News @ M-Media

Blog

  • အလင်းပညာရပ်နှင့် ကင်မရာ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၈)

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆

    M-Media
    ရာဇာတင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    camera obstura
    အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ်၏ ကင်မရာရှေ့ပြေး camera obscura

    ကျွန်တော်တို့တွေဟာ အရာဝတ္ထုတွေကို ဘယ်လိုမြင်နေကြလဲဆိုတာ ကလေးဘ၀မှာ လူတိုင်း စဉ်းစားကြဖူးပါတယ်။ မျက်လုံးပိတ်လိုက်တဲ့အခါ သင်ဟာ ဘယ်သူ့ကိုမှ မမြင်နိုင်တော့သလို ဘယ်သူကမှလည်း သင့်ကို မမြင်နိုင်တော့ဘူးလို့လည်း ထင်ခဲ့ကြမှာပါ။ ရှေးဟောင်း ဂရိပညာရှင်တွေရဲ့ အလင်းနဲ့ပတ်သက်တဲ့ အယူအဆက သမရိုးကျထက်မပိုခဲ့ဘဲ၊ အလင်းအကြောင်း ပထမဆုံး နားလည်မှုမှာ အဓိက သီအိုရီနှစ်ခု ပါဝင်ခဲ့ပါတယ်။

    သီအိုရီတစ်ခုကတော့ ဒီနေ့ခေတ် လေဆာနည်းပညာလိုမျိုး ရောင်စဉ်တွေဟာ ကျွန်တော်တို့ မျက်လုံးထဲကထွက်သွားပြီး အရှေ့မှာရှိတဲ့အရာတွေက အဲဒီရောင်စဉ်တန်းတွေကို ပိတ်ဆို့လိုက်တယ်။ မျက်လုံးနဲ့ အရာဝတ္ထုကြားက ဒီအလင်းတန်းတွေရဲ့ လှုပ်ရှားမှုကြောင့် အရာဝတ္ထုတွေကို မြင်ရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

    ဒုတိယတစ်ခုက အရာဝတ္ထုကို ဖော်ပြတဲ့အရာတစ်ခုခုဟာ ကျွန်တော်တို့ရဲ့ မျက်လုံးထဲကို ၀င်ရောက်လာတဲ့အတွက် မြင်ရတယ်ဆိုတဲ့ အတွေးအခေါ်ပါပဲ။ အရစ္စတိုတယ် (Aristotle)၊ ဂါလင် (Galen)နဲ့ သူတို့ရဲ့နောက်လိုက်တွေက ဒီ ဒုတိယတစ်ခုကို ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီသီအိုရီ နှစ်ခုစလုံးဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်ခဲ့ပြီး မှန်ကန်ကြောင်းဖော်ပြနိုင်မယ့် စမ်းသပ်မှုတွေ မရှိခဲ့ပါဘူး။

