News @ M-Media

Blog

  • ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Mdia

    raul

    – နည်းပြသစ် ဇီနဒင်း ဇီဒိန်း၏ လက်အောက်တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ရုန်းကန်နေရမှုများမှာ အဆုံးသတ်သွားလိမ့်မည်ဟု အသင်းဖော်ဟောင်း ရာအူးလ်က ပြောကြားခဲ့သည်။

    ဇီဒိန်းမှာ ရာဖေးလ် ဘင်နီတက်ဇ်၏နေရာတွင် ပြီးခဲ့သည့်ဇန်န၀ါရီလက အစားဝင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းကိုင်တွယ်ခဲ့သည့် လာလီဂါ ၅ ပွဲတွင် ၁၃ မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တတိယနေရာမှ ရီးယဲလ်မက်ဒရစ်မှာ ဒုတိယနေရာမှ အက်သလက်တီကိုမက်ဒရစ်နှင့် ၁ မှတ်ကွာဟနေကာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်ပွဲပို ၄ မှတ် ကွာဟနေသည်။

    ရာအူးလ်ကမူ ရီးယဲလ်မှာ ဇီဒိန်း၏လက်အောက်တွင် အိပ်မက်များ ပြန်လည် မက်လာနိုင်ပြီဟု ဆိုသည်။

    “ဇီဒိန်းက ကမ္ဘာ့အဆင့် ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ပြောစကားဟာ ကစားသမားတွေကြားထဲမှာ သက်ရောက်မှုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဆွတ်ခူးခဲ့တာ၊ သူကစားတဲ့ပုံစံတွေကြောင့် သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ညွှန်ကြားမှုကို ကစားသမားတွေ နာယူနိုင်အောင်လည်း သူ လုပ်နိုင်မှာဖြစ်ပြီး အသင်းကလည်း အရည်အသွေးတွေ ပြည့်ဝလာမှာပါ။ လူတွေက တကယ်ဘာလိုချင်တယ်ဆိုတာကို သူက သိပါတယ်။ ရုန်းကန်နေရမှု အဆုံးသတ်ပြီလို့ ဘာ့ကြောင့် ကျွန်တော်တို့ မအော်နိုင်ရမှာလဲ” ဟု ရာအူးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပြင်ဦးလွင်မှာ ဘာအတွက် စုပေါင်းသွေးလှူကြတာလဲ

    ပြင်ဦးလွင်မှာ ဘာအတွက် စုပေါင်းသွေးလှူကြတာလဲ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media
    မိုးစက်
    12654332_182014445500306_3774906827835431854_n
    ပြင်ဦးလွင်။    ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြင်ဦးလွင်မြို့ Royal Diamond တွင် ကျင်းပပြုလုပ်သည့် (၁၄၉၀) နှစ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့တွေ တစ်ယောက်ချင်းလည်း သွေးလိုတယ်ဆို သွားလှူနေကြတာပဲ။ ခု တမန်တော်မွေးနေ့ အထိမ်းအမှတ်အဖြစ် တမန်တော်မြတ်ကြီးရဲ့ သြဝါဒတွေကို နာခံတဲ့အနေနဲ့ ဒီလိုသွေးလှူဒါန်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ သွေးလှူဒါန်းခြင်းဟာ လူ့အသက်ကို ကယ်တင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဒီမှာ ဘာသာပေါင်းစုံက သွေးလှူဒါန်းမယ့်သူတွေကို တစ်စုတစ်တည်း စုစည်းပြီး လှူဒါန်းရခြင်းဖြစ်ပါတယ်” လို့ြ ပင်ဦးလွင်မြို့ မဟာ တမန်တော်မွေးနေ့ ကျင်းပရေးကော်မတီမှ အတွင်းရေးမှူး ဦးမောင်မောင်မျိုးဝင့်က M-Media ကို ရှင်းပြပါတယ်။

    အဆိုပါ ကျင်းပခဲ့သော သွေးလှူဒါန်းပွဲတွင် ဘာသာပေါင်းစုံ၊ နယ်ပယ် အသီးသီးမှ သွေးလှူရှင် (၆၀) ကျော်က လာရောက် လှူဒါန်းခဲ့ကြကြောင်းလည်း သိရပါတယ်။ ပြင်ဦးလွင်မြို့ သွေးလှူဘဏ်မှ သွေးလှူရှင်များ လှူဒါန်းသည့်သွေးများကို လာရောက်ဖောက်ပေးကြပြီး လိုအပ်နေသည့် လူနာများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။

