News @ M-Media

Blog

  • စီးရီးအေဖလားကို အေစီမီလန် ချိန်ရွယ်နေဆဲ

    စီးရီးအေဖလားကို အေစီမီလန် ချိန်ရွယ်နေဆဲ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    ac milan

    – ထိပ်ဆုံးမှ နာပိုလီအသင်းနှင့် ၁၂ မှတ်ကွာဟနေသော်လည်း မိမိအသင်းမှာ စီးရီးအေဖလားကို ရရှိရန် အခွင့်အရေး ရှိနေသေးသည်ဟု အေစီမီလန်အသင်းနည်း မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၂ ရာသီအတွင်း စီးရီးအေတွင် အခြေအနေဆိုးရွားခဲ့သည့်အတွက် မီဟိုင်းလိုဗစ်ခ်ျအား ခန့်အပ်ကာ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည့် အေစီမီလန်အသင်းမှာ ရာသီအစတွင် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ခြေစွမ်းကောင်းကို ပြသလာနိုင်ခဲ့ပြီး စီးရီးအေ နောက်ဆုံး ၁၃ ပွဲတွင် ၂ ပွဲသာ ရှုံနိမ့်ထားသည်။ လက်ရှိအချိန်တွင် အဆင့် ၆ နေရာရောက်ရှိနေကာ တတိယနေရာမှ အင်တာနှင့် ၈ မှတ်ကွာဟနေပြီး မီဟိုင်းလိုဗစ်ခ်ျကမူ ချန်ပီယံဆုအထိ ဦးတည်နေသည်။

    “ချန်ပီယံနေရာက မပိတ်သေးပါဘူး။ ဖီအိုရင်တီးနားပွဲ (ပြီးခဲ့သည့်တစ်ပတ်ကပွဲ) လို ကျွန်တော်တို့ကစားမယ်ဆိုရင် ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်း ရှိနေပါသေးတယ်။ ကျွန်တော်တို့အသင်း ဒီလိုဆက်သွားတာကို ကျွန်တော်မြင်ချင်ပါတယ်။ ကျွန်တော်တို့မှာ မှန်ကန်တဲ့ ပုံစံမျိုး ရှိနေပါတယ်။ ပြီးတော့ ဖီအိုရင်တီးနားနဲ့ပွဲမှာ ဒါကို ကျွန်တော် တွေ့ခဲ့ရပါတယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ပြောကြားခဲ့သည်။

    မီဟိုင်းလိုဗစ်ခ်ျ၏ အနာဂတ်နှင့်ပတ်သက်၍ ရာသီတစ်လျှောက်လုံး ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပြီး ၎င်းကမူ မိမိ၏အနာဂတ်အတွက် သံသယမဖြစ်မိဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာရပ်နိုင်ငံများ ပူးတွဲဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်မည်

    အာရပ်နိုင်ငံများ ပူးတွဲဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်မည်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    GCC

    – ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ (GCC) က ဒေသတွင်း ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပူးပေါင်းလုပ်ဆောင်နေပြီး ရလဒ်ကို မကြာမီထုတ်ပြန်နိုင်မယ်လို့ ဘာရိန်းအစိုးရအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

    ဒါဟာ အီရန်ရဲ့ကြီးထွားလာနေတဲ့ ဒုံးကျည်လက်နက်တွေကို တန်ပြန်ကာကွယ်နိုင်ဖို့အတွက် ပင်လယ်ကွေ့နိုင်ငံတွေအကြား အချိန်အတော်ကြာ မတိုးသာမဆုတ်သာဖြစ်ခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ GCC အကြီးအကဲတွေကတော့ အာရပ်နိုင်ငံတွေအနေနဲ့ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေ များများလုပ်ဆောင်ဖို့ အချိန်ကျလာပြီလို့ သတိပေးပြောကြားခဲ့ပါတယ်။

    ဘာရိန်းတော်ဝင်လေတပ်ဗိုလ်ချုပ် ဟာမက် ဘင် အဗ္ဗဒူလာ အလ်ခါလီဖာက ဒုံးကျည်ပူးတွဲကာကွယ်ရေးစနစ်တွေတည်ဆောက်ဖို့ GCC ကော်မတီက ပူးပေါင်းအားထုတ်လုပ်ဆောင်နေတယ်လို့ လေတပ်ညီလာခံတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    လက်နက်အားကောင်းလာတဲ့အီရန်နိုင်ငံနဲ့ပက်သက်လို့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ စိုးရိမ်မှုကို လျှော့ချဖို့ ၂၀၁၅ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ညီလာခံတစ်ခုမှာ အိုဘားမားနဲ့ ပင်လယ်ကွေ့နိုင်ငံတွေဟာ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပူးတွဲတည်ဆောက်သွားဖို့ အလေးအနက်ပြောကြားခဲ့ပါတယ်။

    အဲဒီညီလာခံကနေထုတ်ပြန်လိုက်တဲ့ ပူးတွဲကြေညာချက်အရ ပင်လယ်ကွေ့နိုင်ငံတွေကို့ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်ဖို့ အမေရိကန်က နည်းပညာအကူအညီပေးသွားမှာဖြစ်ပါတယ်။

    Ref : Arabnews

  • အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွင် ကူညီခဲ့သည့် ဗြိတိန်မွတ်စလင်များကို စကော့တလန်ယာ့ဒ်က ချီးကျူး

    အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွင် ကူညီခဲ့သည့် ဗြိတိန်မွတ်စလင်များကို စကော့တလန်ယာ့ဒ်က ချီးကျူး

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    scotland

    – အစွန်းရောက်ဝါဒကို တိုက်ဖျက်ရာမှာ ကူညီပံ့ပိုးပေးတဲ့အတွက် ဗြိတိန်မွတ်စလင်တွေကို နာမည်ကျော် စကော့တလန်ယာ့ဒ် ရဲတပ်ဖွဲ့က ချီးကျူးလိုက်ပြီး၊ အစွန်းရောက်အတွေးအခေါ်တွေကြောင့် ပြုလုပ်မယ့် တိုက်ခိုက်မှုတွေကို လူ့အဖွဲ့စည်းတွေရဲ့ အကူအညီတွေရမှ တားဆီးနိုင်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲ ရဲချုပ် ရစ်ချတ် ဝေါလ်တန်က ကလေးတွေက အိမ်ထဲမှာ ပြောဆိုနေကြတဲ့ အရေးကိစ္စတွေနဲ့ပက်သက်လို့ မိဘတွေဆီက ဒါမှမဟုတ်၊ မွတ်စလင်လူငယ်တွေဆီကနေ ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ရဲတပ်ဖွဲ့မှာ နှစ် ၃၀ ကြာအလုပ်လုပ်ပြီးနောက် အငြိမ်းစားယူခဲ့တဲ့ ရဲချုပ်ဝေါလ်တန်က အစွန်းရောက်တိုက်ဖျက်ရေး အစီအစဉ်ဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်အဖွဲ့အစည်းတွေဆီကနေ အထောက်အပံ့တွေ အများကြီး ရခဲ့ပါတယ်၊ လူငယ်မွတ်စလင်တွေ တော်တော်များများဟာ အကူအညီပေးဖို့ ရောက်လာလေ့ရှိပြီး မွတ်စလင်ခေါင်းဆောင်တွေကလည်း အစွန်းရောက်သမားတွေကို ငြင်းပယ်ရှုတ်ချကာ ကျွန်တော်တို့နဲ့ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ထားရှိတဲ့ ဖုန်းလိုင်းကနေတဆင့် မွတ်စလင်မိသားစုတွေက ဖုန်းဆက်ပြောကြတာတွေရှိပါတယ်၊ သူတို့ကလေးတွေ အိမ်မှာ လာပြောနေကြတဲ့ ကိစ္စတွေနဲ့ပက်သက်ပြီး စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ကို စောစော ဆက်သွယ်လာတဲ့အတွက် ကျွန်တော်တို့ အချိန်မီတားဆီးနိုင်ခဲ့ပါတယ်” လို့ ဝေါလ်တန်က ပြောကြားခဲ့ပါတယ်။

    သူက အကြမ်းဖက်မှုမရှိဘဲနေဖို့ဆိုတာ လူထုရဲ့ ပံ့ပိုးပေးမှုလိုအပ်ကြောင်း၊ တိုင်းသူပြည်သားတစ်ဦးချင်းဆီတိုင်းက တိုင်းပြည်ကို ဘေးအန္တရာယ်ကင်းစေဖို့ ကူညီနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

    အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနခွဲမှာ လုပ်ကိုင်ခဲ့တဲ့ ဝေါလ်တန်က ယမန်နှစ်က ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တဲ့အခါ လန်ဒန်က ရဲအရာရှိတွေဟာ အလားတူဖြစ်ရပ်မျိုးမဖြစ်အောင် နေ့ရောညပါ တာဝန်ယူလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

    ပြင်သစ်နဲ့ ဗြိတိန်ရဲ့ ကွာခြားချက်တစ်ခုက အင်္ဂလန်ရဲတွေဟာ ပြည်သူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုကို ကာကွယ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ စာသင်ကျောင်းက တာဝန်ရှိသူတွောလည်း အကြမ်းဖက်ဝါဒကို အမြစ်တွယ်မလာဖို့ တားဆီးပေးခဲ့တယ်လို့ ဝေါလ်တန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • မန်ယူမှာ ပရီးမီးယားလိဂ်ကို ရနိုင်ဆဲဟု ဗန်ဂါးလ်ပြော

    မန်ယူမှာ ပရီးမီးယားလိဂ်ကို ရနိုင်ဆဲဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    vangal

    – မန်ယူမှာ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်သေးသည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်ပြီး ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီးထက် ပိုကောင်းသည့် ရလဒ်ရရှိရန် ခက်ခဲသည်ဟု ၀န်ခံခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်အား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် မန်ယူမှာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၇ မှတ် ကွာဟနေပြီး အဆင့် ၅ နေရာတွင်ရှိနေသည်။ ယခုနှစ်အတွင်း ပြိုင်ပွဲအားလုံးတွင်ကစားခဲ့သည့် ၄ ပွဲတွင် ၃ ပွဲအနိုင်ရထားက တစ်ပွဲသရေကျထားသောကြောင့် ဖိအားများလျော့နည်းခဲ့သည့် ဗန်ဂါးလ်ကမူ ၎င်း၏ အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နေသည်ဟု ဖွင့်ဟခဲ့သည်။

    “ကျွန်တော်တို့အတွက် အခက်အခဲက ကျွန်တော်တို့အထက်မှာ ၄ သင်း ရှိနေတာပါပဲ။ ဒါ့ကြောင့် ရလဒ်ပိုင်းမှာ အဲဒီ ၄ သင်းကို ကျွန်တော်တို့ ကျော်နိုင်အောင်လုပ်ရမယ်။ ဒါဟာ ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကိုပဲ ကျွန်တော်ပြောခဲ့တာပါ။ အရမ်းကို ခက်ခဲနေတုန်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာမကဘဲ အခြားလိဂ်တွေမှာလည်း ကျွန်တော်တို့ ဒါမျိုးတွေ တွေ့ခဲ့ပြီးပါပြီ။ ဒ့ါကြောင့် ဒါက ဖြစ်နိုင်ပါတယ်။ ယုံကြည်ဖို့ပဲလိုတာပါ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ကျနေသူ နယူးဇီလန်နိုင်ငံသား သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်

    သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ကျနေသူ နယူးဇီလန်နိုင်ငံသား သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    New Zeland

    – ယမန်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်မည့်သူများတွင် သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဗြိတိန်-နယူးဇီလန်နိုင်ငံသား ဖိလစ် ဘလက်ဝုဒ်လည်း ပါဝင်သည်ဟု The Guardian သတင်းစာက ဖော်ပြခဲ့သည်။

    ၎င်း၏အမှုနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသော နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘလက်ဝုဒ်မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပါဝင်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အသက် ၃၃ နှစ်အရွယ် ဘလက်ဝုဒ်မှာ ရန်ကုန်မြို့ရှိ ၎င်းစီမံခန့်ခွဲနေသော အရက်ဘား၏ Facebook စာမျက်နှာတွင် Headphone တပ်ထားသော ဗုဒ္ဓရုပ်ပွားတော်၏ ပုံတော်ကို လွှင့်တင်ခဲ့ခြင်းကြောင့် သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခံခဲ့ရကာ မြန်မာနိုင်ငံသား ၂ ဦးနှင့်အတူ ၂၀၁၅ ခုနှစ် မတ်လက ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

    မိခင်ဖြစ်သူ အိန်ဂျလာကမူ လွတ်ငြိမ်းချမ်းသာခွင့်တွင် သားဖြစ်သူ ပါဝင်ခဲ့ခြင်းအတွက် ၀မ်းမြောက်မိသည်ဟု ပြောကြားခဲ့သည်။ မကြာမီ ရာထူးမှ ဖယ်ပေးရတော့မည့် သမ္မတဦးသိန်းစိန်၏ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၁၀၂ ဦး လွတ်မြောက်မည်ဖြစ်ပြီး၊ သေဒဏ်ကျခံနေရသည့် ၇၇ ဦးကိုလည်း တစ်သက်တစ်ကျွန်းအဖြစ် လျော့ချပေးခဲ့သည့် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။

    ဘလက်ဝုဒ်နှင့်အတူ သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားနှစ်ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးဟု The Guardian သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    မဘသအဖွဲ့၏ လူမျိုးရေးခွဲခြားမှုနှင့် အမုန်းစကားများ ဖြန့်ဝေမှုကို လူသိရှင်ကြားဝေဖန်မှုကြောင့် သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ စာရေးဆရာ ဦးထင်လင်းဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။

    Ref: The Guardian