News @ M-Media

Blog

  • E-cigarette က လူကို အန္တရာယ်မဖြစ်ဘဲ၊ ဆေးလိပ်ဖြတ်ရာတွင် ကူညီနိုင်

    E-cigarette က လူကို အန္တရာယ်မဖြစ်ဘဲ၊ ဆေးလိပ်ဖြတ်ရာတွင် ကူညီနိုင်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    e cigrat

    – ဆေးလိပ်ဖြတ်ရာမှာ အသုံးပြုကြတဲ့တဲ့ လျှပ်စစ်ဆေးလိပ် (E-cigarette) တွေဟာ ဆေးရွက်ကြီးပါဝင်တဲ့ ဆေးလိပ်တွေထက် ကျန်းမာရေးထိခိုက်မှု ၉၅ ရာခိုင်နှုန်း နည်းပါးတယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန PHE က ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

    E-cigarette တွေဟာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်၊ ဆေးလိပ်ဖြတ်ဖို့လည်း အထောက်အကူမဖြစ်ဘူးလို့ ပြောကြားမှုတွေ ရှိနေတဲ့အတွက် PHE၊ လန်ဒန်ဘုရင့်ကောလိပ်၊ Queen Mary တက္ကသိုလ်တို့ ပူးပေါင်းကာ လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့တာပါ။

    ဗြိတိန်နိုင်ငံမှာ E-cigarette သောက်နေတဲ့ ၂.၆ သန်းခန့်ရှိတဲ့ လူငယ်အားလုံးနီးပါးဟာ လက်ရှိ သို့မဟုတ် ယခင်က ဆေးလိပ်သောက်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ သူတို့ထဲက အများစုဟာ ဆေးလိပ်ဖြတ်ဖို့ ဒါမှမဟုတ် ဆေးလိပ်ပြန်မသောက်မိစေဖို့ E-cigarette ကို အသုံးပြုနေကြတာဖြစ်ပါတယ်။

    E-cigarette တွေဟာ အန္တရာယ်ဖြစ်နိုင်ချေနည်းပါးတဲ့အပြင် လူငယ်လူရွယ်တွေကြားမှာလည်း ဆေးလိပ်သောက်နှုန်း လျော့ကျစေတာကို တွေ့ခဲ့ရပါတယ်။ ထွက်ပေါ်လာတဲ့ သက်သေတွေအရ E-cigarette အသုံးပြုသူတွေဟာ ဆေးလိပ်ဖြတ်နှုန်း အမြင့်မားဆုံးဖြစ်တာကိုတွေ့ရပြီး ဒေသတွင်းဆေးလိပ်ဖြတ်ရေး ၀န်ဆောင်မှုဌာနတွေဆီကလည်း အကူအညီထပ်မံရရှိပါသေးတယ်။

    “E-cigarette တွေဟာ ပုံမှန်ဆေးလိပ်သောက်သလိုပဲဖြစ်နိုင်တယ် ဒါမှမဟုတ် ဆေးလိပ်အစစ်ကို ပြန်သောက်မိဖို့အထိ ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေဟာ အခြေအမြစ်မရှိဘူးဆိုတာာကို ဒီအရေးပါတဲ့ ဆန်းစစ်မှုရဲ့ ရလဒ်ကနေ တွေ့ခဲ့ရပါတယ်။ E-cigarette ဟာ လူတော်တော်များများ ဆေးလိပ်ကနေဝေးရာကို ရောက်ရှိဖို့ ကူညီတဲ့နေရာမှာ အကျိုးကျေးဇူးဖြစ်စေတယ်ဆိုတာ ကျွန်မတို့ အသိအမှတ်ပြုပါတယ်” လို့ ယူကေ ကင်ဆာသုတေသနဌာနက ပညာရှင် လင်ဒါ ဘော့လ်ဒ်က ပြောကြားခဲ့ပါတယ်။

    Ref: Xinhua

  • ဗလီပြာမှ အစ္စလာမ့်သတင်းစကားဖြန့်ဝေသူ (သို့မဟုတ်) အီလစ်ဖ် ဇိုင်နပ် ယီလ်မက်ဇ်

    ဗလီပြာမှ အစ္စလာမ့်သတင်းစကားဖြန့်ဝေသူ (သို့မဟုတ်) အီလစ်ဖ် ဇိုင်နပ် ယီလ်မက်ဇ်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    turkey

    – တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ဗလီပြာ (Blue Mosque) က သတင်းအချက်အလက်စင်တာဟာ အစ္စလာမ့် သတင်းစကားမျှဝေပေးရာ နေရာတစ်ခု ဖြစ်လို့နေပါတယ်။

