News @ M-Media
Blog
  • အမေရိကန်မှာ ကြောင်သူတော်ဖြစ်သည်ဟု အီရန်စွပ်စွဲ
    အမေရိကန်မှာ ကြောင်သူတော်ဖြစ်သည်ဟု အီရန်စွပ်စွဲ
    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media
    iran
    – အီရန်ရဲ့ဒုံးကျည်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေဟာ တရားမ၀င်ဘဲ၊ အမေရိကန်က ရောင်းလိုက်တဲ့လက်နက်တွေကို ပါလက်စတိုင်းနဲ့ ယီမင်ပြည်သူတွေကိုအပေါ် အသုံးပြုနေတဲ့အတွက်အမေရိကန်ဟာ ကြောင်သူတော်သာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
    “အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးပျံတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရားမ၀င်ပါဘူး။ အမေရိကန်ဟာ ဒေသတွင်းနိုင်ငံတွေကို ၁၀ ဘီလီယံဒေါ်လာတန်ကြေးရှိတဲ့ လက်နက်တွေကို နှစ်စဉ် ရောင်းချနေပါတယ်။ အဲဒီလက်နက်တွေကို ပါလက်စတိုင်းပြည်သူတွေ၊ လက်ဘနွန်ပြည်သူတွေနဲ့ ယီမင်ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေမှာ အသုံးပြုနေတာပါ” လို့ အန်ဆာရီက ပြောခဲ့ပါတယ်။
    နောက်ပြီး အီရန်နိုင်ငံဟာ အခြားအရေးကိစ္စတွေကိုလည်း အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ကို ထိခိုက်ဖို့ ရည်ရွယ်တဲ့ ဒီလို ၀ါဒဖြန့်စတန့်ထွင်တာတွေ၊ ဆောင်ရွက်တာတွေကို ဥပဒေအတွင်းကဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်ကို ထပ်တိုးလုပ်ဆောင်ရင်း၊ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းအားနဲ့ အမျိုးသားလုံခြုံရေးကိုတိုးမြှင့်ရင်း တုံ့ပြန်သွားမှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    တနင်္ဂနွေနေ့က အမေရိကန်ဘဏ္ဍာရေးဌာနဟာ အီရန်ရဲ့ဒုံးကျည်စီမံကိန်းမှာ ထောက်ပံ့ကူညီခဲ့တဲ့ ကုမ္ပဏီ ၁၁ ခုနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို အရေးယူပိတ်ဆို့ခဲ့ပါတယ်။
    အီရန်ကတော့ သူတို့နဲ့ အင်အားကြီးနိုင်ငံတွေရဲ့ သဘောတူညီချက်မှာ နျူထိပ်ဖူးတပ်ဆင်လို့ရတဲ့ ဒုံးကျည်တွေ မထုတ်လုပ်ဖို့သာ သဘောတူထားခဲ့တာဖြစ်ပြီး၊ အခုထုတ်လုပ်နေတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေဟာ နျူထိပ်ဖူး တပ်ဆင်လို့ မရတဲ့အတွက် သူတို့ရဲ့စီမံကိန်းဟာ တရားဝင်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
    အီရန်သမ္မတ ဟာဆန်ရူဟာနီကလည်း အီရန်အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်စီမံကိန်းကို ပိုကျယ်ပြန့်စွာ လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့က ပြောခဲ့ပါတယ်။
    Ref: RT
  • အာဆင်နယ်မှာ စိတ်ဓာတ်အခိုင်မာဆုံးဖြစ်နေသည်ဟု ဝေါလ်ကော့ပြော
    အာဆင်နယ်မှာ စိတ်ဓာတ်အခိုင်မာဆုံးဖြစ်နေသည်ဟု ဝေါလ်ကော့ပြော
    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media
    arsenal
    – မိမိ၏ ၁၀ နှစ်တာ ကစားသမားသက်တမ်းတွင် အာဆင်နယ်အသင်း၏ ယခုအချိန်ရှိနေသည့် စိတ်ဓာတ်ခိုင်မာမှုမျိုး မည်သည့်အချိန်ကမှ မတွေ့ဘူးခဲ့ဟု တိုက်စစ်မှူး ဝေါလ်ကော့က ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ၎င်းတို့ နောက်ဆုံးပရီးမီးယားလိဂ်ကို ရရှိခဲ့သည် ၂၀၀၄ နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယာလိဂ်ဖလားကို ဗိုလ်စွဲရန် ယခုနှစ်တွင် အကောင်းဆုံးအနေအထား ဖြစ်နေသည်။ ဆောက်သက်တမ်အသင်းမှ အသက် ၁၆ နှစ်အရွယ် ၂၀၀၆ ခုနှစ်က ပြောင်းရွှေ့လာခဲ့သည့် ဝေါလ်ကော့ကမူ အသင်း၏ စိတ်ဓာတ်ခိုင်မာမှုကို ဖွင့်ဟခဲ့သည်။
    “အ၀တ်လဲခန်းထဲက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ကျွန်တော်မြင်လာရသမျှမှာ အကောင်းဆုံးပါပဲ။ ပီတာချက်ရောက်လာတာဟာ ဒီစိတ်ဓာတ်ခိုင်မာမှုကို တိုးတက်စေခဲ့ပါတယ်” ဟု ဝေါလ်ကော့က အာဆင်နယ်အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ဂိုးသမားပီတာချက်ကိုလည်း ဝေါလ်ကော့က ချီးကျူးပြောဆိုခဲ့သည်။
    “အခုအချိန်ဟာ အကောင်းဆုံအချိန်ဖြစ်နေတယ်။ ငါတို့ကွင်းမှာ ဘယ်သူမှ အနိုင်ယူလို့မရဘူးလို့ ပြောပြီး သူက လူတိုင်းကို ခေါင်းမော့စေခဲ့ပါတယ်”
    Ref: Goal
  • ဂျေရုစလင်ရှိ ခရစ်ယာန်ဘုကျောင်းတွင် ခရစ်ယာန်များအား စော်ကားထားသည့် စာသားများ တွေ့ရှိ
    ဂျေရုစလင်ရှိ ခရစ်ယာန်ဘုကျောင်းတွင် ခရစ်ယာန်များအား စော်ကားထားသည့် စာသားများ တွေ့ရှိ
    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media
    j 1
    – ခရစ်ယာန်များအား သတ်ဖြတ်ရန်အတွက် တိုက်တွန်းဆော်သြထားသော ဟီဘရူဘာသာစကားဖြင့် ရေးသားထားသည့်စာကို ဂျေရုစလင် ဇီယွန်တောင်ရှိ အော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းတွင် တနင်္ဂနွေနေ့က တွေ့ရှိခဲ့ရသည်ဟု သိရသည်။
    ခရစ်တော် နောက်ဆုံးညစာ စားသုံးခဲ့သည့်နေရာဟု ခရစ်ယာန်များက ယုံကြည်ကြသည့် နေရာအနီးတွင် တည်ရှိသော Benedictine ဘုရာကျောင်းတွင်ဖြစ်ပြီး နံရံများနှင့် တံခါးများတွင် ထိုကဲ့သို့ စပရေးအနီရောင်ဖြင့် စော်ကားရေးသားထားခြင်းဖြစ်ကာ “ခရစ်ယာန်များကို ငရဲသို့ပို့” “အစ္စရေးရန်သူ ခရစ်ယာန်လူရိုင်းများကို သတ်ပစ်” စသည့် စာသားများ ပါဝင်သည်။
    ထို့ပြင် ခရစ်တော်အား စော်ကားသည့် စာသားများကိုလည်း ရေးသားခဲ့ကာ ဒေးဗစ်ကြယ်ကိုလည်း ရေးဆွဲခဲ့ကြသည်။ မည်သူက ထိုကဲ့သို့ ဆောင်ရွက်သည်ကို မသိရှိသေးသော်လည်း ယခင်က ထိုကဲ့သို့ လုပ်ရပ်များကို ဆောင်ရွက်ဖူးသည့် ဂျူးအစွန်းရောက်များဖြစ်မည်ဟု ပြောကြားမှုများ ရှိနေသည်။
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ထိုလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ရဲတပ်ဖွဲ့မှာ ထိုကိစ္စအတွက် တာဝန်ရှိသူကို ရှာဖွေရေးဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
    ဂျေရုစလင်ရှိ လက်တင်ဂိုဏ်းချုပ်ဘုန်းတော်ကြီးမှထုတ်ပြန်သော ကြေငြာချက်တွင် ဘုရားကျောင်းတည်ရှိရာ Dormition Abbey ပရ၀ုဏ်မှာ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာန်တို့ကြား ဘာသာရေးဆွေးနွေးမှုဆိုင်ရာ ထင်ရှားသည့် နေရာဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ကျူးလွန်သူများမှာ ထိုခြိမ်းခြောက်မှုကို လက်တွေ့လုပ်ရပ်အဖြစ် အကောင်အထည် မဖော်နိုင်ခင် ဖမ်းဆီးရမိမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
    Ref: Jpost
  • မက်ဆီနှင့် ဆက်ဆံရေး ပိုကောင်းလာသည်ဟု ရော်နယ်ဒိုဖွင့်ဟ
    မက်ဆီနှင့် ဆက်ဆံရေး ပိုကောင်းလာသည်ဟု ရော်နယ်ဒိုဖွင့်ဟ
    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media
    ronaldo
    – မက်ဆီမှာ မိမိအပေါ် ဘာသာပြန်ဝန်ဆောင်မှုအတွက် အကြွေးတင်နေသည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက အရွန်းဖောက်ပြောကြားလိုက်ပြီး မိမိနှင့် မက်ဆီတို့၏ ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာသည်ဟု ဆိုသည်။
    ဘောလုံးလောက၏ ထိပ်ဆုံးနေရာအတွက် ရောနယ်ဒိုနှင့် မက်ဆီတို့မှာ ပြိုင်ဘက်များဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ၈ နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ၎င်းတို့နှစ်ဦးက တစ်လှည့်စီ ရယူပိုင်ဆိုင်ထားခဲ့သည်။ ရော်နယ်ဒိုကမူ မိမိတို့ ၂ ဦးကြား တင်းမာမှုမှာ အရည်ပျော်ကျခဲ့ပြီဟု ဆိုသည်။
    “ကျွန်တော်တို့ ပိုပြီး ရင်းနှီးလာပါတယ်။ ကျွန်တော်တို့ဟာ အမြဲတမ်း ကောင်းမွန်တဲ့ဆက်ဆံရေးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတော့ ပိုပြီး နီးကပ်လာတာပေါ့လေ” ဟု စပို့တင်းဂီဂျွန်အား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲပြီးနောက် သတင်းထောက်များအား ရော်နယ်ဒိုက ပြောကြားခဲ့သည်။
    ထို့ပြင်မိမိမှာ Ballon d’Or ဆုပေးပွဲအခမ်းအနားတွင် မက်ဆီနှင့် နေးမာတို့အား အင်္ဂလိပ်စကားပြန်အဖြစ် ပြုလုပ်ပေးခဲ့သည်ဟုဆိုသည်။
    “ကျွန်တော်တို့ စတိတ်စင်ပေါ်မှာရှိနေတုန်းက မက်ဆီရော၊ နေးမာရောက အင်္ဂလိပ်စကား နားမလည်ပါဘူး။ ကျွန်တော်က သူတို့ရဲ့စကားပြန် လုပ်ခဲ့ရပါတယ်” ဟု ရော်နယ်ဒိုက အရွှန်းဖောက် ပြောကြားခဲ့သည်။
    Ref: Goal
  • တရုတ်စီးပွားရေးတိုးတက်မှုနှုန်း နှစ်ပေါင်း ၂၀ ကျော်အတွင်း အနိမ့်ဆုံးရောက်ရှိ
    တရုတ်စီးပွားရေးတိုးတက်မှုနှုန်း နှစ်ပေါင်း ၂၀ ကျော်အတွင်း အနိမ့်ဆုံးရောက်ရှိ
    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media
    china
    – ကမ္ဘာ့ ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၁၅ ခုနှစ်တွင် ၆.၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
    တရုတ်ခေါင်းဆောင်များမှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ၎င်းတို့၏စီးပွားရေး မှီခိုအားထားမှုကို လျှော့ချရန် ကြိုးစားနေပြီး ပြည်တွင်းသုံးစွဲမှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများကို အခြေခံကာ ရေရှည်တိုးတက်မှုရရှိရန် ဆောင်ရွက်နေသည်။
    Tiananmen ရင်ပြင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဖြိုခွင်းမှုအတွက် တရုတ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်တွင် စီးပွားရေးတိုးတက်မှု ၃.၈ ရာခိုင်နှုန်း ရှိခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် စီးပွားရေးတိုးတက်မှုမှာ အနိမ့်ဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာမှ ဒီဇင်ဘာလအထိ တတိယသုံးလပတ် စီးပွားရေးတိုးတက်မှုမှာ ၂၀၁၅ ခုနှစ် ၃ လပတ်များ အတွင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။
    သို့သော်လည်း ၂၀၁၅ ခုနှစ် စီးပွားရေးတိုးတက်မှု ၆.၉ ရာခိုင်နှုန်းရှိခဲ့ခြင်းမှာ နိုင်ငံအတွင်းဖြစ်ပျက်နေသည့် ပကတိအခြေအနေနှင့် နှိုင်းယှဉ်ပါက ပိုမိုအကောင်းမြင်စရာဖြစ်ကြောင်း၊ အခြားနိုင်ငံများနှင့်ယှဉ်လျင် တရုတ်နိုင်ငံ၏ စီးပွားရေးက ပိုမိုတိုးတက်နေကြောင်း တရုတ်စီးပွားရေးပညာရှင်များက ပြောကြာခဲ့သည်။
    Ref : Aljazeera