News @ M-Media

Blog

  • ကိုဗစ်စည်းမျဥ်းချိုးဖောက်မှုဖြင့် ယူကေ၀န်ကြီးချုပ်ရုံး ဒဏ်ရိုက်ခံရ

    ကိုဗစ်စည်းမျဥ်းချိုးဖောက်မှုဖြင့် ယူကေ၀န်ကြီးချုပ်ရုံး ဒဏ်ရိုက်ခံရ

    မတ် ၂၉၊ ၂၀၂၂

    M-Media 


    -၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရုံးထိုင်တဲ့ လန်ဒန်မြို့ ၀န်ကြီးချုပ်ရုံးက ၀န်ထမ်း ၂၀ ကို ကိုဗစ်စည်းမျဥ်း ချိုးဖောက်မှုအတွက် ဒဏ်တပ်ခဲ့တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ 

    ၂၀၂၀၊ ၂၀၂၁ ကာလ ကိုဗစ်စည်းကမ်း တင်းကြပ်ထားချိန် ၀န်ကြီးချုပ် ဂျွန်ဆင်နဲ့ သူ့ရုံးက တာ၀န်ရှိသူတွေဟာ သောက်ပွဲပါတဲ့ပါတီ အနည်းဆုံး တစ်ဒါဇင်လောက် ကျင်းပခဲ့တယ်ဆိုတဲ့ နာမည်ကျော်ပြဿနာအတွက် ပထမဆုံး အရေးယူမှု ဖြစ်ပါတယ်။

    ဘယ်သူတွေ ဒဏ်ငွေပေးဆောင်ခဲ့ရလဲဆိုတာ ထုတ်မပြောဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ၀န်ကြီးချုပ် ဂျွန်ဆင်က အခုတစ်ခေါက် အရေးယူမှုမှာ ပါ၀င်ဖွယ် မရှိပါဘူး။ 

    ဒီကိစ္စကို အစပိုင်းမှာ ဂျွန်ဆင်က ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကိုဗစ်စည်းမျဥ်းကို ချိုးဖောက်ကာ လူစုလူ၀ေးလုပ်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ 

    ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ထူးခြားမှုရှိရင် လူသိရှင်ကြား ထုတ်ပြန်သွားမယ်လို့ ယူကေ၀န်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပါတယ်။ 

    ၀န်ကြီးချုပ် ဂျွန်ဆင်ဟာ ပြစ်မှုထင်ရှားရန် အနည်းဆုံး ဒဏ်ငွေရိုက်ခံရမှာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • သီရိလင်္ကာတွင် အိန္ဒိယက ဓာတ်အားပေးစက်ရုံ ဆောက်ခွင့်ရ

    သီရိလင်္ကာတွင် အိန္ဒိယက ဓာတ်အားပေးစက်ရုံ ဆောက်ခွင့်ရ

    မတ် ၂၉၊ ၂၀၂၂

    M-Media 

    -သီရိလင်္ကာမြောက်ပိုင်းက ကျွန်းတွေမှာ ဖက်စပ် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး သဘောတူညီချက်တစ်ခုကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ပြီး ဒါဟာ တရုတ်အပေါ် မဟာဗျူဟာမြောက် အောင်ပွဲတစ်ခု ရလိုက်တာလည်း ဖြစ်ပါတယ်။ 

    အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး သီရိလင်္ကာကို ရောက်ရှိနေတဲ့အချိန် ဒီသဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ရေကြောင်း ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့၊ သီရိလင်္ကာမှာ ငါးလုပ်ငန်းဆိပ်ကမ်းတွေ တည်ဆောက်ဖို့လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။ 

    သီရိလင်္ကာက ကျွန်းတွေမှာ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့ တရုတ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီအစီအစဥ်ကို နောက်ပိုင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။ 

    အိန္ဒိယက အခုရရှိခဲ့တဲ့ သဘောတူညီချက်ဟာ တရုတ်နဲ့ပျက်သွားတဲ့ စီမံကိန်းမှာ အစားထိုးမှာလား၊ သီးခြားစီမံကိန်းလားဆိုတာ အတိအကျ မသိရပါဘူး။ 

    ဘဏ္ဍာရေးအကြပ်အတည်းကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာဟာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ သြဇာလွှမ်းမိုးမှု ယှဥ်ပြိုင်ရာ ဒေသဖြစ်ပါတယ်။ 

