News @ M-Media

Blog

  • ချယ်ဆီးနှင့်တွေ့လျှင် မော်ရင်ဟိုအား လွမ်းဆွတ်နေမည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ပြော

    ချယ်ဆီးနှင့်တွေ့လျှင် မော်ရင်ဟိုအား လွမ်းဆွတ်နေမည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    – ချယ်ဆီးအသင်းက မိမိတို့ကွင်းကို လာရောက်၍ ချန်ပီယံလိဂ်ပွဲ ကစားသည့်အခါ မိမိအနေဖြင့် မော်ရင်ဟိုအား သတိရနေလိမ့်မည်ဟု ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    ချယ်ဆီးနှင့် ပီအက်စ်ဂျီမှာ ယခုတစ်ပတ်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ကို ကစားရမည်ဖြစ်သည်။ ၎င်းတို့နှစ်သင်းမှာ ပြီးခဲ့သည့် ၂ ရာသီတွင်လည်း ချန်ပီယံလိဂ်၌ တွေ့ဆုံခဲ့ပြီး ထိုစဉ်က မော်ရင်ဟို ကိုင်တွယ်သည့်အချိန်ဖြစ်ကာ ယခု တတိယအကြိမ်မှာ ဟစ်ဒင့်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

    အင်တာမီလန်တွင် မော်ရင်ဟို၏လက်အောက်၌ အလုပ်လုပ်ဖူးခဲ့သည့် အီဗရာဟီမိုဗစ်ကမူ မော်ရင်ဟိုမရှိသည့် ချယ်ဆီးအသင်းမှာ တစ်ခုခု လိုအပ်နေမည်ဟု ဆိုသည်။

    “ပွဲမှာ လူတိုင်းက မော်ရင်ဟိုကို လွမ်းဆွတ်နေကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူ ဘောလုံးလောကကို မကြာမီ ပြန်ရောက်လာမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ တစ်ကယ်လို့များ ခင်ဗျားဟာ နည်းနည်းစိတ်ရှည်မယ်ဆိုရင် အခြားကလပ်အသင်းတစ်ခုကို သူကိုယ်တွယ်တာ မကြာခင်မြင်ရမှာပါ” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ချယ်ဆီးမှ မော်ရင်ဟိုအား ထုတ်ပယ်ပစ်မှုကိုလည်း မိမိအနေဖြင့် မအံ့သြမိဘဲ ဘောလုံးလောကတွင် အရာအားလုံးမှာ ရလဒ်အပေါ်တွင် မူတည်နေပြီး ထိုအချင်းအရာမှာ ဘောလုံးလောက၏ အဆိုးဝါးဆုံး အစိတ်အပိုင်း ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ယူအေအီး အစ္စလာမ့်အသိပညာပေးစင်တာ တစ်ခုတွင် ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သို့ သက်ဝင်ခဲ့

    ယူအေအီး အစ္စလာမ့်အသိပညာပေးစင်တာ တစ်ခုတွင် ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သို့ သက်ဝင်ခဲ့

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    dubai 4

    – ယူအေအီးရှိ အစ္စလာမ့်အသိပညာ ဖြန့်ဝေရေးအဖွဲ့ဖြစ်သော Dar AL Ber Society (Dabs) တွင် ပြီးခဲ့သည့်နှစ်အတွင်း လူပေါင်း နှစ်ထောင်ကျော်မှာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်ခဲ့ကြသည်ဟု သိရသည်။