    ၉ ရာစုက စွယ်စုံရပညာရှင်ကြီးဖြစ်တဲ့ အလ်-ကင်ဒီ (Al-Kindi) ဟာ ဂရိတွေရဲ့ အလင်းနဲ့ပတ်သက်တဲ့ ဒီအယူအဆတွေကို မေးခွန်းထုတ်ခဲ့ပြီး ယနေ့ခေတ် အလင်းပညာရပ်ကို ပထမဆုံး မျိုးစေ့ချပေးခဲ့သူ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ အရာဝတ္ထုတွေကို မြင်နေရတာဟာ ယူကလစ် (Euclid) ပြောခဲ့သလို ခြားနားတဲ့ ရောင်စဉ်တန်းတွေ ဖွဲ့စည်းဖြစ်တည်တာကြောင့် မဟုတ်ဘဲ၊ အလင်းတန်းတွေ အဆက်မပြတ် ဖြာဆင်းလာရာကနေ သုံးဖက်မြင်ထုထည်တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    ၁၆ ရာစုက အီတလီ ရူပဗေဒနဲ့ သင်္ချာပညာရှင် ဂီရိုနီမို ကာဒါနို (Geronimo Cardano)က အလ်-ကင်ဒီဟာ အလင်းတန်းတွေ မျဉ်းဖြောင့်အတိုင်း ဖြာထွက်မှု၊ အကွာအဝေးက အမြင်အပေါ် သက်ရောက်မှုနဲ့ ပုံရိပ်ယောင်ဖြစ်ခြင်းအပါအ၀င် အလင်းပညာရပ်ရှုထောင့်  စသဖြင့် မြင်တွေ့မှုနဲ့ပတ်သက်ပြီး မှန်နဲ့ရော၊ မှန်မပါဘဲနဲ့ပါ ဆွေးနွေးတင်ပြနိုင်ခဲ့တာကြောင့် ‘သမိုင်းတစ်လျှောက် ဉာဏ်ကြီးရှင် ၁၂ ယောက်ထဲမှ တစ်ဦး’ ဖြစ်တယ်လို့ သမုတ်ခဲ့ပါတယ်။ အလ်-ကင်ဒီဟာ အလင်းဆိုင်ရာနဲ့ပတ်သက်လို့ ဂျီသြမေထရီ ရှုထောင့်၊ ဇီဝကမ္မဗေဒရှုထောင့်တို့ကနေ ရှင်းလင်းတင်ပြတဲ့ ကျမ်းကြီး ၂ စောင်ကို ပြုစုခဲ့ပြီး သူ့ခေတ်ကာလ နောက်ပိုင်း အလင်းပညာရပ်နဲ့ဆိုင်တဲ့ ပညာရှင်တွေရဲ့ လက်စွဲစာအုပ်တွေဖြစ်ခဲ့ကာ အဲဒီပညာရှင်တွေဟာ အလ်-ကင်ဒီရဲ့ တွေ့ရှိချက်တွေကို ထပ်တလဲလဲ ကိုးကားခဲ့ရပါတယ်။

    al haythem 2
    ၁၀ ရာစုမှ စွယ်စုံရ မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ အလ်-ဟေသမ်

    ဂရိတွေရဲ့ အလင်းဆိုင်ရာအယူအဆနဲ့ပတ်သက်ပြီး အလ်-ကင်ဒီရဲ့ မေးခွန်းထုတ်မှုကို ၁၀ ရာစု မွတ်စလင်ပညာရှင်ဖြစ်တဲ့ အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ် (Al-Hasan ibn Al-Haytham) က ရှင်းပြနိုင်ခဲ့ပြီး အရာဝတ္ထုတွေကို မြင်နေရခြင်းဟာ အလင်းတန်းတွေ ယိုင်ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀ ရာစုက ထင်ရှားတဲ့ သပ္ပံဆိုင်ရာ သမိုင်းပညာရှင် ဂျော့ဂ်ျ ဆာတန် (Geroge Sarton) ကတော့ အလင်းပညာရပ်မှာ ခုန်ပျံကျော်လွှားပြီး အရှေ့ကိုရောက်ရှိသွားတာဟာ ဒီနေ့ခေတ် ကျွန်တ်ာတို့သိထားတဲ့ အလင်းဆိုင်ရာ အယူအဆ အများအပြားကို သိပ္ပံနည်းကျ ရှင်းပြထားတဲ့ အစ်ဗနေ့ အလ်-ဟေသမ်ရဲ့ ဒီယူဆချက်ကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    တကယ်တော့ အစ်ဗနေ့ အလ်-ဟေသမ်မတိုင်ခင် ဘဂ္ဂဒတ်မြို့က ၁၀ ရာစု ရူပဗေဒပညာရှင် အစ်ဗနေ့ ဆာဟလ် (Ibn Sahl) က အလင်းယိုင်ခြင်းနဲ့ ပတ်သက်လို့ မှန်ဘီလူးတွေကိုသုံးပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစ်ဗနေ့ အလ်-ဟေသမ်ဟာ အစ်ဗနေ့ ဆာဟလ်ရဲ့ ဒီစမ်းသပ်မှုကို သိခဲ့လားဆိုတာကိုတော့ တိတိကျကျ မသိရှိပါဘူး။ အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ်ကို များသောအားဖြင့် အစ်ဗနေ့ အလ်-ဟေသမ်လို့သာ သိရှိကြပြီး အနောက်တိုင်းမှာ အလ်-ဟာဇန် (Al-Hazen) လို့ ခေါ်ဝေါ်ကြပါတယ်။ သူဟာ လွန်ခဲ့နှစ်ပေါင်း ထောင်ချီအရင်တည်းက အသေးစိတ်တဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပြီး ကျွန်တော်တို့ အရာဝတ္ထုတွေကို မြင်တွေ့ရခြင်းဟာ နေကလာတဲ့အလင်းတန်းက အရာဝတ္ထုတွေပေါ်ရိုက်ခတ် အလင်းပြန်ပြီး မျက်လုံးထဲဝင်ရောက်လာလို့ ဖြစ်တယ်ဆိုတဲ့ အယူအဆကို သိပ္ပံနည်းကျ ရှင်းလင်းပြသနိုင်ခဲ့ပါတယ်။ အလ်-ဟေသမ်ဟာ ဂရိတွေရဲ့ အလင်းနဲ့သက်ဆိုင်တဲ့ အယူအဆတွေကို ပထမဆုံး ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။

