News @ M-Media

Blog

  • လိင်တူချစ်သူများကို ဝေဖန်မှုကြောင့် Nike က ပက်ကွီအိုနှင့် စပွန်ဆာ ဖျက်သိမ်း

    လိင်တူချစ်သူများကို ဝေဖန်မှုကြောင့် Nike က ပက်ကွီအိုနှင့် စပွန်ဆာ ဖျက်သိမ်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    paquio

    – လိင်တူချစ်သူများအား ဝေဖန်သည့် မှတ်ချက်ကြောင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုအား နာမည်ကျော် အားကစား ပစ္စည်းကုမ္ပဏီ Nike က စပွန်ဆာ ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    မေလတွင်ကျင်းပပြုလုပ်မည့် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် အထက်လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ပက်ကွီအိုက လိင်တူချစ်သူများမှာ တိရစ္ဆာန်ထက် ဆိုးရွားသည်ဟု မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုမှတ်ချက်ကြောင့် ပရိတ်သတ်များ ဆုံးရှုံးမှုကို ခံရနိုင်ဖွယ်ရှိနေပြီး Nike ကလည်း ၎င်းတို့ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းခဲ့သည်။

    ပက်ကွီအိုမှာ ပြီးခဲ့သည့်နှစ်က စပွန်ဆာများမှ ၀င်ငွေ ၁၂ သန်းရရှိခဲ့ပြီး ထိုအထဲတွင် Nike က အဓိက စပွန်ဆာဖြစ်မည်ဟု ယုံကြည်ရသည်။ ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းလိုက်သော်လည်း ယခုနှစ်အတွက် ဒေါ်လာ ၁ သန်းခန့် ရရှိမည်ဖြစ်သည်။ Nike မှာ ယခင်ကလည်း ထိုကဲ့သို့ နာမည်ကျော် အားကစားသမားများကို စပွန်ဆာစာချုပ် ဖျက်သိမ်းမှုများ ရှိခဲ့သည်။

    ပက်ကွီအိုမှာ လာမည့်ဧပြီလတွင် အမေရိကန် ဘောက်ဆင်သမား ဘရက်ဒလေနှင့် ထိုးသတ်မည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်မည်ဟု ကြေငြာထားသည်။ သို့သော်လည်း အနားယူသွားခဲ့သည့် မေ၀ယ်သာ ပြန်လည်ထိုးသတ်မည်ဆိုပါက မိမိအနေဖြင့် မကျေပွဲ ပြန်နွှဲချင်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဒေါ်နယ်ထရမ့်၏ ခရစ်ယာန်အယူဝါဒကို ပုပ်ရဟန်းမင်းကြီး မေးခွန်းထုတ်

    ဒေါ်နယ်ထရမ့်၏ ခရစ်ယာန်အယူဝါဒကို ပုပ်ရဟန်းမင်းကြီး မေးခွန်းထုတ်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    pope 2

    – ယခုနှစ်အတွင်း ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု တစ်ပြေးနေသည့် သန်းကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့်အား ပုပ်ရဟန်မင်းကြီး ဖရန်စစ်က ဝေဖန်လိုက်ပြီး ၎င်း၏ ခရစ်ယာန်အယူဝါဒအတွက်လည်း မေးခွန်းထုတ်လိုက်သည်။

    ဒေါ်နယ်ထရမ့်မှာ နိုင်ငံအတွင်းရှိ မက္ကဆီကန်များ၊ လူမည်းများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေး ခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့ပြီး ၎င်းသမ္မတဖြစ်ပါက အထောက်အထားမရှိသည့် ပြောင်းရွှေ့အခြေချသူများကို နယ်နှင်ဒဏ်ပေးမည်ဟု ပြောကြားခဲ့သည်။

    မက္ကဆီကိုသို့ ၅ ရက်ကြာ အလည်အပတ်ခရီး အဆုံးသတ်ခဲ့ပြီးနောက် ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့်တွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ထရမ့်ကိုရည်ညွှန်း၍ “ပေါင်းကူးတံတားဆောက်ပေးဖို့ မဟုတ်ဘဲ တံတိုင်းကာဖို့သာ စဉ်းစားနေတဲ့ လူမျိုးဟာ ခရစ်ယာန်တစ်ယောက် မဟုတ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

