News @ M-Media

Blog

  • ထိုင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံ မြန်မာလုပ်သားများကို အင်ဒိုက နေရပ်ပြန်ပို့

    ထိုင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံ မြန်မာလုပ်သားများကို အင်ဒိုက နေရပ်ပြန်ပို့

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    myan
    ထိုင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံခဲ့ရသည့် မြန်မာနိုင်ငံသားများကို ၂၀၁၅ ခုနှစ် မေလက ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

    – ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းလုပ်ငန်းများတွင် ကျွန်ပြု ခိုင်းစေခံထားရသည့် မြန်မာနိုင်ငံသား ၂၃ ဦးကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု Jakarta Post တွင် ယမန်နေ့ နေ့စွဲဖြင့်ဖော်ပြခဲ့သည်။

    ငါးဖမ်းကုမ္ပဏီများနှင့် ပြဿနာများကို ပြေလည်အောင် ဖြေရှင်းခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီး ဆူစီ ပဒ်ဂျီယက်စ်တူတီက ကျွန်ပြုခံအလုပ်သမားများမှာ စုစုပေါင်း ၁၀၃ ဦးရှိပြီး ထိုအထဲမှ ၇၃ ဦးက ၎င်းတို့ ရရှိရန် ကျန်ရှိနေသည့် လုပ်ခလစာများကို ငါးဖမ်းကုမ္ပဏီက ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကျန်ရှိနေသည် ၃၀ မှာမူ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ၎င်းတို့အား မိမိတို့က နေရာထိုင်ခင်းပေးထားသည်ဟု ၀န်ကြီးက ဆိုသည်။

    ယခုပို့ဆောင်မှုမှာ ပထမအသုတ်ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ၁၄ ဦးပါ ဒုတိယအသုတ်ကို ထပ်မံ ပို့ဆောင်ပေးသွားမည်ဟု ဆိုသည်။ ကျန်ရှိသည့် ၂၄ ဦးအတွက် မြန်အစိုးရက နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးမှုများ ပြုလုပ်နေပြီး လိုအပ်သည့်အထောက်အထားများ မရရှိသေးဟု ၀န်ကြီး၏ ပြောကြားမှုကို ကိုးကား၍ Jakatar Post က ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Mizzima

  • ပိုင်နက်ကျူးကျော်မှုကြောင့် ထိန်းသိမ်းထားသည့် အမေရိကန် ရေတပ်သား ၁၀ ဦးကို အီရန် ပြန်လွှတ်ပေး

    ပိုင်နက်ကျူးကျော်မှုကြောင့် ထိန်းသိမ်းထားသည့် အမေရိကန် ရေတပ်သား ၁၀ ဦးကို အီရန် ပြန်လွှတ်ပေး

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    iran

    – ယမန်နေ့က အီရန်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာမှုအတွက် ထိန်းသိမ်းထားသည့် အမေရိကန် ရေတပ်သား ၁၀ ဦးစလုံးကို ပြန်လွှတ်ပေးလိုက်ပြီဟု အီရန်နိုင်ငံက ပြောကြားလိုက်သည်။

    အမေရိကန်ရေတပ်ကလည်း ၎င်းတို့၏ တပ်သားများမှာ ဘေးအန္တရာယ်ကင်းစွာဖြင့် ပြန်ရောက်ခဲ့ပြီး ထိန်းသိမ်ထားစဉ်အတွင်း မည်သည့် ထိခိုက်မှုမှ မရှိခဲ့ဟု ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ပါဝင်ပြီး ယမန်နေ့က သင်္ဘောငယ် ၂ စီးဖြင့် ပါရှန်ပင်လယ်ကွေ့သို့ ၀င်ရောက်လာစဉ် အီရန်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

    အီရန် တော်လှန်ရေးအစောင့်တပ်၏ တရားဝင်ဝဘ်ဆိုက်တွင် ထိန်းသိမ်းထားသည့် အမေရိကန်စစ်သားများ အီရန် ရေတပ်စခန်းရှိ အခန်းတစ်ခုတွင် ထိုင်နေသည့်ပုံကို လွှင့်တင်ခဲ့သည်။