    အီရတ်နိုင်ငံ ဘာဆရာမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အလ်-ဟေသမ်ဟာ နိုင်းမြစ်က ရေကြီးမှုပြဿနာကို ဖြေရှင်းဖို့အတွက် အီဂျစ်ဘုရင်ရဲ့ ဖိတ်ခေါ်မှုကြောင့် အီဂျစ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ ယူကလစ်ရဲ့ စက်ပစ္စည်းဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းနဲ့ ဒဿနိကဗေဒပညာရှင်တွေ လက်စွဲအသုံးပြုကြတဲ့ တော်လမီ (Ptolemy) ရဲ့ ရူပဗေဒဆိုင်ရာ စည်းမျဉ်းတွေကို ပထမဆုံး ပေါင်းစပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ အလ်-ဟေသမ်က “အလင်းပညာရပ်ဟာ ရူပဗေဒဆိုင်ရာနဲ့ စက်ပိုင်းဆိုင်ရာ လေ့လာမှုကို ပေါင်းစည်းဖို့ တောင်းဆိုခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

    အလ်-ဟေသမ်ဟာ သင်္ချာပညာရှင်၊ နက္ခတဗေဒပညာရှင်၊ ရူပဗေဒနဲ့ ဓာတုဗေဒပညာရှင် စတဲ့ စွယ်စုံရပညာရှင်ကြီးဖြစ်ပါတယ်။ သူ့ရဲ့ Book of Optics (အလင်းဆိုင်ရာကျမ်း) မှာ သိပ္ပံနည်းကျ အလင်းပညာရပ်ကို အုတ်မြစ်ချပေးခဲ့ပါတယ်။ မဂ်နမ် အိုပက်စ် (Magnum Opus) လို့ သိကြတဲ့ ဒီစာအုပ်ထဲမှာ အလင်းသဘာဝ၊ အမြင်အာရုံ၏ ဇီဝကမ္မဖြစ်စဉ်နှင့် လုပ်ငန်းစဉ်၊ မျက်လုံးတည်ဆောက်ပုံ၊ အလင်းပြန်ခြင်း၊ အလင်းယိုင်ခြင်း စတာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

    အစ်ဗနေ့ အလ်-ဟေသမ်ဟာ မှန်ဘီးလူးအကြောင်းနဲ့ မှန်ပြား၊ မှန်လုံး၊ မှန်ခုံး၊ မှန်ခွက်၊ စလင်ဒါ စတဲ့ မှန်အမျိုးအမျိုးကိုသုံးပြီး လက်တွေ့စမ်းသပ်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ဂျီသြမေတြီဆိုင်ရာ အလင်းယိုင်ခြင်းကိုဖြစ်စေကာ မျက်လုံးကို Dioptric စနစ်အဖြစ်လည်း သူက အသုံးပြု လေ့လာခဲ့ပါတယ်။ လေထုအတွင်း အလင်းယိုင်မှုဖြစ်စဉ်ကို အလ်-ဟေသမ်က အံ့သြစရာကောင်းလောက်အောင် လေ့လာနိုင်ခဲ့ပြီး လေထုရဲ့ အမြင့်ဟာ ၁၆ ကီလိုမီတာ (၁၀ မိုင်) ရှိမယ်လို့ တွက်ချက်ခဲ့ပါတယ်။ ဒီနေ့ခေတ် တိုင်းတာမှုအရ ကမ္ဘာ့လေထုရဲ့ အနိမ့်ဆုံးအလွှာဖြစ်တဲ့ ထရိုပိုစဖီးယား (Troposphere) ဟာ ၁၁ ကီလိုမီတာ (၇ မိုင်) ရှိပြီး ဘာခေတ်ပေါ်ကိရိယာမှ မရှိသေးတဲ့အချိန် အလ်-ဟေသမ်ရဲ့ တွက်ချက်မှုဟာ တက်ကယ့်အရှိတရားထက် အနည်းငယ်သာ ကွဲလွဲခဲ့ပါတယ်။

