News @ M-Media

Blog

  • အကြမ်းဖက်သမားများလက်မှ ခရစ်ယာန်များကို ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်သူရဲကောင်းကို ကင်ညာပြည်သူများ ဂုဏ်ပြု

    အကြမ်းဖက်သမားများလက်မှ ခရစ်ယာန်များကို ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်သူရဲကောင်းကို ကင်ညာပြည်သူများ ဂုဏ်ပြု

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    kenyan
    ခရစ်ယာန်များအား အကြမ်းဖက်သမားများလက်မှ ကာကွယ်ရင်း ရရှိသောဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့သည့် ကင်ညာမွတ်စလင်သူရဲကောင်း ဆာလာဟ် ဖာရာဟ်

    – အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွင်းမှာ ခရစ်ယာန်တွေကိုကာကွယ်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ကင်ညာက မွတ်စလင်ကျောင်းဆရာတစ်ယောက်ကို ကင်ညာပြည်သူတွေက “စစ်မှန်တဲ့သူရဲကောင်း”၊ တိုင်းပြည်ရဲ့အမှတ်သင်္ကေတအဖြစ် ချီးကျူးဂုဏ်ပြုကာ သူ့ရဲ့ ကျန်ရှိခဲ့တဲ့ မိသားစုအတွက် ကူညီထောက်ပံ့မှု ပြုလုပ်ဖို့လည်း စိုင်းပြင်းနေကြပါတယ်။

    ဆာလာဟ် ဖာရာဟ်လို့ အမည်ရတဲ့ အဲဒီ မူလတန်းပြ ကျောင်းဆရာလေးဟာ ပြီးခဲ့တဲ့လက မန်ဒီရာကနေ မြို့တော်နိုင်ရိုဘီကို သွားတဲ့ ဘတ်စ်ကားတစ်ခုမှာ အလ်ရှာဘက် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေကို ခွဲထိုင်ခိုင်းမှုကို ငြင်းဆန်ခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ခံလိုက်ရတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ခရစ်ယာန်တွေကို သီးသန့်ပစ်သတ်ဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အဲဒီကြိုးပမ်းမှုမှာ ဖာရာဟ်နဲ့အတူ မွတ်စလင်ခရီးသည်တွေဟာ အလ်ရှာဘတ်ကို အာခံခဲ့ကြတာပါ။

    အဲဒီဒဏ်ရာနဲ့ပဲ ပြီးခဲ့တဲ့တစ်ပတ်မှာ ဖာရာဟ်တစ်ယောက် ကွယ်လွန်ခဲ့ပါတယ်။ ဖာရာဟ်ကွယ်လွန်မှုကြောင့် အသက် ၂ နှစ်ကနေ ၁၀ နှစ်အတွင်းရှိတဲ့ သူရဲ့ ကလေး ၄ ရောက်နဲ့ လာမယ့်တစ်ပတ်ထဲမှာ ကလေးမီးဖွားဖို့ရှိနေတဲ့ ဇနီးတို့ဟာ ခိုကိုးရာမဲ့ခဲ့ရပါတယ်။

    ဖာရာဟ် သေဆုံးပြီးနောက်ပိုင်းမှာ သူ့ရဲ့မိသားစုကို ကူညီထောက်ပံ့ဖို့အတွက် အွန်လိုင်းလှုပ်ရှားမှုတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ Twitter စာမျက်နှာမှာ #HeroSalah လှုပ်ရှားမှုကို စတင်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အဘ်ဒူလာဟီ ဒီရိုးကတော့ “ဖာရာဟ်ဟာ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    “သူ့မိသားစုမှာ သားယောက်ျားလေးဆိုလို့ သူတစ်ယောက်တည်း ပါတာပါ။ သူ့အဖေကလည်း အခုအချိန်မှာ အရမ်းအိုမင်းနေပါပြီ။ ကလေးတွေကလည်း အရမ်းငယ်ပါသေးတယ်” လို့ မန်ဒီရာမြို့သားတစ်ဦးဖြစ်တဲ့ ဒီရိုးက ဆိုပါတယ်။

