News @ M-Media

Blog

  • မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    myanamr 3

    – မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးမှာ လစာမရ၍ လည်ပင်းကို လှီးဖြတ်ကာ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    မုဒုံမြို့မှ ကျော်လင်းထိုက်ဆိုသူဖြစ်ပြီး Paramount Garden ရှိ ပင်လယ်စာ စားသောက်ဆိုင်တွင် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အလုပ်ဝင်လုပ်ခဲ့သည်ဟု ယုံကြည်ရသည်။ ၎င်းမှာ ပုလင်းကွဲဖြင့် လည်ပင်းအားဖြတ်ကာ သေကြောင်းကြံခဲ့ခြင်းဖြစ်ပြီ အင်္ဂါနေ့ည ၇ နာရီခွဲက Mutiara Damansara အနီးရှိ ရှော့ပင်းမောလ် အနားတွင် ၎င်းအား တွေ့ခဲ့ရခြင်းဖြစ်သည်။

    “အခင်းဖြစ်ပွားချိန်မှာ အဲဒီနားကဖြစ်ပုံရတဲ့ ဆရာဝန်တစ်ယောက်က သူ့ကို သတိပြုမိခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေ အရတော့ လစာမရတဲ့အတွက် အဲဒီကောင်လေးက စိတ်ပျက်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ပတ်တလင်းဂျာယာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ မိုဟာမက် ဇာနည်က ပြောကြားခဲ့သည်။

    ကျော်လင်းထိုက်ကို လက်ရှိအချိန်တွင် ဆွန်ဂိုင်းဘုလို့ ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ လုပ်ကိုင်နေသည့် စားသောက်ဆိုင်အများစုမှာ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည့် စားသောက်ဆိုင်များ ဖြစ်ကြသည်။

    Ref: The Star

  • အစ္စလာမ်နဲ့ပတ်သက်တဲ့ အထင်မှားမှုတွေကို ရှင်းလင်းပေးမယ့် အင်္ဂလန်က Visit My Mosque လှုပ်ရှားမှု

    အစ္စလာမ်နဲ့ပတ်သက်တဲ့ အထင်မှားမှုတွေကို ရှင်းလင်းပေးမယ့် အင်္ဂလန်က Visit My Mosque လှုပ်ရှားမှု

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    eng 1

    – နိုင်ငံတစ်ဝှမ်း မြင့်တက်လာတဲ့ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ဖို့နဲ့ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အစ္စလာမ်သာသနာအပေါ် အထင်မှားအမြင်မှား ဖြစ်မှုတွေကို ဖြေရှင်းဖို့အတွက် ဗြိတိန်မွတ်စလင်တွေက ဗလီဝတ်ကျောင်းတော်တွေ တံခါးဖွင့်လှုပ်ရှားမှုကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

    Visit My Mosque လို့ အမည်ပေးထားတဲ့ အဲဒီလှုပ်ရှားမှုကို ဗြိတိန်ရဲ့ ရှေးအကျဆုံး ဗလီနှစ်ခုဖြစ်တဲ့ ဝေါ့ကင်းတောင်းဒေသက ရှားဂျဟန်ဗလီနဲ့ လီဗာပူးလ်မြို့က အဗ္ဗဒူလာ ကျူလီယမ်ဗလီတို့ အပါအ၀င် နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၈၀ ကျော်လောက် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    လန်ဒန်၊ ဘာမင်ဂမ်၊ မန်ချက်စတာ၊ လီဒ်စ်၊ ဂလက်စဂို၊ ကာဒစ်ဖ်၊ ဘဲလ်ဖက်စ်၊ ပလိုင်းမောက်၊ ကန်တာဘာရီကျွန်း စတဲ့မြို့တွေမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တွေလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး မွတ်စလင်မဟုတ်သူတွေ ဗလီဝတ်ကျောင်းတော်ကို ၀င်ထွက်လေ့လာနိုင်ခွင့်၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ မရှင်းလင်းမှုတွေကို မေးမြန်းနိုင်ခွင့် စတာတွေကို ဖန်တီးပေးတဲ့ ဒီလှုပ်ရှားမှုကို နိုင်ငံတစ်ဝှမ်းက အစ္စလာမ့်အဖွဲ့အစည်း၊ ဗလီဝတ်ကျောင်းတော်နဲ့ ပရဟိတများအဖွဲ့ စုစုပေါင်း ၅၀၀ ကျော် ပါဝင်ဖွဲ့စည်းထားတဲ့ ဗြိတိန်မွတ်စလင်ကောင်စီ (MCB) က ဒီလှုပ်ရှားမှုကို ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

