News @ M-Media

Blog

  • လူမျိုးဘာသာ မရွေးတက်နိုင်တဲ့ နွေရာသီ ပညာဒါန သင်တန်းတွေ ဘယ်မှာ ဖွင့်ဖို့ရှိသလဲ

    လူမျိုးဘာသာ မရွေးတက်နိုင်တဲ့ နွေရာသီ ပညာဒါန သင်တန်းတွေ ဘယ်မှာ ဖွင့်ဖို့ရှိသလဲ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media
    သတင်း- မိုးစက်
    free edu
    ရန်ကုန်။    ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး (မမလ) အဖွဲ့ခွဲမှ နွေရာသီ ပညာဒါန သင်တန်းများကို လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားနိုင်ရန် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

    “ကျွန်မတို့က ၁၅ ရက်နေ့ထိ စာရင်းလာပေးသမျှ ကျောင်းသားအားလုံးကို လက်ခံထားမှာပါ။ စာရင်းပိတ်တဲ့နေ့ကျမှ ကျောင်းသား အနည်း၊ အများအပေါ် မူတည်ပြီး တန်းခွဲတွေ၊ ဖွင့်လှစ်မယ့် နေ့ရက်တွေကို တစ်ဦးချင်းဆီကို ပြန်လည် အကြောင်းကြားပေး မှာ ဖြစ်ပါတယ်” ဟု မမလ အဖွဲ့ သင်တန်းမှ တာဝန်ရှိသူတစ်ဦးက M-Media ကိုပြောပါတယ်။

    အဆိုပါသင်တန်းတွင် ကွန်ပျူတာသင်တန်း၊ Phone Software သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း တို့ကို ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေများကိုလည်း ကန့်သတ်ထားခြင်း မရှိဘဲ မည်သူမဆို လွတ်လပ်စွာ တက်ရောက်ခွင့်ရှိကြောင်း သိရပါတယ်။

    ယင်းကဲ့သို့ သင်တန်းများသည် မမလ အဖွဲ့တွင် အပတ်စဉ် အလိုက် သင်ကြားပေးနေတာဖြစ်ပြီး ယခုကဲ့သို့ နွေရာသီ သင်တန်းများကိုလည်း ယခင်နှစ်များကပါ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

    သင်တန်းတက်ရောက်လိုသော သင်တန်းသားများအနေဖြင့်  မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လမ်း (၃၀) အောက်လမ်း၊ ပန်းဘဲတန်းမြို့နယ် ရန်ကုန်တွင် တည်ရှိသည့် မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ရုံးခန်းတွင် စာရင်းများ ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

  • ရေနံဈေးကျရေး အိုပတ်နိုင်ငံများဆွေးနွေး၊ ဗောက်စ်ဝဂွန်က ကားပိုင်ရှင်များကို နစ်နာကြေးပေးမည်

    ရေနံဈေးကျရေး အိုပတ်နိုင်ငံများဆွေးနွေး၊ ဗောက်စ်ဝဂွန်က ကားပိုင်ရှင်များကို နစ်နာကြေးပေးမည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    oil 2

    – ရေနံဈေးထိုးကျနေသည့် ပြဿနာကို ဖြေရှင်းရန်အတွက် အိုပက်နိုင်ငံများနှင့် အခြားသော ရေနံထုတ်လုပ်သည့်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဆော်ဒီ ရေနံဝန်ကြီး အလီ အလ်-နိုင်မီနှင့် ဗင်နီဇွဲလား ရေနံဝန်ကြီး ယူလိုဂျီယို ဒဲလ်ပီနိုတို့က ယမန်နေ့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ရေနံဈေးနှုန်းမှာ ပြီးခဲ့သည့်လက ၂၀၀၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်သော တစ်စည်ကို ၂၇ ဒေါ်လာအထိ ကျဆင်းသွားခဲ့ပြီး အဓိကအကြောင်းအရင်းမှာ ဈေးကွက်တွင် ရောင်းလိုအား ပိုလျှံနေသည့် ပြဿနာကြောင့်ဖြစ်သည်။ အိုပက်အဖွဲ့ဝင်ဖြစ်သော ဗင်နီဇွဲလားဝန်ကြီး ဒဲလီပီနိုကမူ ရေနံဈေးနှုန်းကျဆင်းရန်အတွက် ရေနံထုတ်လုပ်သည့် နိုင်ငံများသို့ သွားရောက်က ဆော်သြမှုများ ပြုလုပ်နေသူဖြစ်ပြီး ဆော်ဒီဝန်ကြီးနှင့် ဆွေးနွေးမှုမှာ အပေါင်းလက္ခဏာဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဈေးနှုန်းကျဆင်းမှုကို ချေဖျက်ရန်အတွက် အိုပက်နိုင်ငံများက ရေနံထုတ်လုပ်မှုကို လျှော့ချမှုမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် သောကြာနေ့က ရေနံဈေးမှာ တစ်စည်လျှင် ၃၄ ဒေါ်လာအထက်သို့ ပြန်ရောက်ခဲ့သည်။

    ဂျာမနီ၏ ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော ဗောက်စ်ဝဂွန်က ကာဘွန်ထုတ်လွှတ်မှုကို ဆော့ဖ်ဝဲသုံး၍ လိမ်ညာဖြန့်ချီခဲ့သည့် ၎င်းတို့၏ ဒီဇယ်ကားများကို ၀ယ်ယူထားသည့် အမေရိကန်မှ ပိုင်ရှင်မျာအား လျော်ကြေးပေးအပ်သွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ ဒီဇယ်ကားအား ၀ယ်ထားသူများမှာ အမေရိကန်တွင် ၆ သိန်းနီးပါးရှိပြီး သို့သော်လည်း ငွေသားပေးမည်၊ ကားပြန်ဝယ်ပေးမည် သို့မဟုတ် ပြင်ဆင်ပေးမည်၊ အစားထိုးပေးမည် စသဖြင့် မည်သို့ ဆောင်ရွက်ပေးမည်ကို အတိအကျ မသိရှိရသေးဟု ကုမ္ပဏီမှ တာဝန်ရှိသူ ကန်နက်သ် ဖိုင်ဘာ့ဂ်က ပြောကြားခဲ့သည်။

    ဗောက်စ်ဝဂွန်က ၎င်းတို့၏ ဒီဇယ်ကားများ ကာဘွန်ထုတ်လွှတ်မှုကို စမ်းသပ်ချက်ကို လိမ်ညာခဲ့သည့်ပြဿနာမှာ လွန်ခဲ့သည့် ၄ လက ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ အဆိုပါကာများကို ၎င်းတို့က အခမဲ့ ပြင်ဆင်ပေးခဲ့သည်။

    Ref: Channelnewsasia

  • ထိုင်ဝမ်ငလျင် သေဆုံးသူ ၁၀၀ ကျော်နိုင်

    ထိုင်ဝမ်ငလျင် သေဆုံးသူ ၁၀၀ ကျော်နိုင်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    thaiwan

    – စနေနေ့က ထိုင်ဝမ်နိုင်ငံတွင်တောင်ပိုင်း တိုင်နန်မြို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ၁၇ ထပ်ရှိ လူနေအဆောက်အဦး ပြိုကျမှုအတွင်း သေဆုံးသူမှာ ၁၀၀ ကျော်လာနိုင်သည်ဟု ထိုင်ဝမ်အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    တနင်္လာနေ့မနက်ပိုင်းတွင် ထိုအဆောက်အဦးမှ အသက်ရှင်သူ ၂ ဦးကို ထပ်မံ ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ အရေအတွက်မှာ ၃၈ ဦး ရှိလာပြီဖြစ်သည်။ ပျောက်ဆုံးနေသူများမှာ ၁၁၇ ဦးရှိနေပြီး အဆောက်အဦးအောက်ဘက် အလွန်နက်သည့်နေရာတွင် ပိတ်မိနေသည်ဟု ယူဆရသသည်။

    တိုင်နန်မြို့တော်ဝန် ၀ီလီယံ လိုင်ကမူ ကယ်ဆယ်ရေးလုပ်ငန်းများမှာ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သေဆုံးသူမှာ ၁၀၀ ကျော်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ပါလက်စတိုင်း ပြန်လည်ထူထောင်ရေးအတွက် ဆော်ဒီက ကုလကို ဒေါ်လာ ၅၉ သန်း လှူဒါန်း

    ပါလက်စတိုင်း ပြန်လည်ထူထောင်ရေးအတွက် ဆော်ဒီက ကုလကို ဒေါ်လာ ၅၉ သန်း လှူဒါန်း

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ဂျော်ဒန်နိုင်ငံတို့မှာ အကူအညီပေးရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂအရေးပေါ်လုပ်ငန်းများဆိုင်ရာ အေဂျင်စီ UNRWA ကို ကြာသာပတေးနေ့မှာ ဆော်ဒီအာရေဗျက ကန်ဒေါ်လာ ၅၉ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလှူဒါန်းမှုကို ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ SFD ဒုဥက္ကဌနဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ယူဆက်ဖ် အလ်-ဘက်ဆမ်နဲ့ UNRWA မဟာမင်းကြီး ပီယာရီ ခရန်ဘူလ်တို့ လန်ဒန်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် ၃ ရပ်ကနေတစ်ဆင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    “UNRWA ဆိုတာ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်တွေနဲ့ လူမှုရေးကူညီမှုတွေကို ထောက်ပံ့တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကနေတစ်ဆင့် ပါလက်စတိုင်းပြည်သူတွေအတွက် ကဏ္ဍအားလုံးမှာ ဆော်ဒီအစိုးရက ထောက်ပံ့သွားမှာ ဖြစ်ပါတယ်” လို့ အလ်-ဘက်ဆမ်က ပြောကြားခဲ့ပါတယ်။

    ဒေါ်လာ ၄၃.၅ သန်းဖိုးရှိတဲ့ ပထမ သဘောတူညီချက်အရ ဂါဇာမှာလုပ်နေတဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး၂၀၁၄ ခုနှစ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အိမ်တွေဆုံးရှုံးခဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အဆောက်အဦး ၇၅၀၀ ကျော်အပါအ၀င် UNRWA ရဲ့ စာသင်ကျောင်း သုံးကျောင်းကို ထိန်းသိမ်းပြုပြင်ဖို့ ဖြစ်ပါတယ်။

    ဒုတိယသဘောတူညီချက်က ဒေါ်လာ ၈ သန်း တန်ဖိုးရှိပြီး UNRWA ကျောင်း ၉ ကျောင်း ထိန်းသိမ်းပြုပြင်ဖို့နဲ့ ဂျော်ဒန်မှာ ကျန်းမာရေးစင်တာ ၁၀ခု တည်ဆောက်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ တတိယ သဘောတူညီချက်ကတော့ ဒေါ် ၇.၅ သန်းကို အနောက်ဘက်ကမ်းမှာရှိတဲ့ ကျန်းမာရေးစင်တာသုံးခု ပြန်လည်တည်ဆောက်ဖို့၊ ပြင်ဆင်မွမ်းမံဖို့နဲ့စက်ကိရိယာများတပ်ဆင်တဲ့နေရာမှာ အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

    ဆော်ဒီအာရေဗျဟာ အခုအချိန်အထိ UNRWA ကို ဒေါ်လာသန်း ၅၀၀ ကျော် ပေးလှူခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဆော်ဒီဟာ UNRWA ရဲ့ တတိယအကြီးဆုံးအလှူရှင် ဖြစ်လာပါတယ်။

    AG/IINA

  • ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာဗိုလ်စွဲမည်ဟု ၀ါရင့်ကစားသမားများ ပြောကြား

    ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာဗိုလ်စွဲမည်ဟု ၀ါရင့်ကစားသမားများ ပြောကြား

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    lei

    – ရာသီတစ်ဝက်ကျော်သည်အထိ ပုံစံကောင်းများပြသနေကာ ထိပ်ဆုံးတွင်ရှိနေသည့် လက်စတာအသင်းမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မည့်အခြေအနေ ရှိနေသည်ဟု အင်္ဂလန်ကစားသမားဟောင်းများဖြစ်ကြသော ဆိုးလ်ကမ်းဘဲလ်နှင့် ဒါရီယက်စ် ဗက်ဆဲလ်တို့က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ဘောလုံးရာသီက တန်းဆင်းဇုန်းတွင်သာ ကျင်လည်ခဲ့ရသည့် လက်စတာမှာ ယခုနှစ်တွင် အံ့သြဖွယ် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ယခုတစ်ပတ်တွင် အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ခဲ့သည်။

    စပါးကလည်း ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ပြီး ဆိုးလ်ကမ်းဘဲလ်ကမူ ၎င်းတို့နှစ်သင်းမှာ ဖိအားများကို မည်ကဲ့သို့ကျော်ဖြတ်မည်ကို ခန့်မှန်း၍မရဟုဆိုသည်။

    “ထိပ်ဆုံးမှာ အာဆင်နယ်တို့၊ မန်ယူတို့ ရှိမယ်ဆိုရင်တော့ ဇာတ်လမ်းက တစ်မျိုးဖြစ်မှာပေါ့လေ။ ဒါပေမယ့် တစ်ခါမှ အဲဒီနေရာကို မရောက်ဖူးတဲ့အသင်းတွေကို မြင်နေရတာကြောင့် ဘယ်သူဗိုလ်စွဲမလဲဆိုတာကို မသိနိုင်ပါဘူး။ အချို့အသင်းတွေ ကျသွားနိုင်ပြီး တစ်ချို့ကလည်း တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကံသေကံမ ဘာမှ ပြောလို့မရပါဘူး။ အခုအချိန်မှာတော့ လက်စတာက ထိပ်ဆုံးမှာပါ။ တကယ်လို့ ဒီအခြေအနေမျိုးကို သူတို့ ဆက်ထိန်းမယ်ဆိုရင်တော့ ဗိုလ်စွဲဖို့ သူတို့ လုပ်နိုင်မှာပါ” ဟု ကမ်းဘဲလ်က ပြောကြားခဲ့သည်။

    အင်္ဂလန်တိုက်စစ်မှူးဟောင်းဖြစ်သူ ဗက်ဆဲလ်ကလည်း ပရီးမီးယားလိဂ်ဖလားမှာ လက်စတာ၏လက်ထဲတွင်သာ ရှိနေသည်ဟုဆိုသည်။

    “သင်္ချာနည်းအရပြောရရင် သူတို့ ဖလားရနိုင်ပါတယ်။ ရာနီယေးရီက အခုအချိန်မှာ ဒါကို ပြောမှာမဟုတ်သေးပါဘူး။ အဲဒီအဆင့်ကို ရောက်ပြီဆိုတဲ့အတွေးကတော့ သိပ်မကြာတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူတို့ ကစားတဲ့ပုံစံမျိုး ကစားတဲ့အသင်းတွေ ရာသီကုန်အထိ ပြဿနာကြီးကြီးမားမားဖြစ်တာ ကျွန်တော် မတွေ့ဖူးပါဘူး” ဟု ဗက်ဆဲလ်က ပြောကြားခဲ့သည်။

    လက်စတာနှင့် စပါးအသင်းမှ တစ်သင်းသင်း ဗိုလ်စွဲပါက ၁၉၉၂ ခုနှစ်က စတင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၆ သင်းမြောက် ချန်ပီယံကလပ်လည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Goal