News @ M-Media

Blog

  • ဘေးလ်၏အပြောင်းအရွှေ့လျှို့ဝှက်ချက် ပေါက်ကြားမှုကို အေးဂျင့်ဝေဖန်

    ဘေးလ်၏အပြောင်းအရွှေ့လျှို့ဝှက်ချက် ပေါက်ကြားမှုကို အေးဂျင့်ဝေဖန်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    bale

    – ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ် စပါးမှ ရီးယဲလ်သို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားမှုမှာ ရှက်စရာကောင်းသည်ဟု ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက်က ပြောကြားလိုက်ပြီး စုံစမ်းစစ်ဆးမှု ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

    ဘောလုံးလျှို့ဝှက်ချက်များကို ဖော်ထုတ်သည့် ၀ဘ်ဆိုက်ဖြစ်သော Football Leaks က ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဘေးလ်၏ အပြောင်းအရွှေ့မှာ ယူရို သန်း ၁၀၀ ကျော်ရှိသည်ဟု အပြောင်းအရွှေ့စာရွက်စာတမ်း အထောက်အထားများဖြင့် ဖော်ပြခဲ့သည်။ ထိုပြောင်းရွှေ့ကြေးမှာ ရိုနယ်ဒိုအား မန်ယူမှခေါ်ယူစဉ်က သုံးစွဲခဲ့သည့် ပြောင်းရွှေ့ကြေး ယူရို ၉၄ သန်းထက် ပိုမိုများပြားကာ ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ဖြစ်ခဲ့သည်။ စပါးနှင့် ရီးယဲလ်တို့ နှစ်သင်းစလုံးက ဘေးလ်အတွက်ပြောင်းရွှေ့ကြေးကို ယူရို ၉၁.၅၉ သန်းသာ ထုတ်ပြန်ခဲ့သည်။

    “ဒီလိုကိစ္စအတွက် စုံစမ်းမှု၊ လွတ်လပ်တဲ့ စစ်ဆေးမှုတွေ ရှိသင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ ကိစ္စမို့လို့ပါ။ ဒီလိုအကြောင်းအရာမျိုးကို လူတွေက ရယူနိုင်တယ်ဆိုတာ ရှက်စရာကောင်းပါတယ်။ ဒါဟာ ၂ သင်းစလုံးကိုရော၊ ကစားသမားကိုပါ အလေးမထားတာပါပဲ” ဟု အေးဂျင့်ဘားနက်က ပြောကြားခဲ့သည်။

    ဗြိတိန်ဂျာနယ်လစ်ဖြစ်သူ ဂျိုနသန် နော်ခရော့ဖ်ကလည်း ဘေးလ်၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ မဖော်ပြရန် ရီးယဲလ်မက်ဒရစ်က ၎င်းအား မေတ္တာရပ်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref : Goal

  • အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော

    အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    iran

    – အီရန်အစ္စလာမ့်သမ္မတနိုင်ငံတော်မှာ ဆော်ဒီအာရေဗျနှင့် မည်သည့်တင်းမာမှုကိုမှ ရှာဖွေသွားမည်မဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်သည်။

    “အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ ဒေသတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နေရာပေးနိုင်တဲ့ တစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့ အရေးပါတဲ့တိုင်းပြည်နှစ်ခု ဖြစ်ပါတယ်။ ဆော်ဒီကို ဒေသအတွင်းကနေဖယ်ထုတ်ဖို့ ကျွန်တော်တို့ မမျှော်လင့်သလို၊ ဒီလိုလုပ်ဖို့ စိတ်လည်း မ၀င်စားပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဆော်ဒီဟာ ဒေသတွင်းမှာ အရေးပါတဲ့နိုင်ငံ ဖြစ်နေလို့ပါပဲ” ဟု ဇာရစ်ဇ်က CNN သို ယမန်နေ့ညနေ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက အကြမ်းဖက်မှုဖြင့် ကွပ်မျက်ခဲ့မှု၏ နောက်ဆက်တွဲအဖြစ် အီရန်နိုင်ငံ၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ဆော်ဒီသံရုံမှာ တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် ဆော်ဒီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့ကာ ၎င်းတို့နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ဇာရစ်ဖ်ကမူ အီရန်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးကောင်းမွန်လာမှုကို ဆော်ဒီက ထိတ်လန့်နေကာ မိမိတို့၏ အခန်းကဏ္ဍကို လက်မခံ၍မရဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ နိုင်ငံအားလုံးဟာ လူ့အစုအဝေးကြီးတစ်ခုပါယ။ အခု သူတို့ရဲ့ မဟာမိတ်တွေက အီရန်ကို တကယ့် မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပါပြီ။ ကျွန်တော်တို့ ဆော်ဒီနဲ့ တိုက်စရာမလိုပါဘူး။ ကံမကောင်းတာက ဒေသအတွင်း မတည်ငြိမ်မှုဟာ ဆက်ဒမ်နဲ့ အာရပ်နွေဦးဆော်လှန်ရေးပြီးတဲ့နောက်ပိုင်း ပခုံးချင်းယှဉ်နိုင်မယ့် နိုင်ငံတစ်ခု ပေါ်ထွက်လာမယ်ဆိုတဲ့ ဆော်ဒီရဲ့ ယုံကြည်မှုကြောင့် ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ”

    ထိုကဲ့သို့တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများဖြစ်တော့မည်ဟု မီဒီယာများက ချဲ့ကားပြောဆိုမှုများကို ဆော်ဒီဘက်ကလည်း တုံ့ပြန်ခဲ့ပြီး ဆော်ဒီမှာ အီရန်နှင့် မည်သည့်အခါမှ စစ်ဖြစ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: PressTV

  • အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    china 2

    – တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်ထဲမှာ ရေနံတူးစက်တစ်ခုကို တရုတ်ကရွှေ့ပြောင်းနေတယ်လို့ ဗီယက်နမ်ပြောဆိုခဲ့ပြီး အဲဒီနေရာမှာ ရေနံတူးခြင်းကိုရပ်တန့်ကာ ၎င်းယာဉ်အားဖယ်ရှားပေးဖို့ တစ်ပါတည်း တောင်းဆိုလိုက်ပါတယ်။

    Haiyan Shiyou ရေနံတူးစက်ဖြစ်ပြီး အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ ရွှေ့ပြောင်းထားရှိမှုအပေါ် မိမိတို့ကစိုးရိမ်နေတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင်ဘင်က ပြောကြားခဲ့ပါတယ်။

    “တရုတ်အနေနဲ့ အဲ့ဒီပိုင်နက်နယ်မြေကနေ Haiyan Shiyou စက်ကို ဖယ်ရှားပေးဖို့ မည်သည့်တူးဖော်ထုတ်ယူမှုကိုမှဆက်မလုပ်ဖို့ ဗီယက်နမ်က အသိပေးလိုပါတယ်” လို့ လီဟိုင်ဘင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ဗီယက်နမ်အနေနဲ့ နိုင်ငံတကာဥပဒေအရ အဲ့ဒီနယ်မြေရဲ့ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်အားလုံးကို ဆက်လက်ထိန်းသိမ်းသွားပါမယ်”

    ၂၀၁၄ ခုနှစ်က တရုတ်ဟာ ဗီယက်နမ်ကမ်းရိုးတန်းကနေ ရေနံတူးစက်ကို ပြန်လည်ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ယခုတစ်ခါ ထပ်မံရွှေ့ပြောင်းမှုကြောင့် နှစ်နိုင်ငံကြား တင်းမာစေခဲ့ပါတယ်။ ဗီယက်နမ်ထဲမှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ နေရာအနှံ့အပြားဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြမှုထဲမှာ လူငါးယောက်သေဆုံးစေခဲ့ပြီး ဗီယက်နမ်မှာရှိတဲ့ တရုတ်စက်ရုံအမြောက်အများ မီးရှို့ခံရ၊ လုယက်ခံခဲ့ရပါတယ်။