    တရုတ်ရဲ့ Belt and Road (BRI) စီမံကိန်းနောက်ဆက်တွဲ အကြွေးနွံ နစ်လာတာကြောင့် သီရိလင်္ကာဟာ ဆိပ်ကမ်းတစ်ခုကို တရုတ်ဆီ ထိုးအပ်ခဲ့ရပါတယ်။ 

    Ref: South China Morning Post 

  • ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ အကြီးဆုံး ကိုယ်ထူကိုယ်ထကျောင်းကို ဘင်္ဂလားဒေ့ရှ် ပိတ်ပစ်

    ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ အကြီးဆုံး ကိုယ်ထူကိုယ်ထကျောင်းကို ဘင်္ဂလားဒေ့ရှ် ပိတ်ပစ်

    မတ် ၂၉၊ ၂၀၂၂

    M-Media 


    -ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဖွင့်လှစ်ထားတဲ့ အကြီးဆုံး စာသင်ကျောင်းတစ်ခုကို ခွင့်ပြုချက်မရှိဆိုတဲ့ ခေါင်းစဥ်နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စတင်ပြီး ဒုက္ခသည်စခန်းက ကျောင်းတွေကို ပိတ်ပစ်နေတာ ဖြစ်ပါတယ်။ စခန်းထဲက အကြီးဆုံးကျောင်း ‘ကာယာပူရီ’ ဟာ ပြီးခဲ့တဲ့တစ်ပတ်က ပိတ်ခံခဲ့ရပါတယ်။

    “သတ်မှတ်ထားတဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူကမှ စာသင်ကျောင်း ဖွင့်လို့မရပါဘူး။ ဒါကို လက်မခံနိုင်ပါဘူး” လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာ၀န်ရှိသူ တစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ကာယာပူရီကျောင်းကို ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင် မိုဟီဘူလာက ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဆရာတွေက ကိုယ်ထူကိုယ်ထ အိတ်စိုက်ကာ ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားတာပါ။ 

    ဒီကျောင်းမှာ ကျောင်းသား အယောက် ၆၀၀ လောက် တက်ရောက်နေပါတယ်။ ကျောင်းတည်ထောင်သူ မိုဟီဘူလာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လုပ်ကြံခံလိုက်ရပါတယ်။ 

    ၁၉၇၀ ပြည့်နှစ်တွေကတည်းက မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ ဒုက္ခသည် တစ်သန်းလောက် ခိုလှုံနေရပါတယ်။ ၂၀၁၇-၂၀၁၈ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို ကမ္ဘာက ပိုမို အာရုံစိုက်လာခဲ့ပြီး ကုလလသမဂ္ဂက လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ပြောထားပါတယ်။ 

    ကုလသမဂ္ဂ ကလေးငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ UNICEF ဟာ ဒုက္ခသည်စခန်းမှာရှိတဲ့ အသက် ၄ နှစ်ကနေ ၁၄ နှစ်အထိ ကလေးငယ်တွေကို အခမဲ့ ပညာသင်ပေးပေမယ့် ၁၄ နှစ်အထက် လူငယ်တွေကတော့ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ အစ္စလာမ်ဘာသာရေးကျောင်းတွေမှာ ပညာသင်ယူနေရတာ ဖြစ်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ပညာသင်ကြားခွင့်ရအောင် စီစဥ်မပေးထားပါဘူး။ 

    Ref: The Star 

  • အကြွေးနွံနစ်နေသည့် သီရိလင်္ကာက အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ချေး

    အကြွေးနွံနစ်နေသည့် သီရိလင်္ကာက အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ချေး

    မတ် ၂၈၊ ၂၀၂၂

    M-Media 


    -လွတ်လပ်ရေးရပြီး နှစ် ၇၀ အတွင်း စီးပွားရေးကြပ်တည်းမှု ဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ သီရိလင်္ကာနိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်ချေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

    ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ ငွေကြေးတန်ဖိုးကျမှုတွေကြောင့် သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားအရန်ငွေ သိသိသာသာ ကျဆင်းကာ လောင်စာဆီ၊ ဆန်၊ ဂျုံ၊ ပြောင်း၊ သကြား၊ ဆေး၀ါး စတဲ့ အခြေခံကုန်ပစ္စည်းတွေ နိုင်ငံခြားက မတင်သွင်းနိုင် ဖြစ်နေပါတယ်။ 