    “သူကို မဲပေးပေး၊ မပေးပေး ကျွန်တော်က ၀င်စွက်မှာမဟုတ်ပါဘူး။ တကယ်လို့ သူက ဒီလိုတွေပြောတယ်ဆိုရင် အဲဒီလူက ခရစ်ယာန်မဟုတ်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ထရမ့်ကမူ ဖရန်စစ်၏ ထိုမှတ်ချက်အား Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်။

    “ဘယ်ခေါင်းဆောင်မှ – အထူးသဖြင့် ဘယ်ဘာသာရေးခေါင်းဆောင်မှ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရား၊ ယုံကြည်ချက်ကို မေးခွန်းထုတ်လို့ မရပါဘူး။ ကျွန်တော်ဟာ ခရစ်ယာန်ဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ခရစ်ယာန်သာသနာ တိုက်ခိုက်ခံရမှာ၊ အားနည်းသွားမှာကို ကျွန်တော် ခွင့်မပြုနိုင်ပါဘူး” ဟု ဒေါ်နယ်ထရမ့်က ရေးသားခဲ့သည်။

    ထို့ပြင် IS အဖွဲ့က ဗာတီကန်ကို တိုက်ခိုက်ခံရမည့်အခြေအနေမျိုး ဖြစ်သည့်အချိန်မှ ဖရန်စစ်မှာ “ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပါက ကောင်းလေစွ” ဟု ဆုတောင်းမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • IS မှာ အစ္စလာမ်မှ သွေဖည်သည့်အဖွဲ့သာဖြစ်သည်ဟု ထင်ရှားသည့် ဗြိတိန်မွတ်စလင်များပြော

    IS မှာ အစ္စလာမ်မှ သွေဖည်သည့်အဖွဲ့သာဖြစ်သည်ဟု ထင်ရှားသည့် ဗြိတိန်မွတ်စလင်များပြော

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    uk muslim

    – နယ်ပယ်ပေါင်းစုံက ထင်ရှားတဲ့ကျော်ကြားတဲ့ ဗြိတိန်မွတ်စလင်အားလုံးနီးပါးက IS အဖွဲ့ဟာ မွတ်စလင်လူထုကြီးရဲ့ အမြင်တွေ၊ ကျင့်သုံးမှုတွေကို ကိုယ်စားမပြုဘဲ သွေဖည်တဲ့ အုပ်စုဖြစ်တယ်လို့ တစ်ညီတစ်ညွတ်တည်း ပြောကြားခဲ့ကြောင်း စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။

    အဲဒီစစ်တမ်းကို 5Pillars အစ္စလာမ့်မစ်ဖိုရမ်က ကောက်ယူကာ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထင်ရှားပေါက်ရောက်တဲ့ ဗြိတိန်မွတ်စလင် ၉၀ ရာနှုန်းကျော်က အရပ်သားတွေကို သတ်ဖြတ်နေခြင်းဟာ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့ မညီညွတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

    နောက်ပြီး အစ္စလာမ်မှာ တိုက်တွန်းထားတာက မည်သည့်ဘာသာဝင်ဖြစ်စေ၊ မည်သည့် လူ့အသိုင်းအ၀ိုင်းကဖြစ်စေ၊ မည်သည့် လူမျိုး သို့မဟုတ် မည်သည့်အခြေအနေမှာဖြစ်စေ မေတ္တာနဲ့ တရားမျှတမှု လက်ကိုင်ပြုထားရမယ်လို့သာ ဆုံးမထားတယ်လို့ စစ်တမ်းကောက်ယူခံရတဲ့ မွတ်စလင်တွေက ပြောကြားခဲ့ကြပါတယ်။

    ဒီစစ်တမ်းကောက်ယူမှုရဲ့ ရည်ရွယ်ချက်က အစ္စလာမ့်ရဲ့ စံသင်ကြားမှုတွေကို ထွန်းကားစေဖို့ ရည်ရွယ်တာဖြစ်ပြီး ရှေ့ဆောင်အီမာမ်တွေ၊ မွတ်စလင်ပညာရှင်တွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ဂျာနယ်လစ်တွေနဲ့ ဘလော့ဂ်ဂါတွေက ပါဝင် ဖြေကြားခဲ့ကြပါတယ်။

    နောက်ပြီး အစ္စလာမ်သာသနာမှာ အတင်းအကြပ်ထိမ်းမြားတာ၊ အတင်းအကြပ် ဘာသာကူးပြောင်းစေတာ၊ လူမျိုးရေးခွဲခြားတာတွေကို လက်မခံဘူးလို့လည်း သူတို့တွေက ဖြေကြားခဲ့ကြပါတယ်။

    စစ်တမ်းကောက်ယူသူတွေကတော့ ဒီရလဒ်တွေကို နိုင်ငံရေးသမားတွေ၊ မီဒီယာတွေက အသုံးပြုပြီး မွတ်စလင်လူထုကြီးက ယုံကြည်လက်ခံထားတဲ့ အစ္စလာမ့်သဘောတရားတွေအပေါ်မှာ ပိုမိုနားလည်မှု ရရှိစေဖို့အတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗြိတိန်နိုင်ငံမှာ မွတ်စလင်တွေအပေါ် အလယ်အလတ်သမား၊ လစ်ဘရယ်သမား၊ ပြုပြင်ပြောင်းလဲရေးသမား၊ ရှေးရိုးစွဲဝါဒီများ၊ အစွန်းရောက်များ၊ အစ္စလာမ့်ဝါဒီများ စသဖြင့် စုံနေအောင် တံဆိပ်ကပ်ကြပါတယ်။ ဒါဟာ မွတ်စလင်လူ့အဖွဲ့အစည်းအတွင်းမှာရော၊ ဗြိတိန်ရဲ့ မွတ်စလင်ဟုတ်တဲ့ ပြည်သူလူထုအတွင်းမှာပါ သွေးကွဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလေ့လာမှုကို လုပ်တဲ့ ရည်ရွယ်ချက်ကို မီဒီယာတွေ၊ ပညာရှင်တွေနဲ့ ပေါ်လစီရေးဆွဲသူတွေအတွက် ‘စံ အစ္စလာမ်’ ဆိုတာ ဘာလဲလို့ ဆန်းစစ်ကြတဲ့အခါ ခိုင်မာတဲ့ အထောက်အထား ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ” လို့ အဲဒီ စစ်တမ်းကောက်ယူမှုရလဒ်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်အပါအ၀င် ဥရောပတစ်ဝှမ်း၊ အစ္စလာမ်ကမ္ဘာနဲ့ ကမ္ဘာ့နိုင်ငံတွေက မွတ်စလင်တွေရဲ့ IS အကြမ်းဖက်အဖွဲ့အပေါ် သဘောထားအမြင်တွေကို စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်လျက်ရှိနေရာမှာ မွတ်စလင်လူထုကြီးက အဲဒီအကြမ်း ဖက်အဖွဲ့ဟာ အစ္စလာမ်နဲ့မဆိုင်သလို၊ အစ္စလာမ်သာသနာကို အလွဲသုံးစားလုပ်နေတဲ့အဖွဲ့အဖြစ် တစ်ညီတစ်ညွတ်တည်း ဖြေကြားခဲ့ကြပါတယ်။

    Ref: IINA

  • ယူရိုပါတွင် ပရိတ်သတ်၏ လှောင်ပြောင်မှု မှန်ကန်သည်ဟု မန်ယူနည်းပြပြော

    ယူရိုပါတွင် ပရိတ်သတ်၏ လှောင်ပြောင်မှု မှန်ကန်သည်ဟု မန်ယူနည်းပြပြော

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    man u 3

    – ယူရိုပါလိဂ်တွင် ဒိန်းမတ်အသင်းငယ် Midtjylland အား စိတ်ပျက်ဖွယ်ရာ ခြေစွမ်းဖြင့် ရှုံးနိမ့်မှုအတွက် ပရိတ်သတ်များ၏ ဝေဖန်မှုမှာ မှန်ကန်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်ယူမှာ ခြေစွမ်းမပြနိုင်ဘဲ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးတွင် မန်ယူပရိတ်သတ်များက အသင်းနှင့် ကစားသမားများကို လှောင်ပြောင် အော်ဟစ်ခဲ့ကြသည်။ ဗန်ဂါးလ်ကမူ မန်ယူအသင်း၏ ရှက်စရာကောင်းသည့် ဥရောပညအတွက် ပရိတ်သတ်များ၏ ခံစားမှုကို နားလည်သည်ဟု ဆိုသည်။