    သူ့ရဲ့သီအိုရီတွေကို မှန်မမှန် စစ်ဆေးဖို့အတွက်လည်း အစ်ဗနေ့ အလ်-ဟေသမ်က လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရူပဗေဒဟာ အတွေးအခေါ်သက်သက်သာရှိသေးတဲ့ သူ့ခေတ်အသူ့အခါမှာတော့ ဒီလိုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ခြင်းဟာ တစ်မူထူးခြားတဲ့ ဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။ သီအိုရီတစ်ခုကို လက်ခံနိုင်ဖို့ဆိုရင် လက်တွေ့စမ်းသပ်မှုအထောက်အထား လိုအပ်တယ်ဆိုတဲ့ အယူအဆကိုလည်း အလ်-ဟေသမ်က ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့ Book of Optics (အလင်းဆိုင်ရာကျမ်း) မှာ အလ်-ဟေသမ်က တော်လမီရဲ့ အလ်မဂျက်စ် (Almagest) ကျမ်းကိုလည်း ဝေဖန်ထောက်ပြခဲ့ပါတယ်။ နှစ်ထောင်ချီ ကြာညောင်းတဲ့တိုင်အောင် အဲဒီ အလင်းဆိုင်ရာကျမ်းကြီးဟာ သုတေသနကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ပရော်ဖက်ဆာတွေရဲ့ ကိုးကားစရာ စာအုပ်ကြီးတစ်အုပ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ အချို့သောသမိုင်းပညာရှင်တွေက အလင်းပညာရပ်မှာ စနဲလ်နိယာမ (Snell Law) ဟာ တကယ်တော့ မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ဆာဟလ်ရဲ့ အားထုတ်မှုကနေ ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။

    ကင်မရာ

    book of optic
    အစ်ဗနေ့ အလ်-ဟေသမ်၏ Book of Optics အား လက်တင်ဘာသာသို့ ပြန်ဆိုထားသော စာအုပ်မှ အလင်းနှင့်ပတ်သက်သည့် ဖော်ပြချက်တစ်ခု

    သက္ကရာဇ် ၉၆၅ ခုနှစ်မှာ  အီရတ်နိုင်ငံ ဘာဆရာမြို့မှာ မွေးဖွေားခဲ့တဲ့ အလ်-ဟာဆန် အစ်ဗနေ့ အလ်-ဟေသမ်ဟာ ကင်မရာလို အလင်းနဲ့ဆိုင်တဲ့ ကိရိယာတွေကို အုတ်မြစ်ချပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ နိုင်းမြစ်ရေလျှံမှုကို ဖြေရှင်းဖို့ အီဂျစ်ဘုရင်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရပြီးနောက်ပိုင်း ရေကာတာဆောက်ကာ အစပိုင်းမှာ ပြဿနာပြေလည်ခဲ့ပေမယ့် နောက်ပိုင်းမှာ အခြေအနေက ပိုဆိုးလာခဲ့တာကြောင့် လေ့လာချိန် လုံလုံလောက်လောက်မရခဲ့တဲ့ ဟေသမ်တစ်ယောက် မင်းပြစ်မင်းဒဏ်သင့်ခံရမယ့် အခြေအနေကို ဆိုက်ရောက်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဟေသမ်ဟာ စိတ်မနှံ့ချင်ယောင်ဆောင်ခဲ့ပြီး ဘုရင်က သူ့ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။

    အဲဒီအချိန်ကာလအတွင်းမှာပဲ အလင်းနဲ့ပတ်သက်တဲ့ ခေတ်သစ်နိယာမနဲ့ ကင်မရာရဲ့ သဘောတရားကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့မှာ အပြင်ကအလင်းတန်းဟာ အပေါက်ငယ်လေးကနေတစ်ဆင့် မှောက်မိုက်တဲ့အခန်းထဲကို ၀င်ရောက်ပြီး အပြင်က ပုံရိပ်တွေကို နံရံမှာ ထင်ဟပ်ပေါ်လွင်နေတာကို အလ်-ဟေသမ်က တွေ့မြင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် နေရာင်ခြည်က အရာဝတ္ထုကိုရိုက်ခတ်ပြီး ပြန်လာတဲ့အလင်းတန်းဟာ မျက်လုံးထဲကို ၀င်ရောက်လာလို့ မိမိတို့က မြင်နေရတာဆိုတဲ့ အယူအဆကို ဖော်ထုတ်နိုင်ခဲ့ပြီး မျက်လုံးကနေ ရောင်ခြည်လွှတ်တယ်ဆိုတဲ့ ဂရိတွေရဲ့ နိယာမအမှားကို ချေဖျက်နိုင်ခဲ့ပါတယ်။

    Camera obscura လို့ခေါ်တဲ့ အမှောင်ခန်းကို အသုံးပြုပြီး အလင်းတန်းတွေဟာ ဂျီသြမေတြီ ပုံသဏ္ဍာန်အတိုင်း ကျွန်တော်တို့ရဲ့ အမြင်အာရုံထဲကို ရောက်ရှိတယ်ဆိုတာကို လက်တွေ့ စမ်းသပ်ပြသနိုင်ခဲ့ပါတယ်။ ဟေသမ်ဟာ မှန်ဘီလူး၊ မှန်အမျိုးမျိုးနဲ့လည်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလင်းဆိုင်ရာ၊ အမြင်ဆိုင်ရာနဲ့ပတ်သက်တဲ့ အယူအဆအသစ်တွေကို ၁၀၁၁ နဲ့ ၁၀၂၁ ကြားမှာ ရေးသားခဲ့တဲ Book of Optics (အလင်းဆိုင်ရာကျမ်းကြီး) မှာ အသေးစိတ် ဖော်ပြထားပါတယ်။

    အတွေးအခေါ်သက်သက်ဟာ မရေရာဘူးဆိုတာကို အလ်-ဟေသမ်က သိရှိတာကြောင့် သဘာဝရဲ့ လျှို့ဝှက်ချက် အမှန်တရားတွေကိုဖော်ထုတ်ဖို့ သိပ္ပံဆိုင်ရာ သက်သေပြမှုနည်းလမ်းတွေ၊ စမ်းသပ်မှုတွေနဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း ဟေသမ်က ဆောင်ရွက်ခဲ့ပါတယ်။

    သူ့အရင်အတုန်းကလူတွေ၊ သူ့နောက်ပိုင်းကလူတွေလိုပဲ လဟာ ကောင်းကင်နဲ့ နီးလာတဲ့အခါမှာ ဘာ့ကြောင့် ကြီးလာလဲလို့ အလ်-ဟေသမ်က စဉ်းစားတွေးခေါ်ခဲ့ပါတယ်။ သူ့အရင် ပညာရှင်တွေကတော့ ဒါဟာ လေထုရဲ့ သက်ရောက်မှုကြောင့်ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ အစ်ဗနေ့ အလ်-ဟေသမ်က ဒါဟာ အလင်းဆိုင်ရာ အမြင်မှောက်မှားမှုကြောင့်ဖြစ်တယ်လို့ ပထမဆုံးမှန်မှန်ကန်ကန် ရှင်းပြနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

    anatomy of eye 2
    အလ်-ဟေသမ်၏ အယူအဆကို အခြေခံကာ ၁၃ ရာစု မွတ်စလင်ပညာရှင် ကမာလ် အလ်-ဒင် အလ်-ဖာရီစီ၏ မျက်လုံးအား ခွဲခြမ်းစိတ်ဖြာမှု