    စာအုပ်စာတမ်းတွေမျှဝေတာ၊ ပရော်ဂျက်တာတွေနဲ့ ရှင်းလင်းပြသတာတွေအပါအ၀င် အဲဒီ အစ္စလာမ့်အသိပညာပေးရေးလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသူကတော့ နိုင်ငံအတွင်းက ပထမဆုံး အမျိုးသမီး ဗလီဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ အီလစ်ဖ် ဇိုင်နပ် ယီလ်မက်ဇ်ပဲဖြစ်ပါတယ်။

    ယီလ်မက်ဇ်က သူမဟာ နေ့စဉ် ဒါဇင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အစ္စလာမ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတယ်လို့ ဆိုပါတယ်။

    “နေ့စဉ်နေ့တိုင်း ကမ္ဘာလှည့်ခရီးသွား တော်တော်များများဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အသိကို တိုးမြှင့်ဖို့၊ တင်ကူးမှန်းဆမှုတွေကိုအခြေခံတဲ့ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေကို ဖယ်ရှားဖို့အတွက် ကျွန်မတို့ထံကို ရောက်ရှိလာကြပါတယ်”

    ဗလီဝတ်ကျောင်းတော်ကို လာရောက်ပြီး အစ္စလာမ်နဲ့ပတ်သက်လို့ စူးစမ်းလေ့လာကြသူအများစုဟာ အမေရိကန်၊ ဗြိတိန်နဲ့ လက်တင်အမေရိက နိုင်ငံတွေက ဖြစ်တယ်လို့ ယီလ်မက်ဇ်က ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

    “အထူးသဖြင့် အမေရိကန်နဲ့ ယူကေကလူတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သတင်းအမှားပေးခြင်းကို ခံထားရပါတယ်။ ဒါပေမယ့် ဒီဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့ကို သတင်းအချက်အလက်အမှန်တွေ ပေးတယ်။ သူတို့ဆန္ဒရှိမယ်ဆိုရင် ဘယ်လိုဝတ်ပြုရလဲဆိုတာကိုပါ သင်ပေးပါတယ်” လို့ သူမက ဆိုပါတယ်။

    နောက်ပြီး အစ္စလာမ်မှာ အမျိုးသမီးတွေဟာ နေ့စဉ်ဘ၀မှာ ပါဝင်လို့မရဘဲ အိမ်တွင်းပုန်းနေရတယ်လို့ ခရီးသွားတွေက မှားယွင်းယူဆထားတာကြောင့် ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ဗလီဝတ်ကျောင်းတော်တွေကို ၀င်လိုက်ထွက်လိုက်လုပ်နေတဲ့ သူမကိုမြင်တဲ့အခါ အံ့သြမိတယ်လို့ ဖွင့်ဟပြောဆိုကြောင်း သူမရဲ့အတွေ့အကြုံကို ယီလ်မက်ဇ်က ပြောပြခဲ့ပါတယ်။

    “ဧည့်သည်တွေက သူတို့စိတ်ထဲမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး ယူဆချက်အမှားတွေပဲ ပြည့်နေတယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့် သူတို့ အမှန်တရားကို ရှာဖွေစူးစမ်းချင်တဲ့စိတ် ရှိတယ်ဆိုတာ တွေ့ရတဲ့အခါမှာတော့ ကျွန်မတို့ တကယ်ပဲ ၀မ်းသာမိပါတယ်”

    သစ္စာတရားရှာတွေ့သူ

    ယီလ်မက်ဇ်ရဲ့ အသိပညာပေးမှုမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်ကာ အစ္စလာမ့်အေးရိပ်ဆာယာအောက် ၀င်ရောက်ခိုလှုံခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တယ်လို့ သူမက ဖွင့်ဟခဲ့ပါသေးတယ်။

    “တစ်ခါက ပြင်သစ်ခရီးသွားတစ်ယောက်ဟာ ရုတ်တရက်ကြီး သူ အစ္စလာမ်ကို သက်ဝင်ချင်တယ်လို့ ပြောလာပါတယ်။ ကျွန်မတို့ တော်တော်လေး အံ့အားသင့်သွားခဲ့ပါတယ်”

    ယီလ်မက်ဇ်တို့လို ဧည်လမ်းညွှန်တွေ အစ္စလာမ်နဲ့ပတ်သက်လို့ အသိပညာပေးဝေတဲ့နေရာကတော့ တူရကီက နာမည်ကြီး ဗလီပြာ (Bluse Mosque) ၀န်းကျင်တစ်ဝိုက်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ယခုလအတွင်းမှာ IS အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး နိုင်ငံခြားခရီးသွား ၁၀ ဦးလောက် သေဆုံးခဲ့ပါတယ်။

