News @ M-Media

Blog

  • လျှပ်စစ်ဓာတ်အားအတွက် ဆော်ဒီက အသေးစားနျူဓာတ်ပေါင်းဖိုများ ဆောက်မည်

    လျှပ်စစ်ဓာတ်အားအတွက် ဆော်ဒီက အသေးစားနျူဓာတ်ပေါင်းဖိုများ ဆောက်မည်

    မတ် ၂၇၊ ၂၀၂၂

    M-Media 


    – အသေးစားနျူဓာတ်ပေါင်းဖိုတွေ ပြည်တွင်းမှာ တည်ဆောက်သွားဖို့ စိတ်၀င်စားနေတယ်လို့ ဆော်ဒီ စွမ်းအင်၀န်ကြီး မင်းသား အဘ်ဒူလ် အဇစ် ဘင် ဆလ်မန်က ပြောပါတယ်။ 

    GEC2022 အစည်းအ၀ေးမှာ ဒီလိုမှတ်ချက်ပေးလိုက်တာဖြစ်ပြီး ၀ေးလံခေါင်ဖျားတဲ့ဒေသတွေမှာ လျှပ်စစ်ဓာတ်အားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

    ဓာတ်ပေါင်းဖိုတွေကို ဆော်ဒီက ပြည်တွင်းမှာ ကိုယ်ပိုင်ငွေနဲ့ တည်ဆောက်ဖို့ ကြံရွယ်နေတာဖြစ်ပါတယ်။ 

    မင်းသား အဘ်ဒူလ်အဇစ်က ကမ္ဘာကြီးကို အန္တရာယ်ဖြစ်နိုင်မှုကို လျှော့ချဖို့အတွက် ဆော်ဒီဟာ ပြည်တွင်းမှာပဲ နည်းပညာတွေကို ဖန်တီးထုတ်လုပ်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    “ကိုယ်တိုင်သုံးဖို့ပစ္စည်းကို သူများက လာဆောက်ပေးရတာမျိုး အနာဂတ်မှာ ရှိလာမှာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ်သုံးဖို့အတွက် ကိုယ့်ဟာကိုယ်ဆောက်မှာပါ”

    ဆော်ဒီဟာ ၂၀၃၀ ရည်မှန်းချက်ချထားပြီး စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာတွေမှာ အကြီးအကျယ် ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ 

    Ref: Arab News 

  • ပိုလန်ခရီးစဥ်တွင် ပူတင်ကို ဖြုတ်ချရန်ပါ ကန်သမ္မတပြောလာ

    ပိုလန်ခရီးစဥ်တွင် ပူတင်ကို ဖြုတ်ချရန်ပါ ကန်သမ္မတပြောလာ

    မတ် ၂၇၊ ၂၀၂၂

    M-Media


    -ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်ဟာ သားသတ်သမား တစ်ယောက်ဖြစ်ပြီး အာဏာဆက်ရှိနေလို့ မဖြစ်တော့ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    နေတိုးအဖွဲ့၀င်ဖြစ်ပြီး ယူကရိန်းနဲ့ကပ်နေတဲ့ ပိုလန်နိုင်ငံကို ဘိုင်ဒန် ရောက်ရှိနေတာ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ ပိုင်နက်ကို တစ်လက်မမှ မကျူးကျော်မိစေဖို့လည်း ဘိုင်ဒန်က ပူတင်ကို ထပ်မံသတိပေးခဲ့ပါတယ်။ 

    ယူကရိန်းဟာ ရုရှားအတွက် အောင်ပွဲဒေသ ဘယ်တော့မှ ဖြစ်မှာမဟုတ်ကြောင်း၊ ပူတင်တစ်ယောက် အာဏာဆက်ရှိနေလို့ မရတော့ကြောင်းလည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အိမ်ဖြူတော်ကတော့ ဘိုင်ဒန်ရဲ့မှတ်ချက်ဟာ ရုရှားမှာ အစိုးရပြောင်းလဲဖို့ တိုက်တွန်းဆော်သြတာ မဟုတ်ဘူးလို့ နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

    ရုရှားအစိုးရကိစ္စမှာ ဘိုင်ဒန်အနေနဲ့ ဘာဆုံးဖြတ်ချက်မှ ပေးစရာမလိုဘဲ ရုရှားသမ္မတကို ရုရှားပြည်သူတွေကသာ ရွေးကောက်တင်မြှောက်တာဖြစ်ကြောင်း ပူတင်ရဲ့ရုံးက တုန့်ပြန်ခဲ့ပါတယ်။ 

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုမှာ အမေရိကန်က ယူကရိန်းဖက်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေ ပိုမိုလုပ်ဆောင်လာသလို၊ ရုရှားကိုလည်း ပြင်းပြင်းထန်ထန် ၀ေဖန်မှုတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။ 

    Ref: Aljazeera 

  • ရုရှား၏ ပဲ့ထိန်းဒုံးများ မအောင်မြင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိနေ

    ရုရှား၏ ပဲ့ထိန်းဒုံးများ မအောင်မြင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိနေ

    မတ် ၂၅၊ ၂၀၂၂

    M-Media 


    -ယူကရိန်းစစ်ပွဲမှာ ရုရှားအသုံးပြုတဲ့ ပဲ့ထိန်းဒုံးကျည်တွေရဲ့ မအောင်မြင်မှုဟာ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

    ပဲ့ထိန်းဒုံးကျည်တွေဟာ ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ လက်နက်တွေဖြစ်ပါတယ်။ ပစ်ခတ်မှု မအောင်မြင်တာတွေမှာ ပစ်လွှတ်စဥ်အတွင်း ပေါက်ကွဲသွားတာ၊ ပစ်မှတ်ကို ကျရောက်ပြီးမှ မပေါက်ကွဲတာ စသဖြင့် ပါ၀င်ပါတယ်။ 

    ယူကရိန်းစစ်ပွဲ တစ်လကျော်လာတဲ့အချိန်မှာ ရုရှားက ဒုံးကျည်ပေါင်း ၁၁၀၀ ကျော်လောက် ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဖက်က ထုတ်ပြန်ထားပါတယ်။

    Kh-555 နဲ့ Kh-101 ပဲ့ထိန်းဒုံးကျည်အမျိုးအစားတွေကို ရုရှားက ယူကရိန်းစစ်ပွဲမှာ အဓိကထား အသုံးပြုနေတာပါ။ ဒုံးကျည်အမျိုးအစားကို လိုက်ပြီး မအောင်မြင်မှုဟာ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့ ထောက်လှမ်းရေးအချက်အလက်တွေကို ကိုးကားပြီး အမေရိကန် တာ၀န်ရှိသူ ၂ ဦးက ပြောပါတယ်။ 

    အခြား တာ၀န်ရှိသူတစ်ဦးက ၀ေဟင်ကပစ်ရတဲ့ ခရုဇ်ဒုံးကျည် မအောင်မြင်မှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ပြောပါတယ်။

    ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်မှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းရှိလာရင်ကို အလွန်မြင့်မားတဲ့နှုန်း ဖြစ်ပါတယ်။  

    ရုရှား ကာကွယ်ရေး၀န်ကြီးဌာနက စစ်သားတွေရဲ့ ပရော်ဖက်ရှင်နယ်ပီသမှု၊ ဒုံးကျည်နည်းပညာတွေကို ချီးကျူးခဲ့ပြီး၊ ဒုံးကျည်ပစ်ခတ်မှု မအောင်မြင်ဘူးဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ ပြောကြားမှုဟာ ၀ါဒဖြန့်မှုသက်သက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

    ရုရှားဟာ ပစ်မှတ်ကို ချိန်တွယ်ပစ်ခတ်ရတဲ့ ဒုံးကျည်အရေအတွက် သိိသိသာသာ လျော့နည်းလာပြီး ဗုံးတွေ၊ လက်နက်ကြီးတွေကိုသာ အဓိကထား အသုံးပြုနေရတယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာ၀န်ရှိသူတွေက ကြာသာပတေးနေ့မှာ ထုတ်ပြောထားပါတယ်။

    Ref: US News 

  • ခရိုနီနှင့် ဘုန်းကြီးများပါ၀င်သည့် စစ်တပ်၏ ကွန်ယက်တစ်ခုလုံးကို အရေးယူရန် ပညာရှင်များ တိုက်တွန်း

    ခရိုနီနှင့် ဘုန်းကြီးများပါ၀င်သည့် စစ်တပ်၏ ကွန်ယက်တစ်ခုလုံးကို အရေးယူရန် ပညာရှင်များ တိုက်တွန်း

    မတ် ၂၅၊ ၂၀၂၂

    M-Media 


    -မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးရေးနဲ့ အာဏာသိမ်းမှု နောက်ပြန်လှည့်ရေး ကြိုးပမ်းရာမှာ ခရိုနီတွေ၊ ထင်ရှားတဲ့ဘုန်းကြီးတွေ ပါ၀င်တဲ့ စစ်တပ်ရဲ့ ကွန်ယက်တစ်ခုလုံးကို ပိတ်ဆို့အရေးယူဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက တိုက်တွန်းဆော်သြလာပါတယ်။ 

    ၂၀၂၁ ခုနှစ်ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနဲ့ အဲဒီနောက်ပိုင်း ပြည်သူတွေအပေါ် ကျူးလွန်မှုတွေအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန််မာစစ်ခေါင်းဆောင်တွေ၊ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထပ်တိုးအရေးယူမှုတွေ လုပ်ဆောင်လာပါတယ်။ 

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖိနှိပ်မှုတွေဟာ စနစ်တကျ စီစဥ် ကျူးလွန်မှုမျိုး ဖြစ်တယ်ဆိုတာ တွေ့ရပြီး စစ်ရာဇ၀တ်မှု မြောက်နိုင်တယ်လို့ ကုလအဖွဲ့အစည်းတွေရဲ့ လတ်တလော အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ 

    အမေရိကန်အစိုးရကလည်း ၂၀၁၇၊ ၂၀၁၈ က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်ဆိုတာ တွေ့ရကြောင်း လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အခုတစ်ပတ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး နိုင်ငံတကာအသိုင်း၀ိုင်းရဲ့ ကြိုးပမ်းမှုကို ပိုမိုအားကောင်းစေမှာပါ။ 

    ပညာရှင်တွေကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို အမှန်တကယ် ဖိအားပေးနိုင်ဖို့ဆိုရင် သူတို့ ၀င်ငွေအကြီးအကျယ်ရနေတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့၊ နိုင်ငံခြားငွေကြေး လွှဲပြောင်းယူတဲ့ ဘဏ်တွေ၊ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးမှုတွေ ထပ်လုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ 

    “မြန်မာနိုင်ငံကနေ ပြင်ပကို ငွေသွင်းငွေထုတ် လုပ်ပေးနေတဲ့ ဘဏ်တွေရဲ့ ငွေကြေးစီးဆင်းမှုကို သေသေချာချာ ဆန်းစစ်ဖို့ လိုပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှမှာ ရှိနေတဲ့ နိုင်ငံတကာဘဏ်တွေပါ” လို့ သြစတေးလျ Curtin တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ပြောပါတယ်။ 

    စစ်ကောင်စီရဲ့ လေတပ်ဟာ လေကြောင်းကနေ တိုက်ခိုက်မှု ပိုမို လုပ်ဆောင်လာတဲ့အတွက်ကြောင့် လေယာဥ်ဆီတင်သွင်းတဲ့လုပ်ငန်းကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ တိုက်တွန်းမှုတွေ လတ်တလောမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ 

    “လေယာဥ်ဆီ မြန်မာကိုရောင်းတဲ့ကိစ္စမှာ ပါ၀င်နေတဲ့ စွမ်းအင်ကုမ္ပဏီတွေ၊ ဆိပ်ကမ်းတွေကို ဖိအားတွေ ထပ်ပေးရပါမယ်။ ဒါမှ သူတို့ လေယာဥ်ဆီရောင်းတာတွေ၊ ပေးပို့နေတာတွေ ရပ်သွားမှာပါ”

    ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်က တွဲဖက်ပါမောက္ခခ မီခေးလ် ဂရာဗာက စစ်ခေါင်းဆောင်တွေကို အရေးယူမှုအပြင် ခရိုနီတွေ၊ ထင်ရှားတဲ့ ဘုန်းကြီးတွေပါ၀င်တဲ့ မြန်မာစစ်တပ်ရဲ့ ကွန်ယက်တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုလုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ 

    “(ဒီကွန်ယက်ကြီးဟာ) ကော်ပိုရေးရှင်းတစ်ခုလို လည်ပတ်နေတာပါ။ သစ္စာရှိရင် ဆုပေး၊ သစ္စာဖောက်ရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးတဲ့ စနစ်မျိုးပေါ့။ ခရိုနီတွေက ဘီလာရုစ်၊ ရုရှားလို နိုင်ငံမျိုးက လက်နက်တွေ၊ လောင်စာတွေ ဖန်တီးပေးတယ်။ ဘုန်းကြီးတွေက စစ်တပ်ရဲ့ ကြမ်းကြမ်းတမ်းတမ်းအုပ်စိုးမှုကို အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်မှုအဖြစ် သိဒ္ဒိတင်ပေးပါတယ်”

    စစ်တပ်နဲ့နှစ်ကိုယ့်တစ်စိတ်ဖြစ်တဲ့ သီတဂူဆရာတော်လို ဘုန်းကြီးမျိုးကို နိုင်ငံခြားသွားခွင့် တားမြစ်တာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဂရာဗာက အကြံပြုပါတယ်။ 

    အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင်တွေဟာ နိုင်ငံအတွင်းက ထင်ရှားတဲ့ဘုန်းကြီးတွေကို ခပ်စိပ်စိပ်သွားတွေ့ပြီး၊ ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ် စစ်တပ်ရဲ့ ပုံဖော်မှုဟာ ၄ ဆအထိ တိုးလာတယ်လို့ United States Institute of Peace အဖွဲ့ရဲ့ ဒီဇင်ဘာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    သီတဂူဆရာတော်ဟာ ကုလသမဂ္ဂက လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ သတ်မှတ်ထားတဲ့ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုကို ‘ဗုဒ္ဓဘာသာမဟုတ်သူတွေဟာ လူမဟုတ်တဲ့အတွက် သတ်ဖြတ်မှုက အကုသိုလ်မဖြစ်ဘူး’ ဆိုပြီး ပေါ်ပေါ်ထင်ထင် ကာကွယ်ထောက်ခံပေးထားသူပါ။ 

    အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုး၀င်း ရုရှားနိုင်ငံကို သွားရောက်တဲ့ ခရီးစဥ်မှာလည်း သီတဂူဆရာတော်က လိုက်ပါသွားခဲ့ပါတယ်။ 

    မကြာသေးခင်က ဟောကြားတဲ့ တရားတစ်ခုမှာ သီတဂူဆရာတော်က အာဏာသိမ်းစစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပညာနဲ့ပြည့်စုံတဲ့မင်း ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The South China Morning Post

  • မိန်းကလေးများအတွက် ကျောင်းဖွင့်ပြီး နာရီပိုင်းအကြာတွင် တာလီဘန်က ပြန်ပိတ်

    မိန်းကလေးများအတွက် ကျောင်းဖွင့်ပြီး နာရီပိုင်းအကြာတွင် တာလီဘန်က ပြန်ပိတ်

    မတ် ၂၃၊ ၂၀၂၂

    M-Media 


    -အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ မိန်းကလေးတွေကို ကျောင်းတက်ခွင့်ပြုပြီး နာရီပိုင်းအရာမှာပဲ တာလီဘန်က ပြန်ပိတ်လိုက်ပါတယ်။

    တန်းနဲ့ အထက်တန်းကျောင်းသူ မိန်းကလေးတွေကို ကျောင်းတက်ခွင့်ပြုပြီး နာရီပိုင်းအရာမှာပဲ တာလီဘန်က ပြန်ပိတ်လိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လ တစ်နိုင်လုံးကို သိမ်းပိုက်ပြီးနောက်ပိုင်း အလယ်တန်းနဲ့ အထက်တန်းကျောင်းသူတွေကို တာလီဘန်က ကျောင်းတက်ခွင့် ပိတ်ပင်ခဲ့ပြီး ၇ လအကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာ ကျောင်းပြန်တက်ခွင့် ပေးခဲ့တာပါ။ 

    ဒါပေမယ့် ခွင့်ပြုပြီး နာရီပိုင်းအကြာမှာပဲ တာလီဘန်ရဲ့ ပညာရေး၀န်ကြီးဌာနက အစ္စလာမ့်ဥပဒေ၊ အာဖဂန်ယဥ်ကျေးမှုနဲ့ ကိုက်ညီတဲ့ အခြေအနေတစ်ခု ဖန်တီးပြီးတဲ့အချိန်အထိ ၆ တန်းအထက် မိန်းကလေးတွေကို ကျောင်းတက်ခွင့်မပြုဘူးလို့ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ 

    ဘာ့ကြောင့် ဒီလို ပြန်လည်ပိတ်ပင်တာလဲဆိုတာ ပြောခွင့်မရှိတဲ့အတွက် မပြောနိုင်ဘူးလို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ အီနာမူလာ ဆာမန်ဂါနီက AFP သတင်းဌာနကို ပြောပါတယ်။ 

    လန်ဒန်အခြေစိုက် အာဖဂန်နိုင်ငံရေးသမားနဲ့ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ရှူကရီယာ ဘာရက်ဇိုင်က တာလီဘန်ရဲ့ ဒီလုပ်ရပ်ဟာ အလွန် စိတ်ပျက်စရာကောင်းပြီး၊ သူတို့စကားကို ယုံလို့မရဘူး၊ ကတိမတည်ဘူးဆိုတာ ဒီအဖြစ်အပျက်က ပြသနေကြောင်း ၀ေဖန်ခဲ့ပါတယ်။ 

    “အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို မိန်းကလေးတွေ တက်လို့မရအောင် ပိတ်ပင်တယ်။ မူလတန်းကျောင်းလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွင့်မပေးသေးပါဘူး။ ပြည်နယ်အများစုမှာ မိန်းကလေးတွေဟာ မူလတန်းတောင် သင်ခွင့်မရပါဘူး။ တာလီဘန်တွေဟာ အရင်ကလို မိန်းကလေးတွေရဲ့ ပညာရေးကို ဆန့်ကျင်နေတုန်းပါ”

    Ref: Aljazeera