News @ M-Media

Blog

  • ဘရာဇီးလ်တိုက်စစ်မှူး ပါတိုအား ချယ်ဆီးက အငှားဖြင့်ခေါ်ယူ

    ဘရာဇီးလ်တိုက်စစ်မှူး ပါတိုအား ချယ်ဆီးက အငှားဖြင့်ခေါ်ယူ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    pato

    – အေစီမီလန်အသင်း၏ တိုက်စစ်မှူဟောင်း အလက်ဇန်ဒရို ပါတိုအား ချယ်ဆီးအသင်းက ၆ လ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်ဟု သိရသည်။

    လူငယ်ဘ၀က အေစီမီလန်အသင်းတွင် အောင်မြင်ခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူး ပါတိုမှာ နောက်ပိုင်းတွင် ခြေစွမ်းကျဆင်းမှုကြောင့် ဘရာဇီးကလပ် ကိုရင်သီယန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်တွင် ဆော်ပေါ်လိုအသင်းတွင်ကစားကာ ခြေစွမ်း ကောင်းများကို ပြန်လည်ပြသနေသည်။

    အသက် ၂၆ နှစ်အရွယ်ရှိ ပါတိုမှာ ယမန်နေ့က လန်ဒန်သို့ ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုများ ပြုလုပ်နေကာ ယနေ့တွင် ချယ်ဆီးအသင်းနှင့် အပြီးသတ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်သည်။

    “သိပ်ပျော်ပါတယ်။ ဒီကို ကျွန်တော့်ရဲ့ အိပ်မက်အတွက် ရောက်လာတာပါ။ ချယ်ဆီးဟာ ကျွန်တော့်ရဲ့ အိုးသစ်အိမ်သစ်ပါပဲ။ ချယ်ဆီးပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ Instagram၊ Twitter နဲ့ Facebook က ကျွန်တော့်ရဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု လန်ဒန်သို့ရောက်ရှိပြီးနောက် ပါတိုက ပြောကြားခဲ့သည်။

    ပါတိုမှာ ချယ်ဆီးနည်းပြ ဂူဟစ်ဒင့်၏ ဇန်န၀ါရီတွင် ပထမဆုံးခေါ်ယူသော ကစားသမားလည်းဖြစ်သည်။

    Ref: ESPN

  • ဇီကာဗိုင်းရပ်စ်အန္တရာယ်လျှော့ချရေး စင်ကာပူ စတင်ဆောင်ရွက်မည်

    ဇီကာဗိုင်းရပ်စ်အန္တရာယ်လျှော့ချရေး စင်ကာပူ စတင်ဆောင်ရွက်မည်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    zika

    – နိုင်ငံအတွင်းက ပြည်သူလူထုတွေထဲမှာ ဇီကာဗိုင်းရပ်စ်ပျံ့နှံ့မှု လျှော့ချဖို့အတွက် ဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားတော့မယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (MOH) နဲ့ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (NEA) တို့က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒေသအတွင်း ဇီကာဗိုင်းရပ်စ်ပိုး ရောက်နေတာ၊ ကမ္ဘာလှည့်ခရီးသွားတွေလာရောက်မှု၊ စင်ကာပူနိုင်ငံသားတွေ ခရီးသွားလာမှုတွေရှိနေတာ စတာတွေကြောင့် “ဇီကာဗိုင်းရပ်စ် စင်ကာပူထဲရောက်လာမယ့် အချိန်ကို ဘယ်လိုမှ ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး” လို့ စင်ကာပူအာဏာပိုင်တွေက ဆိုပါတယ်။

    ထိုင်ဝမ်ကလည်း ထိုင်းဘက်ကနေ ဇီကာဗိုင်းရပ်စ်ပိုး ၀င်ရောက်မှုတွေရှိခဲ့တယ်လို့ ဇန်န၀ါရီ ၁၉ ရက်နေ့က သတင်း ထုတ်ပြန်ထားပြီး ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုဖြစ်ပေါ်နေတဲ့ တိုင်းပြည်တွေကတော့ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အယ်ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတီနစ်၊ ပနားမားနဲ့ ဆူရီနမ်နိုင်ငံတို့ ပါဝင်ပါတယ်။

    ဇီကာဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ဖို့ စင်ကာပူအာဏာပိုင်တွေက ထုတ်ပြန်မယ့် သတ်မှတ်ချက်တွေထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်နေတဲ့ နိုင်ငံတွေကို ခရီးသွားလာသူများအနေနဲ့ အကျီ၊ ဘောင်းဘီအရှည်များ ၀တ်ဆင်ဖို့၊ ခြင်ပြေးဆေးတွေကို ကိုယ်မှာလိမ်းကျုံဖို့၊ ခြင်ထောင်များအသုံးပြု အိပ်စက်ဖို့၊ ခြင်မ၀င်အောင် ခြင်လုံဇကာများတပ်ဆင်ဖို့၊ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအကြံပြုချက် ပိုစတာများကို ပြင်ပမှရောက်လာမယ့် ခရီးသည်တွေအတွက် လေဆိပ်များတွင် ကပ်ထားမှာဖြစ်ပါတယ်။