    ပြင်ဦးလွင်မြို့ မဟာတမန်တော်နေ့ ကျင်းပရေးကော်မတီမှ နောက်နှစ်များတွင်လည်း ထိုကဲ့သို့ ကိစ္စရပ်များ ကို နှစ်စဉ်ဆောင်ရွက်သွားနိုင်ရန် အတွက် စီစဉ်ထားရှိကြောင်း သိရပါတယ်။

    Photo Credit – ပြင်ဦးလွင် မြို့ခံများ FB မှ

    12717364_444871902373351_8982265956272673916_n

    12717925_444872109039997_1952893046010288240_n

    12654145_444872142373327_3156896438472102445_n

  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ကို အထက်လွှတ်တော် အတည်ပြု

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ကို အထက်လွှတ်တော် အတည်ပြု

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    us 6

    – အမေရိကန်အထက်လွှတ်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် စကော့ အလန် မာစီယဲလ်ကို ယမန်နေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်ဟု သိရသည်။

    မဲခွဲဆုံးဖြတ်ဖြတ်မှုအတွင်း ထောက်ခံမဲ ၉၀ မဲ၊ ကန့်ကွက်မဲ မရှိဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး မာစီယဲလ်မှာ ၂၀၁၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သည့် အရှေ့အာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တိုးမြှင့်ခံအပ်ခံရခြင်း ဖြစ်သည်။

    လက်ရှိသံအမတ် ဒဲရစ်မစ်ချယ်၏ နေရာကို အစားထိုးမည့် မာစီယဲလ်မှာ ဗီယက်နမ်၊ ဖိလစ်ဖိုင်၊ အင်ဒိုနီးရှား၊ တူရကီနှင့် ဘရာဇီးလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

    သမ္မတအိုဘားမားမှာ မာစီယဲလ်ကို အောက်တိုဘာလက အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံမှာ လူအခွင့်အရေးတိုးတက်မှုဆိုင်ရာ ကတိက၀တ်များကို အပြည့်အ၀ အကောင်အထည်ဖော်မှုမတိုင်ခင် အချိန်အတော်ကြာကတည်းက ရှိခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို အိမ်ဖြူတော်က လျှော့ချရမည်လားဆိုသည်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသောကြောင့် အထက်လွှတ်တော်က အတည်ပြုရန် နှောင့်နှေးခဲ့ခြင်းဖြစ်သည်။

    Ref: VOA

  • မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    myanamr 3

    – မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးမှာ လစာမရ၍ လည်ပင်းကို လှီးဖြတ်ကာ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    မုဒုံမြို့မှ ကျော်လင်းထိုက်ဆိုသူဖြစ်ပြီး Paramount Garden ရှိ ပင်လယ်စာ စားသောက်ဆိုင်တွင် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အလုပ်ဝင်လုပ်ခဲ့သည်ဟု ယုံကြည်ရသည်။ ၎င်းမှာ ပုလင်းကွဲဖြင့် လည်ပင်းအားဖြတ်ကာ သေကြောင်းကြံခဲ့ခြင်းဖြစ်ပြီ အင်္ဂါနေ့ည ၇ နာရီခွဲက Mutiara Damansara အနီးရှိ ရှော့ပင်းမောလ် အနားတွင် ၎င်းအား တွေ့ခဲ့ရခြင်းဖြစ်သည်။

    “အခင်းဖြစ်ပွားချိန်မှာ အဲဒီနားကဖြစ်ပုံရတဲ့ ဆရာဝန်တစ်ယောက်က သူ့ကို သတိပြုမိခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေ အရတော့ လစာမရတဲ့အတွက် အဲဒီကောင်လေးက စိတ်ပျက်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ပတ်တလင်းဂျာယာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ မိုဟာမက် ဇာနည်က ပြောကြားခဲ့သည်။

    ကျော်လင်းထိုက်ကို လက်ရှိအချိန်တွင် ဆွန်ဂိုင်းဘုလို့ ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ လုပ်ကိုင်နေသည့် စားသောက်ဆိုင်အများစုမှာ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည့် စားသောက်ဆိုင်များ ဖြစ်ကြသည်။