    “ဒီနေ့ဟာ မွတ်စလင်တွေ သူတို့ရဲ့ ဗြိတိန်ပြည်သူတွေနဲ့ ထိတွေ့ဖို့၊ သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုတွေကို ရှင်းပြပြီး၊ ရန်လိုတဲ့ သတင်းတွေကို ကျော်လွှားနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်းက ဗလီဝတ်ကျောင်းတော်တွေကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ ဖိတ်ကြားပြီး ဘာသာရေးလူ့အဖွဲ့အစည်းတွေအတွက် တင်းမာမှုတွေဖြစ်နေတဲ့ ဒီလိုအချိန်မှာ စည်းလုံးညီညွတ်မှုကို ပြသသွားမှာပါ” လို့ MCB က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Visit My Mosque လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကိုတော့ လန်ဒန်၊ လိစ်ဒ်၊ ကာဒစ်ဖ်နဲ့ ဂလက်စ်ဂိုတို့မှာ ပြုလုပ်ခဲ့ကြပြီး ဘာသာစုံ၊ လူမျိုးစုံက ဗြိတိန်ပြည်သူတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အစ္စလာမ်နဲ့ ပတ်သက်ပြီး မိတ်ဆက်တာ၊ မွတ်စလင်တွေရဲ့ ၀တ်ပြုမှုကို ရှင်းလင်းပြတာနဲ့ ဗလီဝတ်ကျောင်းတော်တွေကို လှည့်လည်ပြသတာတွေကို ပြုလုပ်ခဲ့ပါတယ်။

    Manchester Road ဗလီ

    manchester

     

    အစ္စလာမ်သာသနာအပေါ် နားလည်မှုတိုးမြှင့်ရေးအတွက် ဆောင်ရွက်တဲ့ အဲဒီလှုပ်ရှားမှုမှာ Manchester Road ဗလီဝတ်ကျောင်းတော်လည်း ပါဝင်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော် လာရောက်လေ့လာခဲ့ကြကာ ဗလီဝတ်ကျောင်းတော်သို့ လှည့်လည်ကြည့်ရှုခြင်း၊ ၀တ်ပြုမှုများအား ကြည့်ရှုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

    “ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ မြို့သူမြို့သားတွေကို ဗလီထဲ ဘာရှိလဲဆိုတာတွေ၊ ဘာတွေလုပ်နေကြလဲဆိုတာတွေကို သိစေချင်လို့ပါပဲ၊ အခုလို လူအများကြီး လာရောက်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ အရင်ကလည်း မကြာခဏ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလလောက်ပမာဏမျိုးတော့ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းတွေကြား အပြန်အလှန် သဟဇာတ ဖြစ်ရေးပါပဲ” လို့ မွတ်စလင်ရပ်မိရပ်ဖဖြစ်သူ အီနမ် ချောင်ဒရီက ပြောကြားခဲ့ပါတယ်။

    မကြာသေးခင်က ကမ္ဘာမှာဖြစ်ခဲ့တဲ့ ကိစ္စတွေအရ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ်မှာ ရန်လိုမှုတွေ မြင့်တက်လာခဲ့ပြီး အီနမ်ကတော့ ဗလီဝတ်ကျောင်းတော်တွေကို လာရောက်လည်ပတ်ခြင်းဟာ အစ္စလာမ်နဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ရှင်းလင်းသွားစေဖို့ အကူအညီဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    “စစ်မှန်တဲ့ အစ္စလာမ်သာသနာဟာ ဘာလဲဆိုတာ ပြသခွင့်ရမှာပါ၊ အစ္စလာမ်ကို အမည်ခံပြီး ဆိုးဆိုးရွားရွားတွေ လုပ်ခဲ့တာတွေ ရှိပေမယ့်လည်း အဲဒီသူတွေဟာ မွတ်စလင် သန်း ၁၆၀၀ ထဲက အလွန်နည်းပါးတဲ့ အုပ်စုတစ်ခုသာ ဖြစ်ပါတယ်”

    Manchester Road ဗလီဝတ်ကျောင်းတော်က ဒေသတွင်း ပြည်သူတွေ၊ ရပ်မိရပ်ဖတွေနဲ့ အခြားသော ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဆွင်ဒန်မြို့တောင်ပိုင်း ကိုယ်စားပြု လွှတ်တော်အမတ် ရောဘတ် ဘက်လန်လည်း တက်ရောက်ခဲ့ပြီး မတူညီတဲ့အဖွဲ့အစည်းတွေကြား အတူ လက်တွဲဆောင်ရွက်နိုင်ဖို့ အလေးထား ပြောကြားခဲ့ပါတယ်။

    “အခုလိုဖိတ်ကြားခံရတဲ့အတွက် ၀မ်းသာပါတယ်။ သူ့တို့ ဘာတွေလုပ်နေသလဲဆိုတာ လူထုကို ပြသဖို့ တံခါးတွေဖွင့်လိုက်နိုင်တာ တကယ်ကို ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။ လူမှုသဟဇာတဖြစ်ဖို့အတွက် လုပ်သမျှအရာတိုင်းဟာ ကောင်းမွန်တဲ့ကိစ္စရပ်ပဲ ဖြစ်ပါတယ်၊ မတူညီတဲ့ နောက်ခံအမျိုးမျိုးကနေ ရောက်လာတဲ့သူတွေကို ဆွင်ဒန်ကနေ လမ်းဖွင့်ပေးဖို့ ကျွန်တော် အမြဲတမ်း တွေးနေခဲ့တာပါ” လို့ ရောဘတ် ဘက်လန်က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အသက် ၆၅ မှ ၇၉ နှစ်ကြား ရှိသူများမှာ အပျော်ရွှင်ဆုံးဖြစ်ကြောင်း လေ့လာမှုတစ်ခုအရ တွေ့ရှိ

    အသက် ၆၅ မှ ၇၉ နှစ်ကြား ရှိသူများမှာ အပျော်ရွှင်ဆုံးဖြစ်ကြောင်း လေ့လာမှုတစ်ခုအရ တွေ့ရှိ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    happiness

    – အသက် ၆၅ နှစ်မှ ၇၉ နှစ်အကြား ရှိသူများမှာ အခြားအသက်အရွယ်အုပ်စုများရှိ လူများနှင့် နှိုင်းယှဉ်လျှင် အပျော်ရွှင်ဆုံးဖြစ်တယ်လို့ စစ်တမ်းကောက်ယူမှုတစ်ရပ်အရ သိရကြောင်း ယူကေရဲ့ အမျိုးသားစာရင်းအင်းဌာနက ပြီးခဲ့တစ်ပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

    အင်္ဂလန်နိုင်ငံတစ်ဝှမ်းက အရွယ်ရောက်ပြီးသူ ၃၀၀,၀၀၀ ကျော်ကို လေ့လာကြည့်ရာမှာ ဘ၀အတွက် စိတ်ကျေနပ်မှု၊ ကျေနပ်ပျော်ရွှင်မှုနဲ့ အသက်ရှင်နေထိုင်ရတာ ထိုက်တန်တယ်လို့ ခံစားရတဲ့ အသက်အရွယ်ဟာ ၆၅ နှစ်မှ ၇၉ နှစ်ကြားဖြစ်ကာ အသက် ၈၀ ကျော်တဲ့အခါ ပြန်လည်ကျဆင်းသွားတာကို တွေ့ရပါတယ်။