    ဒါပေမယ့် ဒီဖြစ်ရပ်ဆိုးကြီးဟာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကိုတော့ မထိခိုက်ဘူးလို့ သူမက ဆိုပါတယ်။ ဗလီပြာက သတင်းအချက်အလက်စင်တာမှာပြုလုပ်တဲ့ ယီလ်မက်ဇ်ရဲ့ အစ္စလာမ့်သတင်းစကားဖြန့်ဝေမှု အစီအစဉ်ကိုတော့ ကမ္ဘာလှည့်ခရီးသွားတွေဟာ နေ့စဉ် တိုးလို့သာ လာရောက်နေကြပါတယ်။

    ဗလီဧည့်လမ်းညွှန်

    နိုင်ငံအတွင်းက ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ သမိုင်းဝင်နေရာတွေကို လိုက်လံပြသဖို့အတွက် တူရကီသမ္မတ သာသနာရေးရာဌာန DIB က ဗလီဧည့်လမ်းညွှန်တွေကို သတ်မှတ်ပေးထားပါတယ်။

    ဗလီဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ ယီလ်မက်ဇ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ အစ္စလာမ့်သတင်းစကား ဖြန့်ဝေမှုအစီအစဉ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    ဗလီပြာရဲ့ ပရ၀ုဏ်အတွင်းမှာပြုလုပ်တဲ့ အဲဒီအစီအစဉ်ကို ကမ္ဘာလှည့်ခရီးသွားတွေ အနားယူတဲ့ နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ပြုလုပ်တာဖြစ်ပြီး၊ ဧည်သည့်တွေဆီကနေ အပြုသဘောဆောင်တဲ့မှတ်ချက်တွေရခဲ့တယ်လို့ ယီလ်မက်ဇ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ တူရကီနိုင်ငံဟာ အစ္စလာမ့်သတင်းစကားမျှဝေမှုလုပ်ငန်းမှာလည်း အောင်မြင်မှုတွေရရှိနေပြီး နှစ်စဉ် အစ္စလာမ့်အေးရိပ်ဆာယာအောက်ကို ခိုလှုံလာသူအရေအတွက်ဟာ ရာနဲ့ချီရှိနေတယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။

    Ref : IINA

  • ဖီဖာဥက္ကဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၅ ဦးစာရင်း ထွက်ပေါ်လာ

    ဖီဖာဥက္ကဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၅ ဦးစာရင်း ထွက်ပေါ်လာ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    fifa

    – လာမည့်လတွင် ကျင်းပပြုလုပ်မည့် ဥက္ကဌနေရာ ရွေးချယ်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသည့် ကိုယ်စားလှယ်လောင်း ၅ ဦးကို ဖီဖာက ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ဖီဖာ၏ ရွေးကောက်ပွဲကော်မတီကထုတ်ပြန်ခဲ့သည့် အဆိုပါ ၅ ဦးမှာ ဖီဖာဒုဥက္ကဌဖြစ်သည့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သော ဘာရိန်းတော်ဝင်မိသားစုဝင် ရှိခ် ဆလ်မန် ဘင် အီ ဘရာဟင် အလ်ခါလီဖာ၊ ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆွစ်ဇာလန်နိုင်ငံမှ ဂီယန်နီ အင်ဖန်တီနို၊ တောင်အာဖရိက လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးဝန်ကြီး တိုကျို ဆက်ဝါလေးနှင့် ဖီဖာအမှုဆောင်ကောင်စီဝင်ဟောင်း ပြင်သစ် နိုင်ငံရေးသမား ဂျယ်ရိုမီ ရှန်ပိန်တို့ဖြစ်ကြသည်။

    ဥက္ကဌဟောင်းဖြစ်သူ ဆပ်ဘလတ္တာက ၎င်းမှာ ရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်ဇွန်လက ကြေငြာခဲ့ပြီးနောက်ပိုင်း ဖီဖာဥက္ကဌရွေးကောက်ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆပ်ဘလတ္တာမှာ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီနှင့် ငွေအပေးအယူကိစ္စတစ်ခု မသမာမှုကြောင့် ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများအားလုံးမှ ၈ နှစ် ပိတ်ပင်ခြင်းခံထားရသည်။

    Ref : Channelnewsasia

  • အီဘိုလာပြီးနောက် ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ဇီကာ

    အီဘိုလာပြီးနောက် ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ဇီကာ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    zika

    – လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတွေက နိုင်ငံတစ်ချို့မှာ ကူးစက်ပြန့်ပွားမှုတွေကို တွေ့မြင်ခဲ့ရပြီးနောက်ပိုင်း ခြင်ကတစ်ဆင့်ကူးစက်ကာ ဦးနှောက်ပျက်ဆီးစေတဲ့ ဇီကာဗိုင်းရပ်စ် (Zika Virus) ဟာ ကနေဒါနဲ့ ချီလီနိုင်ငံတို့ကလွဲပြီး အမေရိကတစ်ဝှမ်း ပြန့်နှံ့ဖို့ အလားအလာရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယမန်နေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

    အဲဒီဇီကာဗိုင်းရပ်စ်ဟာ ကာကွယ်မှုမရှိတာ၊ ခြင်ကတစ်ဆင့် လျင်လျင်မြန်မြန် ပြန့်နှံ့နိုင်တာတွေကြောင့် ၂၀၁၅ ခုနှစ် မေလနောက်ပိုင်း နိုင်ငံပေါင်း ၂၁ နိုင်ငံလောက်ကို ပြန့်နှံနေပြီလို့ WHO က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကူးစက်မှုအများဆုံးနိုင်ငံကတော့ ဘရာဇီးလ်နိုင်ငံဖြစ်နေပြီး၊ ဒုတိယအများဆုံးကတော့ ကိုလံဘီယာနိုင်ငံဖြစ်ပါတယ်။ အမေရိကန်မှာလည်း ပြီးခဲ့တဲ့တတစ်ပတ်အတွင်းမှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်နေသူ ၃ ဦးကို တွေ့ရှိခဲ့ရပေမယ့် အခြားနိုင်ငံကနေ ရောက်ရှိလာသူတွေဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းမှာ ကူးစက်မှု မရှိသေးပါဘူး။

    ဒါပေမယ့် ရောဂါပိုး ပြန့်နှံနေတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကတိုက်အတွင်းက အပူပိုင်းဒေသတွေကို သွားရောက်တဲ့အခါ သတိထား သွားရောက်ကြဖို့ အမေရိကန်က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    ကိုဝန်ဆောင်အမျိုးသမီးတွေ ကူးစက်မှုအများဆုံးဖြစ်နေပြီး မွေးဖွားလာတဲ့ကလေးငယ်တွေဟာ ဦးနှောက်သေးကွေးကာ မူမမှန် ပျက်ဆီးတာမျိုးတွေ ဖြစ်တတ်တာကြောင့် အဲလ်ဆာဗေဒိုး၊ ကိုလံဘီယာနဲ့ ဂျမေကာနိုင်ငံတွေမှာ အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်ဖို့ သတိပေး၊ အကြံပြုတာတွေလည်း ရှိနေပါတယ်။

    ဘယ်ကစသလဲ

    ဇီကာဗိုင်းရပ်စ်ကို ၁၉၅၀ ပြည့်နှစ်တွေမှာ အီကွေတာနဲ့နီးတဲ့ အာဖရိကနဲ့ အာရှနိုင်ငံတစ်ချို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဒီဗိုင်းရပ်စ်ဟာ ပစိဖိတ်သမုဒ္ဒရာကနေ ပြင်သစ်ပိုလီနီးရှား၊ အီစတာကျွန်းတွေအထိ ရောက်ခဲ့ပါတယ်။

    အလယ်အမေရိက ကာရစ်ဘီယံနဲ့ တောင်အမေရိက နိုင်ငံတွေမှာ ကူးစက်ပြန့်နှံနေကြောင်း ၂၀၁၅ ခုနှစ်မေလမှာ ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ PAHO က အတည်ပြုထုတ်ပြန်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက ကြောက်စရာကောင်းတဲ့ ဒီ ဇီကာဗိုင်းရပ်စ်ပိုးအကြောင်းကို သတိပြုမိခဲ့ကြပါတယ်။

    ဗိုင်းရပ်စ်ပိုးဟာ အဓိကအားဖြင့် ခြင်ကတစ်ဆင့် ပြန့်နှံ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ကနေတစ်ဆင့် ကလေးကိုလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်နိုင်သူတွေက လူနဲ့ မျောက်တွေဖြစ်ပြီး ရောဂါပိုး ပေါက်ဖွားမှုကတော့ ၁၀ ရက်ခန့် ကြာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ သုတ်သွေးမှာ ခိုအောင်းတတ်ပေမယ့် လိင်ဆက်ဆံမှုကနေ ကူးဆက်နိုင်လားဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘဲ လေ့လာမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဆိုရင် ဖျားတာနာတာ၊ ခန္ဓာကိုယ်မှာ အင်ပြင်တွေထွက်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာ ခေါင်းကိုက်တာ၊ မျက်လုံးတွေနီလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ ရောဂါပိုး ကူးစက်ပြီး တစ်ပတ်အတွင်းမှာ တွေ့ရတာမျိုး ဖြစ်ပါတယ်။

    ရောဂါကြောင့် သေဆုံးမှုမရှိပေမယ့် ဦးနှောက်ပျက်ဆီးနိုင်တဲ့အတွက် ရောဂါပိုးကူးစက်ခံရသူတွေဟာ နောက်ပိုင်းမှာ အသိဉာဏ်မပြည့်ဝမှုတွေ၊ မသန်စွမ်းမှုတွေ ဖြစ်လာနိုင်တဲ့အထိ ဦးတည်သွားနိုင်ပါတယ်။

    ကုသနိုင်ပြီလား

    အပူပိုင်းဒေသတွေမှာ ဖြစ်လေ့ရှိတဲ့ ဒီ ဇီကာရောဂါကို လတ်တလော ကုသဖို့ ဆေးမရှိသေးဘဲ သုတေသနပြုလုပ်နေ ဆဲအဆင့်သာ ရှိပါသေးတယ်။

    သိပ္ပံပညာရှင်တွေကတော့ အီဘိုလာလို ကပ်ရောဂါတစ်ခု ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဆေးရရှိဖို့ အပြင်းအထန် ကြိုးစားနေပေမယ့် ဆေးပေါ်ထွက်လာဖို့အတွက်တော့ ၃ နှစ်ကနေ ၅ နှစ်လောက်အထိ ကြာနိုင်တယ်လို့ ဇီကာဗိုင်းရစ်နဲ့ပတ်သက်ပြီး သုတေသနတွေပြုလုပ်နေတဲ့ ဆော်ပေါ်လိုအခြေစိုက် Butantan Institute က ပြောကြားခဲ့ပါတယ်။

    ဗြိတိန် ဆေးထုတ်လုပ်ရေး GlaxoSmithKline ကလည်း ဇီကာဗိုင်းရပ်စ်အတွက် အသုံးပြုနိုင်မယ့် ဆေးကို လေ့လာနေတုန်းဖြစ်ပြီး၊ ပြင်သစ်က Sanofi ကုမ္ပဏီကလည်း ဖြစ်နိုင်ချေတွေကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာ တောင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတွေမှာ ကူးစက်ပြန့်နှံ့နေပေမယ့် ကမ္ဘာနဲ့ချီတဲ့ ကပ်ရောဂါမျိုး ဖြစ်လာမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

    Ref: Aljazeera, Channelnewsasia, Wiki

  • အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    epl 3

    – ပြီးခဲ့သည့်သီတင်းပတ်အတွင်း နည်းပြ ဗန်ဂါးလ်က အသင်းမှထွက်ခွာရန် ကမ်းလှမ်းခဲ့သော်လည်း မန်ယူက လက်မခံခဲ့ဟု အင်္ဂလန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် အသင်း၏ ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်နှင့်တွေ့ဆုံကာ မိမိမှာ နှုတ်ထွက်ရန် အသင့်ရှိနေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အသင်းအား ပြန်လည်နာလန်ထူလာစေရေး ဆောင်ရွက်ရန်သာ ၀ုဒ်ဝ့ါဒ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာက စတုတ်အသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရမည်ကို ကြောက်ရွံ့နေလားဟု မေးမြန်းရာတွင် ဗန်ဂါးလ်က အသင်းမှ ထုတ်ပယ်စရာမလိုဘဲ၊ မိမိကိုယ်တိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဒ် ၀ုဒ်ဝါ့ဒ်နှင့် ကိုယ်တိုင် စကားပြောဆိုရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ထိုပွဲပြီးနောက်မန်ယူမှာ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သည့်အတွက် ဗန်ဂါးလ်အပေါ် ဖိအားများ လျော့ကျခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပရိတ်သတ်များက ၎င်းအား လှောင်ပြောင်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ၃ နှစ်စာချုပ်ဖြင့် မန်ယူနည်းပြဖြစ်လာသည့် ဗန်ဂါလ်းက မန်ယူမှာ မိမိနည်းပြဘ၀ နောက်ဆုံးအသင်းဖြစ်မည်ဟု ပြောကြားခဲ့ဖူးသည်။

    Ref : Goal