    “အီရန်ရဲ့ရေပိုင်နက်အတွင်းကို သူတို့ဝင်ရောက်လာတာဟာ တမင်ရည်ရွယ်တာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး၊ သူတို့ကလည်း တောင်ပန်ခဲ့ပြီးတဲ့နောက်ပိုင်း ထိန်းသိမ်းထားတဲ့ အမေရိကန်သင်္ဘောသားတွေကို ပါရှန်ပင်လယ်ကွေ့က နိုင်ငံတကာ ရေပိုင်နက်အတွင်းကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု အစောင့်တပ်မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်ရေတပ်ကမူ မိမိတို့ရေတပ်လေယာဉ်မှာ စစ်သားတစ်ချို့ကို ခေါ်ဆောင်သွားခဲ့ပြီး တစ်ချို့မှာ ၎င်းတို့၏ သင်္ဘောငယ်များကို မောင်းနှင်ကာ အမေရိကန်ရေတပ်စခန်း အခြေစိုက်ရာ ဘာရိန်းသို့ ပြန်သွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့တပ်သားများ အီရန်တွင်ရောက်ရှိခြင်းအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ် အလီ ဖာဒါဗီကမူ အမေရိကန်များမှာ ၎င်းတို့၏ သေင်္ဘောငယ်များ လမ်းကြောင်းပြစနစ် ချို့ယွင်းခဲ့ခြင်းကြောင့် အီရန်ရေပိုင်နက်အတွင်းသို့ မျောပါရောက်ရှိလာခြင်းဖြစ်သည်ဟု ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပြောင်းရွှေ့အခြေချသူများအား ကန်လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးမှု ရပ်တန့်ရန် ကလင်တန်တောင်းဆို

    ပြောင်းရွှေ့အခြေချသူများအား ကန်လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးမှု ရပ်တန့်ရန် ကလင်တန်တောင်းဆို

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    – အမေရိကန် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းဖြစ်သူ ဟီလာရီကလင်တန်က တရားဝင်အထောက်အထားမရှိသည့် အလယ်အမေရိကန်မှ မိသားစုများကို အမေရိကန်အာဏာပိုင်များက စီးနင်းဖမ်းဆီးကာ နှင်ထုတ်မှုများကို ရပ်တန့်ရန် ဟီလာရီ ကလင်တန်က တောင်းဆိုလိုက်ပြီး ထိုသို့ဆောင်ရွက်ခြင်းက သဘောကွဲလွဲစေကာ ပြောင်းရွှေ့အခြေချသူ လူ့အဖွဲ့အစည်းအတွင်း အမုန်းမျိုးစေ့ချခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက အလယ်အမေရိကမှ ရွှေ့ပြောင်းအခြေချသူများကို စီးနင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကလင်တန်က ထိုကဲ့သို့ ဖွင့်ဟပြောကြားလိုက်ခြင်းဖြစ်ပြီး ခိုလှုံခွင့်တောင်းသူ ထိုမိသားစုများအား ကာကွယ်ပေးမည့် အစီအစဉ်တစ်ခုကိုလည်း သူမက ထုတ်ပြန်ခဲ့သည်။

    “လ၀ကဥပဒေ ကျင့်သုံးတာဆိုပြီး အလစ်ဝင် စီးနင်းဖမ်းဆီးခြင်းဟာ သင့်လျော်တဲ့ကိစ္စမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်၊ တကယ်တော့ ဒါတွေဟာ သူတို့တွေကို သဘောထားကွဲလွဲမှုတွေနဲ့ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေပါတယ်” ဟု ကလင်တန်က လူနည်းစုများအရေး ဆွေးနွေးပွဲဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

    ဖိုရမ်တွင် သူမ၏ပြောကြားချက်ပေါ်မူတည်၍ ကလင်တန်အောင်နိုင်ရေးအဖွဲ့က အလစ်ဝင်ဖမ်းဆီးမှု ရပ်တန့်ရေးအတွက် ကြေညာချက်တစ်ခုနှင့် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

    ၎င်းက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားရုံးတွင် လူနည်းစုများအတွက် အစိုးရအကြံပေးများကို ထားရှိပေးရန် တောင်းဆိုခဲ့သည်။ ရေရှည်တွင်လည်း ဒုက္ခသည်များ ခိုလှုံရေးစီမံကိန်းများတွင် အရာရှိများ၊ ဘာသာပြန်များ၊ လူဝင်မှုကြီးကြပ်ရေး တရားသူကြီးများ ခန့်ထားပေးရန်နှင့် အလယ်အမေရိကတွင် ဖွံ့ဖြိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးရန်လည်း ကလင်တက ထည့်သွင်းပြောကြားခဲ့သည်။