    “သူ့မိသားစုအတွက် ဘယ်လိုကူညီနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ကြိုးစား စဉ်းစားကြည့်ပါတယ်။ သူလုပ်ခဲ့တာဟာ ကင်ညာပြည်သူတွေအတွက်သာ မကဘဲ၊ လူသားဝါဒအတွက်ဖြစ်ပြီး ကင်ညာပြည်သူတွေအဖြစ် အနည်းဆုံးတော့ ကျွန်တော်တို့ဟာ ချီးကျူးအသိအမှတ်ပြုရပါမယ်” လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုအတွက် ဆာလာဟ်ရဲ့ မိသားစုကို အုပ်ထိန်းသူအဖြစ် တာဝန်ယူထားတဲ့ ဖာရာဟ်ရဲ့ ၀မ်းကွဲညီအကို ရရှစ်ဒ်ဆီက ခွင့်ပြုချက် ရယူထားတယ်လို့ ပြောခဲ့ပါသေးတယ်။

    ရရှစ်ကလည်း ဖာရာဟ်ရဲ့ မိသားစုဟာ ဒီလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ဖို့ ခွင့်ပြုထားတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

    “ကလေးတွေက ခိုကိုးရာလိုတယ်လေ။ သူတို့လေးတွေအတွက် ပညာရေး၊ စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ သူမိဘနှစ်ပါးကလည်း ဒီလိုပါပဲ” လို့ ရရှစ်က ပြောကြားခဲ့ပါတယ်။

    “ဖာရာဟ်က လေးစားခံရတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဘာသာရေးလည်း ကိုင်းရှိုင်းတယ်။ မူလတန်း ကျောင်းကြီး တစ်ကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်ကြီးအဖြစ် မကြာသေးခင်ကမှ ရာထူးတိုးခံထားရတာပါ။ ရွာကလည်း သူ့ကို တော်တော်လေး လေးစားကြပါတယ်”

    အခုအချိန်အထိတော့ ဖာရာဟ်ရဲ့မိသားစုကို ကူညီဖို့ဆောင်ရွက်တဲ့ လှုပ်ရှားမှုနေ ကင်ညာရှီလင် ၁၅၀၀၀၀ ကျော် (ကန်ဒေါ်လာ ၁၄၆၀) လောက် ရှိနေပါပြီ။

    “တစ်ကျပ်၊ နှစ်ကျပ်ဆိုပေမယ့်လည်း အများကြီးပေါင်းလိုက်တဲ့အခါ ကြီးမားတဲ့ ထူးခြားမှုကို ဖြစ်စေပါတယ်” လို့ ဒီရိုးက ပြောကြားခဲ့ပါတယ်။

    အာဖရိကဦးချိုဒေသလို့သိကြတဲ့ ဆိုမာလီနိုင်ငံရဲ့ မြို့ကြီးတွေကနေ တိုက်ထုတ်ခံခဲ့ရပေမယ့်လည်း အလ်ရှာဘတ် အကြမ်းဖက်အဖွဲ့ကတော့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း အာဖရိကသမ္မဂရဲ့ တပ်ဖွဲ့ဝင်တစ်စိတ်တစ်ပိုင်းအဖြစ် ဆိုမာလီမြို့ အလ်-အဒီမှာ တပ်စွဲထားတဲ့ ကင်ညာတပ်ဖွဲ့တွေကို အလ်ရှာဘတ်က တိုက်ခိုက်ခဲ့ပြီး ကင်ညာနိုင်ငံအတွင်းမှာလည်း တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