    နောက်ပိုင်းမှာ ၁၂၆၀ ခုနှစ်လောက်မှာမွေးဖွားတဲ့ ပါရှန်သင်္ချာပညာရှင် ကမာလ် အလ်-ဒင် အလ်-ဖာရီစီ (Kamal al-Din al-Farisi) ဟာ အလ်-ဟေသမ်ရဲ့ အဲဒီတွေ့ရှိချက်တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ သက်တံ့ရောင်စဉ်ရဲ့ အရောင်အတွေအကြောင်းကို ရှင်းပြဖို့ ကြိုးပမ်းမှုအတွင်းမှာ အလ်-ဖာရီစီဟာာ ရေဖြည့်ထားတဲ့ ဖန်လုံးတစ်လုံးကို ရေတစ်စက်စက်ကျတဲ့ အရာတစ်ခုအဖြစ် အသုံးပြုပြီး နေရောင်ခြည်ဟာ ရေစက်ကို ဖြတ်သွားတဲ့အခါ သာမန်ထက် ၂ ဆ အလင်းယိုင်သွားတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

    သီအိုရီတွေကို သက်သေပြနိုင်ဖို့အတွက် အလ်-ဟေသမ်ရဲ့ရှာဖွေစမ်းသပ်မှုက သိပ္ပံဆိုင်ရာ လက်တွေ့ စမ်းသပ်မှုနဲ့ ကျိုးကြောင်းဆင်ခြင်တဲ့ နည်းလမ်းကို ဆောင်ရွက်ရမယ်ဆိုတဲ့အသိကို နောက်ပိုင်းပညာရှင်တွေဆီ ရိုက်သွင်းပေးခဲ့တာဖြစ်ပါတယ်။

    Book of Optics အပါအ၀င် အလ်-ဟေသမ်ရဲ့ စာအုပ်တွေကို လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပြီး သူ့ရဲ့သီအိုရီလွှမ်းမိုးတဲ့ ပညာရှင်တွေထဲမှာ ရော်ဂျာဘေကွန် (Roger Bacon)၊ လီယိုနာဒို ဒါဗင်ချီ (Leonardo Da Vinci) နဲ့ ဂျိုဟန်းနက်စ် ကက်ပလာ (Johannes Kepler) တို့ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီက အစ်ဗနေ့ အလ်-ဟေသမ်ရဲ့ အလင်းနဲ့ အမြင်ဆိုင်ရာ တိကျတဲ့ နားလည်မှုတွေ၊ အခြေခံအုတ်မြစ်တွေကို အရင်းတည်လို့ ခေတ်ပေါ်တီထွင်မှု အများအပြားကို ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများ – ဖတ်ရန်
  • မော်ရင်ဟို မန်ယူသို့ရောက်တော့မည်ဟု သတင်းများထွက်ပေါ်

    မော်ရင်ဟို မန်ယူသို့ရောက်တော့မည်ဟု သတင်းများထွက်ပေါ်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    morinho 2

    – လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေသည့် ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမှာ မန်ယူနှင့် စာချုပ်ချုပ်ရန် နီးကပ်နေပြီဟု Sky Sport Italia သတင်းဌာနက ဖော်ပြခဲ့သည်။

    ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးကတည်းက မော်ရင်ဟိုကို မန်ယူက ဆက်သွယ်ခဲ့သည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ဂွါဒီယိုလာက မန်စီးတီးသို့ လာရောက်မည်ဟု အတည်ပြုခဲ့ပြီးနောက် မော်ရင်ဟို၏ ဇာတ်လမ်းမှာ ပိုမိုကျယ်လောင်လာခဲ့သည်။

    မန်ယူနည်းပြဗန်ဂါးလ်ကို ပရိတ်သတ်များက စိတ်ပျက်လျက်ရှိနေကြပြီး ပြီးခဲ့သည့်သီတင်းပတ်များအတွင်း လှောင်ပြောင်မှုများပင် ရှိခဲ့သည်။ ဗန်ဂါးလ်ကမူ ဂွါဒီယိုလာ ပရီးမီးယားသို့ လာရောက်မည်ကို ကြိုဆိုသည်ဟု ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့မှာ လာလီဂါတွင် ခါးသီးသောပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့ကို ကိုင်တွယ်ကာ ထိပ်တိုက်တွေ့ဆုံဖူးသူများ ဖြစ်သည်။

    Ref: Goal

  • အမေရိကန် အထက်လွှတ်တော်အမတ်နှင့် မွတ်စလင်ခေါင်းဆောင်များ အမုန်းတရားများကျော်လွှားရေး ဆွေးနွေး

    အမေရိကန် အထက်လွှတ်တော်အမတ်နှင့် မွတ်စလင်ခေါင်းဆောင်များ အမုန်းတရားများကျော်လွှားရေး ဆွေးနွေး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    us 3

    – အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘိုသ်-အက်စ်-ဆမဒ် ဗလီဝတ်ကျောင်းတော်မှာ ယခုတစ်ပတ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ မွတ်စလင်ခေါင်းဆောင်များရဲ့ တွေ့ဆုံးဆွေးနွေးပွဲကို အမေရိကန်အထက်လွှတ်တော်က နိုင်ငံခြားရေးရာကော်မတီ အကြီးတန်းအရာရှိ ဘင် ကာဒင် တက်ရောက်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီတွေ့ဆုံမှုမှာ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုတိုးမြှင့်ရေးနဲ့ လူ့အဖွဲ့အစည်းညီညွတ်ရေးအတွက် စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရေး ဖြေရှင်းရန်နည်းလမ်းများအကြောင်း ပြောဆိုဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

    “ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ တစ်ယောက်ကိုတစ်ယောက် လေးစားတတ်ပြီး ကိုယ်ချင်းစာစိတ် ရှိကြမယ်ဆိုရင် ကျွန်တော်တို့ဟာ စည်းလုံးအောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာပါ။ ဒီလို အရည်အချင်းတွေကိုလည်း ဆွေးနွေးပွဲစကားဝိုင်းတွေကနေ တည်ဆောက်သွားရမှာ ဖြစ်ပါတယ်” လို့ ကာဒင်က ပြောကြားခဲ့ပါတယ်။

    “မကြာသေးခင်ကပဲ သမ္မတလောင်း မဲဆွယ်စည်ရုံးရေးပွဲတွေကနေ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းမွတ်စလင်တွေအကြောင်း ဒေါသထွက်စရာကောင်းလောက်အောင်၊ မသင့်လျော်တဲ့ စကားလုံးတွေနဲ့ စည်းရုံးပြောဆိုခဲ့တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် မေရီလန်း မွတ်စလင်လူ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကတဆင့် စိုးရိမ်ပူပန်မှုတွေ မျှဝေဆွေးနွေးဖို့ လက်တွဲစုရုံးရတော့မယ့် အရေးကြီးတဲ့အချိန်တစ်ခု ရောက်နေပြီလို့ ထင်မြင်မိပါတယ်”

    မေရီလန်း မွတ်စလင်ကောင်စီဥက္ကဌ ဆီယန် စတင်းနက်ကတော့ မိမိတို့ရဲ့အရေးကြီးကိစ္စတွေကို အစိုးရခေါင်းဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးခွင့်ရတာဟာ အားတက်စရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    “တဖက်ကလည်း မွတ်စလင်မဟုတ်သူတွေကို အသိပညာပေးရင်းနဲ့ တဖက်မှာလည်း ဒီလိုမျိုး ဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်ခြင်းအားဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေ လုပ်ဆောင်သွားဖို့ဆိုတာ ကျွန်တော်တို့ မေရီလန်းမွတ်စလင်ကောင်စီရဲ့ ရည်မှန်းချက်တွေပါပဲ”

    အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ကြသူများက အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများ၊ မွတ်စလင်များအပေါ် ကြောက်ရွံ့မှုများ စသည်တို့ကို ကျော်လွှားရန်အတွက် ကာဒင်၏ ထင်မြင်ယူဆချက်များကို မေးမြန်းခဲ့ကြပါတယ်။

    “နိုင်ငံတစ်ဝှမ်းက လူ့အဖွဲ့အစည်းတွေ အားကောင်းလာစေဖို့နဲ့ သာယာချမ်းမြေ့ဖို့အတွက် အမေရိကန်မွတ်စလင်တွေက တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ ကျွန်တော်တို့တိုင်းပြည်က မွတ်စလင်လူ့အဖွဲ့အစည်းတွေရဲ့ အပြုသဘောဆောင်တဲ့ ကိစ္စတွေကိုပြသရေး ကျွန်တော်တို့ ပိုကောင်းအောင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်” လို့ ကာဒင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    နောက်ပြီး အမေရိကန်စစ်တပ်မှာ မွတ်စလင်တွေ တာဝန်ထမ်းဆောင်နေတဲ့ကြောင်း၊ ဆေးဘက်ဆိုင်ရာတွေ၊ ပညာရေးဆိုင်ရာနေရာတွေမှာ တာဝန်ထမ်းဆောင်ပြီး လူ့အဖွဲ့အစည်းကို အကျိးပြုနေတဲ့အကြောင်း စတာတွေကို အမေရိကန်ပြည်သူတွေ သိရှိအောင် လုပ်ဆေဆာင်သွားရမယ်လို့လည်း ကာဒင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဗလင်စီယာကို စာနာမိသည်ဟု ဘာကာနည်းပြပြော

    ဗလင်စီယာကို စာနာမိသည်ဟု ဘာကာနည်းပြပြော

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    valen

    – မိမိတို့နှင့် တွေ့ဆုံခဲ့သည့် ဗလင်စီယာအသင်း၏ ကံကြမ္မာအတွက် ၀မ်းနည်းမိပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသော နည်းပြ ဂယ်ရီ နဗီးလ်ကိုလည်း စာနာမိသည်ဟု ဘာကာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ယမန်နေ့က ကစားခဲ့သည့် ဘာစီလိုနာနှင့် ဗလင်စီယာတို့ပွဲတွင် ဘာကာက ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆွာရက်ဇ်က ၄ ဂိုးနှင့် မက်ဆီက ဟက်ထရစ် အသီးသီး သွင်းယူခဲ့ကြသည်။ ဗလင်စီယာအသင်းအား နည်းပြအဖြစ် တာဝန်ယူခဲ့သည့် မန်ယူကစားသမားဟောင်း ဂယ်ရီ နဗီးလ်မှာ ၁၄ ပွဲ ကိုင်တွယ်ပြီးချိန်တွင် ၄ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

    “ဗလင်စီယာဟာ တော်တော်လေးဆိုးရွားတဲ့ အခြေအနေကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့လိုအသင်းမျိုးကို ယှဉ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဗလင်စီယာရဲ့ အခြေအနေကလည်း ကျေနပ်လောက်စရာ မဟုတ်ပါဘူး။ ပြိုင်ဘက်တွေ ဒီလိုအခြေအနေမျိုး ဖြစ်နေတာကို ကျွန်တော် မကြည့်ချင်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပါ” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဗလင်စီယာမှာ ထိုအခြေအနေမှ ရုန်းထွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အသင်း၏ ရလဒ်များ ဆိုးရွားနေသော်လည်း ဂယ်ရီ နဗီးလ်ကမူ မိမိမှာ အသင်းမှ နှုတ်ထွက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • စက်ချုပ်ငှက်

    ဖေဖော်ဝါရီ ၄၊  ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်

    2.8

    အာရှနဲ့ အာဖရိက အပူပိုင်းဒေသက စက်ချုပ်ငှက် (TailorBird) တွေ ။ သူတို့ခိုနားရာအပင်ရဲ့ အရွက်တွေကို ခွက်ပုံစံ အသိုက်တည်ဆောက်တယ်။။

    သူတို့နှုတ်သီးလေးတွေကို အပ်အဖြစ်သုံးတယ်။ အရွက်တွေကို အပေါက်ဖောက်တယ်။ ကြိုးလား၊ အပင် ဖိုင်ဘာမျှင်တွေကို သုံးတယ်။

    ပင့်ကူမျှင်ကိုတောင် သုံးတတ်တယ်။ ပင့်ကူမျှင်ကြိုးကို အပေါက်ထဲထည့်တယ်။ ဆွဲတယ်။

    ကျွန်တော်တို့ ပင့်ကူမျှင်ကို အထုံးကြီးတစ်ခုဖြစ်သွားအောင် လုပ်တတ်လား။ သူကတော့ လုပ်တတ်တယ်။ ဒီအတိုင်း ထပ်ကာထပ်ကာ လုပ်တယ်။ သစ်ရွက်၂ရွက်ချုပ်ပြီးသားဖြစ်သွားတယ်။

    သူ ဘယ်က သင်ထားတာလဲ။

    (Amazing Animal Tool-Users and Tool-Makers By Leon Gray , Pg 15)