအားလုံး သူ့မှာ ရှိနေပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ထို့ပြင် တစ်ချိန်က ရီးယဲလ်အသင်းဖော်ဖြစ်ခဲ့သည့် ဇီဒိန်းမှာ ရီးယဲလ်အား ချန်ပီယံလိဂ် အောင်ပွဲသို့ ခေါ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဆော်ဒီက နိုင်ငံခြားသားများအတွက် လစဉ် အလုပ်အကိုင် ၄ သောင်းကျော် ဖန်တီးပေး

    ဆော်ဒီက နိုင်ငံခြားသားများအတွက် လစဉ် အလုပ်အကိုင် ၄ သောင်းကျော် ဖန်တီးပေး

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    saudi work

    – ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဆော်ဒီအာရေဗျမှာ နိုင်ငံခြားသားတွေကို အလုပ်အကိုင်ပေးမှု ၂၅၆၆၀၀ ခုရှိခဲ့တယ်လို့ နိုင်ငံရဲ့ စာရင်းအင်းအာဏာပိုင်အဖွဲ့က ပြောကြားလိုက်ပါတယ်။

    ဒါ့ကြောင့် လတိုင်း ပြည်ပလုပ်သား ၄၄၁၀၀ ခန့်ကို ဆော်ဒီက ခန့်အပ်ပေးနိုင်တာဖြစ်ပြီး၊ ၂၀၁၅ ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံခြားသားအလုပ်လက်မဲ့ပေါင်း ၃၅၅၀၀ ကနေ ၃၃၂၀၀ ထိ ၂၃၀၀ ခန့် ကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံး အတိုင်းအတာအရဆိုရင် ဆော်ဒီနိုင်ဟာ နိုင်ငံခြားလုပ်သား ၁၁.၄၈ သန်းကို အလုပ်အကိုင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

    နိုင်ငံသားတွေထဲက အလုပ်ရရှိမှုဟာ ၆၄၇၀၀၀ ရှိခဲ့ပြီး စုစုပေါင်း အလုပ်လက်မဲ့နှုန်းရဲ့ ၉၅.၁ ရာခိုင်နှုန်းကို အလုပ်အကိုင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်ရှိတဲ့ ဆော်ဒီနိုင်ငံသားအရေအတွက်ဟာ ၄.၉၈ သန်းရှိပြီး နိုင်ငံတစ်ဝှမ်း အလုပ်လုပ်နိုင်တဲ့ လုပ်အားပမာဏရဲ့ ၄၃.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။

    အလုပ်လက်မဲ့ ဆော်ဒီနိုင်ငံသားအရေအတွက်ဟာ၂၀၁၅ ပထမနှစ်ဝက်မှာ ၁၁.၆ ရာခိုင်နှုန်းလောက်ရှိရာကနေ ဒုတိယနှစ်ဝက်မှာ ၁၁.၅ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံသားမဟုတ်တဲ့ အမျိုးသားလုပ်သားအများစုဟာ လက်လီ၊ လက်ကားလုပ်ငန်းတွေမှာရှိနေပြီး၊ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းတွေမှာတော့ ၂၀.၉ ရာခိုင်နှုန်းခန့်ရှိပြီး အဆောက်အအုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၁၈.၉ ရာခိုင်နှုန်း ခန့်ရှိကြပါတယ်။

    နိုင်ငံခြားအဖွဲ့အစည်းတွေမှာ လုပ်ကိုင်ကြသူတွေအနက် နိုင်ငံခြားသားအရေအတွက်ဟာ ၀.၂ ရာခိုင်နှုန်း ရှိတယ်လို့ မှတ်တမ်းတွေအရ သိပါတယ်။ နိုင်ငံခြားသား အမျိုးသမီးအများစုဖြစ်တဲ့ ၈၂.၆ ရာခိုင်နှုန်းဟာ အိမ်အကူလုပ်သားတွေဖြစ်ပြီး၊ ၈ ရာခိုင်နှုန်းကတော့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။

    Ref: ArabNews

  • နွေရာသီတွင် မွေးဖွားသည့်ကလေးများက အဆုတ်ပိုကောင်းသည်ဟု လေ့လာမှုတစ်ခုကဆို

    နွေရာသီတွင် မွေးဖွားသည့်ကလေးများက အဆုတ်ပိုကောင်းသည်ဟု လေ့လာမှုတစ်ခုကဆို

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    baby

    – ဆောင်းရာသီမှာ မွေးဖွားသူများက နွေရာသီမှာ မွေးဖွားကြသူတွေထက် အသက်ကြီးလာတဲ့အခါ ပန်းနာရင်ကြပ်၊ အခြားသော အဆုတ်နဲ့ပက်သက်တဲ့ရောဂါတွေ ဖြစ်ပေါ်လေ့ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

