News @ M-Media

Blog

  • နယူးဇီလန်ရှိ လူ ၉ ဦးတွင် ဇီကာဗိုင်းရပ်စ်တွေ့

    နယူးဇီလန်ရှိ လူ ၉ ဦးတွင် ဇီကာဗိုင်းရပ်စ်တွေ့

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    zika 4

    – တောင်ပစိဖိတ်ဒေသသို့ ခရီးသွားရောက်ခဲ့သည့် နယူးဇီလန်ခရီးသွား ၉ ဦးတွင် ခြင်မှတစ်ဆင့်ကူးစက်သော ဇီကာဗိုင်းရစ်ပိုး တွေ့ရှိခဲ့ရသည်ဟု နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။

    ကူးစက်ခံရသူများတွင် တွန်ဂါသို့ သွားရောက်ခဲ့သူ ၄ ဦး၊ ဆာမိုအာသို့ သွားရောက်ခဲ့သူ ၄ ဦးတို့ ပါဝင်ပြီး ဇီကာဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုကြောင့် ခရီးသွားသတိပေးချက်များ ထုတ်ပြန်ထားသည့် နိုင်ငံများစာရင်းတွင် ထိုနိုင်ငံများကို ထည့်သွင်းသွားမည်ဟု MOH က ပြောကြားခဲ့သည်။

    ကူးစက်ခံရသူများတွင် ၄ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၂ ဦးမှာ ကိုယ်ဝန်ဆောင်မှုအလားအလာ မရှိနိုင်ဘဲ၊ အခြား ၂ ဦးကိုမူ ဆက်လက်စစ်ဆေးရန် လိုအပ်နေသည်။ ဦးနှောက်ထိခိုက်ကာ မှတ်ဥာဏ်ချို့ယွင်းမှု ဖြစ်ပွားသည့် အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ မိခင်မှ သန္ဓေသားသို့လည်း ကူးစက်နိုင်သည်။

    နယူးဇီလန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်ကလည်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၇ ဦး၊ ၂၀၁၅ ခုနှတွင် ၉ ဦးတို့ တွေ့ရှိခဲ့ရပြီး ယခုနှစ် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉ ဦးတွင် ၁ ဦးမှာ ပြန်လည်ကျန်းမာလာခဲ့သည်။

    Ref: Channelnewsasia

  • သမ္မတဟောင်းများ တရားစွဲဆိုခံရမှုမှ ကာကွယ်ပေးသည့်ဥပဒေ ဖျက်သိမ်းရန် AI က မြန်မာနိုင်ငံကို တောင်းဆို

    သမ္မတဟောင်းများ တရားစွဲဆိုခံရမှုမှ ကာကွယ်ပေးသည့်ဥပဒေ ဖျက်သိမ်းရန် AI က မြန်မာနိုင်ငံကို တောင်းဆို

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    myanmar

    – လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာဥပဒေအောက်ရှိ ရာဇ၀တ်မှုများအတွက် သမ္မတဟောင်းများ တရားစွဲဆိုခံရခြင်းမှ ကာကွယ်ပေးထားသည့် ဥပဒေကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန်အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International (AI) က မြန်မာအစိုးရအား တိုက်တွန်းဆော်သြလိုက်သည်။

    မကြာမီ သက်တမ်းကုန်တော့မည့် လွှတ်တော်မှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကို အတည်ပြုခဲ့ပြီး ထိုဥပဒေမှာ သမ္မတရာထူးဖြင့် တာဝန်ထမ်းဆောင်စဉ် ကျူးလွန်ခဲ့မှုများအတွက် အရေးယူခံရခြင်းမှ အကာကွယ်ပေးထားသည့် ဥပဒေဖြစ်သည်။

    AI ကမူ အဆိုပါ ဥပဒေမှာ တရားမျှတမှု၊ အမှန်တရားနှင့် လျော်ကြေးရရှိမှုဆိုင်ရာ မိသားစုများ၏ အခွင့်အရေးကို ခြိမ်းခြောက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေအောက်ရှိ ရာဇ၀တ်မှုများအား တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကတိက၀တ်ကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များ၊ ကုလသမ္မဂနှင့် အခြားသောနိုင်ငံများက ဖိအားများရှိနေသော်လည်း မြန်ာနိုင်ငံမှာ အဆိုပါ ဥပဒေပြဌာန်းမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    Ref: Jurist

  • ရုရှားနှင့် နျူလောင်စာလဲလှယ်မှု အလွန်အကျိုးရှိဟု အီရန်ပြော

    ရုရှားနှင့် နျူလောင်စာလဲလှယ်မှု အလွန်အကျိုးရှိဟု အီရန်ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    iran

    – မကြာခင်ကမှ ရုရှားနဲ့ပြုလုပ်ခဲ့တဲ့ နျူကလီးယားလောင်စာ လဲလှယ်ခြင်းဟာ အင်မတန်အကျိုးအမြတ်ဖြစ်ထွန်းခဲ့တယ်လို့ အီရန် အနုမြူစွမ်းအင်အဖွဲ့ (AEOI) ဥက္ကဌ အလီအက္ကဘာ ဆာလေဟီက ပြောဆိုလိုက်ပါတယ်။