    တရုတ်က တောင်တရုတ်ပင်လယ်ရဲ့ ပိုင်နက်အားလုံးနီးပါးကို အချုပ်အခြာပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆိုပြီး ထိုင်ဝမ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံတို့ကလည်း တစိတ်တပိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ အဆိုပါအငြင်းပွားရေပိုင်နက်ဟာဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝမယ်လို့ ယူဆရပါတယ်။

    Ref: PressTV

  • မန်ယူတွင် စိတ်ပျက်နေပြီဟု ကွင်းလယ်လူ ပီရီရာပြော

    မန်ယူတွင် စိတ်ပျက်နေပြီဟု ကွင်းလယ်လူ ပီရီရာပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    man u

    – အသင်းတွင် ကစားခွင့်မရသည့်အတွက် စိတ်ပျက်မိပြီး အသင်းမှ ထွက်ခွာသွားချင်သည်ဟု မန်ယူကွင်းလယ်လူ အန်ဒရီယက်စ် ပီရီရာက ပြောကြားလိုက်သည်။

    အသက် ၂၀ အရွယ် ပီရီရာမှာ မန်ယူသို့ ရောက်ရှိလာပြီးကတည်းက ၇၈ မိနစ်သာကစားရသေးပြီး ကစားရသည့်ပွဲများမှာလည်း လိဂ်ဖလားပွဲများဖြစ်သည်။ လိဂ်ဖလားတွင် မန်ယူမှာ ၂ ပွဲကစားရပြီး ချန်ပီယံရှစ်အသင်း မစ်ဒယ်ဘရော့အား ပင်နယ်တီဖြင့်ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီဖြစ်သည်။ ပီရီရာကမူ မိမိအနေဖြင့် မန်ယူတွင် ကစားချင်သော်လည်း လက်ရှိအချိန်တွင် အငှားဖြင့် ထွက်ချင်သည်ဟု ဖွင့်ဟခဲ့သည်။

    “ကျွန်တော်ဟာ ယူနိုက်တက်အတွက် အလုပ်လုပ်နေတာပါ။ ဘရာဇီးလ်မှာ ပါဝင်ဖို့အတွက်လည်း ကျွန်တော် ခြေစွမ်းခြေစ ပြသရပါမယ်။ ဒါ့ကြောင့် ပိုမိုကစားဖို့နဲ့ အခွင့်အရေးပိုရဖို့လိုပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ကစားရဖို့ဆိုတာ ကြီးမားတဲ့ အိပ်မက်တစ်ခုပါ” ဟု ပီရီရာက ပြောကြားခဲ့သည်။

    မန်ယူတွင် ကစားခွင့်မရသော်လည်း ဗန်ဂါးလ်အား အပြစ်မတင်ဟု ဆိုသည်။

    “ဆက်ပြီးကြိုးစားဖို့ သူက ကျွန်တော့်ကို တိုက်တွန်းပါတယ်။ ဒါမှ အခွင့်အရေးဟာ တစ်နေ့ပေါ်လာမှာပါ။ တစ်ခါတစ်လေ ကျွန်တော် စိတ်ပျက်မိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် မကစားရဘူးလေ။ ဒါပေမယ့် နည်းပြကတော့ ကျွန်တော်နဲ့ အမြဲတမ်းစကားပြောပါတယ်”

    Ref: Goal

  • အစ္စလာမ့်ရေးရာ ကိစ္စရပ်များကို အကြံပြုဆောင်ရွက်ပေးနိုင်မည့် အဖွဲ့တစ်ခုကို အီတလီအစိုးရဖွဲ့စည်း

    အစ္စလာမ့်ရေးရာ ကိစ္စရပ်များကို အကြံပြုဆောင်ရွက်ပေးနိုင်မည့် အဖွဲ့တစ်ခုကို အီတလီအစိုးရဖွဲ့စည်း

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    mosque 2
    အီတလီမှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် အီတလီအစိုးရမှာ အဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်သည်ဟု သိရသည်။

    ပြည်ထဲရေးဝန်ကြီး အန်ဂျီလီနို အလ်ဖာနိုဦးဆောင်က အင်္ဂါနေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အစိုးရအား အကြံပေးမှုပြုပ်လုပ်သွားမည့် အဆိုပါအဖွဲ့မှာ နိုင်ငံအတွင်းရှိ မွတ်စလင်လူနည်းစုများ အီတလီလူ့အဖွဲ့အစည်းတွင် ပိုမိုပူးပေါင်းပါဝင်ရေး အကူညီပေးနိုင်မည်ဟု မျှော်လင့်ရသည်။

    အစ္စလာမ်ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် အဆိုပါအဖွဲ့မှာ လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံသည့် လူ့အဖွဲ့အစည်းတွင်ပေါင်းစည်းရေး ကိစ္စရပ်များဆိုင်ရာ အဆိုပြုချက်နှင့် အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်သွားမည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အလ်ဖာနိုကမူ မိမိမှာ မတူညီသောနိုင်ငံများ၊ ယဉ်ကျေးမှုများ၊ ဘာသာတရားများနှင့် ရိုးရာဓလေ့ထုံးတမ်းများမှ လူများအားလုံး မိမိတို့တိုင်းပြည်၏ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးကို ကူညီရန်စိတ်ပိုင်းဖြတ်ထားသည့် လူ့အဖွဲ့အစည်းတစ်ခုကို လိုချင်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါအဖွဲ့မှာ အီတလီနိုင်ငံအတွင်းရှိ အစ္စလာမ့်ရေးရာ ကိစ္စများကို ဆောင်ရွက်ပေးရာတွင် အစိုးရအား ကူညီပေးသွားမည်ဖြစ်ပြီး “အီတလီမှုပြု အစ္စလာမ်” ကို ဖော်ဆောင်ရာတွင် အကူအညီ ဖြစ်လိမ့်မယ်ဟု ၀န်ကြီးဌာန၏ ကြေငြာချက်တွင်ဖော်ပြထားသည်။

    လူဦးရေစာရင်းဇယားများအရ အီတလီနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ၁.၅ သန်းရှိပြီး အများစုမှာ ရွှေ့ပြောင်းအခြေချသူများဖြစ်ကား အစ္စလာမ်သို့ ပြောင်းလဲဝက်ဝင်သူများမှာ ရာခိုင်နှုန်းအနည်းငယ်ရှိနေသည်။

    ၂၀၁၅ ခုနှစ်မတ်လတွင် အီတလီနိုင်ငံ လက်ချီမြို့၌ ကျောင်းသား ၅၀၀၀ သင်ကြားနိုင်မည့် ဥရောပ ပထမဆုံး အစ္စလာမ့်တက္ကသိုလ်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဆင့်မြင့်ပညာရေး သင်ကြားရန် ရည်ရွယ်ချက်ဖြင့် အစ္စလာမ်ဘာသာသို့ သက်ဝင်ခဲ့သူ အီတလီလူမျိုးတစ်ဦးက ထိုစီမံကိန်းကို ဆောင်ရွက်ခဲ့သော်လည်း ဒေသန္တရအစိုးရက လက်မခံခဲ့ခြင်းဖြစ်သည်။

    အီတလီနိုင်ငံတစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းတော် ၄ လုံးသာရှိပြီး၊ မွတ်စလင်များမှာ မိမိတို့အစီအစဉ်ဖြင့် ၀တ်ပြု ရာနေရာများကို ဖန်တီးကာ ၀တ်ပြုနေရသည်။ ယခုကဲ့သို့ အစ္စလာမ့်ရေးရာနှင့်ပတ်သက်သည့် အဖွဲ့တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ထိုပြဿနာများမှာ ပြေလည်မည့်အလားအလာရှိနေသည်။

    Ref: IINA