    အမည်မဖော်လိုတဲ့ ရင်းမြစ်နှစ်ခုက ဒီအခက်အခဲကို ကုစားဖို့အတွက် သီရိလင်္ကာဟာ အိန္ဒိယနိုင်ငံကနေ ကန်ဒေါ်လာ ၁ ဘီလီယံ ချေးယူဖို့ တောင်းဆိုထားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

    နှစ်နိုင်ငံစလုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာဟာ လက်ရှိမှာ သီရိလင်္ကာကို ရောက်ရှိနေပါတယ်။ 

    သီရိလင်္ကာအစိုးရဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကနေလည်း ငွေကြေးအကူအညီရယူဖို့ လုပ်ဆောင်နေပါတယ်။ 

    Ref: Aljazeera 

  • တာလီဘန်က ပြည်သူများအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများ ထပ်တိုးလုပ်ဆောင်

    တာလီဘန်က ပြည်သူများအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများ ထပ်တိုးလုပ်ဆောင်

    မတ် ၂၈၊ ၂၀၂၂

    M-Media 


    -အမျိုးသမီးတွေကို တစ်ယောက်တည်း လေယာဥ်စီးခွင့် မပေးတာအပါအ၀င် တာလီဘန်က အာဖဂန်ပြည်သူတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ ထပ်တိုး လုပ်ဆောင်လိုက်ပါတယ်။ 

    ဘီဘီစီက သတင်းတွေကို မလွှင့်ဖို့ ပြည်တွင်းသတင်းဌာနတွေကို ညွှန်ကြားတာ၊ အမျိုးသားနဲ့ အမျိုးသမီးတွေ တွဲပြီး ပန်းခြံတွေမှာ သွားရောက်လည်ပတ်မှု ပိတ်ပင်တာ၊ အစိုးရ၀န်ထမ်းတွေမှာ အမျိုးသားတွေ မုတ်ဆိတ်မထားမနေရ၊ ဦးထုပ် ဒါမှမဟုတ် ခေါင်းပေါင်း မဆောင်းမနေရ၊ သတ်မှတ်ထားတဲ့ ၀တ်စုံကို မ၀တ်မနေရ စတာတွေ ပါ၀င်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် သြဂုတ်လက အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ တာလီဘန်ဟာ အမျိုးသမီးတွေကို ကျောင်းတက်ခွင့်မပေးတာ၊ အစိုးရဌာနတွေမှာ အလုပ်လုပ်ခွင့်မပေးတာ စတဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်ထားတာပါ။ 

    ပြီးခဲ့တဲ့ရက်ပ်ိုင်း ပြည်တွင်း လေကြောင်းလိုင်းတွေကို ပေးပို့တဲ့ ညွှန်ကြားစာမှာတော့ အုပ်ထိန်းသူ အမျိုးသားတစ်ဦးမပါ၀င်ရင် အမျိုးသမီးတွေကို လေယာဥ်စီးခွင့်မပြုဖို့ အမိန့်ပေးထားပါတယ်။ 

    အစိုးရ၀န်ထမ်းတွေ မုတ်ဆိတ်ထားမထား၊ သတ်မှတ်၀တ်စုံ ၀တ်မ၀တ်ကို တာလီဘန်အာဏာပိုင်တွေက ရှောင်တစ်ခင်၀င်ရောက်စစ်ဆေးတာမျိုး တနင်္လာနေ့က စတင်ပြုလုပ်နေပြီး မလိုက်နာရင် ၀င်ခွင့်မပေးတာ၊ အလုပ်ဖြုတ်တာတွေအထိ လုပ်မယ်လို့ သတိပေးထားပါတယ်။ 

    ပန်းခြံတွေမှာ တရား၀င် လက်ထပ်ထားတဲ့ စုံတွဲတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိသားစုတွေတောင် အမျိုးသား၊ အမျိုးသမီး အတူသွားရောက်ခွင့် မပေးဘဲ၊ အမျိုးသမီးတွေအတွက် ၃ ရက်၊ အမျိုးသားတွေအတွက် ၄ ရက် တာလီဘန်က ရက်သတ်မှတ်ထားပါတယ်။ 

    Ref: AP