News @ M-Media

Blog

  • IS ကို စစ်ရေးဖြင့်ရင်ဆိုင်ခြင်းထက် ၎င်းတို့၏ အတွေးအခေါ်ဆိုးကို တွန်းလှန်ခြင်းမှာ ပိုအရေးကြီးသည်ဟု နိုက်ဂျီးရီးယားပြော

    IS ကို စစ်ရေးဖြင့်ရင်ဆိုင်ခြင်းထက် ၎င်းတို့၏ အတွေးအခေါ်ဆိုးကို တွန်းလှန်ခြင်းမှာ ပိုအရေးကြီးသည်ဟု နိုက်ဂျီးရီးယားပြော

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    Nigeria
    နိုက်ဂျီးရီးယား ဒုတိယသမ္မ ယဲမီ အိုဆင်ဘာဂျို

    – IS အကြမ်းဖက်အဖွဲ့အား စစ်ရေးအရ တိုက်ခိုက်ခြင်းထက် ၎င်းတို့၏ ဆိုးရွားသော အတွေးအခေါ်အပိုင်းဆိုင်ရာကို တွန်းလှန်ခြင်းမှာ ပိုအရေးကြီးသည်ဟု မွတ်စလင်အများစုရှိရာ နိုက်ဂျီးရီးယားနိုင်ငံသမ္မတ ဘူဟာရီက ပြောကြားလိုက်သည်။

    ဒုတိယသမ္မ ယဲမီ အိုဆင်ဘာဂျိုမှာ ဆွဇ်စ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင်ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌  ယမန်နေ့က CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတဘူဟာရီ၏ ထိုမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ကမ္ဘာအနေဖြင့် IS အား ရှုတ်ချရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်တော့ ကျွန်တော်တို့ဟာ သူတို့ကို စစ်ရေးအရ မဖြစ်မနေရင်ဆိုင်ရမှာပါ။ သူတို့ဟာ စစ်တပ်ဖြစ်နေတဲ့အတွက် ဒါဟာ လုံးဝအရေးပါပါတယ်။ ဒါပေမယ့် ပိုအရေးကြီးပြီး ရှေ့ဆက် တိုးမြှင့်လုပ်ဆောင်ရမှာက အယူဝါဒပိုင်းဆိုင်ရာကိစ္စပါ။ ကျွန်တော်တို့ဟာ အဲဒီအယူဝါဒပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းရပါမယ်။ ပြီးတော့ သမ္မတဘူဟာရီက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်ခေါင်းဆောင်တွေအနေနဲ့ IS အဖွဲ့ကို ဆန့်ကျင်ပြောဆိုဖို့၊ သူတို့ရဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်ကို အခြေခံကျကျ တိုက်ထုတ်သွားဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု အိုဆင်ဘာဂျိုက ပြောကြားခဲ့သည်။

    နိုက်ဂျီရီးယားနိုင်ငံမှာ IS အား သစ္စာခံသော ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့၏ ထကြွသောင်းကျန်းမှုကို ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်ပြီး အစ္စလာမ်ဘာသာဝင်သမ္မတ ဘူဟာရီကမူ မိမိအနေဖြင့် အဆိုပါအဖွဲ့အား အမြစ်ဖြုတ်သွားမည်ဟု ပြောကြားထားဖူးသည်။

    အစ္စလာမ်သာသနာကို ခုတုံးလုပ်၍ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အသင်းအဖွဲ့များ၊ ဘာသာရေခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့ပြီး၊ ၎င်းတို့၏ လုပ်ရပ်နှင့် အတွေးအခေါ်များမှာ အစ္စလာမ်နှင့် လုံးဝ ဆန့်ကျင်နေကြောင်း၊ ၎င်းတို့အဖွဲ့မှာ အစ္စလာမ်သာသနာ၏ ရန်သူသာဖြစ်ကြောင်း ဓမ္မသတ်များ ထုတ်ပြန်ခဲ့ကြသည်။

    IS အကြမ်းဖက်အဖွဲ့ကြောင့် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသူ အများစုမှာလည်း အစ္စလာမ်ဘာသာဝင်များပင် ဖြစ်သည်။

    Ref: CNBC

  • သွေးကင်ဆာရောဂါသည်များ သက်တမ်းရှည်ရှည်နေနိုင်ရန် မျှော်လင့်ချက်ရှိလာ

    သွေးကင်ဆာရောဂါသည်များ သက်တမ်းရှည်ရှည်နေနိုင်ရန် မျှော်လင့်ချက်ရှိလာ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    – ကင်ဆာကြိတ်များသော လူနာများကို ကုသပေးနိုင်ရန် အခြားသော ကုသနည်းများနှင့်ပေါင်းစပ်အသုံးပြုရမည့် Amgen ကုမ္ပဏီထုတ် ကင်ဆာရောဂါကုဆေးဝါး ကီပရိုလစ် (Kyprolis) ကို အမေရိကန်အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အတည်ပြုလိုက်တယ်လို့ သိရပြီး၊ သွေးကင်ဆာရောဂါသည်တွေအတွက် သက်တမ်း ပိုရှည်ရှည်နေရဖို့ မျှော်လင့်ချက်ရောင်ချည် သန်းလာတာလည်းဖြစ်ပါတယ်။

    ဒါ့အပြင် ယခင်က တစ်ကြိမ်ထက်မနည်း ကုသမှုခံယူထားဖူးပြီး ကင်ဆာကြိတ်ပြန်လည်ပွားများလာကာ ရောဂါပြန်ထလာသူတွေအတွက် ကုသနိုင်တဲ့ ဆေးဝါးတစ်လက်အဖြစ်လည်း အတည်ပြုပေးခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်ကတည်းက အကြိုအတည်ပြုချက်ရှိထားသော်လည်း ယခုမှ လုံးဝခွင့်ပြုချက်ရရှိလာခြင်းဖြစ်တယ်လို့ Amgen ကုမ္ပဏီက ပြောပါတယ်။ အမှန်တကယ် အကျိုးဖြစ်ထွန်းမှုကို ခိုင်မာစေဖို့ လေ့လာသုံးသပ်မှုများ ပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ စမ်းသပ်မှုတွေအရ အကျိုးဖြစ်ထွန်းမှသာလျှင် FDA က ဆေးကို ယုံယုံကြည်ကြည်သုံးစွဲနိုင်တယ်ဆိုတဲ့ ထောက်ခံချက် ထုတ်ပေးမှာဖြစ်ပါတယ်။

    အရင်ကအသုံးပြုတဲ့ ဆေးဝါးဖြစ်တဲ့ Velcade ကို dexamethasone နဲ့ပေါင်းစပ်ပြီး ကုသတဲ့ရလဒ်ထက် ယခု ကီပရိုလစ်ကို dexamethasone နဲ့ ပေါင်းစပ်ပြီး စမ်းသပ်တဲ့ရလဒ်က လူနာသက်တမ်းကို နှစ်ဆရှည်စေတယ်လို့ ကနဦး စမ်းသပ်မှုတွေအရ သိရပါတယ်။

    Ref: Reuters

  • ရောမဗလီကြီးကို လာရောက်လည်ပတ်ရန် အီတလီမွတ်စလင်များက ပုပ်ရဟန်းမင်းကြီးကို ဖိတ်ခေါ်

    ရောမဗလီကြီးကို လာရောက်လည်ပတ်ရန် အီတလီမွတ်စလင်များက ပုပ်ရဟန်းမင်းကြီးကို ဖိတ်ခေါ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    Rome

    – အနောက်ကမ္ဘာမှာ အကြီးဆုံး ဗလီဝတ်ကျောင်းတော်တစ်ခုလို့ မှတ်ယူခံထားရတဲ့ အီတလီနိုင်ငံ ရောမမြို့က ဗလီကြီးကို လာရောက်လည်ပတ်ဖို့အတွက် အီတလီမွတ်စလင် ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဗုဒ္ဓဟူးနေ့က ဖိတ်ကြားခဲ့ပါတယ်။

