News @ M-Media

Blog

  • ပါလက်စတိုင်းသံရုံးကို ဘရာဇီးလ်တွင် ဖွင့်လှစ်

    ပါလက်စတိုင်းသံရုံးကို ဘရာဇီးလ်တွင် ဖွင့်လှစ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    palest 2

    – ကမ္ဘာ့အနောက်ဖက်ခြမ်းက ပါလက်စတိုင်းရဲ့ ပထမဆုံး သံရုံးကို ဘရာဇီးလ်နိုင်ငံ မြို့တော် ဘရာစီလီယာမြို့မှာ ယခုတစ်ပတ်အတွင်း ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

    သံရုံးဖွင့်ပွဲအခမ်းအနားကို ဘရာဇီးလ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ် အီဗရာဟင် အလ်ဇီဘန်က ဦးဆောင်ခဲ့ပြီး ဘရာဇီးအစိုးရ တာဝန်ရှိသူတွေ၊ အာရပ်နိုင်ငံတွေက သံအမတ်တွေနဲ့ ဘရာဇီးလ်ရှိ အာရပ်အသိုင်းအ၀ိုင်းက ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

    “ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လုံးလုံး ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ မက်ခဲ့ရတဲ့ အိပ်မက်ရဲ့ အဆုံးသတ်ဖြစ်ပါတယ်” လို့ အလ်ဇီဘန်က ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဒီလိုဖွင့်လှစ်နိုင်မှုဟာ ဘရာဇီးလ်နဲ့ ပါလက်စတိုင်းတို့အကြား ဆက်ဆံရေး အခြေအနေသစ်တစ်ခုကို အစပျိုးလိုက်တာဖြစ်ပြီး မိမိတို့နှစ်နိုင်ငံဟာ ပိုမိုနီးကပ်စွာနဲ့ အလုပ်အကိုင်တွေကို ပိုမိုဆောင်ရွက်နိုင်တော့မယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘရာဇီးလ်က အဲဒီပါလက်စတိုင်းသံရုံးကို ယခင် ဘရာဇီးလ်သမ္မတဟောင်း လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားကလှူဒါန်းတဲ့ မြေမှာ ဆောက်လုပ်တာဖြစ်ပြီး၊ ဘရာဇီးလ်အစိုးရ အဆောက်အအုံတွေ၊ သမ္မတနန်းတော်နဲ့ တရားရုံးချုပ်တို့လို အချက်အခြာကျတဲ့နေရာတွေနဲ့ နီးနီးကပ်ကပ် တည်ရှိနေပါတယ်။

    အလ်ဇီဘန်ကတော့ ဘရားဇီးလ်သံရုံးကို အရှေ့ဂျေရုဆလင်မှာ ဖွင့်လှစ်သွားနိုင်ဖို့ မျှော်လင့်နေပြီး ပါလက်စတိုင်းအနေနဲ့ တောင်အမေရိကနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။

    ဘရာဇီးလ်ဟာ ၂၀၁၀ ခုနှစ်မှာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး၊ တောင်အမေရိကနိုင်ငံ တော်တော်များများကလည်း ပါလက်စတိုင်းအပေါ် အပြည့်အ၀ ထောက်ခံမှု ပေးထားကြပါတယ်။