    နော်ဝေနိုင်ငံက ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ဒီလိုတွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာလမှ ဇန်န၀ါရီလအတွင်း မွေးဖွားကြသူတွေဟာ အရွယ်ရောက်လာတဲ့အခါ အသက်ရှူခြင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ချေများလာတယ်လို့ ဆိုပါတယ်။

    အသက်ကြီးလာတဲ့အခါ အဆုတ်ကိုဆိုးရွားလာစေတဲ့ အခြားသောအကြောင်းအရာတွေဟာ အသက်ကြီးတဲ့မိခင်ဆီကနေ မွေးဖွားလာသူတွေနဲ့ ဆေးလိပ်သောက်တတ်တဲ့မိခင်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်တဲ့အချိန်မှာ အိမ်မွေးတိရစ္ဆာန်တွေကို မွေးဖွားခဲ့ကြသူတွေဟာ၊ အသက်ကြီးမှ အိမ်မွေးတိရစ္ဆာန်တွေကို မွေးဖွားခဲ့ကြသူတွေထက် အဆုတ် ပိုပြီးကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။

    နော်ဝေးနိုင်ငံ Bergen တက္ကသိုလ်မှာရှိတဲ့ ကမ္ဘာ့လူထုကျန်းမာရေးနဲ့ စောင့်ရှောက်ရေးဌာနက စီဆီလီယာ အက်စ်ဗိန်းနဲ့ အပေါင်းအသင်းတစ်ချို့ဟာ လူ ၁၂၀၀၀ ကျော်ကို အချက်အလက်ကောက်ယူလေ့လာမှုတွေ ပြုလုပ်ခဲ့တာပါ။ ဗြိတိန်အပါအ၀င် ဥရောပတစ်ဝှမ်းက အသက် ၉ နှစ်ကနေ ၁၁ နှစ်ထိရှိတဲ့ ကလေးငယ်တွေရဲ့ အဆုတ်လုပ်ဆောင်ချက်ကို စောင့်ကြည့်ခဲ့ပြီးနောက် အသက် ၄၀ မှ ၇၀ ကြားလူတွေကို သူတို့က ထပ်မံလေ့လာစောင့်ကြည့်ခဲ့ပါတယ်။

    အဆုတ်ရဲ့လုပ်ဆောင်ချက်ကို စောင့်ကြည့်ရာမှာ အသက်တစ်ခါရှုတိုင်း လေဘယ်လောက်ထွက်ရှိသလဲဆိုတာနဲ့ တိုင်းတာခဲ့တာဖြစ်ပြီး ပန်းနာရင်ကြပ်ရောဂါ (COPD) ရှိတဲ့ ဝေဒနာရှင်တွေမှာ အဆုတ်အားနည်းတာမျိုး အတွေ့ရများပါတယ်။

    အရွယ်ရောက်ပြီးသူတွေရဲ့ အဆုတ်ရောဂါနဲ့ အသက်ရှုခြင်းဆိုင်ရာအခြေအနေဖြစ်နိုင်ချေကို လိုက်ကြည်ရာမှာ လေ့လာသူတွေက အဆုတ်ဝေဒနာ အဖြစ်မြန်ခြင်းဟာ မွေးဖွားစဉ်က ရာသီဥတုနဲ့ ဆက်စပ်နေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အသက်အရွယ်ကြီးတဲ့မိခင်တွေနဲ့ ဆေးလိပ်သောက်သုံးတတ်တဲ့မိခင်တွေမှာလည်း ယင်းကဲ့သို့ အန္တရာယ်ဖြစ်နိုင်ချေ ရှိပါတယ်။

    ဆောင်းရာသီမှာမွေးဖွားတဲ့ကလေးတွေဟာ မိခင်သားအိမ်မှာရှိစဉ်ကတည်းက ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေနဲ့ ဓာတ်မတည့်မှုတွေဖြစ်တတ်တဲ့အကြောင်း ပြီးခဲ့တဲ့ သုတေသနရလဒ်တွေအရ သိရပါတယ်။ ဒါကြောင့် အအေးများတဲ့ လတွေမှာ မွေးဖွားခံရတဲ့သူတွေဟာ အဆုတ်အားနည်းနိုင်ခြေရှိတယ်လို့ ကောက်ချက်ချရတာ ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref IINA