    အီတလီအစ္စလာမ့်အသင်း (ICT) က ရှေ့ဆောင်အီမာမ် ယဟ်ယာ ပါလာဗီစီနီ၊ အီတလီအစ္စလာမ့်ယဉ်ကျေးမှုစင်တာ (ICCI) က ဒါရိုက်တာ အဘ်ဒဲလ်လာဟ် ရီဒူနီ၊ ဆော်ဒီသံအမတ် ရာယဒ်ခါလဒ် ကရင်မလီတို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဆံစဉ်မှာ အခုလို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

    ပုပ်ရဟန်းမင်းကြီးကတော့ အဲဒီလို ဖိတ်ကြားခံရမှုအတွက် ကျေးဇူးတင်တယ်လို့ ကြာသာပတေးနေ့မနက်ပိုင်း ၀တ်ပြုဆုတောင်းမှုမှာ ပရိတ်သတ်တွေကို ပြောကြားခဲ့ပြီး၊ လာရောက်လည်ပတ်မယ်လို့တော့ မပြောသေးပါဘူး။ တကယ်လို့ သွားရောက်ခဲ့မယ်ဆိုရင်တော့ ဖရန်စစ်ဟာ ၁၉၉၅ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အဲဒီရောမဗလီကြီးကို သွားရောက်လည်ပတ်တဲ့ ပထမဆုံးပုပ်ရဟန်းမင်းကြီး ဖြစ်လာမှာဖြစ်ပါတယ်။

    (ICI) က အီမာန်ကြီး ယဟ်ယာ ပါလာဗီစီနီကတော့ အဲဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်ခဲ့ပြီး ရင်းနှီးဖော်ရွေမှုကို ပြသရာ ရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကလည်း ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြားမှာ အပြန်အလှန် ထားရှိရမယ့် အခွင့်အရေးတွေကို ရည်ညွှန်းပြောဆိုခဲ့တယ်လို့ သူကဆိုပြီး ညီရင်းအစ်ကိုစိတ်ဓာတ်၊ ရင်နှီးဖော်ရွေမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မဖြစ်မနေ လုပ်ဆောင်သွားရမယ်လို့ ဆိုပါတယ်။

    SM/IINA

  • ဟိန္ဒူဘာသာရေးပွဲတော်အတွက် နိုင်ငံ၏ အကြီးဆုံး ဟိန္ဒူဘုရားကျောင်းတစ်ဝိုက်တွင် မလေးရှားက လုံခြုံရေး တိုးမြှင့်ချထားပေး

    ဟိန္ဒူဘာသာရေးပွဲတော်အတွက် နိုင်ငံ၏ အကြီးဆုံး ဟိန္ဒူဘုရားကျောင်းတစ်ဝိုက်တွင် မလေးရှားက လုံခြုံရေး တိုးမြှင့်ချထားပေး

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    malay

    – ဟိန္ဒူဘာသာဝင်များ၏ Thaipusam နီးကပ်လာသည့်အချိန်တွင် နိုင်ငံသားများ စိတ်အေးချမ်းသာစွာ ဘာသာရေးထုံးတမ်းဓလေ့များကို ကျင့်သုံးနိုင်ရန်အတွက် မလေးရှားအစိုးရမှာ ဟိန္ဒူများ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းရှိသော Batu Caves တစ်ဝိုက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။

    Thaipusam ပွဲတော်မှာ ဇန်န၀ါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျရောက်မည်ဖြစ်ပြီး ဆီလန်ဂေါပြည်နယ်တွင်ရှိသည့် အဆိုပါ Batu Caves မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အလှပဆုံး Thaipusam ပွဲတော်ကျင်းပရာ နေရာဖြစ်ကာ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်သည်။

    မလေးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များကမူ အဆိုပါနေရာတွင် ဇန်န၀ါရီ ၁၅ ရက်နေ့မှ စတင်ကာ လုံခြုံရေးကို တိုးမြှင့်ချထားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် IS အဖွဲ့ဝင်များ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မလေးရှားတွင် အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာများတွင် လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။

    Batu Caves တွင် ရဲတပ်ဖွဲ့အပြင် စစ်တပ်မှာလည်း လုံခြုံရေးတာဝန်ကို ရယူကာ ကင်းလှည့်စောင့်ကြပ်မှုများကို အချိန်ပြည့်ပြုလုပ်နေသည်။

    malay 2

    Ref: Channelnewsasia

  • မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ အရည်အသွေးမှာ တော်တော်များများ တူညီသည်ဟု အလွန်ဆိုပြော

    မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ အရည်အသွေးမှာ တော်တော်များများ တူညီသည်ဟု အလွန်ဆိုပြော

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    morinho

    – မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့အကြား တူညီမှုမှာ အချို့သူများ ထင်ထားသည်ထက်ပင် ပိုသည်ဟု ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဇာဘီအလွန်ဆိုက ပြောကြားလိုက်သည်။

    ဂွါဒီယိုလာက ဘာကာအား ကိုင်တွယ်နေသည့်အချိန်နှင့် မော်ရင်ဟိုက ရီးယဲလ်အား ကိုင်တွယ်နေသည့် အချိန်တို့တွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့မှာ ခါးသီးသောပြိုင်ဘက်များဖြစ်ခဲ့သည်။ ထိုနည်းပြနှစ်ဦး လက်အောက်တွင် အောင်မြင်မှုအရသာကို မြည်းစမ်းနိုင်ခဲ့သည့် အလွန်ဆိုကမူ ၎င်းတို့နှစ်ဦးတွင် အရည်အသွေး အများအပြား တူညီမှုရှိသည်ဟု ပြောကြားခဲ့သည်။

    “သူတို့ရဲ့သဘာဝကိုက ခေါင်းဆောင်ဖြစ်ရမယ့်သူတွေပါ။ သူတို့တွေဟာ လူတွေကို ဘယ်လိုယုံကြည်အောင် လုပ်မလဲဆိုတာကို သိကြတဲ့ သြဇာတိက္ကမကြီးတဲ့ ပုဂ္ဂိုလ်တွပါပဲ။ လူတိုင်းမှာ ကိုယ်ပိုင် ပုံသဏ္ဍာန်တွေရှိပေမယ့် သူတို့နှစ်ယောက်မှာတော့ တော်တော်များများ တူညီကြပါတယ်။ ဥပမာအားဖြင့် နှစ်ယောက်စလုံးက စိတ်ခံစားလွယ်တယ်။ သူတို့ရဲ့ ဘောလုံးပညာကိုသာမက စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ကိုပါ မျှဝေသင်ကြားပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ အမိန့်အတိုင်း အသင်းက လိုက်ကစားအောင် လုပ်ရတာဟာ တကယ်တော့ မလွယ်ပါဘူး။ လေ့ကျင့်ကွင်းမှာ ဘယ်လောက်ကောင်းကောင်း တကယ့်ပွဲမှာ ကစားသမားတွေက ကိုယ့်စကားနားမထောင်ရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

    ချယ်ဆီးမှထုတ်ပယ်ခံရပြီးနောက် မော်ရင်ဟိုမှာ ပရီးမီးယားလိဂ်တွင်ပင် ပြန်လည်နည်းပြမည်ဟု ဖွင့်ဟထားပြီး၊ ဂွါဒီယိုလာကလည်း ယခုရာသီကုန်လျှင် အင်္ဂလန်သို့လာရန် ဆန္ဒရှိသည်ဟု ပြောကြားထားသောကြောင့် ၎င်းတို့နှစ်ဦးမှာ ပြန်တွေ့ဆုံမည့်အလားအလာ ရှိနေသည်။

    Ref: Goal