    ဖာရာဟ်နဲ့ပတ်သက်ပြီးဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုကို ပြည်သူတွေက အင်နဲ့အားနဲ့ ထောက်ခံကြတာဟာ ကင်ညာပြည်သူတွေအနေနဲ့ စုစည်းညီညွတ်ကြတယ်ဆိုတဲ့ သတင်းစကား အလ်ရှာဘတ်ကို ပေးလိုက်တာပဲလို့ ဒီရိုးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တိုင်းချစ်ပြည်ချစ်စိတ်ပါပဲ။ သူရဲကောင်းဖာရာရဲ့ မိသားစုနဲ့ သူ့ကလေးတွေရဲ့ ပညရေးကို ကူညီတာဟာ အလ်-ရှာဘတ်အဖွဲ့ကို အာခံတာပဲလို့ ကင်ညာပြည်သူတွေက မှတ်ယူနေကြပါတယ်။ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေကို ချီးကျူးဂုဏ်ပြုတဲ့နေရာမှာ ကျွန်တော်တို့ဟာ တစ်စိတ်တစ်ဝမ်းထဲပါပဲ”

    Ref: Aljazeera

  • ကနေဒါအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

    ကနေဒါအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    canada

    – ကနေဒါနိုင်ငံ ဆာကက်ချီဝမ်ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် သေနတ်သမားတစ်ယောက်က သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ဆက်ကာတွန်မြို့ မြောက်ပိုင်း ၆၀၀ ကီလိုမီတာတွင်ရှိသည့် ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှု၏ နောက်ကွယ်မှ လှုံ့ဆော်မှုကို အတိအကျ မသိရသေးပေ။

    ကနဦးသတင်းများအရ လူ ၅ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ ၄ ဦးရှိသည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်ဆောင်မှုကို အမေရိကန်ထက်ပို၍ ထိန်းချုပ်ထားသော ကနေဒါနိုင်ငံတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုမှာ ဖြစ်လေ့ဖြစ်ထမရှိချေ။

    ကနေဒါနိုင်ငံတွင်ဖြစ်ခဲ့သည့် စာသင်ကျောင်းများအား ၀င်ရောက်ပစ်ခတ်မှုမှ အဆိုးဆုံး အဖြစ်အပျက်များမှာ ၁၉၈၉ ခုနှစ်တွင် လူ ၁၄ ဦး သေဆုံးခဲ့သည့် မွန်ထရီယဲလ်ရှိ တက္ကသိုလ်တစ်ခုအား ၀င်ရောက်ပစ်ခတ်မှု၊ ၁၉၉၂ ခုနှစ်တွင် လူလေးဦးသေဆုံးခဲ့သည့် မွန်ထရီယဲလ်မှ Concordia တက္ကသိုလ်ပစ်ခတ်မှုတို့ဖြစ်သည်။

    Ref: Aljazeera

  • စီးရီးအေဖလားကို အေစီမီလန် ချိန်ရွယ်နေဆဲ

    စီးရီးအေဖလားကို အေစီမီလန် ချိန်ရွယ်နေဆဲ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    ac milan

    – ထိပ်ဆုံးမှ နာပိုလီအသင်းနှင့် ၁၂ မှတ်ကွာဟနေသော်လည်း မိမိအသင်းမှာ စီးရီးအေဖလားကို ရရှိရန် အခွင့်အရေး ရှိနေသေးသည်ဟု အေစီမီလန်အသင်းနည်း မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၂ ရာသီအတွင်း စီးရီးအေတွင် အခြေအနေဆိုးရွားခဲ့သည့်အတွက် မီဟိုင်းလိုဗစ်ခ်ျအား ခန့်အပ်ကာ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည့် အေစီမီလန်အသင်းမှာ ရာသီအစတွင် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ခြေစွမ်းကောင်းကို ပြသလာနိုင်ခဲ့ပြီး စီးရီးအေ နောက်ဆုံး ၁၃ ပွဲတွင် ၂ ပွဲသာ ရှုံနိမ့်ထားသည်။ လက်ရှိအချိန်တွင် အဆင့် ၆ နေရာရောက်ရှိနေကာ တတိယနေရာမှ အင်တာနှင့် ၈ မှတ်ကွာဟနေပြီး မီဟိုင်းလိုဗစ်ခ်ျကမူ ချန်ပီယံဆုအထိ ဦးတည်နေသည်။