    “ဒုတိယပိုင်းကိုကြည့်တဲ့အခါ သူတို့မှန်တယ်ဆိုတာကို ခင်ဗျားတို့ မြင်ရမှာပါ။ ပရိတ်သတ်တွေက ဝေဖန်လို့ရပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုပြီး ဒါမှသာ ပရိတ်သတ်တွေက ကျွန်တော်တို့ကို ပြန်ပြီး ထောက်ခံပါလိ့မ်မယ်။ ကျွန်တော်တို့ စိတ်ပျက်သလို သူတို့လည်း စိတ်ပျက်ခဲ့ကြတာပါ။ ကျွန်တော်တော်တို့ကို အားပေးခဲ့တဲ့ ပရိတ်သတ်တွေကို ကျွန်တော် တော်တော်လေး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နိုင်လိုစိတ်ရှိရမယ်။ အိုးထရက်ဖို့ဒ်မှာ ကျွန်တော်တို့ အနိုင်ကစားရပါမယ်။ အဲဒါမှ နောက်တစ်ဆင့်ကို ကျွန်တော်တို့ တက်နိုင်မှာပါ။ ကျွန်တော်တို့ ဒါကိုလုပ်ရမယ်။ ဒါပေမယ့် လွယ်တော့မလွယ်ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဇီကာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဒေါ်လာ သန်း ၅၀ ကျော်လိုအပ်ဟု WHO ပြော

    ဇီကာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဒေါ်လာ သန်း ၅၀ ကျော်လိုအပ်ဟု WHO ပြော

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    zika 9

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အုပ်ချုပ်ရေးဒါရိုက်တာ ဒေါက်တာ နာတဲလာ မီနဘ်ဒီက ကမ္ဘာတစ်ဝှမ်း ဇီကာပျံ့နှံ့မှုကို တုံ့ပြန်နိုင်ဖို့အတွက် ကန်ဒေါ်လာ ၅၆ သန်းလောက် လိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဇီကာဗိုင်းရပ်စ်တိုက်ဖျက်ရေး အဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

    နောက်ပြီး ဇီကာပြဿနာ စောင့်ကြည့်ရေးအတွက် နိုင်ငံတွေကို ကူညီရာမှာ မိတ်ဖက်တွေ၊ ကျွမ်းကျင်သူတွေ၊ ရင်းမြစ်တွေ မျှဝေကာ ပူးပေါင်းဆောင်ရွက်ရေး၊ လမ်းညွှန်မှုတွေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ တိုးတက်ရေး၊ ကူးစက်နေတဲ့နေရာတွေမှာ ဆေးဘက်အကူအညီတွေ ပေးအပ်နိုင်ရေး၊ ကာကွယ်ဆေးဖော်စပ်ထုတ်လုပ်ရေး စတာတွေကို အလေးထားဆောင်ရွက်ဖို့အတွက် တုံ့ပြန်ရေး မဟာဗျူဟာမူဘောင်နဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုလည်း WHO က စတင်ခဲ့ပါတယ်။

    လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပျံ့နှံ့နေပြီး အဓိက အမေရိကတိုက်နဲ့ ကာရစ်ဘီယံနိုင်ငံတွေမှာဖြစ်ကာ၊ နောက်ဆက်တွဲ ဦးနှောက်သေးရောဂါကိုတော့ ၇ နိုင်ငံမှာ တွေ့နေရပြီဖြစ်တယ်လို့လည်း မီနဘ်ဒီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    WHO ရဲ့ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) ဥက္ကဌ အိုဂျွန်းက လက်တင်အမေရိကနဲ့ကာရစ်ဘီယံ ဒေသတွေမှာ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အထူး လိုအပ်နေပြီဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နောက်ပြီး ကူးစက်ခံရတဲ့ဒေသတွေမှာ ဦးနှောက်သေးရောဂါနဲ့ တခြား အာရုံကြော ကစဥ့်ကလျားဖြစ်မှုတွေ မြင့်တက်နေမှုဟာ အလွန် စိုးရိမ်ဖွယ်ရာကောင်းတယ်လို့လည်း ဆိုပါတယ်။

    Ref: IINA