    ရောဂါပိုးပြန့်နှံ့နေတဲ့နိုင်ငံတွေက ပြန်လာတဲ့သူတွေအနေနဲ့ ၁၄ ရက်အတွင်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လက္ခဏာတွေ တွေ့တဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အကြံပေးတာလည်း ဒီဆောင်ရွက်ချက်မှာ ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်နိုင်တဲ့ ခြင်အမျိုးအစားကို ထိန်းချုပ်နှိမ်နင်းတာတွေကိုလည်း စင်ကာပူက လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

    MOH ကတော့ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကူးစက်ရောဂါအက်ဥပဒေအောက်မှာရှိတဲ့ သတိထားရမယ့် ကူးစက်ရောဂါများစာရင်းမှာ ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ ဆရာဝန်တွေအနေနဲ့ ဖြစ်လာနိုင်တဲ့ ကူးစက်မှုတွေကို သတိရှိဖို့အတွက် MOH ဟာ ဆေးဘက်ဆိုင်ရာနယ်ပယ်တွင်လည်း ဇီကာဗိုင်းရပ်စ်ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    Ref : Channelnewsasia

  • လက်ရှိခြေစွမ်းကို ကျေနပ်မနေသင့်ဟု အသင်းသားများကို ဂျူဗင်တပ်စ်နည်းပြ သတိပေး

    လက်ရှိခြေစွမ်းကို ကျေနပ်မနေသင့်ဟု အသင်းသားများကို ဂျူဗင်တပ်စ်နည်းပြ သတိပေး

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    juve

    – ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် အင်တာအား အကောင်းဆုံးခြေစွမ်းဖြင့် အနိုင်ယူနိုင်ခဲ့သော်လည်း မိမိတို့မှာ ကျေနပ်နေ၍မရဘဲ အလုပ်မပြီးဆုံးသေးဟု ဂျူဗင်တပ်စ်အသင်းနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားလိုက်သည်။

    ပထမအကျော့အဖြစ် ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဂျူဗင်တပ်စ်မှာ မိုရာတာ၊ ဒိုင်ဘာလာတို့၏ သွင်းဂိုး ၃ ဂိုးဖြင့် အင်တာအား ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း ပယ်လီဂရီနီကမူ အသင်းသားများအနေဖြင့် ထပ်မံ တိုးတက်ရမည်ဟု ဆိုသည်။

    “အခုအချိန်မှာ ဂျူဗင်တပ်စ်အသင်းက ကောင်းနေပါတယ်။ အသင်းသားတွေကကလည်း ကောင်းကောင်းကစားနိုင်ပါတယ်။ လွယ်တော့မလွယ်ဘူးပေါ့လေ။ ကျွန်တော်တို့ဟာ ခံစစ်မှာ ကောင်းနေပေမယ့် ပြင်ဆင်တဲ့နေရာမှာ ပိုကောင်းအောင် လုပ်ရပါမယ်။ အခုအချိန်မှာ (စွမ်းဆောင်ရည်ကနေ) ကျေနပ်မှုတွေ ရရှိနေပေမယ့် လုပ်စရာတွေအများကြီး ရှိပါတယ်။ ကိုပါအီတာလီယာ ဖိုင်နယ်ကို ကျွန်တော်တို့ တက်ရအုံးမယ်။ လိဂ်မှာလည်း ကျွန်တော်တို့က ဒုတိယနေရာမှာပါ။ ပထမ မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • နိုင်ငံအတွင်း သေနတ်ပစ်မှုကြောင့် သေဆုံးသည့် အမေရိကန်အရေအတွက်က စစ်ပွဲတွင် သေဆုံးမှုထက် ပိုများနေ

    နိုင်ငံအတွင်း သေနတ်ပစ်မှုကြောင့် သေဆုံးသည့် အမေရိကန်အရေအတွက်က စစ်ပွဲတွင် သေဆုံးမှုထက် ပိုများနေ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၀၆
    M-Media

    us

    – ၁၉၆၃ ခုနှစ် နှောင်းပိုင်းမှာ သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရပြီးတဲ့နောက်ပိုင်းကစလို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသားအရေအတွက်ဟာ အမေရိကန်ပါဝင်တဲ့ စစ်ပွဲတွေမှာ သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသား အရေအတွက်ထက် ပိုမို များပြားနေတယ်လို့ စစ်တမ်းတွေအရ သိရှိရပါတယ်။