    “ချန်ပီယံနေရာက မပိတ်သေးပါဘူး။ ဖီအိုရင်တီးနားပွဲ (ပြီးခဲ့သည့်တစ်ပတ်ကပွဲ) လို ကျွန်တော်တို့ကစားမယ်ဆိုရင် ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်း ရှိနေပါသေးတယ်။ ကျွန်တော်တို့အသင်း ဒီလိုဆက်သွားတာကို ကျွန်တော်မြင်ချင်ပါတယ်။ ကျွန်တော်တို့မှာ မှန်ကန်တဲ့ ပုံစံမျိုး ရှိနေပါတယ်။ ပြီးတော့ ဖီအိုရင်တီးနားနဲ့ပွဲမှာ ဒါကို ကျွန်တော် တွေ့ခဲ့ရပါတယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ပြောကြားခဲ့သည်။

    မီဟိုင်းလိုဗစ်ခ်ျ၏ အနာဂတ်နှင့်ပတ်သက်၍ ရာသီတစ်လျှောက်လုံး ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပြီး ၎င်းကမူ မိမိ၏အနာဂတ်အတွက် သံသယမဖြစ်မိဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာရပ်နိုင်ငံများ ပူးတွဲဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်မည်

    အာရပ်နိုင်ငံများ ပူးတွဲဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်မည်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    GCC

    – ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ (GCC) က ဒေသတွင်း ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပူးပေါင်းလုပ်ဆောင်နေပြီး ရလဒ်ကို မကြာမီထုတ်ပြန်နိုင်မယ်လို့ ဘာရိန်းအစိုးရအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

    ဒါဟာ အီရန်ရဲ့ကြီးထွားလာနေတဲ့ ဒုံးကျည်လက်နက်တွေကို တန်ပြန်ကာကွယ်နိုင်ဖို့အတွက် ပင်လယ်ကွေ့နိုင်ငံတွေအကြား အချိန်အတော်ကြာ မတိုးသာမဆုတ်သာဖြစ်ခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ GCC အကြီးအကဲတွေကတော့ အာရပ်နိုင်ငံတွေအနေနဲ့ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေ များများလုပ်ဆောင်ဖို့ အချိန်ကျလာပြီလို့ သတိပေးပြောကြားခဲ့ပါတယ်။

    ဘာရိန်းတော်ဝင်လေတပ်ဗိုလ်ချုပ် ဟာမက် ဘင် အဗ္ဗဒူလာ အလ်ခါလီဖာက ဒုံးကျည်ပူးတွဲကာကွယ်ရေးစနစ်တွေတည်ဆောက်ဖို့ GCC ကော်မတီက ပူးပေါင်းအားထုတ်လုပ်ဆောင်နေတယ်လို့ လေတပ်ညီလာခံတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    လက်နက်အားကောင်းလာတဲ့အီရန်နိုင်ငံနဲ့ပက်သက်လို့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ စိုးရိမ်မှုကို လျှော့ချဖို့ ၂၀၁၅ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ညီလာခံတစ်ခုမှာ အိုဘားမားနဲ့ ပင်လယ်ကွေ့နိုင်ငံတွေဟာ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပူးတွဲတည်ဆောက်သွားဖို့ အလေးအနက်ပြောကြားခဲ့ပါတယ်။

    အဲဒီညီလာခံကနေထုတ်ပြန်လိုက်တဲ့ ပူးတွဲကြေညာချက်အရ ပင်လယ်ကွေ့နိုင်ငံတွေကို့ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်ဖို့ အမေရိကန်က နည်းပညာအကူအညီပေးသွားမှာဖြစ်ပါတယ်။

    Ref : Arabnews

  • အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွင် ကူညီခဲ့သည့် ဗြိတိန်မွတ်စလင်များကို စကော့တလန်ယာ့ဒ်က ချီးကျူး

    အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွင် ကူညီခဲ့သည့် ဗြိတိန်မွတ်စလင်များကို စကော့တလန်ယာ့ဒ်က ချီးကျူး