    “သစ်လွင်မွတ်စလင် ၂၂၂၁ ယောက်ထဲမှာ ၄၉၄ ယောက်က Have you helped anyone convert to Islam လို့ခေါ်တဲ့ အစ္စလာမ့်အသိပညာပြန့်ပွားရေး အစီအစဉ်ကနေ လက်ခံခဲ့တာဖြစ်ပြီး ၁၃၅၀ ကတော့ ကျွန်တော်တို့ရုံးက ပညာရှင်တွေ၊ တရားဟောဆရာတွေရဲ့ အကူအညီနဲ့ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု Dar AL Ber Society မှ ဥက္ကဌဖြစ်သူ ခါလ်ဖန် ခါလီဖာ အလ် မဇ်က်ရူဝီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့စင်တာအနေဖြင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများ၊ သတင်းစကားများကို လူ့အဖွဲ့အစည်းတွင်းရှိ လူအားလုံးသို့ ရောက်ရှိရန် မရပ်မနား ကြိုးစားနေပြီး၊ ၂၀၁၅ ခုနှစ် တစ်နှစ်တာတွင် အစ္စလာမ်နှင့်ပတ်သက်သည့် သင်ကြားမှုများ၊ ဟောပြောပို့ချမှုများ စုစုပေါင်း ၃၇၇၂ ခုကို ပြုလုပ်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်အတွင်း ထိုစင်တာ၌ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခဲ့သူ နှစ်ထောင်ကျော်မှာ နိုင်ငံပေါင်း ၄၆ နိုင်ငံမှဖြစ်ပြီး စင်တာ၏ အစ္စလာမ့် သင်တင်းအချက်အလက် ဌာနကလည်း ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံခြားသားလူ့အဖွဲ့အစည်းများထံသို သိပ္ပံနှင့် ဘာသာရေးဆိုင်ရာ လက်ကမ်းစာစောင်များ၊ ကြော်ငြာများနှင့် စီဒီပေါင်း ၁.၅၈ သန်းကို ဝေငှခဲ့ကြသည်။

    Dar AL Ber Society မှာ ဆိုရှယ်မီဒီယာတွင်လည်း အစ္စလာမ့်အသိပညာ ဖြန့်ဝေမှုများကို တက်တက်ကြွကြွ ပြုလုပ်နေသည်။

    Ref: Khaleejtimes

  • တပ်မတော်သားတွေလည်း ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါပြီ

    တပ်မတော်သားတွေလည်း ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါပြီ

    Ayarwaddy  Parliament

    ဖြိုးသီဟချို/ Myanmar Now

    ပုသိမ် (Myanmar Now) –  ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ဇာတိ ဦးအောင်ကျော်ခိုင်သည် တိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် မကြာသေးမီက ရွေးချယ်ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၈ ရက်နေ့က ပြန်လည်စတင်သည့်  တိုင်းလွှတ်တော်တွင် ဥက္ကဋ္ဌသစ်က မြစ်ဝကျွန်းပေါ်ဒေသအတွင်း သိမ်းဆည်းခံလယ်ယာမြေ သုံးသိန်းကျော်ရှိနေသည့်အကြောင်းကိုလည်း ထည့်သွင်း ပြောဆိုခြင်းဖြင့် ဒေသခံတို့ ကြုံတွေ့နေသော အရေးကိစ္စကို အလေးအနက်ထားကြောင်း ပြသခဲ့သည်။

    ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအများစုနည်းတူ ဦးအောင်ကျော်ခိုင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်ဖြစ်သည်။ ထို့အပြင် ကိုလိုနီခေတ်ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့် အမျိုးနီးစပ်တော်သူလည်း ဖြစ်သည်။

    Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် ဦးအောင်ကျော်ခိုင်က လယ်ယာမြေပြဿနာ၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိထားသော တပ်မတော်သားများအပေါ် ၎င်း၏အမြင်၊ ပြည်သူများ၏ လိုအပ်ချက် စသည့်အကြောင်းအရာတို့ကို ပြောပြထားသည်။

    မေး –   လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်ခိုင်ကို ရွေးချယ်နိုင်အောင်လို့ ပါတီက ဘာကြောင့် စီစဉ်ခဲ့တယ်လို့ထင်ပါသလဲ။

    ဖြေ – အချက်အလက်တွေအများကြီးနဲ့ညီလို့ ရွေးချယ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့် ကိုယ်ရေးမှတ်တမ်းရယ်၊ သူတို့သတင်းစုဆောင်းမှုတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော်က (ပါတီရဲ့) တိုင်းဥပဒေ အထောက်အကူပြုအဖွဲ့မှာလည်း ၂ဝ၁၃ ကတည်းက တာဝန်ထမ်းဆောင်ခဲ့တယ်၊ ပြီးတော့ တိုင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှာလည်း တော်တော်ကြာကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ (၂ဝ၁၅ ရွေးကောက်ပွဲမှာ) ကျွန်တော် ပြိုင်ဆိုင်ရတဲ့နေရာ ကလည်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ပြိုင်ရတာဆိုတော့ တော်တော် အင်အားစိုက်ထုတ်လိုက်ရပါတယ်။ ဒါတွေကြောင့် ရွေးချယ်တယ်လို့ထင်ပါတယ်။

    မေး – တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံလိုက်ရတဲ့အတွက် ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

    ဖြေ –  ကြီးလေးတဲ့ တာဝန်တရပ်ဆိုတာကတော့ မှန်ပါတယ်။ အစောကြီး ကတည်းက အရိပ်အရောင်တွေ သိနေတယ်ဆိုတော့ အများကြီးတော့ ရင်မခုန်ပါဘူး။ တကယ်ဖြစ်မဖြစ်သာ စောင့်နေရတာ၊ ကျန်တဲ့အဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ အများကြီး ညှိနှိုင်းနေရတာရှိတော့ ဖြစ်လာမလား၊ ဖြစ်မလာဘူးလား ဆိုတာ မသိသေးဘူးလေ။ ခုကတော့ သေချာသွားတာပေါ့။

    မေး – ဧရာဝတီတိုင်းဒေသကြီးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ပြသနာကို ဘယ်လိုကိုင်တွယ်သွားဖို့ ရှိပါသလဲ။

    ဖြေ – လယ်ယာမြေကိစ္စကအများကြီးပဲ။ ဒီပြဿနာက ချက်ခြင်းဖြေရှင်းဖို့ထက် ဥပဒေတွေ ပြဋ္ဌာန်းဖို့အတွက်လည်း အများကြီးလိုပါတယ်။ အချိန်ယူပြီး သွားရပါလိမ့်မယ်။ ဒါပေမဲ့လည်း လွှတ်တော်သက်တမ်း ၅နှစ် အတွင်းမှာ တော်တော်များများတော့ ကိုင်တွယ်နိုင်ပါလိမ့်မယ်။

    မေး – သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် ဥပဒေပြုလွှတ်တော်က လုပ်ဆောင်နိုင်လိမ့်မယ်လို့  ယုံကြည်ပါသလား။ ပါတီရဲ့ မူဝါဒကရော လယ်ယာမြေ ပြဿနာအပေါ် ဘယ်လိုသဘောထားရှိပါသလဲ။

    ဖြေ – အဲဒါကတော့ အလုပ်လုပ်ရင်းနဲ့မှပဲ သိမှာပါ။ ပါတီရဲ့ ဗဟိုတောင်သူလယ်သမားကော်မတီကတော့ လယ်ယာမြေနဲ့ ပတ်သက်တဲ့အချက်အလက်တွေ တောင်းနေပါပြီ။ ပထမဆုံးအဆင့်ကတော့ အဲဒီဟာကို သွားရတာပေါ့။ ရေတိုစီိမံချက်အနေနဲ့ သွားလို့တော့ မရဘူးလို့ ထင်ပါတယ်။ အခုကတော့ စနေပါပြီ။ JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)  ကလည်း ရှင်းပြပါတယ်။ ကျွန်တော်တို့ဘက်ကဘာတွေ လိုအပ်သလဲ၊  သူတို့ဘက်ကရောဘာတွေလုပ်ပေးနိုင်မလဲ၊  မျိုးစေ့တို့ ဓာတ်မြေသြဇာတို့၊ စိုက်နည်းစနစ်တို့ပေါ့။ ဆုံးရှုံးထားတာကို ရနိုင်ဖို့ကတော့ တစ်ကဏ္ဍပေါ့ဗျာ။ ဆက်ပြီးတော့ သွားမယ်ဆိုရင် စိုက်ပျိုးရေးပေါ်လစီချပေးနိုင်ဖို့ လိုပါလိမ့်မယ်။

    မေး – ဒီဒေသရဲ့ တောင်သူလယ်သမားတွေ ဘာတွေလိုအပ်နေတာ တွေ့ရပါသလဲ။

    ဖြေ – အများကြီးပါပဲဗျာ။ လယ်သမားတွေအနေနဲ့ကတော့ စိုက်စရိတ် အချိန်မီမရတာရယ်။ ဓာတ်မြေသြဇာအဆင့်အတန်း မမီတဲ့ ကိစ္စတွေ၊ ကျန်းမာရေးနဲမညီညွတ်တဲ့ အပိုင်းတွေရယ်။

    မေး – လွှတ်တော်မှာ တပ်မတော်သားတွေရဲ့ မဲဆန္ဒတွေရရှိဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဘယ်လို စည်းရုံးသွားမလဲ။

    ဖြေ – တပ်မတော်ကလည်း သိနေကြပါပြီ။ သူတို့လည်း ပြည်သူတွေလိုပါပဲ။ သူတို့စိတ်ထဲမှာ ဘယ်လိုခံစားနေရမလဲ ဆိုတာကို မှန်းဆကြည့်လို့ရနေပါပြီ၊ သူတို့လည်း ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါပြီ။ တပ်မတော်သားတွေအနေနဲ့ရော၊  တပ်မတော်မိသားစုတွေ အနေနဲ့ရော၊  တပ်မတော် အင်အားအရရော နိုင်ငံတကာ အဆင့်မီ ဖြစ်ချင်နေကြပြီလို့ ထင်ပါတယ်။ အခုကတော့ ကျွန်တော်တို့အားလုံး ဒီအပေါ်မှာ တာဝန်ရှိနေပြီလို့ ထင်ပါတယ်။ သူတို့တွေကလည်း ပြည်သူထဲကပဲ ပေါက်ဖွားတဲ့ တပ်မတော်ပဲလေ။ သူတို့နဲ့ကလည်း မိသားစုလို့ပဲ ထင်ပါတယ်။

    မေး – ၂ဝဝ၈ အခြေခံဥပဒေမှာ ပါရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေရဲ့ ဥပဒေပြုရေးအာဏာဟာ လုံလောက်တယ်လို့ ထင်ပါသလား။

    ဖြေ – ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စက အလွန်ကျယ်ပြန့်တဲ့ ကိစ္စဖြစ်နေပါတယ်။ တိုင်းနဲ့ပြည်နယ်အားလုံးအတွက် ပြဿနာဖြစ်နေပါတယ်။ ဖွဲ့စည်းပုံမပြင်နိုင်သေးခင်ကာလမှာ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်တွေအတွက် ဥပဒေပြုလို့ရတဲ့အပိုင်းတွေမှာလည်း ရှိပါတယ်။ ပြင်နိုင်ပြီဆိုရင်တော့ ပိုပြီးတော့ နိုင်နိုင်နင်းနင်း ပိုင်ပိုင်နိုင်နိုင် လုပ်လို့ ရနိုင်ပါတယ်။ ခုတိုင်းလည်း ဥပဒေပြုပြီး ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်အတွက် လုပ်နိုင်မယ်လို့ ထင်ပါတယ်။

    မေး – ပြည်သူရဲ့လိုအပ်ချက်တွေကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘယ်လိုဖြည့်ဆည်းပေးသွားမလဲ။

    ဖြေ – ပြည်သူကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ခေါင်းစဉ်အောက်မှာ  တစ်ပြည်လုံး၊ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး အားလုံး ပါဝင်ဆောင်ရွက်ခဲ့တာပါ။ ရွေးကောက်ပွဲတစ်ခု ဆိုတာထက်ကို ပိုပြီး အများကြီး အဓိပ္ပာယ်လေးနက်ခဲ့ပါတယ်။ သူတို့ရဲ့မျှော်လင့်ချက်တွေကိုလည်း အများကြီး ထိန်းညှိသွားရမှာ ရှိပါတယ်။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး အစစအရာအရာ စဉ်းစားရဖို့ လိုပါတယ်။ အရမ်းကြီး လက်သီးလက်မောင်းတန်းနေလို့ မရပါဘူး။      ။

  • တိုင်းပြည်ကို သစ္စာဖောက်ပြီး ရောင်းစားခဲ့တဲ့ မြန်မာမွတ်စလင်မ် တစ်ယောက်မှ မရှိခဲ့ဘူးလို့ ကိုမြအေးပြော

    တိုင်းပြည်ကို သစ္စာဖောက်ပြီး ရောင်းစားခဲ့တဲ့ မြန်မာမွတ်စလင်မ် တစ်ယောက်မှ မရှိခဲ့ဘူးလို့ ကိုမြအေးပြော

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်

    Ko Mya Aye

    ရန်ကုန်။    ။ တိုင်းပြည်ကို သစ္စာဖောက်ပြီး အခြားနိုင်ငံကို ရောင်းစားခဲ့တဲ့ မြန်မာပြည်က အစ္စလာမ်ဘာသာဝင် တစ်ယောက်မှ မရှိပါဘူးလို့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ဆိုလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဒေါ်စောရွှေခန်းမတွင် ကျင်းပပြုလုပ်သည့်  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး) အဖွဲ့မှ ကျင်းပသော (၁၄၉၀) ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားတွင် ကိုမြအေး ယခုလို ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေ အနေနှင့် သမိုင်းခေတ်အဆက်ဆက်က ယဉ်ကျေးမှုမတူ၊ ဘာသာမတူတဲ့ ညီအစ်ကိုတွေနှင့် အတူ တိုင်းပြည်မှာ ကျရာတာဝန်ကိုထမ်းဆောင်ခဲ့တာ ဖြစ်ပြီးတော့  အစ္စလာမ်သာသနာက လူသားတစ်ယောက် ဒုက္ခရောက်နေရင် ကယ်တင်ရမယ်၊ မေတ္တာထား ဆက်ဆံရမယ်၊ ကိုယ့်ရဲ့အိမ်နီးချင်းကိုတောင်မှ အိမ်နီးချင်းပီသစွာ မဆက်ဆံနိုင်ရင် သင်ဟာ အစ္စလာမ် မဟုတ်ဘူးလို့ ပြောထားတဲ့ ဘာသာရေးဖြစ်ပါတယ် လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

    ဆက်လက်ပြီး တမန်တော်မြတ် (ဆွ) နှင့် ပတ်သက်ပြီး “ကျွန်တော်တို့ကိုယ်တော်မြတ်ကို ဖဘပေါ်မှာ ပြောနေတာတွေကို ကျွန်တော်လုံးဝ ဝမ်းမနည်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တော်မြတ်က အင်မတန် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဘယ်သူက သိက္ခာချချ ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ကမ္ဘာက အသိမှတ်ပြုခံထားရတဲ့ လူတစ်ဦးလည်းဖြစ်တယ်။ လမ်းဘေးက ကလေကချေတွေ  ၁၅၀၀ တန်ဖုန်းနဲ့ဝယ်ပြီး ရေးချင်တာရေးနေကြတာတွေကို လုံးဝဂရုစိုက်စရာကို မလိုပါဘူး။ သူတို့ရေးသလို ကျွန်တော်တို့တွေ ပြန် မရေးကြဖို့လည်း ကျွန်တော်ပြောချင်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဥက္ကဌဖြစ်သူ အလ်ဟဂ်ျ ဦးမြင့်ထွန်းကလည်း အခုလို တမန်တော်မြတ်မွေးနေ့ကို နိုင်ငံအသီးသီးမှာ ကျင်းပနေခြင်းဟာ အစဉ်လာကောင်းဖြစ်ပြီး တမန်တော်မြတ်လမ်းစဉ်အတိုင်း ကျင့်သုံးလိုက်နာ နေထိုင်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

    Si Thu Maung

    “တိုင်းပြည်ရဲ့ အချိုးအကွေ့တိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ နောက်မှာ မနေခဲ့ပါဘူး။ ခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့တဲ့ တိုင်းပြည်အရေးတွေကိုလည်း ဆက်လက် ထမ်းပိုးချင်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့လည်း ကိုယ်တော်မြတ်ရဲ့ လမ်းစဉ်တွေကို ဖဝါးခြေထပ်လိုက်နာပြီး နေထိုင်သွားကြဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့သူကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ  ကိုစည်သူမောင်ဖြစ်ပါတယ်။

    အဆိုပါ  (၁၄၉၀) ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားတွင် ကဆွီဒါများ ရွတ်ဖတ်ခြင်း၊ တရားရေအေးများ တိုက်ကျွေးခြင်းနှင့် တမန်တော် မုဟမ္မဒ်(ဆွ) ကို စုပေါင်းမေတ္တာပို့သခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။

    Prophet day by Ma Ma La

  • တစ်နေ့ လက်ဖက်ရည် ၃ ခွက်သောက်လျှင် အရိုးကျိုးမှုကို ကာကွယ်နိုင်

    တစ်နေ့ လက်ဖက်ရည် ၃ ခွက်သောက်လျှင် အရိုးကျိုးမှုကို ကာကွယ်နိုင်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    – လက်ဖက်ရည်သောက်သုံးသူတွေဟာ တောင့်တင်းခိုင်မာတဲ့ အရိုးအဆစ်တွေရှိတတ်ပြီး တင်ပါးဆုံအရိုးကျိုးမှုအပါအ၀င် အရိုးကျိုးတတ်တဲ့အန္တရာယ်တွေကိုလည်း လျော့နည်းစေတယ်လို့ သြစတေးလျ သုတေသီတွေက ထုတ်ဖော်ပြော ကြားလိုက်ပါတယ်။

    တစ်နေ့ လက်ဖက်ရည်သုံးခွက်လောက် သောက်သုံးခြင်းဟာ အရိုးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်လျော့နည်းတဲ့ ဆက်စပ်နေပါတယ်။ သြစတေးလျသုတေသီတွေကတော့ လက်ဖက်ရည်ဟာ အရိုးကျိုးမှုအန္တရာယ်ကို ကာကွယ်ပေးမယ့် အစားအစာတစ်မျိုး ဖြစ်လာတဲ့အတွက် အကျိုးကျေးဇူး ကြီးမားတယ်လို့ ဆိုပါတယ်။

    သြစတေးလျတောင်ပိုင်း ဖလင်းဒါးစ်တက္ကသိုလ်က သုတေသီတွေဟာ အရွယ်ရောက်ပြီးသူ အမျိုးသမီး ၁၂၀၀ နီးပါးကို ၁၀ နှစ်လောက် စောင့်ကြည့် သုတေသနပြုခဲ့ပြီး ပျမ်းမျှ အသက် ၈၀ လောက်ရှိကြတဲ့ အမျိုးသမီးကြီးတွေရဲ့ နေ့စဉ်အာဟာရစားသုံးမှု အထူးသဖြင့် တစ်နေ့ လက်ဖက်ရည် ဘယ်လောက်သောက်လဲဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။

    ဆယ်စုနှစ်အတွင်းမှာ ၎င်းတို့ထဲက ၂၈၈ ယောက်က အရိုးကျိုးဒဏ်ကို ခံစားကြရပြီး တင်ပါးဆုံရိုးကျိုးသူ ၁၂၉ ယောက် ပါဝင်ပါတယ်။ တစ်နေ့ လက်ဖက်ရည် ၃ ခွက်သောက်သူတွေကတော့ ဆယ်စုနှစ်တစ်ခု ကြာပြီးတဲ့အခါ လက်ဖက်ရည် သောက်လေ့မရှိသူ (သို့မဟုတ်) လုံးဝမသောက်သူတွေထက် အရိုးကျိုးနိုင်ခြေ သုံးပုံတစ်ပုံလောက် လျော့နည်းသွားတာ တွေ့ရပါတယ်။

    အရိုးကျိုးတာကို ကာကွယ်ပေးနိုင်တဲ့ အရေးကြီးတဲ့အချက်တွေထဲမှာ အရိုးကို အားနည်းစေတဲ့ ဆေးလိပ်သောက်တာလို၊ လေ့ကျင့်ခန်းမလုပ်တာလို စတဲ့ တခြားအကြောင်းအချက်တွေလည်း ရှိပါသေးတယ်။ အပင်တွေမှာတွေ့ရတဲ့ ဖလာဗိုနွိုက် ဓာတုပစ္စည်းတစ်မျိုးဟာ ရှိပြီးသားအရိုးတွေ တိုက်စားမှုကို နှေးကွေးစေပြီး အရိုးသစ် တည်ဆောက်မှုကို လျှင်မြန်စေပါတယ်။

    ကော်ဖီမှာ အဲဒီ ဖလာဗိုနွိုက်ဓာတုပစ္စည်း ပါဝင်ပေမယ့် လက်ဖက်ရွက်မှာတော့ ပါဝင်မှုအများဆုံးဆိုတာ တွေ့ရတယ်လို့ အမေရိကန်က ကျန်းမာရေးဂျာနယ်ဖြစ်တဲ့ Clinical Nutrition မှာ တွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

    “လက်ဖက်ရည်ကြိုက်တတ်တဲ့ သက်ကြီးရွယ်အိုတွေအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ” လို့ လေ့လာမှုတစ်ပြုလုပ်တဲ့အထဲမှာ ပါဝင်တဲ့ ဒေါက်တာ တင် ဘွန်းက ဆိုပါတယ်။

    အခြာသုတေသနပညာရှင် ဆာရာ လေလန်ကတော့ အချို့သုတေသနတွေမှာလည်း လက်ဖက်ရည်ဟာ အရိုးကျိုးတာကို ကာကွယ်တယ်ဆိုတဲ့ တွေ့ရှိချက်တွေ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA