News @ M-Media

Blog

  • ရေနံဈေးနှုန်း ဒေါ်လာ ၃၀ အောက်ကျဆင်း

    ရေနံဈေးနှုန်း ဒေါ်လာ ၃၀ အောက်ကျဆင်း

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    oil

    – တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးမည်ဟူသော စိုးရိမ်မှုများနှင့်အတူ ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ကန်ဒေါ်လာ ၃၀ အောက် ကျဆင်းသွားခဲ့ပြီး ၁၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

    အင်္ဂါနေ့က ရေနံဈေးနှုန်းမှာ ဒေါ်လာ ၃၀ အောက်ကို ခဏတာ ကျဆင်းသွားခဲ့ပြီး၊ ယမန်နေ့ အမေရိကန်၏ ရေနံစိမ်း ဈေးကွက်တွင် ၅.၄၅ ရာခိုင်နှုန်းကျဆင်းကာ တစ်စည်လျှင် ကန်ဒေါ်လာ ၃၉.၅၀ သာရှိတော့သည်။ March Brent တွင်လည်း ၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရေနံတစ်စည်လျှင် ၂၉.၅၂ ဒေါ်လာ ရှိခဲ့သည်။

    တရုတ်နိုင်ငံ၏ ရှန်ဟိုင်းစတော့ရှယ်ယာ အညွှန်းကိန်းမှာ တစ်နှစ်ကျော်အတွင်း ယမန်နေ့က အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်ကို ကြီးကြီးမားမား ထိခိုက်ခဲ့သည်။

    ရေနံဈေးနှုန်း အလွန်အမင်းကျဆင်းမှုမှာ ရောင်းလိုအား မြင့်မားနေခြင်းက အဓိကအကြောင်းအရင်းဖြစ်နေပြီး ပင်လယ်ကွေ့အာရပ်နိုင်ငံများမှာ ဈေးကျမှုကို တုံ့ပြန်သည့်အနေဖြင့် အပိုရေနံပမာဏကို လျော့ချခဲ့သည်။

    Ref: Aljazeera

  • အီရန်အပေါ် ပိတ်ဆို့ထားမှုများ ယနေ့တွင်ဖယ်ရှားပြီးဖြစ်မည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

    အီရန်အပေါ် ပိတ်ဆို့ထားမှုများ ယနေ့တွင်ဖယ်ရှားပြီးဖြစ်မည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    Iran 1

    – နိုင်ငံတကာအနုမြူအေဂျင်စီ IAEA က အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ နောက်ဆုံး အစီရင်စာကို ယနေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး၊ ထိုကဲ့သို့ ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင်ပင် အီရန်ပေါ်ပြုလုပ်ထားသည့် နိုင်ငံတကာ ပိတ်ဆို့မှုများအားလုံးကို ပယ်ဖျက်ပြီးဖြစ်လိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်သည်။

    ဗီယင်နာသို့ရောက်ရှိနေသည့် ဇာရစ်ဖ်က ယနေ့မနက်စောပိုင်းတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး IAEA က ယနေ့ထုတ်ပြန်မည့် အစီရင်ခံစာမှာ ပြီးခဲ့သည့်နှစ်က အီရန်နှင့် အင်အားကြီးနိုင်ငံများအကြား ရရှိခဲ့သည့် နျူအရေး သဘောတူညီစာချုပ်ပါ ကတိက၀တ်များကို အီရန်က အပြည့်အ၀ အကောင်အထည်ဖော်ခဲ့သည်ဟု အတည်ပြုထားသည့် အစီရင်ခံစာဖြစ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ပိတ်ဆို့မှုတွေကို ဒီနေ့မှာ ဖယ်ရှားမှာဖြစ်တာကြောင့် ဒီနေ့ဟာ အီရန်ပြည်သူတွေအတွက် ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါ” ဟု ဇာရစ်ဖ်က ဆိုသည်။

    ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့မှာ နျူအရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီချက်တွင် အီရန်က ၎င်းတို့၏ နျူလုပ်ငန်းစဉ်ကို လျော့ချရန်နှင့် အပြန်အလှန်အားဖြင့် အီးယူ၊ အမေရိကန်နှင့် ကုလတို့က ပိတ်ဆို့မှုများကို လျော့ချပေးရေး ပါဝင်သည်။ IAEA မှ အစီရင်ခံစာ ထွက်ပေါ်လာပါက ထိုသဘောတူညီချက် ပြည့်စုံအထမြောက်ကြောင်း အမှတ်အသားလည်း ဖြစ်မည်ဖြစ်သည်။

    Ref: Aljazeera

  • ထိုင်ဝမ်သမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးသမ္မတ ထွက်ပေါ်လာ

    ထိုင်ဝမ်သမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးသမ္မတ ထွက်ပေါ်လာ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    taiwan

    – ထိုင်ဝမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် တရုတ်မှ ခွဲထွက်ရေးကို လိုလားသည့် အတိုက်အခံပါတီခေါင်းဆောင် Tsai Ing-wen က အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတ ဖြစ်လာခဲ့သည်။

    ယနေ့ မဲရေတွက်မှု တစ်ဝက်ကျော် ပြီးစီးခဲ့သည့်အချိန်တွင် Democratic Progressive Party မှ Tsai က စုစုပေါင်း မဲအရေအတွက်၏ ၅၈.၁ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး၊ ထိုင်ဝမ်အား ၈ နှစ်ကြာအုပ်စိုးခဲ့သည့် တရုတ်ထောက်ခံသော အာဏာရ Kuomintang ပါတီခေါင်းဆောင် အဲရစ်ချူးကလည်း ၎င်း ရှုံးနိမ့်ကြောင်း လက်ခံခဲ့သည်။ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် အဲရစ်ချူးမှာမူ ၃၂.၅ ရာခိုင်နှုန်းသာ မဲရရှိခဲ့သည်။

    ပါလီမန်ရွေးကောက်ပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ပြီး Democratic Progressive Party ပါတီက အနိုင်ရပါက Tsai မှာ လုပ်ပိုင်ခွင့် ပိုရလာမည်ဖြစ်သည်။ သူမ၏ပါတီမှာ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားသော်လည်း Tsai ကမူ သူမမှာ တရုတ်နှင့် လက်ရှိအခြေအနေကို ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။ ကျွမ်းကျင်သူများကမူ လက်တွေ့တွင် Tsai  တရုတ်နှင့် ကင်းကွာအောင် ဆောင်ရွက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘာကီနာဖာဆိုရှိ ဟိုတယ်ကို သေနတ်သမားများ ၀င်ရောက်တိုက်ခိုက်

    ဘာကီနာဖာဆိုရှိ ဟိုတယ်ကို သေနတ်သမားများ ၀င်ရောက်တိုက်ခိုက်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    burkina

    – အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဘာကီနာဖာဆိုမြို့တော် အူဂါဒူဂူရှိ ဟိုတယ်တစ်ခုမှာ သေနတ်သမားများ၏ စီးနင်းမှုကို ခံထားရပြီး အနည်းဆုံးလူ ၂၀ သေဆုံးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    Splendid Holel ဖြစ်ပြီး ယမန်နေ့ည ၈ နာရီကတည်းက သေနတ်သမားများက ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ကြယ်လေးပွင့်အဆင့်ရှိပြီး နိုင်ငံတကာလေဆိပ်နှင့် နီးသည့် အဆိုပါဟိုတယ်မှာ ကုလ၀န်ထမ်းမျာအပါအ၀င် နိုင်ငံခြားသားအများစု တည်းခိုရာ နေရာလည်းဖြစ်သည်။

    တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဟိုတယ်အတွင်း အနည်းဆုံး လူ ၃၀၀ ခန့် ရှိနေနိုင်သည်ဟု သိရသည်။ အစိုးရကမူ ၀န်ကြီးတစ်ဦးအပါအ၀င် ၆၃ ဦးမှာ ထိုဟိုတယ်မှ လွတ်မြောက်လာခဲ့သည်ဟု ကြေငြာခဲ့သည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်မလာခင် သေနတ်သမားများမှာ ဟိုတယ်အပြင်ဘက်တွင် ကားများကို မီးရှို့ခြင်း၊ သေနတ်ကို လေထဲသို့ ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ပြီ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုနှင့် ဆက်နွယ်၍ အလောင်း ၂၀ ကို ရရှိထားသည်ဟု အူဂါဒူဂူဆေးရုံက ပြောကြားခဲ့သည်။ အစိုးရကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် အလ်ကိုင်းဒါးအဖွဲ့က ၎င်းတို့၏လက်ချက်ဟု ကြေငြာခဲ့သည်။ ဘာကီနာဖာဆိုမြို့တော်တွင် သေနတ်သမားများက ထိုကဲ့သို့တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။

    Ref: Aljazeera

  • အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို အမေရိကန်တွင်ကျင်းပ

    အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို အမေရိကန်တွင်ကျင်းပ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    cair

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများေကြောင့် အစ္စလာမ်သာသနာအပေါ် ကြောက်ရွံ့စိတ်၊ သံသယစိတ်များ မြင့်တက်လာမှုများကို တိုက်ဖျက်ရန်အတွက် အခမ်းအနားတစ်ခုကို မကြာသေးမီက အမေရိကန်မှ အစ္စလာမ့်အဖွဲ့စည်းများ ပူးပေါင်းထားသည့် အဖွဲ့တစ်ခုက ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်ကြောက်ရောဂါကို စိန်ခေါ်ခြင်း” ဟု အမည်ပေးထားသည့် အဆိုပါ ညီလာခံကို ဖရိုက်ဒလေမြို့ရှိ မင်နီဆိုတာအစ္စလာမ့်စင်တာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူ ၄၀ နီးပါး တက်ရောက်ခဲ့သည်။

    အခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ခဲ့သည့်အဖွဲ့များတွင် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) ၏ ဒေသတွင်းအဖွဲ့ခွဲလည်း ပါဝင်ခဲ့သည်။ ထိုအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဂျလာနီဟူစိန်က ယခုသီတင်းပတ်ထဲတွင် အကြမ်းဖက်မှုပုဒ်မဖြင့် ဒုက္ခသည်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရမှု၊ IS ထောက်ခံသူဟု ကြေညာကာ ဖီလာဒဲလ်ဖီးယား ရဲအရာရှိအား ပစ်သတ်ခဲ့မှု စသည့်ကိစ္စများနှင့်ပတ်သက်၍ မိမိတို့မှာ စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    “ဒီပြဿနာကို မီးမွှေးလှုံ့ဆော်နေတဲ့ အရာတွေရှိပါတယ်၊ ဒါတွေသာမကဘဲ မွတ်စလင်တွေအပေါ် တော်တော်လေး မကောင်းမြင်စေတဲ့ သတင်းအချက်အလက်တွေဟာလည် အွန်လိုင်းမှာ အများအပြား ပြန့်နှံ့နေပါတယ်” ဟု ဟူစိန်က ဆိုသည်။ ထို့ပြင် မိမိတို့ပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ပြည်သူလူထု၏ အစ္စလာမ်အပေါ်နားလည်မှုကို တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မင်နီဆိုတာ အစ္စလာမ်စင်တာ ဥက္ကဌဖြစ်သူ ရှားဟ်ခန်းကလည်း အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ရန်လိုမှုများ မြင့်တက်လာမှုအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    လ၀ကအရာရှိတစ်ဦးဖြစ်ပြီး နှစ်ခြင်းခရစ်ယာန်တက္ကသိုလ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျွန်မီဒီယာက မွတ်စလင်များနှင့် ပတ်သက်သည့် ၎င်း၏အမြင်ကို ယခုကဲ့သို့ ဖွင့်ဟခဲ့သည်။

    “ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ မွတ်စလင်တွေကို နားလည်ပေးဖို့ နည်းအမျိုးမျိုးနဲ့ ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော့်မှာ မွတ်စလင်မိတ်ဆွေတွေရှိပါတယ်၊ ပြီးခဲ့တဲ့နှစ်က ရမ်ဇာန်လမှာလည်း ဥပုသ်နည်းနည်း စောင့်ခဲ့ပါတယ်၊ ကျွန်တော်တို့က တစ်ဖက်သားကို နားလည်ရှုမြင်တတ်ဖို့ ကြိုးစားမယ်ဆိုရင် အကောင်းဆုံးပါပဲ”

    Ref: IINA