    Ref: The Star

  • အစ္စလာမ်နဲ့ပတ်သက်တဲ့ အထင်မှားမှုတွေကို ရှင်းလင်းပေးမယ့် အင်္ဂလန်က Visit My Mosque လှုပ်ရှားမှု

    အစ္စလာမ်နဲ့ပတ်သက်တဲ့ အထင်မှားမှုတွေကို ရှင်းလင်းပေးမယ့် အင်္ဂလန်က Visit My Mosque လှုပ်ရှားမှု

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    eng 1

    – နိုင်ငံတစ်ဝှမ်း မြင့်တက်လာတဲ့ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ဖို့နဲ့ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အစ္စလာမ်သာသနာအပေါ် အထင်မှားအမြင်မှား ဖြစ်မှုတွေကို ဖြေရှင်းဖို့အတွက် ဗြိတိန်မွတ်စလင်တွေက ဗလီဝတ်ကျောင်းတော်တွေ တံခါးဖွင့်လှုပ်ရှားမှုကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

    Visit My Mosque လို့ အမည်ပေးထားတဲ့ အဲဒီလှုပ်ရှားမှုကို ဗြိတိန်ရဲ့ ရှေးအကျဆုံး ဗလီနှစ်ခုဖြစ်တဲ့ ဝေါ့ကင်းတောင်းဒေသက ရှားဂျဟန်ဗလီနဲ့ လီဗာပူးလ်မြို့က အဗ္ဗဒူလာ ကျူလီယမ်ဗလီတို့ အပါအ၀င် နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၈၀ ကျော်လောက် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    လန်ဒန်၊ ဘာမင်ဂမ်၊ မန်ချက်စတာ၊ လီဒ်စ်၊ ဂလက်စဂို၊ ကာဒစ်ဖ်၊ ဘဲလ်ဖက်စ်၊ ပလိုင်းမောက်၊ ကန်တာဘာရီကျွန်း စတဲ့မြို့တွေမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တွေလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး မွတ်စလင်မဟုတ်သူတွေ ဗလီဝတ်ကျောင်းတော်ကို ၀င်ထွက်လေ့လာနိုင်ခွင့်၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ မရှင်းလင်းမှုတွေကို မေးမြန်းနိုင်ခွင့် စတာတွေကို ဖန်တီးပေးတဲ့ ဒီလှုပ်ရှားမှုကို နိုင်ငံတစ်ဝှမ်းက အစ္စလာမ့်အဖွဲ့အစည်း၊ ဗလီဝတ်ကျောင်းတော်နဲ့ ပရဟိတများအဖွဲ့ စုစုပေါင်း ၅၀၀ ကျော် ပါဝင်ဖွဲ့စည်းထားတဲ့ ဗြိတိန်မွတ်စလင်ကောင်စီ (MCB) က ဒီလှုပ်ရှားမှုကို ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

    “ဒီနေ့ဟာ မွတ်စလင်တွေ သူတို့ရဲ့ ဗြိတိန်ပြည်သူတွေနဲ့ ထိတွေ့ဖို့၊ သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုတွေကို ရှင်းပြပြီး၊ ရန်လိုတဲ့ သတင်းတွေကို ကျော်လွှားနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်းက ဗလီဝတ်ကျောင်းတော်တွေကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ ဖိတ်ကြားပြီး ဘာသာရေးလူ့အဖွဲ့အစည်းတွေအတွက် တင်းမာမှုတွေဖြစ်နေတဲ့ ဒီလိုအချိန်မှာ စည်းလုံးညီညွတ်မှုကို ပြသသွားမှာပါ” လို့ MCB က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Visit My Mosque လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကိုတော့ လန်ဒန်၊ လိစ်ဒ်၊ ကာဒစ်ဖ်နဲ့ ဂလက်စ်ဂိုတို့မှာ ပြုလုပ်ခဲ့ကြပြီး ဘာသာစုံ၊ လူမျိုးစုံက ဗြိတိန်ပြည်သူတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အစ္စလာမ်နဲ့ ပတ်သက်ပြီး မိတ်ဆက်တာ၊ မွတ်စလင်တွေရဲ့ ၀တ်ပြုမှုကို ရှင်းလင်းပြတာနဲ့ ဗလီဝတ်ကျောင်းတော်တွေကို လှည့်လည်ပြသတာတွေကို ပြုလုပ်ခဲ့ပါတယ်။

    Manchester Road ဗလီ

    manchester

     

    အစ္စလာမ်သာသနာအပေါ် နားလည်မှုတိုးမြှင့်ရေးအတွက် ဆောင်ရွက်တဲ့ အဲဒီလှုပ်ရှားမှုမှာ Manchester Road ဗလီဝတ်ကျောင်းတော်လည်း ပါဝင်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော် လာရောက်လေ့လာခဲ့ကြကာ ဗလီဝတ်ကျောင်းတော်သို့ လှည့်လည်ကြည့်ရှုခြင်း၊ ၀တ်ပြုမှုများအား ကြည့်ရှုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

    “ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ မြို့သူမြို့သားတွေကို ဗလီထဲ ဘာရှိလဲဆိုတာတွေ၊ ဘာတွေလုပ်နေကြလဲဆိုတာတွေကို သိစေချင်လို့ပါပဲ၊ အခုလို လူအများကြီး လာရောက်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ အရင်ကလည်း မကြာခဏ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလလောက်ပမာဏမျိုးတော့ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းတွေကြား အပြန်အလှန် သဟဇာတ ဖြစ်ရေးပါပဲ” လို့ မွတ်စလင်ရပ်မိရပ်ဖဖြစ်သူ အီနမ် ချောင်ဒရီက ပြောကြားခဲ့ပါတယ်။

    မကြာသေးခင်က ကမ္ဘာမှာဖြစ်ခဲ့တဲ့ ကိစ္စတွေအရ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ်မှာ ရန်လိုမှုတွေ မြင့်တက်လာခဲ့ပြီး အီနမ်ကတော့ ဗလီဝတ်ကျောင်းတော်တွေကို လာရောက်လည်ပတ်ခြင်းဟာ အစ္စလာမ်နဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ရှင်းလင်းသွားစေဖို့ အကူအညီဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    “စစ်မှန်တဲ့ အစ္စလာမ်သာသနာဟာ ဘာလဲဆိုတာ ပြသခွင့်ရမှာပါ၊ အစ္စလာမ်ကို အမည်ခံပြီး ဆိုးဆိုးရွားရွားတွေ လုပ်ခဲ့တာတွေ ရှိပေမယ့်လည်း အဲဒီသူတွေဟာ မွတ်စလင် သန်း ၁၆၀၀ ထဲက အလွန်နည်းပါးတဲ့ အုပ်စုတစ်ခုသာ ဖြစ်ပါတယ်”

    Manchester Road ဗလီဝတ်ကျောင်းတော်က ဒေသတွင်း ပြည်သူတွေ၊ ရပ်မိရပ်ဖတွေနဲ့ အခြားသော ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဆွင်ဒန်မြို့တောင်ပိုင်း ကိုယ်စားပြု လွှတ်တော်အမတ် ရောဘတ် ဘက်လန်လည်း တက်ရောက်ခဲ့ပြီး မတူညီတဲ့အဖွဲ့အစည်းတွေကြား အတူ လက်တွဲဆောင်ရွက်နိုင်ဖို့ အလေးထား ပြောကြားခဲ့ပါတယ်။

    “အခုလိုဖိတ်ကြားခံရတဲ့အတွက် ၀မ်းသာပါတယ်။ သူ့တို့ ဘာတွေလုပ်နေသလဲဆိုတာ လူထုကို ပြသဖို့ တံခါးတွေဖွင့်လိုက်နိုင်တာ တကယ်ကို ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။ လူမှုသဟဇာတဖြစ်ဖို့အတွက် လုပ်သမျှအရာတိုင်းဟာ ကောင်းမွန်တဲ့ကိစ္စရပ်ပဲ ဖြစ်ပါတယ်၊ မတူညီတဲ့ နောက်ခံအမျိုးမျိုးကနေ ရောက်လာတဲ့သူတွေကို ဆွင်ဒန်ကနေ လမ်းဖွင့်ပေးဖို့ ကျွန်တော် အမြဲတမ်း တွေးနေခဲ့တာပါ” လို့ ရောဘတ် ဘက်လန်က ပြောကြားခဲ့ပါတယ်။

    Ref: IINA