    အသက် ၄၅ နှစ်မှ ၅၉ နှစ်ကြားရှိသူတွေကတော့ ဘ၀ကိုကျေနပ်နှစ်သိမ့်မှု အနည်းဆုံးဖြစ်ကြောင်း အဲဒီစစ်တမ်းကနေ တွေ့ခဲ့ရပြီး ပျှမ်းမျှအနေနဲ့ ယောက်ျားတွေဟာ မိန်းမတွေထက် စိတ်ကျေနပ်မှု နည်းတယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ စိုးရိမ်စိတ်အများဆုံးကိုလည်း အဲဒီအုပ်စုမှာ တွေ့ခဲ့ရပါတယ်။

    သုတေသီများက ပျော်ရွှင်မှုနည်းပါးရခြင်းရဲ့ ဖြစ်နိုင်ချေတစ်ခုဟာ သားသမီးတွေကို ဂရုတစိုက်စောင့်ရှောက်နေရတဲ့ အတွက်ကြောင့်ရယ်၊ သက်ကြီးရွယ်အို မိဘတွေကို ကြည့်ရှုနေရတဲ့အတွက်ကြောင့် ဖြစ်နိုင်ပြီး၊ အလုပ်နဲ့ မိသားစုကြား မျှမျှတတဖြစ်အောင် ရုန်းကန်နေရတာလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်တယ်လို့ လေ့လာမှုအရ သိခဲ့ရပါတယ်။

    တစ်ဖက်မှာလည်း ငယ်ရွယ်သူတွေနဲ့ အငြိမ်းစားယူထားတဲ့သူတွေဟာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားဖို့ အချိန်များများ ပိုရနေတာကြောင့်လို့ သုတေသီက တွက်ချက်ပြထားပါတယ်။ အသက် ၈၀ ကျော်သွားရင်တော့ ကျန်းမာပျော်ရွှင်မှုဟာ ပြန်လည်ကျဆင်းသွားတတ်ပါတယ်။

    ဒါဟာ ကျန်းမာရေးချို့တဲ့လာတာနဲ့ တစ်ယောက်တည်းနေလာရပြီး အထီးကျန်တယ်လို့ ခံစားလာရတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သုတေသီတွေက အိမ်ထောင်သည်တွေဟာ ပျော်ရွှင်မှုအဆင့် ၁၀ မှာ ၇.၆၇ လောက် ပျမ်းမျှရှိတယ်လို့ဆိုပြီး ဒီရလဒ်ဟာ တစ်ကိုယ်တည်းနေတဲ့သူတွေ၊ မုဆိုးဖို/မတွေနဲ့ အိမ်ထောင်ကွဲတွေထက် ပိုများတယ်လို့ ဖော်ပြပါတယ်။

    အလုပ်အကိုင်ရှိတဲ့သူတွေဟာ အလုပ်လက်မဲ့တွေထက် ပိုမိုပျော်ရွှင်ကြပြီး အချိန်ပိုင်းအလုပ်သမားတွေကတော့ အပျော်ဆုံးဖြစ်ကြပါတယ်။ သူတို့တွေအနက်မှ အလုပ်မလုပ်တော့တဲ့သူတွေ၊ အငြိမ်းစားတွေဟာ ပျော်ရွှင်မှုအဆင့် အမြင့်ဆုံးဖြစ်ပြီး ဒုတိယလိုက်တာကတော့ ကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။

    ကျန်းမာခြင်းရေးနဲ့ ပျော်ရွှင်မှု ဆက်စပ်နေမှုကိုလည်း သုတေသီတွေက တွေ့ရှိခဲ့ရပြီး ကျန်းမာရေးကောင်းမွန်သူတွေရဲ့ ဘ၀ကို ကျေနပ်ပျော်ရွှင်နှုန်းဟာ ၁၀ မှာ ၈.၀၁ ရှိတဲ့အချိန် ကျန်းမာရေးချို့တဲ့သူတွေကတော့ ၄.၉၁ ပဲ ရှိပါတယ်။

    Ref: IINA

  • နမ့်ဆန် မီးဘေးသင့်သူများကို မူဆယ်မြို့မှ မွတ်စလင်မ်များ သွားရောက် ကူညီလှူဒါန်း

    နမ့်ဆန် မီးဘေးသင့်သူများကို မူဆယ်မြို့မှ မွတ်စလင်မ်များ သွားရောက် ကူညီလှူဒါန်း

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၆
    M-Media
    ကိုဇော်မင်း(မူဆယ်)မှ ဓါတ်ပုံနှင့် သတင်းပေးပို့ပါသည်။

    12661852_1100109689999029_5341174478728404269_n

    ဖေဖော်ဝါရီလ ၄ ရက်နေ့က နမ့်ဆန်မြို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများအတွက် မူဆယ်မြို့မှ အစ္စလာမ်ဘာသာဝင်များ စုပေါင်းလှူဒါန်းမှုကို မူဆယ်အစ္စလာမ်လူငယ်များ ပရဟိတ ကူညီမှုအဖွဲ့က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

    လှူဒါန်းငွေ ၂၈ သိန်းနှင့် အဝတ်အထည်မျိုးစုံ အိတ် ၃၀ ၊ အမျိုးသမီး အသုံးအဆောင် ၅ အိတ်ကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးမှုးထံ သို့ လွှဲအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

    12661804_1100109619999036_7260106030549369559_n

  • မြန်မာ့စွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာအကူအညီ ကြီးကြီးမားမား လိုအပ်နေဆဲ

    မြန်မာ့စွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာအကူအညီ ကြီးကြီးမားမား လိုအပ်နေဆဲ

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    power

    – မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးတက်ရန်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနည်းတူ နိုင်ငံတကာမှ အစိုးရများ၊ အသင်းအဖွဲ့များ၏ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီကလည်း အရေးပါလှသည်ဟု မြန်မာနိုင်ငံ၏ အမျိုးသား စွမ်းအင်စီမံခန့်ခွဲရေးကော်မတီ NEMC မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

    မြန်မာအင်ဂျင်နီယာအသင်း၏ ဥက္ကဌလည်းဖြစ်သည့် ၎င်းက ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ပြုလုပ်ခဲ့သော ၆ ကြိမ်မြောက် ရေနံနှင့်သဘာဝဓာတ်ငွေ့ပြပွဲနှင့် ညီလာခံတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦးနှင့် နည်းပညာ အားနည်းမှုကြောင့် နိုင်ငံတကာအကူအညီကို ကြီးကြီးမားမား မှီခိုနေရဆဲဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့ ဓာတ်အားပေးစနစ်က နှစ် ၆၀ လောက် ရှိနေပါပြီ။ ဓာတ်အားဖြန့်ဖြူးမှုမှာဖြစ်နေတဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့အတွက် ကျွန်တော်တို့မှာ အစိုးရအထောက်အပံ့ မလုံလောက်ပါဘူး။ အဲဒီလိုဆုံးရှုံးမှုတွေ အများစုက ရန်ကုန်မြို့မှာ ဖြစ်ပွားနေတာဖြစ်ပြီး ဓာတ်အားဖြန့်ဖြူးမှုကွန်ယက် တော်တော်လေး ဟောင်းနွမ်းနေတာနဲ့ ဓာတ်အားလိုင်းတွေ ဆွေးမြေ့နေတာကြောင့် ဖြစ်ပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပြီးမယ့်ကိစ္စ မဟုတ်ပါဘူး။ ပြဿ နာကို မသိရမချင်း ကျွန်တော်တို့ အဖြေရှာလို့ရမှာ မဟုတ်ပါဘူး” ဟု ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

    ထိုပြဿနာကို ဖြေရှင်းရန်အတွက် NEMC မှာ ဂျပန်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်နေပြီး ဓာတ်အားဆုံးရှုံးမှုအတွက် ထိန်းချုပ်ရေးရုံများ တည်ဆောက်ရေး၊ အသိပညာမျှဝေးရေး၊ ထရန်စဖော်မာများ အဆင့်မြှင့်တင်ရေးနှင့် လျှပ်စစ်ဓာတ်အား မှန်မှန်ကန်ကန်သုံးစွဲတတ်စေရန် ပြည်သူလူထုအား ပညာပေးရေး စသည်တို့တွင် အာရုံစိုက် လုပ်ဆောင်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးထောက်ပံ့မှုတွင် နိုင်ငံရပ်ခြားမှ ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးပုံကိုလည်း ဦးဝင်းခိုင်က မီးမောင်းထိုးပြခဲ့သည်။

    “လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုက ကြီးပါတယ်။ နိုင်ငံတော်အသုံးစားရိတ်ထဲက အဲလောက်ငွေများများကိုလည်း အစိုးရက ခွဲမပေးနိုင်ပါဘူး။ ဒါ့ကြောင့် ဒီကဏ္ဍကို ပုဂ္ဂလိကကဏ္ဍအဖြစ် ပြောင်းလဲဖို့လိုတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရက ကမ္ဘာ့ဘဏ် ဒါမှမဟုတ် အာရှဖွံ့ဖြိုးရေးဘဏ်တို့ကလို နေရာတွေက ဘဏ္ဍာရေးအထောက်အပံ့နဲ့ ကူညီမယ်ဆိုတဲ့ အာမခံချက်ကို ရှာဖွေရပါလိမ့်မယ်”

    ထိုကဲ့သို့ နိုင်ငံတကာ ငွေချေးသူများ၊ အသင်းအဖွဲ့များနှင့် လှူဒါန်းသူများ ပါဝင်လာပါက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၏ ကျေနပ်မှုလည်း တိုးလာစေမည်ဟု ဦးဝင်းခိုင်က ဆိုပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်မှုက အစိုးရ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကိုလည်း အကူအညီဖြစ်စေမည်ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုအချိန်အထိ မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ဘဏ်က အကြီးမားဆုံး ထောက်ပံ့ကူညီသူ ဖြစ်သည်။ နိုင်ငံအတွင်းရှိ အဓိက စီမံကိန်းကြီးနှစ်ခုအတွက် ကန်ဒေါ်လာ သန်း ၅၄၀ ကို အတိုးမဲ့ နှစ်ရှည် ချေးပေးထားသည်။ ထိုအထဲမှ စီမံကိန်းတစ်ခုမှာ ကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျမည်ဖြစ်ပြီး အိမ်ထောင်စု ၁.၂ သန်းကို လျှပ်စစ်ဓာတ်အား ပေးနိုင်မည်ဖြစ်သည်။ ဒေါ်လာ သန်း ၁၄၀ တန် အခြားတစ်ခုက မွန်ပြည်နယ် သထုံမြို့ရှိ ခေတ်ပေါ် သဘာဝဓာတ်ငွေ့ ဓာတ်အားပေး တာဘိုင်တစ်ခုပါဝင်မည့် ဓာတ်အား ၁၀၆ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစက်ရုံ ဖြစ်သည်။

    အဆိုပါ စီမံကိန်းနှစ်ခုက ဓာတ်အားလိုင်းတွင် ဓာတ်အားအလယ်အလတ်နှင့် ဓာတ်အားနိမ့် ဓာတ်အားဖြန့်ဖြူးရေး ကွန်ယက်များ ထည့်သွင်းကာ လက်ရှိ ရှိနေသော မဟာဓာတ်အားလိုင်းကို ချဲ့ထွင်ရန် အစီအစဉ်၏ အစိတ်အပိုင်းလည်းဖြစ်သည်။ အဆိုပါ ဓာတ်အားလိုင်းချဲ့ထွင်မှုအစီအစဉ်တွင် မဟာဓာတ်အားလိုင်းတွင် မပါဝင်ဘဲ နေစွမ်းအင်နှင့် သီးခြား ဓာတ်အားလိုင်းများအသုံးပြုကာ ဝေးလံခေါင်ဖျားဒေသများတွင် ဓာတ်အားရရှိမည့် စီမံကိန်းများလည်း ပါဝင်လေသည်။ ကမ္ဘာ့ဘဏ်က ၂၀၁၄ ခုနှစ် နိုင်ငံတော်အဆင့် ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းကိုလည်း ထောက်ပံ့ပေးထားသည်။

    မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အာရှဖွံ့ဖြိုးရေးဘဏ် ADB ကလည်း ထောက်ပံ့ထားပေးပြီး ရွာပေါင်း ၂၅ ရွာကို ဓာတ်အားပေးနိုင်မည့် ကန်ဒေါ်လာ ၂ သန်းတန် သီးခြားဓာတ်ပေးကွန်ယက် တည်ဆောက်ရန်လည်း ဖြစ်သည်။

    ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ရွာပေါင်း ၂၅ ရွာအတွက် လျှပ်စစ်ဓာတ်အားရရှိရန် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကန်ဒေါ်လာ ၈.၇ သန်း ထောက်ပံ့ပေးထားသည်။ ဂျာမနီမှ KfW ဖွံ့ဖြိုးရေးဘဏ်ကလည်း ရှမ်းပြည်နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း တိုးတက်ရန်အတွက် ကန်ဒေါ်လာ ၉ သန်း ထောက်ပံ့ပေးထားလေသည်။

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံတစ်ဝှမ်း ရွာပေါင်း ၆၄၉၁၇ ရွာမှ ၂၃၀၃၄ ရွာမှာ လျှပ်စစ်ဓာတ်အား ရရှိနေပြီး ယခုနှစ် မတ်လအကုန်တွင် နောက်ထပ်ရွာပေါင်း ၂၃၀၈ ရွာမှာ ဓာတ်အားထပ်ရမည်ဟု သိရသည်။ ၂၀၂၂ ခုနှစ်အရောက်တွင် လျှပ်စစ်ဓာတ်အားရရှိသည့် အိမ်ထောင်စုအရေအတွက်မှာ ၇၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာရန်နှင့် ၂၀၃၀ တွင်မူ တစ်နိုင်ငံလုံး ဓာတ်အားရရှိရန် မြန်မာနိုင်ငံက ရည်ရွယ်ဆောင်ရွက်နေသည်။

    မြန်မာ့စွမ်းအင်ကဏ္ဍအား ADB ၏ ဆန်းစစ်လေ့လာမှုတွင် နိုင်ငံ၏ တစ်ဦးချင်း ဓာတ်အားသုံးစွဲမှုမှာ အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်နေကြောင်းကို တွေ့ရှိခဲ့ရပြီး၊ ဓာတ်အားထုတ်လုပ်မှုအများစုမှာလည်း ရေအားလျှပ်စစ်မှ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့မှာ လျှင်စစ်ဓာတ်အား၏ ၆၇ ရာခိုင်နှုန်းကို ရရှိပြီး ကျေးလက်သေများမှာ ၁၆ ရာခိုင်နှုန်းသာ ရရှိလေသည်။

    သို့သ်ာလည်း ဦးဝင်းခိုင်ကတော့ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အထူးသဖြင့် ဟိုက်ဒရိုကာဘွန်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဇီဝဒြပ်ထု ပေါကြွယ်ဝမှုကြောင့် အနာဂတ်ကို အကောင်းမြင်နေလေသည်။ နောက်ကျမှ ဖွံ့ဖြိုးသည့်နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များ အကောင်အထည်ဖော်ခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် စွမ်းအင်ချွေတာသည့် နည်းပညာများ အသုံးပြုခြင်းနှင့် ပြည်တွင်း ဓာတ်အားလိုင်း ကွန်ယက်များအတွက် စွမ်းအင်သိုလှောင်ရေး နည်းပညာများ အသုံပြုခြင်းတို့ဖြင့် အမြတ်ထွက်အောင် ဆောင်ရွက်နိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: The Nation

    (The Nation တွင် ဖော်ပြထားသည့် Foreign assistance vital in boosting energy in Myanmar ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)