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    scotland

    – အစွန်းရောက်ဝါဒကို တိုက်ဖျက်ရာမှာ ကူညီပံ့ပိုးပေးတဲ့အတွက် ဗြိတိန်မွတ်စလင်တွေကို နာမည်ကျော် စကော့တလန်ယာ့ဒ် ရဲတပ်ဖွဲ့က ချီးကျူးလိုက်ပြီး၊ အစွန်းရောက်အတွေးအခေါ်တွေကြောင့် ပြုလုပ်မယ့် တိုက်ခိုက်မှုတွေကို လူ့အဖွဲ့စည်းတွေရဲ့ အကူအညီတွေရမှ တားဆီးနိုင်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲ ရဲချုပ် ရစ်ချတ် ဝေါလ်တန်က ကလေးတွေက အိမ်ထဲမှာ ပြောဆိုနေကြတဲ့ အရေးကိစ္စတွေနဲ့ပက်သက်လို့ မိဘတွေဆီက ဒါမှမဟုတ်၊ မွတ်စလင်လူငယ်တွေဆီကနေ ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ရဲတပ်ဖွဲ့မှာ နှစ် ၃၀ ကြာအလုပ်လုပ်ပြီးနောက် အငြိမ်းစားယူခဲ့တဲ့ ရဲချုပ်ဝေါလ်တန်က အစွန်းရောက်တိုက်ဖျက်ရေး အစီအစဉ်ဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်အဖွဲ့အစည်းတွေဆီကနေ အထောက်အပံ့တွေ အများကြီး ရခဲ့ပါတယ်၊ လူငယ်မွတ်စလင်တွေ တော်တော်များများဟာ အကူအညီပေးဖို့ ရောက်လာလေ့ရှိပြီး မွတ်စလင်ခေါင်းဆောင်တွေကလည်း အစွန်းရောက်သမားတွေကို ငြင်းပယ်ရှုတ်ချကာ ကျွန်တော်တို့နဲ့ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ထားရှိတဲ့ ဖုန်းလိုင်းကနေတဆင့် မွတ်စလင်မိသားစုတွေက ဖုန်းဆက်ပြောကြတာတွေရှိပါတယ်၊ သူတို့ကလေးတွေ အိမ်မှာ လာပြောနေကြတဲ့ ကိစ္စတွေနဲ့ပက်သက်ပြီး စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ကို စောစော ဆက်သွယ်လာတဲ့အတွက် ကျွန်တော်တို့ အချိန်မီတားဆီးနိုင်ခဲ့ပါတယ်” လို့ ဝေါလ်တန်က ပြောကြားခဲ့ပါတယ်။

    သူက အကြမ်းဖက်မှုမရှိဘဲနေဖို့ဆိုတာ လူထုရဲ့ ပံ့ပိုးပေးမှုလိုအပ်ကြောင်း၊ တိုင်းသူပြည်သားတစ်ဦးချင်းဆီတိုင်းက တိုင်းပြည်ကို ဘေးအန္တရာယ်ကင်းစေဖို့ ကူညီနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

    အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနခွဲမှာ လုပ်ကိုင်ခဲ့တဲ့ ဝေါလ်တန်က ယမန်နှစ်က ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တဲ့အခါ လန်ဒန်က ရဲအရာရှိတွေဟာ အလားတူဖြစ်ရပ်မျိုးမဖြစ်အောင် နေ့ရောညပါ တာဝန်ယူလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

    ပြင်သစ်နဲ့ ဗြိတိန်ရဲ့ ကွာခြားချက်တစ်ခုက အင်္ဂလန်ရဲတွေဟာ ပြည်သူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုကို ကာကွယ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ စာသင်ကျောင်းက တာဝန်ရှိသူတွောလည်း အကြမ်းဖက်ဝါဒကို အမြစ်တွယ်မလာဖို့ တားဆီးပေးခဲ့တယ်လို့ ဝေါလ်တန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA