News @ M-Media

Blog

  • NLD တံခါးကို လာခေါက်နေတဲ့ ရခိုင်ပြည်နယ်က အစ္စလာမ်များရဲ့ မျှော်လင့်ချက်

    NLD တံခါးကို လာခေါက်နေတဲ့ ရခိုင်ပြည်နယ်က အစ္စလာမ်များရဲ့ မျှော်လင့်ချက်

    Dar paing - Sittwe Camp in Rakhine State
    Moe Aung/Root Investigative Agency

    နှစ်ပေါင်း ၆၀ ကျော်ကြာ လူ့အခွင့်အရေး ဖိနှိပ်မှုတွေကို အတူတကွ ခါးစည်းခံခဲ့ရတဲ့ မတူညီသော ကိုးကွယ်ယုံကြည်သူများကြား ပိုင်ဆိုင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့မှုတွေဟာ ဒီမိုကရေစီ အစိုးရ သက်တမ်းတစ်ခုအလွန်မှာ စလယ်ဝင်အိုး ဖင်မမည်းခင်က ကွဲခဲ့ရသလိုမျိုး ရခိုင်ပြည်နယ်ဟာ နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

    ဒါတွေကို အပြီးတိုင် အဆုံးသတ်စေမယ့် မျှော်လင့်ချက်တစ်ရပ်က “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီ အစိုးရ လက်ထဲမှာ ရှိနေပါတယ်။

    ဒီလို မျှော်လင့်ချက်တွေနဲ့အတူ တစ်ခုသော ဆောင်းမနက်ခင်းတစ်ခုမှာ အနီရောင်တွေကို အောင်လံ လွှင့်ထူစေမယ့် ဆေးတံဆိပ်တွေကို ပုံအောခဲ့ကြပါတယ်။

    နိုဝင်ဘာ ၈ အလွန်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ ကိုးကွယ်ယုံကြည်မှု ဖိနှိပ်ခံနေရမှုတွေ လားရာဘက် ပြောင်းလဲဖို့ မြန်မာ့ဒီမိုကရေစီ သင်္ကေတ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်မဲပေးခဲ့သူတွေထဲ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းနေ ၂၀၁၂ ပဋိပက္ခတိမ်းရှောင်ဒုက္ခသည် အစ္စလာမ်ဘာသာဝင် ဒေါ်စိုးစိုးဝင်းလည်း တစ်ဦး ပါဝင်ခဲ့ပါတယ်။

    “လူသားတစ်ဦးဖြစ်ပြီးတော့ သံဆူးကြိုးတွေ ကာရံပြီး လွတ်လပ်စွာ သွားလာခွင့်တွေ ဆုံးရှုံးနေတဲ့ ကျမတို့တွေရဲ့ ဘ၀က ကြမ်းတမ်းလှပါတယ်။ ကုလားဆိုတဲ့ အခေါ်အဝေါ် တစ်ခုအောက်မှာ ကျမတို့ လူဖြစ်ရှုံးနေတာတွေကို မျှဝေခံစားပေးမယ့် အစိုးရတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်ဖို့ ကျမ NLD ကို ရွေးချယ်ခဲ့ပါတယ်”

    ရခိုင်ပြည်နယ်အတွင်း ရာစုနှစ်များစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပြီးမှ မှုခင်းတစ်ခုပေါ် အခြေပြုပြီး အုပ်စုဖွဲ့ တိုက်ခိုက်မှုအပေါ် အခွင့်အကောင်းယူကာ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေကို လူသား အသိုင်းအ၀န်းတစ်ခုကနေ ဆွဲဖယ်ထုတ်နေခြင်းဟာ ရပ်တန့်ဖို့ အချိန်တန်ပြီ ဖြစ်တယ်လို့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းနေသူတွေက တညီတညွတ်တည်း ပြောဆိုနေကြပါတယ်။

    ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်း ကမ့်တာဝန်ခံ ဖြစ်သူ ဦးမောင်လှက – အစိုးရအနေနဲ့ သူတို့ လူမျိုးတွေအပေါ် ခုလို ထိန်းသိမ်းထားခြင်းဟာ အစိုးရရဲ့ စိုးရိမ်လွန်မှုတစ်ခုသာ ဖြစ်ပြီး သူတို့အနေနဲ့ ယခင်ကလိုပဲ ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အသင့်ရှိနေကြောင်း ဦးမောင်လှက RiA နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

    “ ပြန်လို့ နေထိုင်လို့ ရမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်ဆိုတော့ ကျနော်တို့တတွေဟာ ယခင်ကတည်းက တစ်ဦးပေါ် တစ်ဦး မှီခိုပြီး အတူတကွ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ကို မူဆလင်တွေက မှီခိုပြီး နေခဲ့ကြတာ ရှိသလို၊ မူဆလင်တွေကို ရခိုင်က မှီခိုပြီး လူမှုစီးပွား အစစ အမှီသဟဲ ပြုခဲ့တာတွေရှိပါတယ်။ ဒါ့ကြောင့် ခုချိန်မှာ အတူတကွ ပြန်နေထိုင်စေပြီး ယခင်လိုမျိုး ဆက်ဆံရေးကို ပြန်တည်ဆောက်ခွင့်ပေးခဲ့မယ်ဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ အစိုးရအနေနဲ့ကတော့ စိုးရိမ်စိတ်ရှိတာပေါ့။ ၂၀၁၂ တုန်းကလို ပဋိပက္ခ ပြန်ဖြစ်မှာစိုးလို့ အစိုးရက လောလောဆယ် ယာယီအားဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်တယ်လို့ ထင်ပါတယ်။”

    ကျောက်ဖြူ မြို့နယ်ရှိ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းဟာ ၂၀၁၂ ခုနှစ်အလွန် မှာ ပေါ်ပေါက်လာတဲ့ ဒုက္ခသည်စခန်းတစ်ခုပါ။

    ဒါပေမယ့် ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းဟာ ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော ကမ့်တွေနဲ့ ထူးခြားကွာခြားချက်တွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။

    အဲဒါကတော့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းမှာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ ညားပြီး ပဋိပက္ခကြောင့် ကွဲကွာနေရသူ မိသားစု အနည်းဆုံး ၄ ခုထက်မနည်းကို RiA ရဲ့ သတင်းအဖွဲ့က တွေ့ခဲ့ရပါတယ်။

    ကိုးကွယ်ယုံကြည်မှု မတူပေမယ့် အိမ်ထောင်ပြု ဘ၀ကို တည်ဆောက်နေသူတွေဟာ မှုခင်းတစ်ခုက အစပြုခဲ့ပြီး ဘာသာရေးအသွင်ဆောင် အမုန်းတရား ဖန်တီးသူတွေကြောင့် မိသားစု ဘ၀တွေ ကွဲကွာပြီး အနာဂတ်လုံခြုံမှု မဲ့နေမှု၊ သားသမီးတွေ အဖေ၊ အမေ ခေါ်စရာမဲ့နေမှု စတာတွေကို ယူကြုံးမရခံစားခဲ့ရပါတယ်လို့ ဗုဒ္ဓဘာသာ အမျိုးသားနဲ့ ညားနေပြီး ကလေး ၃ ဦးရှိတဲ့ ဒုက္ခသည်စခန်းနေ အစ္စလာမ်ဘာသာဝင် မသန်းဝေ က ပြောပါတယ်။

    “ သိနားလည်တဲ့သူတွေကတော့ အစ္စလာမ်နဲ့ပဲ ညားညား၊ ဗုဒ္ဓဘာသာနဲ့ပဲ ညားညား လက်ခံကြပါတယ်။ ခု ဒီမှာက ခဏလေး ရှောင်နေပါ။ ကိုထွန်း အမျိုးသမီးဟာ ကိုထွန်း အမျိုးသမီးပါပဲ။ ဘယ်ဘာသာပဲ ဖြစ်ဖြစ်။ ၂ ရက် ၃ ရက်နေပြီးရင် ပြန်ပြီး တွေ့ရမှာပါပဲ။ ခဏလေး ရှောင်နေပါဆိုပြီးတော့ နေနေတာ ခုဆိုရင် ၃ နှစ်ကျော်သွားပြီ ကျမ ယောင်္ကျားနဲ့ မတွေ့တာ။ ပိုက်ဆံ ရှိတဲ့သူတွေကတော့ အခက်အခဲတွေ ရှိပေမယ့်လည်း မိသားစုအတူတကွ တခြားနေရာတွေ ရန်ကုန်လိုမျိုးကို ပြောင်းရွေ့သွားခဲ့ကြတယ်။ ကျမတို့လို လက်လုပ်လက်စား လူတန်းစားတွေက အဲလိုမျိုး အခြေအနေမပေးတော့ မိသားစုနဲ့ ဝေးခဲ့ရတယ်။ ဒီ ကယ်ဆယ်ရေးစခန်းမှာ နေချင်လို့ နေရတာ မဟုတ်ပါဘူး။ မိသားစုတကွဲတပြားနဲ့ ခုလိုမျိုး ရှင်သန်နေရတာဟာ အရမ်းခံစားရပါတယ်။ တနေ့နေ့ တချိန်ချိန်မှာ မိသားစု အတူတကွ ပြန်နေထိုင်ရခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အသက်ရှင်သန်ဖို့ ကြိုးစားနေတာပါ”

    ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခအလွန် မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေကြား အတူယှဉ်တွဲနေထိုင်ရေးဟာ နောင်တက်လာမယ့် အစိုးရကို စိန်ခေါ်နေတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။
    နိုင်ငံသားဖြစ်ခြင်းနဲ့ ကိုးကွယ်ယုံကြည်မှု ရောထွေးသွားခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းမှုကို အဖြေရှာဖို့ ခက်ခဲလွန်းနေပါတယ်။

    ကျောက်ဖြူဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူ့အဖွဲ့အစည်းအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အတူတကွ နေထိုင်ဖို့ ဆိုတာဟာ ၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုကို လက်ခံရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသန်းလွင်က ပြောပါတယ်။

    “နိုင်ငံသား ဖြစ်သင့်တဲ့သူကို ၁၉၈၂ ဥပဒေနဲ့ အညီ စစ်ဆေးလို့ အတည်ပြုရင် ကျနော်တို့ လက်ခံပါတယ်။ ၈၂ ဥပဒေနဲ့ ညီညွတ်တဲ့သူတွေကို နိုင်ငံသားပေးပါ။ ကျနော်တို့ မကန့်ကွက်ပါဘူး။ အခု ကျနော်တို့ ခံစားနေရတာက သူတို့ (အစ္စလာမ်ဘာသာဝင်တွေ) ဟာ ကျနော်တို့နဲ့ ပဋိပက္ခတစ်ခု ဖြစ်ခဲ့တာကြောင့် သူတို့အနေနဲ့ ထိတ်လန့်မှုတွေ ရှိချင်ရှိမယ်။ မနေချင်တဲ့ ဆန္ဒ ရှိချင်ရှိမယ်။ ဒါပေမယ့် သူတို့ ရင်ဆိုင်နေရတာက နိုင်ငံသားဖြစ်ခွင့် ရထားတာကြောင့် ဒီဒေသက ထွက်ခွာလို့ မရဘူးဆိုတာကိုပါ။ သူတို့ ပိုင်ဆိုင်မှုတွေကို ရောင်းချရင်လည်းပဲ သက်ဆိုင်ရာက အမည်ပြောင်းလဲခြင်းတွေ မပြုလုပ်ပေးတာကြောင့် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွတ်စပယ်ထားပြီး မသွားရဲဘူးဖြစ်နေကြပါတယ်။ နိုင်ငံသား စီစစ်မှုတွေကတော့ စီစစ်နေကြပါတယ်။ ဒါပေမယ့် နိုင်ငံသားဖြစ်သွားတဲ့သူတွေကို နိုင်ငံသား ဖြစ်ခွင့် မပေးဘူးဆိုရင် နိုင်ငံသားစီစစ်မှု နိုင်ငံသားပေးအပ်မှုဟာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”

    ရိုဟင်ဂျာ အရေး လှုပ်ရှား ဆောင်ရွက်သူ (ဒေသအခေါ် ဘင်္ဂလီအရေး ဆောင်ရွက်သူများ) အကြီးအကဲ ဦးကျော်လှအောင်က  – ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူများဟာ ယခင် ရာစုနှစ်များစွာကတည်းက အတူတကွ နေထိုင်ခဲ့သူများ ဖြစ်ပြီး အပြန်အလှန် အမှီသဟဲ ပြုမှုများလည်း ရှိခဲ့တာကြောင့် အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ကိုပဲ မျှော်လင့်ကြောင်း ပြောပါတယ်။

    “ အစကတည်းက လွတ်လပ်ရေးမတိုင်ခင်ကတည်းက အေးအတူပူအမျှ နေထိုင်လာခဲ့ကြပြီးမှ ခုလို မှုခင်းတစ်ခုကြောင့် အားလုံးကို မေ့ပစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အရင်လိုပဲ အတူတကွ သင့်မြတ်စွာ ပြန်လည်နေထိုင်ဖို့ မျှော်လင့်ပါတယ် နှစ်ဘက်သော လူ့အဖွဲ့အစည်းကို မေတ္တာရပ်ခံလိုပါတယ်”

    ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင် ကလေး ၃ ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်မသန်းဝေက ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် ဝေးကွာခဲ့ရတဲ့ သူ့ အမျိုးသား၊ ကလေးတွေရဲ့ ဖခင်နဲ့ ပြန်လည်ဆုံစည်းခွင့်အတွက် အားကိုးရာမဲ့နေကြောင်း ၀န်ခံခဲ့ပါတယ်။

    “ကျမအမျိုးသားက စိတ်ကောင်းနှလုံးကောင်း ရှိသူတစ်ဦးပါ။ ဖောက်ပြန်တတ်တဲ့ ယောင်္ကျားမျိုးထဲမှာလည်း မပါပါဘူး။ သူက ရခိုင်၊ ကျမက အစ္စလာမ်ဆိုပေမယ့် ထားခဲ့မယ့်သူ မဟုတ်ဘူးဆိုတာလည်း ကျမ ယုံကြည်ပါတယ်။ ကျမ အကြောက်ဆုံးက တစ်ယောက်နဲ့ တစ်ယောက် မတွေ့မမြင်ခဲ့ရဘဲ သေဆုံးသွားကြမှာကိုပါ။ ငွေကြေးအဆင်ပြေသူတွေက မိသားစု ဆုံစည်းခွင့် ရှိကြပေမယ့် ကျမတို့လို့ ကျပ်တည်းသူတွေအဖို့ ရုန်းကန်ရတာ အရမ်းခက်ခဲပါတယ်။ ဒီကြားထဲ မိသားစု တကွဲတပြားနဲ့ ဖြတ်သန်းရတာဟာ အရမ်းကို နာကျင်ရတယ်ဆိုတာ ခံစားဖူးသူတိုင်း နားလည်ပေးနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီလို အခက်အခဲတွေ ပိုဖိစီးလာတော့ အမျိုးသားက အရက်ကို ဖိသောက်လာတယ်။ ကျမတို့ မိသားစု ပြန်လည် ပေါင်းစည်းခွင့်အတွက် ဘယ်သူ့ကို အားကိုးရမလဲ။ ကျမ တသက်လုံး ကျေးဇူးရှင်အဖြစ် ရှိခိုးသွားပါ့မယ်”

    Root Investigative Agency မှ ကူးယူဖော်ပြပါသည်။
    http://www.rootagency.info/2016/01/nld_18.html

  • တင်းနစ်ပြိုင်ပွဲတွင် လုပ်ပွဲကစားသည်ဟု သတင်းများထွက်ပေါ်

    တင်းနစ်ပြိုင်ပွဲတွင် လုပ်ပွဲကစားသည်ဟု သတင်းများထွက်ပေါ်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media

    tennis

    – တင်းနစ်လောကတွင် လုပ်ပွဲပြဿနာများရှိသည်ဟု စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည့်အချိန်တွင် ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား ဂျိုကိုဗစ်က ၎င်း၏ စောစာပိုင်းအချိန်၌ လုပ်ပွဲကစားရန် ကမ်းလှမ်းခံခဲ့ရသည်ဟု ဖွင့်ဟ ပြောကြားလိုက်သည်။

    BBC နှင့် BuzzFeed News တို့က ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း တင်းနစ်သမား ၅၀ ထဲမှ ၁၆ ဦးမှာ လုပ်ပွဲများတွင် ပါဝင်ခဲ့သည်ဟု တင်းနစ်အဖွဲ့တစ်ခုဖြစ်သော TIU မှ သတင်းများ ရရှိခဲ့သော်လည်း ကစားသမားများအကြားတွင် သံသယဖြစ်ဖွယ်ကောင်းသော လုပ်ရပ်များအား စောင့်ကြည့်မှုမရှိခဲ့ဘဲ၊ မည်သည့် ပြစ်ဒဏ်မှ ချမှတ်ခဲ့ခြင်းလည်းမရှိဟု ဖော်ပြခဲ့သည်။

    သြစတေးလျအိုးပင်း အဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားမှ ချန်ဟေယုံကို အနိုင်ရရှိခဲ့သည့် ဂျိုကိုဗစ်ကမူ ထိုသတင်းများကို လက်မခံခဲ့သော်လည်း ၂၀၀၇ ခုနှစ် ရုရှားတင်းနစ်ပြိုင်ပွဲတစ်ခုတွင် ပထမအဆင့်၌ အရှုံပေးရန် ကန်ဒေါ်လာ ၂ သိန်းဖြင့် ကမ်းလှမ်းခံရဖူးကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော့်ကို တိုက်ရိုက်ချဉ်းကပ်တာတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော်နဲ့အလုပ်လုပ်နေတဲ့ သူတွေကနေတစ်ဆင့် ချဉ်းကပ်တာပါ။ တကယ်တော့ သူတို့ ချက်ခြင်းပဲ ငြင်းခဲ့ပါတယ်။ ကျွန်တော့်ဆီတောင် မရောက်လိုက်ပါဘူး။ ကျွန်တော့်ကိုပြောဖို့ ကြိုးစားတဲ့သူက ကျွန်တော့်ဆီကို တိုက်ရိုက် မရောက်ခဲ့ပါဘူး။ ဘာမှလည်း မဖြစ်ခဲ့ပါဘူး” ဟု ဂျိုကိုဗစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် လွန်ခဲ့သည့် ၇ နှစ်၊ ၈ နှစ်အတွင်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး မကြားရခဲ့ရဘဲ၊ မိမိကိုလည်း ချဉ်းကပ်မှုမရှိခဲ့ကြောင်း၊ ထို့ကြောင့် မည်သည့်မှ ပြောစရာမရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    လုပ်ပွဲကစားသည်ဟု စွပ်စွဲခံရသူများတွင် ဂရင်းစလင်းဆုဖလားကို ရရှိဖူးသူများလည်း ပါဝင်ပြီး ၎င်းတို့မှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရနေသည်ဟု BBC နှင့် BuzzFeed News တို့က ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ပြင် ၎င်းတို့ထဲမှ ၈ ဦးမှာ ယခု သြစတေးလျအိုးပင်းတွင် ကစားနေသည်ဟု ဆိုသည်။

    ၂၀၀၇ ATP စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ စုံစမ်းစစ်ဆေးသူများက လုပ်ပွဲများကစားခဲ့သည်ဟု ယူဆထားသော ပွဲများအတွက် ရုရှား၊ အီတလီမြောက်ပိုင်းနှင့် စစ္စလီကျွန်းများတွင် ဒေါ်လာသန်းနှင့်ချီ၍ လောင်းကြေးများရှိခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုအထဲမှ ၃ ပွဲမှာ ၀င်ဘယ်လ်ဒန်ပွဲများဖြစ်ကြောင်း အဆိုပါသတင်းဌာနများက ထည့်သွင်းဖော်ပြခဲ့သည်။

    သို့သော်လည်း တင်းနစ်အာဏာပိုင်များကမူ ထိုသတင်းများကို ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • အနီပြပြီး ပင်နယ်တီပေးသည့်ပြစ်ဒဏ်ကို ဖျက်သိမ်းရန် ဘာကာဥက္ကဌတောင်းဆို

    အနီပြပြီး ပင်နယ်တီပေးသည့်ပြစ်ဒဏ်ကို ဖျက်သိမ်းရန် ဘာကာဥက္ကဌတောင်းဆို

    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media

    barca

    – ဘောလုံးပွဲများတွင် အနီကဒ်ပြပြီး ပင်နယ်တီပေးသည့်ပြစ်ဒဏ်မှာ ဘောလုံးရသကို ပျက်စီးစေပြီး ထိုဥပဒေကို ဖျက်သိမ်းသင့်သည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။

    ယမန်နေ့က နျူးကမ့်တွင် ကစားခဲ့သည့် ဘီဘာအိုနှင့်ပွဲတွင် ပွဲအစ ၄ မိနစ်မှာပင် ဘာကာတိုက်စစ်မှူး ဆွာရက်ဇ်ကို ဘီဘာအိုဂိုးသမား ဂေါရ်ကာ အီရိုင်ဇော့က ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်သည့်အတွက် အနီကဒ်ပြ အထုတ်ခံခဲ့ရကာ ပင်နယ်တီပေးခဲ့သည်။ ထိုပင်နယ်တီကို မက်ဆီက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးနောက် တစ်ယောက်လျော့ ဘီဘာအိုအား ဘာကာက စိတ်ကြိုက်အသာစီးကစားကာ ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဘာတိုမြူကမူ အသင်းအသာ ရခဲ့သော်လည်း ထိုကဲ့သို့ ၂ ဆ အပြစ်ပေးမှုကို ဝေဖန်ခဲ့သည်။

    “ဘောလုံးရသပေးစွမ်းနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ဖို့အတွက် ပင်နယ်တီပေးပြီး၊ အနီကဒ်လည်းပြတဲ့ ဥပဒေကို ပြောင်းလဲသင့်ပါတယ်။ ဒါဟာ လွန်ကျူးတဲ့ ပြစ်ဒဏ် ၂ ခါ ပေးမှုပါပဲ။ ဒီလုပ်ရပ်က ဒီနေ့ပွဲကို သိသာစေခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ တစ်ယောက်လျော့နဲ့ ၈၇ မိနစ်လောက်ကို ကစားရတာဟာ တော်တော်လေး ခက်ခဲပါတယ်” ဟု ဘာတိုမြူက ပြောကြားခဲ့သည်။

    Ref : Goal

  • ကျောက်မီးသွေးမှ ဓာတ်အားထုတ်လုပ်မှု ၁၇ ဆ တိုးလာမည့် မြန်မာနိုင်ငံ၏ မဟာဓာတ်အား စီမံကိန်း

    ကျောက်မီးသွေးမှ ဓာတ်အားထုတ်လုပ်မှု ၁၇ ဆ တိုးလာမည့် မြန်မာနိုင်ငံ၏ မဟာဓာတ်အား စီမံကိန်း

    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media

    myan
    ရှမ်းပြည်နယ်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ (တီကျစ်)

    – နိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး မဟာစီမံကိန်းအရ မြန်မာနိုင်ငံတောင်ပိုင်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို တည်ဆောက်ရန် တာဆူနေပြီး ၂၀၃၀ ခုနှစ်အထိ အကျုံးဝင်မည့် အဆိုပါ မဟာစီမံကိန်းက ကျောက်မီးသွေးမှ ဓာတ်အားထုတ်လုပ်မှုပမာဏကို ၁၇ ဆအထိ မြှင့်တင်ပေးမည်ဖြစ်သည်။

    အပူစွမ်းအင်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးအေးမင်းက ပြီးခဲ့သည့်ကြာသာပတေးနေ့တွင် ပြုလုပ်ခဲ့သည့် “မြန်မာ့လျှပ်စစ်စွမ်းအား ညီလာခံ” တွင် နိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းအများစုက နိုင်ငံမြောက်ပိုင်းတွင် တည်ရှိသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါစီမံကိန်းများက အချိန်နှင့် ငွေ အများအပြား ကုန်ကျမည်ဖြစ်ပြီး နိုင်ငံတောင်ပိုင်းသို့ ဓာတ်အာဖြန့်ဖြူးရန်အတွက် ဓာတ်အားကွန်ယက်စနစ်တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “လျှပ်စစ်ဓာတ်အားတောင်းဆိုမှုက နှစ်စဉ် တိုးတက်လာမှာပါ။ ဒါ့ကြောင့် ဒါကိုဖြည့်ဆည်းဖို့အတွက် ကျွန်တော်တို့ဟာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေ ပိုလိုအပ်ပါတယ်။ နောက်ပြီး အပူစွမ်းအင်သုံး ဓာတ်အားထုတ်လွှတ်မှုက ကာလ၊ ဒေသ မရွေးပါဘူး” ဟု ဦးအေးမင်းက ထပ်လောင်းပြောကြားခဲ့သည်။

    မဟာစီမံကိန်းအရ ၂၀၃၀ ခုနှစ်တွင် ကျောက်မီးသွေးမှ ဓာတ်အား မဂ္ဂါဝပ် ၇၉၄၀ သို့မဟုတ် တည်ဆောက်ပြီးစီးခဲ့သည့် ဓာတ်အားပေးစက်ရုံများ၏ စုစုပေါင်း ပမာဏ ၂၃၅၉၄ မဂ္ဂါဝပ်၏ ၃၃ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကျောက်မီးသွေးမှ ထုတ်လုပ်နိုင်သည့် စွမ်းအင်ပမာဏမှာ ၂ ရာခိုင်နှုန်းသာရှိပြီး ရှမ်းပြည်နယ်တွင် ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးသော ဓာတ်အားပေးစက်ရုံတစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ၈ မဂ္ဂါဝပ်ထုတ်လုပ်ပေးသော ဓာတ်အားပေးစက်ရုံတို့ ဖြစ်သည်။

    ရေအားလျှပ်စစ်က ဆောက်လုပ်ပြီးသား ဓာတ်အားပေးစက်ရုံများထဲမှ ဓာတ်အား ၆၉ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးပြီး ၃၉ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့ဖြင့်လည်ပတ်သော ဓာတ်အားပေးစက်ရုံများမှ ရရှိခြင်းဖြစ်သည်။ မဟာစီမံကိန်း ပြီးစီးပါက ရေအားလျှပ်စစ်မှ ထုတ်လုပ်သော ဓာတ်အားပမာဏမှာ ၃၈ ရာခိုင်နှုန်း (၈၈၉၆ မီဂါဝပ်)၊ သဘာဝဓာတ်ငွေ့က ၂၀ ရာခိုင်နှုန်း (၄၇၂၅ မီဂါဝပ်) သာ ရှိတော့မည်ဖြစ်ပြီး၊ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်သည့် စွမ်းအင်ပမာဏမှာ ၉ ရာခိုင်နှုန်း (၂၀၀၀ မီဂါဝပ်) ရှိလာမည်ဖြစ်သည်။

    “အချိန်အတိုင်းအတာတစ်ခုထိတော့ ကျွန်တော်တို့ဟာ ရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့တွေကို မှီခိုနေရမှာပါ။ ဒါပေမယ့် ရည်မှန်းထားသလို တစ်နိုင်ငံလုံး ၂၄ နာရီအပြည့် လျှပ်စစ်မီးပေးနိုင်ဖို့အတွက် ကျောက်မီးသွေး၊ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်တွေလို အခြားရင်းမြစ်တွေကိုလည်း ရှာဖွေဖို့ လိုအပ်ပါတယ်” ဟု ဦးအေးမင်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေဟာ ကျွန်တော်တို့ရဲ့ ဓာတ်အားထုတ်လုပ်မှုအတွက် ဦးစားပေး ဖြစ်လာပါတယ်။ ကျွန်တော်တို့မှာ အခြား ရွေးချယ်စရာမရှိဘူး။ စိတ်ချရတဲ့ ဓာတ်အား ရရှိဖို့အတွက် ကျွန်တော်တို့မှာ ရွေးချယ်စရာ များများစားစား မရှိပါဘူး”

    အစိုးရကတော့ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် ဓာတ်အားပေးနိုင်ရန် စီစဉ်ထားသည်။ တည်ဆောက်ပြီးသား ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ၃၄၁၃ မဂ္ဂါဝပ်ရှိရာမှ ပြီးခဲ့သည့်လတွင် ၅၀၂၉ မဂ္ဂါဝပ်အထိ မြင့်တက်လာခဲ့လေသည်။

    မဟာစီမံကိန်းတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်မှုမှာလည်း အရေးပါသည့်အခန်းကဏ္ဍတွင် ရှိနေသည်ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။

    ရန်ကုန်၊ မန္တလေး၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ်အပူကို ပြန်လည်အသုံးပြု၍ ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံ စုစုပေါင်း ၉ ခုကို တည်ဆောက်ရန်အတွက် နိုင်ငံခြားတိုင်းပြည်များမှ လုပ်ငန်းများကို ခွင့်ပြုခဲ့ပြီးဖြစ်သည်။

    ထို့ပြင် ပြည်တွင်းနှင့် ပြည်ပမှ ပုဂ္ဂလိကကုမ္ပဏီများမှာ ရှမ်း၊ မွန်၊ ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီ စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၁ ခုကို တည်ဆောက်သွားမည်ဖြစ်သည်။

    ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီးမှာ အဓိက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ရှိသည့်နေရာ ဖြစ်လာမည်ဖြစ်သည်။

    မဟာစီမံကိန်း

    စွမ်းအင်ဖွံ့ဖြိုးမှု စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးသန်းနိုင်လင်းက မဟာစီမံကိန်းတွင် မျှော်မှန်း ဓာတ်အားတောင်းဆိုမှု၊ ပင်မစွမ်းအင်နှင့် စွမ်းအင်ရင်းမြစ်များကို ထည့်သွင်းစဉ်းစားထားသည်ဟု ဆိုသည်။

    ထိုစီမံကိန်းအောက်ရှိ ပရောဂျက်အချို့ကို ဂျပန်အစိုးရ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် တောင်ရီးယားမှ EXIM ဘဏ်တို့က ဘဏ္ဍာရေး ထောက်ပံ့သွားမည်ဖြစ်သည်။

    ထားဝယ်နှင့် တနင်္သာရီ အထူးစီးပွားရေးဇုန် ဒေသများတွင် ၂၃၀ ကီလိုဗို့ရှိ အဓိက ဓာတ်အားဖြန့်ဖြူးမှုစက်ရုံနှင့် စက်ရုံခွဲများ တည်ဆောက်မှုမှာလည်း အဆိုပါမဟာစီမံကိန်းတွင် ပါဝင်သည်။

    မဟာစီမံကိန်းရေးဆွဲမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည့် ဂျပန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းအေဂျင်စီက မြန်မာနိုင်ငံ၏ ဓာတ်အားတောင်းဆိုမှုမှာ ၂၀၃၀ ခုနှစ်တွင် ၁၄၅၄၂ မီဂါဝပ်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

    မြန်မာ့ ရေအားလျှပ်စစ်နှင့် ပြန်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးတင့်လွင်ဦးက နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူများမှာ နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း၊ BOT နည်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံနိုင်သည်ဟု ပြောကြားခဲ့သည်။

    စာရင်းအရ မြန်မာနိုင်ငံမှာ အဓိက မြစ်ကြီး ၄ စင်းဖြစ်သော ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်များမှ ဓာတ်အား ၁၀၈ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အလားအလာရှိသည်ဟု ဦးသန်းနိုင်လင်းက ပြောကြားခဲ့သည်။

    ထို့ပြင် စုစုပေါင်း မဂ္ဂါဝပ် ၅၅၀ ထုတ်လုပ်နိုင်မည့် နေစွမ်းအင်သုံးစီမံကိန်း ၃ ခု၊ စုစုပေါင်း ဓာတ်အား ၂၃၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် လေစွမ်းအင်သုံးစီမံကိန်း ၃ ခုနှင့် မြေအောက်အပူစွမ်းအင်သုံး စီမံကိန်းတစ်ခုတို့ အကောင်အထည်ဖော်ရန် စွမ်းအင်ဝန်ကြီးဌာနမှာ ကုမ္ပဏီများအပြားနှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: The Nation

    (The Nation တွင် ဖော်ပြထားသည့် Myanmar targets 17-fold rise in coal-fired power by 2030 ဆောင်းပါးကို
    လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • အမေရိကန်မြို့တစ်ခုတွင် လူစည်ကားရာနေရာများ၌ အစ္စလာမ့်အသိပညာပေးမှု ပြုလုပ်

    အမေရိကန်မြို့တစ်ခုတွင် လူစည်ကားရာနေရာများ၌ အစ္စလာမ့်အသိပညာပေးမှု ပြုလုပ်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media

    news

    – အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ် လက်စ် ခရူးဆက်မြို့မှ မွတ်စလင်များမှာ အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ နားလည်မှု အလွဲများကို ဖြေရှင်းရန်အတွက် ပြည်သူလူထုအား အစ္စလာမ်အသိပညာရေး လှုပ်ရှားမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    “မီဒီယာတွေကဖော်ပြတဲ့ အစ္စလာမ်ဆိုတာ ကျွန်မနားလည်တဲ့ အစ္စလာမ်နဲ့ မတူညီဘူးလို့ ကျွန်မ ခံစားရပါတယ်။ ပြီးတော့ အခြားသော မွတ်စလင်တွေဟာလည်း ကျွန်မလိုပဲ ခံစားနေရတယ်ဆိုတာ ကျွန်မ ပတ်ဝန်းကျင်ကလူတွေကို ပြောပြပါတယ်။ ကျွန်မတို့ရဲ့ အစ္စလာမ်သာသနာဟာ တကယ့်လက်တွေ့မှာ ဘယ်လိုဆိုတာကို အခြားလူတွေကို ပြောပြသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မတို့ လိုက်ကြည့်လေလေ၊ လူတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး အသိနည်းကြတယ်ဆိုတာ တွေ့လာလေလေပါပဲ။ ဒါက သိပ်စိုးရိမ်စရာကောင်းပါတယ်” ဟု အဆိုပါ အသိပညာပေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဆူရီယာ ဟူစိန်က ပြောကြားခဲ့သည်။

    ထိုလှုပ်ရှားမှုကို လက်စ် ခရူဆက်စ်မြို့ အစ္စလာမ့်စင်တာမှ ဦးစီးကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ မြို့၏ ထင်ရှားသော နေရာများ၊ ရှော့ပင်းစင်တာများ၊ လမ်းဆုံလမ်းခွများတွင် စားပွဲများချကာ အစ္စလာမ်နှင့်ပတ်သက်၍ စာရွက်စာတမ်းများ အခမဲ့ဖြန့်ဝေခြင်း၊ အစ္စလာမ်နှင့်ပတ်သက်၍ မေးမြန်းသူများအား ဖြေကြားပေးခြင်းတို့ကို ဆောင်ရွက်ခြင်းဖြစ်သည်။

    ၂၀၁၅ ခုနှစ် နွေရာသီမှစတင်ကာ ထိုလှုပ်ရှားမှုကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်ခဲ့ကြသည်။

    “ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ချို့ဟာ အစ္စလာမ်အပေါ် အထင်မှားအမြင်မှားဖြစ်နေမှုတွေကို တိုက်ဖျက်ဖို့ပါ။ ဒါပေမယ့် အစ္စလာမ်မှာ တကယ်အရေးကြီးတာက ဘာလဲဆိုတာကို ဆွေးနွေးဖို့ဘက် ပြန်လည်လှည့်ဖို့လည်း ရည်ရွယ်ပါတယ်။ လူသားတွေရဲ့အခွင့်အရေးဆိုတာ အစ္စလာမ်မှာ တကယ့်ကိုအရေးကြီးပါတယ်” ဟု အစ္စလာမ့်စင်တာမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂျိုင်စီ လာဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် သတင်းများ၊ နိုင်ငံရေးသမားများက ၎င်းတို့၏အလိုကျ ပြောကြားမှုမှာ အစ္စလာမ်အား ကိုယ်စားမပြုကြောင်းကို ပြည်သူလူထုအား အသိပညာပေးရန် လိုအပ်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အမေရိကန်တွင် အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာခဲ့သောကြောင့် အမေရိကန်မွတ်စလင်များမှာ အစ္စလာမ်နှင့်ပတ်သက်သည့် အသိပညာပေးမှုများကို တိုးမြှင့်လုပ်ဆောင်နေကြသည်။

    Ref: IINA