News @ M-Media

Blog

  • အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    epl 3

    – ပြီးခဲ့သည့်သီတင်းပတ်အတွင်း နည်းပြ ဗန်ဂါးလ်က အသင်းမှထွက်ခွာရန် ကမ်းလှမ်းခဲ့သော်လည်း မန်ယူက လက်မခံခဲ့ဟု အင်္ဂလန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် အသင်း၏ ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်နှင့်တွေ့ဆုံကာ မိမိမှာ နှုတ်ထွက်ရန် အသင့်ရှိနေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အသင်းအား ပြန်လည်နာလန်ထူလာစေရေး ဆောင်ရွက်ရန်သာ ၀ုဒ်ဝ့ါဒ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာက စတုတ်အသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရမည်ကို ကြောက်ရွံ့နေလားဟု မေးမြန်းရာတွင် ဗန်ဂါးလ်က အသင်းမှ ထုတ်ပယ်စရာမလိုဘဲ၊ မိမိကိုယ်တိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဒ် ၀ုဒ်ဝါ့ဒ်နှင့် ကိုယ်တိုင် စကားပြောဆိုရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ထိုပွဲပြီးနောက်မန်ယူမှာ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သည့်အတွက် ဗန်ဂါးလ်အပေါ် ဖိအားများ လျော့ကျခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပရိတ်သတ်များက ၎င်းအား လှောင်ပြောင်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ၃ နှစ်စာချုပ်ဖြင့် မန်ယူနည်းပြဖြစ်လာသည့် ဗန်ဂါလ်းက မန်ယူမှာ မိမိနည်းပြဘ၀ နောက်ဆုံးအသင်းဖြစ်မည်ဟု ပြောကြားခဲ့ဖူးသည်။

    Ref : Goal

  • အာရှတစ်ဝှမ်း အအေးလွန်ကဲမှုကြောင့် သေဆုံးမှုများရှိနေ

    အာရှတစ်ဝှမ်း အအေးလွန်ကဲမှုကြောင့် သေဆုံးမှုများရှိနေ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    cold

    – အရှေ့တောင်အာရှနှင့် အရှေ့အာရှတစ်ဝှမ်း အအေးလွန်ကဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀၀ နီးပါးရှိနေပြီး သန်းပေါင်းများစွာမှာလည်း မကြုံစဖူး အအေးဒဏ်ကို ခံစားနေရသည်ဟု သိရသည်။

    အာရှဒေသတစ်ဝှမ်းတွင် အပူချိန်မှာ ယမန်နေ့က ရုတ်တရက် ကျဆင်းခဲ့ပြီး ယနေ့တွင်လည်း ဆက်လက် ကျဆင်းလျက်ရှိနေသည်။ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် အပူချိန်မှာ စနေနေ့က ၅.၄ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအတွင်း အနိမ့်ဆုံးအပူချိန်လည်းဖြစ်သည်။

    ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အပူချိန်မှာ ယမန်နေ့က ၈.၆ ဒီဂရီဆဲလ်စီးယက်စ်အထိ ရှိခဲ့ပြီး ယနေ့တွင်မူ အနည်းငယ် ပြန်တက်လာခဲ့သည်။

    ထိုင်ဝမ်နိုင်ငံ မြို့တော်ထိုင်ပေတွင် အပူအချိန်မှာ တနင်္ဂနွေနေ့က ၄ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ကော အပူချိန်ရုတ်တရက်ကျဆင်းမှုနှင့် ဆက်စပ်သည့် အဖြစ်အပျက်များကြောင့် အနည်းဆုံး လူ ၈၅ ဦးသေဆုံးခဲ့သည်။ ထိုင်ဝမ်၏ အပူချိန်ကျဆင်းမှုမှာ နှစ်ပေါင်း ၄၄ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။

    ဟောင်ကောင်တွင်မူ အပူချိန်မှာ ၃ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ကျဆင်းမှုဖြစ်ကာ မူလတန်းကျောင်းများနှင့် မူကြိုများကို ပိတ်ထားခဲ့ရသည်။ အအေးလွန်ခဲ့မှုကြောင့် သေဆုံးသူများမှာ ထိုင်းနှင့် ဂျပန်နိုင်ငံများတွင်လည်း ရှိနေသည်။

    Ref : Asiancorrespondent

  • ငှက်ဖျားတိုက်ဖျက်ရေး ဘီလ်ဂိတ်နှင့် ဗြိတိန်တို့ပူးပေါင်းကာ ပေါင် သန်း ၃ ထောင် သုံးစွဲမည်

    ငှက်ဖျားတိုက်ဖျက်ရေး ဘီလ်ဂိတ်နှင့် ဗြိတိန်တို့ပူးပေါင်းကာ ပေါင် သန်း ၃ ထောင် သုံးစွဲမည်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media


    – ငှက်ဖျားရောဂါအမြစ်ပြတ်ချေမှုန်းဖို့ နောက်ထပ်ငါးနှစ်အတွင်း မိမိတို့ဟာ တစ်နှစ်လျှင် ပေါင် သန်း ၅၀၀ လောက် သုံးစွဲသွားမှာဖြစ်ပြီး မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်နဲ့လည်း ပူးပေါင်းကာ စုစုပေါင်း ပေါင် သန်း ၃၀၀၀ အသုံးပြုသွားမယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    ကုန်ကျငွေတွေကို နိုင်ငံတော်ရဲ့ ပြည်ပကူညီရေးရန်ပုံငွေတွေကနေ ထုတ်ယူသုံးစွဲသွားမှာဖြစ်တယ်လို့ အဓိပတိ ဂျော့ အော့စ်ဘွန်းက ဘီလ်ဂိတ်နဲ့ ပူးတွဲပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပြီး၊ ဘီလျံနာသူဌေးကြီးဘီလ်ဂိတ်ရဲ့ Bill & Melinda Gates ဖောင်ဒေးရှင်းကနေ ငှက်ဖျားတိုက်ဖျက်ရေးအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်လောက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

    “တစ်ကမ္ဘာလုံးမှာ လူသန်းတစ်ထောင်လောက် ငှက်ဖျားပိုး ကူးစက်ခံနေရပါတယ်၊ ဒီလိုဖြစ်ရတာဟာ ပြောပြဖို့တောင်မကောင်းတဲ့ ဒုက္ခဝေဒနာနဲ့ စီးပွားရေး အကြမ်အတည်းတွေကြောင့်ပဲ ဖြစ်ပါတယ်” လို့ အော့စ်ဘွန်းက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

    “ဒါကြောင့်မို့လို့ ဘီလ်ဂိတ်နဲ့လက်တွဲပြီး ဗြိတိန်နိုင်ငံက အဲဒီရောဂါကိုတိုက်ဖျက်ဖို့ ရှေ့ဆုံးကနေ လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်”

    ဒီဇင်ဘာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ထုတ်ပြန်တဲ့ ငှက်ဖျားပိုးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ၂၀၀၀ ခုနှစ်က ငှက်ဖျားကြောင့် လူသေဆုံးမှု ၈၃၉,၀၀၀ ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ ၄၃၈,၀၀၀ ထိ သေဆုံးမှု ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အော့စ်ဘွန်းက အချို့ငွေတွေကို ရောဂါတိုက်ဖျက်ဖို့အတွက် ဗြိတိန်မှာ နည်းပညာတွေ ရှာဖွေရာမှာလည်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ ပထမနှစ် ထည့်ဝင်ငွေကို သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ငှက်ဖျားရောဂါအမြစ်ဖြတ်ရေးအတွက် ဒေသန္တရကြိုးပမ်းအားထုတ်မှုတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

    ဂိတ်စ်ဖောင်ဒေးရှင်းကို ၂၀၀၀ ပြည့်နှစ်မှာ ဘီလ်ဂိတ်နှင့် ဇနီးဖြစ်သူ မီလင်ဒါတို့က တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ရောဂါဘယနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ဖို့အတွက် လုပ်ဆောင်နေပါတယ်။

    Ref: Channelnewsasia

  • မန္တလေးမြို့၌ ၁၄၈၉နှစ်မြောက် မဟာတမန်တော်မြတ်မွေးနေ့ကျင်းပ

    မန္တလေးမြို့၌ ၁၄၈၉နှစ်မြောက် မဟာတမန်တော်မြတ်မွေးနေ့ကျင်းပ

    မန္တလေး ဇန်နဝါရီ ၂၅
    .Mdy Prophet Day
    ၁၄၈၉ နှစ်မြောက် မဟာတမန်တော်မြတ် မွေးနေ့အခမ်းအနားကို ဇန်နဝါရီ၂၅ ရက် နံနက် ၇နာရီခွဲမှ မွန်းတည့် ၁၂နာရီအထိ မန္တလေးမြို့ စကြာနွယ်စဉ်ရပ် ၇၄လမ်း၊ ၃၆×၃၇လမ်းကြားရှိ မဏ္ဍပ်၌ မန္တလေးမြို့ (KAFTG) ဃရာနာမိသားစုက ကြီးမှူးကျင်းပသည်။ (အပေါ်ပုံ)
    .
    ရှေးဦးစွာ ၇၄လမ်း၊ ၃၆×၃၇လမ်းစုရပ်မဏ္ဍပ်မှ ၇၇လမ်းအထိ၊ ထိုမှ ၃၅လမ်းထိ၊ ၃၅လမ်း၊ ၇၄လမ်းဗဟိုထိ စီတန်းလှည့်လည်၍ တမန်တော်အား ချီးကျုးဂုဏ်ပြုရွတ်ဖတ်မှုပြုလုပ်ရာ မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၊ မန္တလေးမြို့လုံးဆိုင်ရာ တမန်တော်နေ့ကျင်းပရေးကော်မတီဝင်များ၊ ဃရာနာမိသားစုဝင်များ စီတန်းလှည့်လည်ပွဲတွင် လိုက်ပါကြသည်။
    .
    ထို့နောက် စုရပ်ဖြစ်သည့် မဏ္ဍပ်၌ တရားတော်များဟောကြားခဲ့ရာ ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသည့် ဧည့်သည်တော် အီရန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဘာသာပေါင်းစုံ တက္ကသိုလ်အဓိပတိနှင့် (KAFTG) ဃရာနာမိသားစုက ဦးဆောင်ပြီး တက်ရောက်လာသူများအား တရားဒေသနာတော်များ ဟောကြားသည်။
    .
    အဆိုပါ တမန်တော်မြတ်မွေးနေ့အခမ်းအနားသို့  မန္တလေးနှင့်အနီးဝန်းကျင်ဒေသများမှလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယင်းအခမ်းအနားကို မန္တလေးမြို့၌ နှစ်စဉ်ကျင်းပကြောင်း သိရှိရသည်။
    .
    ခင်ခင်ဝင်း(ပညာရေး)
    ၂၆၊၁၊ ၂၀၁၆ မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

  • မလေးရှားဝန်ကြီးချုပ် ဘဏ်စာရင်းမှ ဒေါ်လာ သန်း ၇၀၀ နီးပါးကိစ္စကို ရှေ့နေချုပ်ရှင်းလင်း

    မလေးရှားဝန်ကြီးချုပ် ဘဏ်စာရင်းမှ ဒေါ်လာ သန်း ၇၀၀ နီးပါးကိစ္စကို ရှေ့နေချုပ်ရှင်းလင်း

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆

    najib
    M-Media- မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲသို့ ဆော်ဒီမှ ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်း လွှဲပေးမှုမှာမည်သည့်ရာဇ၀တ်မှု၊ ခြစားမှုမှ မမြောက်ဘဲ ဆော်ဒီတော်ဝင်မိသားစုက လက်ဆောင်အဖြစ် ပေးအပ်ခြင်းသာဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု မလေးရှားရှေ့နေချုပ်က ယနေ့တွင် ပြောကြားလိုက်သည်။

    “ဒီငွေတွေဟ လာဘ်ထိုးတဲ့ငွေ ဒါမှမဟုတ် ခြစားတဲ့ငွေပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ တွေ့ရှိချက်အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာ့ကြောင့် ၀န်ကြီးချုပ်နာဂျစ်ကို ဒီငွေပေးလဲဆိုတာ အကြောင်းပြချက်တော့ မပေးခဲ့ပါဘူး။ ဒါဟာ သူနဲ့ ဆော်ဒီတော်ဝင်မိသားစုတို့ကြားက ကိစ္စပါပဲ” ဟု ယနေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက ပြောကြားခဲ့သည်။

    ထို့ပြင် မလေးရှားခြစားမှုတိုက်ဖက်ရေး အေဂျင်စီက ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု ၃ ခုတွင် နာဂျစ်မှာ မည်သည့် ရာဇ၀တ်မှုကိုမှ ကျူးလွန်ခဲ့သည်ကို မတွေ့ရှိရကြောင်း၊ နောက်ထပ် မည်သည့်စုံစမ်းမှုမှ ပြုလုပ်တော့မည်ဟုတ်ကြောင်း ရှေ့နေချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

    အသုံးပြုစရာမရှိသောကြောင့် ကန်ဒေါ်လာ သန်း ၆၂၀ ကို နာဂျစ်က ဆော်ဒီနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု အလီက ဆိုသည်။

    နာဂျစ်က အကြီးအကဲဖြစ်တာဝန်ယူထားသည့် နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) တွင် ဒေါ်လာဘီလီယံနှင့်ချီ အကြွေးတင်နေသည့်အချိန် ၎င်း၏ ငွေစာရင်းတွင် ထိုငွေများကို တွေ့ရှိခဲ့ရခြင်းကြောင့် ၀န်ကြီးချုပ်နာဂျစ်မှာ ဝေဖန်မှုများခံခဲ့ရကာ ရာထူးမှ နှုတ်ထွက်ရန်အထိ ဖိအားပေးခြင်း ခံခဲ့ရသည်။

    Ref : Aljazeera