    သေနတ်ထိန်းချုပ်ရး အသိပညာပေးအဖွဲ့တစ်ခုဖြစ်တဲ့ Virginia Center for Public Safety အဖွဲ့က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လက်ကမ်းစာစောင်မှာ ဖော်ပြထားတာဖြစ်ပြီး နိုင်ငံရေးအချက်အလက်တွေကို ဖော်ပြနေတဲ့ PolitiFact ၀ဘ်ဆိုက်မှာတော့ အသေးစိတ်အချက်အလက်နဲ့တကွ ဖော်ပြထားပါတယ်။

    ကွန်ဂရက်သုတေသနဌာနရဲ့ မှတ်တမ်းတွေအရ တော်လှန်ရေးစစ်ပွဲကစတင်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထိ စစ်ရေးပဋိပက္ခတွေမှာ သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသား အရေအတွက်ဟာ ၁.၂ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ Binghamton တက္ကသိုလ် သမိုင်းဌာနကတော့ အမေရိကန်ပြည်တွင်းစစ်အတွင်း သေဆုံးသူဟာ ထုတ်ပြန်ထားတာထက် ၂၀ ရာခိုင်နှုန်း ပိုများမယ်လို့ ၂၀၁၂ ခုနှစ်က တွက်ချက်ခဲ့တာကြောင့် နှစ်ပေါင်း ၅၀ အတွင်းမှာ အမေရိကန်ပါဝင်တဲ့ စစ်ရေးပဋိပက္ခတွေအတွင်း သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသားအရေအတွက်ဟာ ၁.၄ သန်းရှိမယ်လို့ မှတ်ယူနိုင်ပါတယ်။

    us fire arm death
    ပြည်နယ်အလိုက် သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည့် အခြေအနေ

    တစ်ဖက်မှာ နိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသား အရေအတွက်ဟာ ၁၉၆၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ၁.၅ သန်းနီးပါးလောက် ရှိခဲ့ကာ စစ်ပွဲတွေအတွင်းမှာ သေဆုံးခဲ့သူတွေထက်ကို ပိုများနေတာ တွေ့ခဲ့ရပါတယ်။

    အဲဒီသေနတ်ဖြစ်ခတ်မှုအတွေအတွင်းမှာ ၆၃ ရာခိုင်နှုန်းဟာ မိမိကိုယ်ကို သတ်သေတာဖြစ်ပြီး၊ ၃၃ ရာခိုင်နှုန်းကတော့ လူသတ်မှုတွေဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်အရင်က သေနတ်ပစ်ခတ်မှုအချက်အလက်တွေကိုတော့ ရှာဖွေလို့ မရခဲ့ဘူးလို့PolitiFact က ဆိုပါတယ်။

    ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေမှာ သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားအရေအတွက်ထက် နိုင်ငံအတွင်းမှာဖြစ်ပွားတဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူအရေအတွက်ဟာ ပိုမိုများပြားတာကို တွေ့ရမှာဖြစ်ပါတယ်။

    နိုင်ငံအတွင်း မြင့်တက်လာတဲ့ သေနတ်ပစ်ခတ်မှုတွေကို တာဆီးဖို့အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အခုလအစောပိုင်းမှာ သေနတ်ထိန်းချုပ်ရေး အစီအစဉ်အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

    လူဖြူအစွန်းရောက်အန္တရာယ်

    white
    ဂျီဟတ်ဝါဒီနှင့် လူဖြူအစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှု နှိုင်းယှဉ်ချက်

    မီဒီယာတွေနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက အမေရိကန်နိုင်ငံဟာ ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားတွေရဲ့ အန္တ္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ တွင်တွင်ပြောကြားခဲ့ပေမယ့် မှတ်တမ်းတွေအရ လူဖြူအစွန်းရောက်တွေနဲ့ အစိုးရ ဆန့်ကျင်သူတွေက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အိုစမာဘင်လာဒင်ဦးဆောင်တဲ့ အလ်ကိုင်းဒါးအဖွဲ့က ပြုလုပ်တဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးနောက်ပိုင်းမှာ ဂျီဟတ်ဝါဒီအကြမ်းဖက်တိုက်ခိုက်မှုထက် လူဖြူအစွန်းရောက်တွေ၊ အစိုးရဆန့်ကျင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုက အမေရိကန်နိုင်ငံတစ်ဝှမ်း ပိုမိုများပြားခဲ့တာပါ။

    ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ချာလ်စတန်မြို့က လူမည်းခရစ်ယာဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုမှာ သေဆုံးသူတွေအပါအ၀င် လူဖြူအစွန်းရောက်တွေနဲ့ အစိုးရဆန့်ကျင်သူတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀ နီးပါးရှိပြီး ဂျီဟတ်ဝါဒီတွေကြောင့် သေဆုံးသူတွေထက် ၂ ဆနီးပါး ပိုများနေတာကို တွေ့ရပါတယ်။

    Ref: Huffingtonpost, NY Times

  • ရေပေါ် နျူဓာတ်အားပေးစက်ရုံ တရုတ်တည်ဆောက်မည်

    ရေပေါ် နျူဓာတ်အားပေးစက်ရုံ တရုတ်တည်ဆောက်မည်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    China Nuke

    – တည်နေရာအတည်အကျကို ရွှက်လွင့်သွားလာနိုင်ပြီး ကျောက်ချရပ်တန့်၍ လိုအပ်သလို ဓာတ်အားပေးနိုင်မည့် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခုကို တရုတ်နိုင်ငံက တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    “ရေပေါ်ဓာတ်အားပေးစက်ရုံတစ်ခုဆောက်ဖို့ တရုတ်က အစွမ်းကုန်ကြိုးပမ်းသွားမှာပါ။ နောက်ပြီး ကျွန်တော်တို့တွေ သမုဒ္ဒရာအရင်းအမြစ်တွေကို အပြည့်အ၀ အသုံးချနိုင်အောင်လည်း ဆောင်ရွက်သွားမှာပါ” လို့ တရုတ်အနုမြူစွမ်းအင် အာဏာပိုင်အဖွဲ့ ဥက္ကဌ ဇူဒါဇီက မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ပင်လယ်ပြင်မှာ နျူကလီးယားဓာတ်အားကို လေယာဉ်တင်သင်္ဘောတွေ၊ ဒုံးကျည်တပ်ရေငုပ်သင်္ဘောတွေမှာသာလျှင် အများဆုံး အသုံးပြုလေ့ရှိကြပြီး အရပ်ဖက်အတွက် သုံးစွဲမှုမှာ မရှိသလောက်ရှားပါတယ်။

    ယခုလအစောပိုင်းမှာ တရုတ်အထွေထွေနျူကလီးယားဓာတ်လုပ်ငန်းစု (CGN) နဲ့ တရုတ် အမျိုးသားနျူကလီးယားလုပ်ငန်းစု (CNNC) တို့က ၎င်းတို့အနေနဲ့ ရေပေါ် နျူဓာတ်အားပေးစက်ရုံနှစ်ခု တည်ဆောက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ CGN က ၂၀၁၉ နှစ်မှာ ဆောက်လုပ်ရန် လျာထားပြီး CNNC က ၂၀၂၀ မှာ ဆောက်လုပ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်မှုဟာ ကမ်းလွန် ရေနံနဲ့ ဓာတ်ငွေ့တူးဖော်မှုလုပ်ငန်းတွေကို ဓာတ်အားပေးဖို့အတွက်ဖြစ်တယ်လို့ အဲဒီကုမ္ပဏီ ၂ ခုစလုံးက ပြောကြားခဲ့ပါတယ်။

    တရုတ်မှာ လက်ရှိ နျူကလီးယားဓာတ်ပေါင်းဖို အခု ၃၀ ရှိပြီး ဓာတ်အား ၂၈.၃ ဂီဂါဝပ်အထိ ထုတ်လွှတ်ပေးနိုင်တယ်လို့ ဇူက ပြောပါတယ်။ နောက်ထပ် ဓာတ်အား ၂၆.၇ ဂီဂါဝပ် ထုတ်လွှတ်ပေးနိုင်မယ့် ဓာတ်ပေါင်းဖို ၂၄ ခုကိုတော့ ဆောက်လုပ်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    မတ်လ ၂၀၁၁ မှာ ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် ဂျပန်က ဖူကူရှီမားဒါအီချီ နျူကလီးယားဓာတ်အားပေးစက်ရုံ ပေါက်ကွဲပျက်စီးခဲ့ပြီးတဲ့နောက်မှာ တရုတ်အစိုးရက အသစ်ဆောက်လုပ်မယ့် နျူကလီးယားစီမံကိန်းတွေအနေနဲ့ လုံခြုံစိတ်ချရမှု ရှိ၊ မရှိ သုံးသပ်နိုင်ဖို့အတွက် ခွင့်ပြုမိန့်တွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

    ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံရဲ့ နျူကလီးယားလုံခြုံစိတ်ချရမှုအခြေအနေနဲ့ပက်သက်ပြီး စိုးရိမ်စရာ သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့်လည်း တရုတ်အစိုးရက ရပ်ဆိုင်းထားတဲ့လုပ်ငန်းတွေကို ၂၀၁၂ ခုနှစ်မှာ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

    Ref: Presstv