    Ref : Presstv

  • ဆီးရီးယားတွင် IS အား မြေပြင်တပ်ဖြင့်တိုက်ခိုက်ရန် ဆော်ဒီစီစဉ်

    ဆီးရီးယားတွင် IS အား မြေပြင်တပ်ဖြင့်တိုက်ခိုက်ရန် ဆော်ဒီစီစဉ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    – အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်ခေါင်းဆောင်တွေက သဘောတူမယ်ဆိုရင် ဆီးရီးယားမှာ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် ခြေလျင်တပ်သားတွေ ဖြန့်ထားဖို့ စီစဉ်နေတယ်လို့ ဆော်ဒီအာရေဗျက ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဆော်ဒီစစ်တပ်က ဗိုလ်မှူးချုပ် အဟ်မဒ် အက်ဆာရီကတော့ မိမိတို့လေတပ်ဟာ ၂၀၁၄ စက်တင်ဘာလောက်ကတည်းက IS တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဆော်ဒီအနေနဲ့ အဲဒီ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ကို ချေမှုန်းဖို့အတွက် ခြေလျင်တပ်တွေ စေလွှတ်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    “မိမိတို့နိုင်ငံအနေနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့အတူ IS တွေကို တိုက်ခိုက်ရေး ခြေလျင်တပ်ဖွဲ့တွေစေလွှတ်ဖို့ အသင့်ဖြစ်နေပြီဆိုတာကို ဒီနေ့မှာ ကြေငြာလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ယီမင်နိုင်ငံမှာ အတွေ့အကြုံရခဲ့လို့ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့တင် မလုံလောက်ဘဲ မြေပြင်စစ်ဆင်ရေးလည်း လိုအပ်နေပြီဆိုတာကို ကျွန်တော်တို့သိပါတယ်၊ မြေပြင်စစ်ဆင်ရေးမှာ ပိုကောင်းမွန်တဲ့ အောင်မြင်မှုတွေရဖို့ နှစ်ဖက်စလုံး ပူးပေါင်းဖို့လိုအပ်ပါတယ်” လို့ အဆ်ဆာရီက ပြောကြားခဲ့ပါတယ်။

    ဒီလို ဆော်ဒီက မြေပြင်တပ်တွေ စေလွှတ်ဖို့ကိစ္စကို လာမယ့်တစ်ပတ် ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ဖို့ရှိနေတဲ့ မဟာမိတ်နိုင်ငံများ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာကတော့ ဆီးရီးယား မြေပြင်စစ်ဆင်ရေးမှာ ပါဝင်ဖို့ ဆော်ဒီရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုလိုက်ပါတယ်။ သူက အခြားနိုင်ငံတွေအနေနဲ့ တက်ကြွစွာ ပါဝင်လာခြင်းဟာ အမေရိကန်က IS တွေကို အရှိန်မြှင့်တိုက်ခိုက်ရေးမှာ ကူညီရာရောက်တယ်လို့ ဆိုပါတယ်။

    Ref: IINA

  • ဆီးရီးယားအား ကူညီရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန်ဒေါ်လာ ၁၀ ဘီလီယံ ကတိပြု

    ဆီးရီးယားအား ကူညီရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန်ဒေါ်လာ ၁၀ ဘီလီယံ ကတိပြု

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    syria 1

    – လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသအား ထောက်ပံ့ကူညီရေး ညီလာခံတွင် ကမ္ဘာ့နိုင်ငံများက စစ်မက်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံအား ကန်ဒေါ်လာ ၁၀ ဘီလီယံ ကူညီရန် ကတိပြုခဲ့သည်ဟု သိရသည်။

    “ပြဿနာတစ်ခုအတွက် တစ်ရက်အတွင်းမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ထောက်ပံ့မှု ဒီလောက်များများ မရရှိခဲ့ဖူးပါဘူး” ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါညီလာခံတွင် ပြောကြားခဲ့သည်။

    Supporting Syria & The Region အမည်ဖြင့် တစ်ရက်တာကြာမြင့်သည့် အဆိုပါညီလာခံကို ကုလနှင့် ယူကေ၊ ကူဝိတ်၊ ဂျာမနီ၊ နော်ဝေနိုင်ငံတို့မှ အစိုးရများ ပူးပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ကတိပြုခဲ့ကြသည့် ထောက်ပံ့ငွေများမှ ထက်ဝက်ကျော်မှာ ယခုနှစ်အတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။

    ၅ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲကြောင့် ပြည်သူ ၂ သိန်း ၅ သောင်းကျော် သေဆုံးခဲ့ပြီး လူပေါင်း ၄ သန်းကျော်မှာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ရသည်။ ပြည်တွင်းဒုက္ခသည်အရေအတွက်မှာ ၆.၅ သန်းခန့် ရှိနေသည်။

    “ဒီနေ့ ကတိပြုမှုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေအနေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေထံကို အသက်ဆက်ဖို့အကူအညီ ဆက်လက်ပေးအပ်နိုင်စေမှာ ဖြစ်ပါတယ်” ဟု ဘန်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါညီလာခံတွင် ဆီးရီးယားဒုက္ခသည်များကို လက်ခံထားသည့် နိုင်ငံများက ဒုက္ခသည်များအတွက် အလုပ်အကိုင်ပေးအပ်ရန်လည်း ကတိပြုခဲ့ပြီး ဂျော်ဒန်၊ လက်ဘနွန်နှင့် တူရကီတို့က ၎င်းတို့နိုင်ငံအတွင်းရှိ ဆီးရီးယားဒုက္ခသည်ကလေးငယ်များ ကျောင်းတက်ခွင့်ရရေးအတွက် ဆောင်ရွက်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: un.org

  • ဖီဖာဥက္ကဌလောင်း အလ်-ခါလီဖာကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ထောက်ခံ

    ဖီဖာဥက္ကဌလောင်း အလ်-ခါလီဖာကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ထောက်ခံ

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    fifa 2

    – ယခုလအတွင်း ပြုလုပ်မည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဘာရိန်းမှ ရှိခ် ဆလ်မန် ဘင် အီဘရာဟင် အလ်-ခလီဖာကို အာဖရိကဘောလုံးအဖွဲ့ချုပ် CAF က ယမန်နေ့တွင် ထောက်ခံခဲ့သည်ဟု သိရသည်။

    ထို့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ခါလီဖာမှာ ဖီဖာဥက္ကဌအဖြစ် အရွေးခံမည့် ၅ ဦးတွင် ဆွစ်ဇာလန်နိုင်ငံမှ ဂီယန်နီ အင်ဖန်တီနိုနှင့်အတူ ပြတ်ပြတ်သားသား ရေပန်းစားလာခဲ့ပြီဖြစ်သည်။ အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော CAF ကမူ ခါလီဖာမှာ မိမိတို့၏ နှစ်သက်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။

    “CAF ဟာ ရှိခ်ဆလ်မန် ဘင် အီဘရာဟင် အလ် ခါလီဖာရဲ့ ဖီဖာဥက္ကဌရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်မှုကို အပြည့်အ၀ ထောက်ခံပါတယ်” ဟု CAF ဒုတိယဥက္ကဌ ဆူကေတူ ပါတဲလ်က ပြောကြားခဲ့သည်။

    အလ်-ခါလီဖာမှာ အာရှဘောလုံးအဖွဲ့ချုပ်၏ ထောက်ခံမှုကိုလည်း ရရှိထားပြီး၊ ယူအီးအက်ဖ် အထွေထွေအတွင်းရေးမှူး အင်ဖန်တီနိုကမူ ယူအီးအက်ဖ်အေနှင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တို့၏ ထောက်ခံမှုကို ရရှိထားသည်။ အာဖရိကဘောလုံးအဖွဲ့ချုပ်၏ ဆလ်မန်အပေါ် ထောက်ခံမှုမှာ ဖီဖာဥက္ကဌလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် တောင်အာဖရိကမှ ကိုစားလှယ်လောင်း တိုကျို ဆက်ဇ်ဝဲလ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။ ဖီဖာဥက္ကဌ ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref: Channelnewsasia

  • ဘာသာပေါင်းစုံချစ်ကြည်ရေး မြှင့်တင်ရန် ယူအေအီးတိုက်တွန်း

    ဘာသာပေါင်းစုံချစ်ကြည်ရေး မြှင့်တင်ရန် ယူအေအီးတိုက်တွန်း

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    UAE 2

    – ယူအေအီးနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးနေ့ (World
    Interfaith Harmony Day) ညီလာခံမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အရေးကြီးကြောင်း ယူအေအီးနိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး ရှိခ် နဟ်ယန် မူဘာရက် အလ်-နဟ်ယန်က ပြောကြားလိုက်ပါတယ်။

    အဲဒီညီလာခံကို ဖောဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ ရက်အနေ့အထိ သတ်မှတ်ထားတဲ့ ကုလရဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး မိမိတို့ရဲ့ ဘာသာတရားအဆုံးအမတွေအတိုင်း တစ်ဦးအပေါ်တစ်ဦး သည်းခံတတ်ဖို့နဲ့ ဘာသာရေးအခြေခံတဲ့ ခွဲခြားမှုတွေရဲ့ အန္တရာယ်ကြီးပုံတွေကိုလည်း အလ်နဟ်ယန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ဘာသာတရားကြီးတွေမှာ လေးလေးနက်နက် ပြဌာန်းထားတဲ့ တစ်ဦးအပေါ်တစ်ဦး သည်းခံမှု၊ လေးစားတတ်မှု ဆုံးမသြ၀ါဒတွေကိုလည်း အဲဒီညီလာခံမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “နားလည်မှုလွဲမှုတွေနဲ့ ယုံမှားသံသယတွေ ဖြန့်ဝေသူတွေကို ရင်ဆိုင်နေရပေမယ့်လည်း ဘာသာတရားတွေကို လိုက်နာကျင့်သုံးခြင်းက စည်းလုံးညီညွတ်မှုကို ရရှိစေပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ်အတွက် ထုတ်ပြန်တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

    နဟ်ယန်ကတော့ ဒီနေ့ခေတ်မှာ ဘာသာတရားတွေအကြား သဟဇာတဖြစ်မှုနဲ့ သည်းခံမှုတွေကို တည်ဆောက်တာဟာ တစ်ဦးတစ်ယောက်ရဲ့ အယူဝါဒကို အပြန်အလှန်လေးစားကြတဲ့ ပိုမိုတောက်ပတဲ့အနာဂတ်အတွက် လမ်းဖွင့်ပေးတာဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လူမှုပြဿနာတွေကို ရင်ဆိုင်ခံစားနေရတဲ့ လူသားတွေမှာ ဘာသာရေးသဟဇာတဖြစ်မှုကို စိတ်ဝင်စားလာတာကြောင့် ယခုညီလာခံ အောင်မြင်မည်ဆိုသည်ကို ယုံမှား သံသယမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး ကမ္ဘာ့ဘာသာတရားတွေအကြား သဟဇာတဖြစ်ရေး ဆွေးနွေးမှုတွေကို ချက်ခြင်းလိုအပ်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။

    လူတွေကြားတဲမှာ ဖြစ်တတ်တဲ့ ယုံကြည်မှုကင်းမဲ့တာ၊ နားလည်မှုမရှိတာ၊ ဘာသာတရား၊ ဒါမှမဟုတ် ယုံကြည်မှုကို အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ ဘာသာမတူသူတွေအပေါ် မုန်းတီးတာ စတာတွေဟာ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ လက်ရောက်စော်ကားမှုနဲ့ ဘာသာတရားကို အလွဲသုံးစားလုပ်ပြီး သတ်ဖြတ်မှုတွေကို ဖြစ်စေနိုင်တာကြောင့် ဒါတွေကို ဖြေရှင်းပြီး သဟဇာတဖြစ်တဲ့ လူဘောင်တစ်ခုကို တည်ဆောက်ဖို့အတွက် ဘာသာတရားအားလုံးရဲ့ အကူအညီကို လိုအပ်တယ်လို့လည်း နဟ်ယန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : IINA