    အဲဒီလိုလဲလှယ်မှုကနေတစ်ဆင့် ယူရေနီယံသန့်စင်မှုအတွက် အီရန်နိုင်ငံဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ပြီး၊ သန့်စင်ပြီးသား ယူရေနီယံတွေကိုလည်း နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်မှာဖြစ်တယ်လို့ ဆာလေဟီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရန်ဟာ သန့်စင်ထားတဲ့ ယူရေနီယံ ၁၁ တန်ကို ရုရှားထံတင်ပို့ခဲ့ကာ မသန့်စင်ရသေးတဲ့ ယူရေနီယံ တန် ၂၂၀ ကို ရုရှားထံကနေ ပြန်လည်ရရှိခဲ့တယ်လို့ AEOI က ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ကြေငြာခဲ့ပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံအကြား သမိုင်းဝင် နျူကလီးယား သဘောတူညီမှုတစ်ရပ် ရရှိပြီးတဲ့နောက် ယခုအလဲအလှယ်ဟာ အီရန်ရဲ့ အဓိကခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

    အဲဒီသဘောတူညီချက်အရ အီရန်နိုင်ငံမှာရှိနေတဲ့ သန့်စင်ပြီးသား ယူရေနီယံတွေ လျော့ချဖို့အတွက် ရွေးချယ်စရာ ၃ ခုရှိခဲ့တယ်လို့ ဆာလေဟီက ပြောကြားခဲ့ပါတယ်။

    “ပထမတစ်ခုက ယူရေနီယံကို အားပျော့အောင်လုပ်ရမယ်။ ဒါက အဓိပ္ပါယ်မရှိပါဘူး။ ဒုတိယတစ်ခုက ရောင်းပစ်ရမယ်။ နောက်ဆုံး ရွေးချယ်စရာတစ်ခုကတော့ Bushehr နျူဓာတ်အားပေးစက်ရုံက လိုအပ်တဲ့လောင်စာတွေအဖြစ် ပြောင်းလဲပစ်ရပါမယ်”

    Bushehr ဟာ လက်ရှိလည်ပတ်နေတဲ့ အီရန်ရဲ့ ပထမဆုံး နျူဓာတ်အားပေးစက်ရုံ ဖြစ်ပါတယ်။ အဲဒီစက်ရုံအတွက် နျူ လောင်စာထားရှိတဲ့ စက်ရုံတစ်ခုတည်ဆောက်ဖို့ အီရန်နိုင်ငံက စီစဉ်နေပြီး ၂ နှစ်လောက် ကြာမြင့်မှာဖြစ်ပါတယ်။

    အီရန်နိုင်ငံရဲ့ နျူကလီးယားကဏ္ဍမှာ နိုင်ငံတော်တော်များများက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေကြပြီး အီရန်နဲ့ စပိန်နိုင်ငံတို့အကြား နျူပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်ဖို့ ရှိနေတယ်လို့လည်း အီရန်အာဏာပိုင်တွေက ပြောကြားထားပါတယ်။

    Ref; presstv

  • ပက်ကွီအို အနားယူမည်ဆိုခြင်းကို အာမ မခံနိုင်ဟု ပွဲစီစဉ်သူ ပြော

    ပက်ကွီအို အနားယူမည်ဆိုခြင်းကို အာမ မခံနိုင်ဟု ပွဲစီစဉ်သူ ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    pac
    နောက်ဆုံးပွဲအတွက် ဖိလစ်ပိုင်တွင် လေ့ကျင့်ခန်းဆင်းနေသည့် ပက်ကွီအို

    – လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲအတွက် လေ့ကျင့်မှုများကို ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုက ဖိလစ်ပိုင်တွင် စတင်ပြုလုပ်နေပြီး ၎င်း၏ ပွဲစီစဉ်သူကမူ ပက်ကွီအိုမှာ ကြိုးဝိုင်းအတွင်းသို့ ပြန်လည် ၀င်ရောက်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ပက်ကွီအိုမှာ ဧပြီလအတွင်း လက်စ်ဗီးဂက်စ်၌ အမေရိကန်လက်ဝှေ့ကျော် တီမောသီ ဘရက်ဒလေနှင့် ထိုးသတ်မည်ဖြစ်သည်။ ၎င်းတို့ ၂ ဦးမှာ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံထားကာ တစ်ကြိမ်စီ အနိုင်ရရှိထားသည်။ အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုက ထိုပွဲမှာ ၎င်း၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲ ဖြစ်မည်ဖြစ်ပြီး နိုင်ငံရေးလောကသို့ ၀င်ရောက်တော့မည်ဟု ပြောကြားထားသည်။

    သို့သော်လည်း ၎င်း၏ ပွဲစီစဉ်သူ ဘော့ဘ် အေရမ်ကမူ ပက်ကွီအိုမှာ ကြိုးဝိုင်းအတွင်းသို့ နောက်ထပ် ၀င်ရောက်နိုင်မည်ဆိုသည့် ယူဆချက်ကို ငြင်းဆိုခဲ့ခြင်း မပြုခဲ့ပေ။

    “နောက်ဆုံးအချီပြီးဆုံးကြောင်း အချက်ပေးခေါင်းလောင်းထိုးတဲ့အချိန် မန်နီပက်ကွီအိုက ပြန်ပြီး စဉ်းစားရတော့မှာပါ။ သူ ကြိုးဝိုင်းထဲပြန်လာဖို့ ဆုံးဖြတ်မလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ကျွန်တော် ဒီလက်ဝှေ့လောကထဲမှာ ကျင်လည်လာတာ နှစ် ၅၀ လောက်ရှိပါပြီ။ လက်ဝှေ့သမားတွေ အနားယူသွားတာကို ကျွန်တော်သိပါတယ်။ ရော်ကီ မာစီယာနိုကိုကြည့်ပါ။ သူ ကြိုးဝိုင်းထဲ ပြန်ဝင်လာတာပဲ။ အခုပွဲဟာ မန်နီအတွက် နောက်ဆုံးပွဲဖြစ်မလားလို့မေးရင် ကျွန်တော် အာမခံဖို့ အဆင်သင့်မဖြစ်သေးပါဘူး” ဟု အေရမ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Dailymail

  • အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်နေသည်ဟု ဘန်ကီမွန်ပြော

    အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်နေသည်ဟု ဘန်ကီမွန်ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    ben

    – ပါလက်စတိုင်းတွေနဲ့ ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့ အစ္စရေးအစိုးရက ပျက်ကွက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    “နှစ်ပေါင်းငါးဆယ်နီးပါးလောက် ကျူးကျော်ပိတ်ဆို့ခံခဲ့ရကာ အော်စလိုကတိက၀တ်တွေကို အကောင်အထည် ဖော်မလားဆိုပြီး ဆယ်စုနှစ်များစွာ စောင့်ဆိုင်းနေခဲ့ရပြီးတဲ့နောက် ပါလက်စတိုင်းပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ပျောက်ဆုံးနေပါပြီ” လို့ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းအခွင့်အရေးဆိုင်ရာ ကော်မတီမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

    ဘန်ကီမွန်ရည်ညွှန်းတဲ့ အော်စလို ကတိက၀တ်ဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ အစ္စရေးအစိုးရနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) တို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားတဲ့ အော်စလိုသဘောတူညီချက် ဖြစ်ပါတယ်။

    “အထူးသဖြင့် လူငယ်တွေဟာ မျှော်လင့်ချက် ပျောက်ဆုံးနေပါတယ်။ သူတို့မြေကို ကျူးကျော်သိမ်းပိုက်နေခြင်းက သူတို့ကို ဒေါသူပုန်ထစေခဲ့တာပါ။ သွက်ချပါဒလိုက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ရာစုနှစ်တစ်ဝက်လောက်ဖိနှိပ်ကျူးကျော်ခံခဲ့ရတဲ့ အနေအထားအောက်မှာ ပါလက်စတိုင်းပြည်သူတွေ စိတ်ပျက်လက်ပျက်ဖြစ်နေမှုက ကြီးထွားလာခဲ့ပါပြီ” လို့ ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေထဲမှာ အစ္စရေးက တရားမ၀င် ကျူးကျော်အခြေချအိမ်ယာတွေကို ထပ်မံတိုးချဲ့ဆောက်လုပ်မှုနဲ့ပတ်သက်ပြီးတော့လည်း ဘန်ကီမွန်က အင်္ဂါနေ့မှာ ဝေဖန်ပြောကြားခဲ့ပြီး ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဘန်ကီမွန်အနေနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် မြှောက်ပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဘက်မလိုက်မူဝါဒဟာ အချိန်အတော်ကြာကတည်းက ပျောက်ဆုံးနေခဲ့ ပြီလို့ နေတန်ယာဟုက ဆိုပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျရုစလင်တို့က ပါလက်စတိုင်းတွေရဲ့ ပိုင်နက်မှာ အစ္စရေးက ကျူးကျော်အိမ်ယာ ဆောက်လုပ်မှုဟာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ပါလက်စတိုင်းပိုင်နက်အတွင်းက ကျူးကျော်အိမ်ယာတွေမှာနေထိုင်တဲ့ အစ္စရေးအရေအတွက်ဟာ သန်းဝက် ကျော်လာခဲ့ပါပြီ။

    ကုလနဲ့ ကမ္ဘာ့နိုင်ငံအများစုက အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်တာကြောင့် ဥပဒေနဲ့မညီဘူးလို့ သတ်မှတ်ထားပါတယ်။

    ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးက အခြေချဝင်ရောက်နေထိုင်နေကြတဲ့အတွက် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြီးမားတဲ့အတားအဆီးတစ်ရပ် ဖြစ်နေပါတယ်။ ပါလက်စတိုင်းအာဏာပိုင်တွေအနေနဲ့ အနာဂတ်မှာ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်သတ်မှတ်ပြီး နောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံတော် နယ်နမိတ်အဖြစ် သတ်မှတ်ထားပါတယ်။

    Ref:Press TV