    ပြောင်းရွှေ့အခြေချသူများအား ထိုကဲ့သို့ ဖမ်းဆီးမှုကို ကလင်တန်အပါအ၀င် ဒီမိုကရက်တစ်အမတ်လောင်းအများအပြားကလည်း ဆန့်ကျင်ကန့်ကွက်ထားကြသည်။

    Ref: channelnewsasia

  • ခြစားမှုပြဿနာဖြင့် အထွေထွေအတွင်းရေးမှူးကို ဖီဖာက ထုတ်ပယ်

    ခြစားမှုပြဿနာဖြင့် အထွေထွေအတွင်းရေးမှူးကို ဖီဖာက ထုတ်ပယ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    fifa

    – ခြစားမှုစွပ်စွဲချက်များ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျဲရိုမီ ဗာ့လ်ခ်ကီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဟု ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာက ကြေငြာလိုက်သည်။

    အသက် ၅၅ နှစ်အရွယ်ရှိ ဗာ့လ်ခ်ကီမှာ ခြစားမှုများရှိခဲ့သည်ဟု သတင်းများကြောင့် ဘောလုံးနှင့်ဆက်စပ်သည့် လှုပ်ရှားမှုအားလုံးမှ ရပ်ဆိုင်းခံထားရသူဖြစ်ပြီး ကျင့်ဝတ်ကော်မတီက တရားဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

    ဥက္ကဌဘလတ္တာ၏ ညာလက်ရုံးဖြစ်သော ဗာ့လ်ခ်ကီမှာ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာဖလားပြိုင်ပွဲအတွက် လက်မှတ်များကို နားလည်မှုဖြင့် လက်သိပ်ထိုးရောင်းချရန် ရည်ရွယ်သော ကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံခဲ့ရသည်။ သို့သော်လည်း အဆိုပါကိစ္စမှာ ဖြစ်လာခဲ့ခြင်းမရှိပေ။ ၎င်းကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

    “ဖီဖာအရေးပေါ်ကော်မတီက ဂျဲရိုမီ ဗာ့လ်ခ်ကီကို ဖီဖာအထွေထွေအတွင်းရေးမှူးနေရာကနေ ချက်ချင်းထုတ်ပယ်ဖို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို ဗာ့လ်ခ်ကီဟာ ဖီဖာရဲ့ အထွေထွေအတွင်းရေးမှူး မဟုတ်တော့ပါဘူး။ ဖီဖာနဲ့ ဗာ့လ်ခ်ကီကြားက အလုပ်သဘောအရ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါပြီ” ဟု ဖီဖာမှ တရားဝင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ခြစားမှုပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည့် ဖီဖာမှာ ဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီတို့အား မကြာသေးမီကပင် ဘောလုံးလောကမှ ၈ နှစ်ပိတ်ပင်ခဲ့သည်။

    Ref: Goal

  • မီးလောင်သွားတဲ့ မင်္ဂလာဈေး ပျက်ဆီး ဆုံးရှုံးမှုများတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

    မီးလောင်သွားတဲ့ မင်္ဂလာဈေး ပျက်ဆီး ဆုံးရှုံးမှုများတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

    ဇန်နဝါရီ ၁၃ ၊ ၂၀၁၆
    M-Media
    ရေးသူ- မာန်ထက်သျှံ

    10401923_1072940296059562_4718095873592944199_n
    ဓါတ်ပုံ – The Voice

    ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့။

    ဥတုရာသီမှာ ဆောင်းတွင်း နံနက်ခင်း။

    ချမ်းစိမ့်စိမ့် ဆောင်းမှာ ရန်ကုန်မြေရဲ့ ကောင်းကင်တဝိုက်မှာ မီးခိုးမှိုင်းများက နေရာယူဆဲ။

    စိုးရိမ်စိတ်၊ ကြောက်လန့်စိတ် ပူပင်သောကများနဲ့ လူအများရဲ့ စိတ်ကိုထိုအရာက ဖျက်စီးခဲ့လေတယ်။

    အဖြစ်အပျက်ကား မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မင်္ဂလာဈေးကြီး မီးလောင်မှု။

    မီးသတ်ကား ဥသြသံများ ညံနေတဲ့ ထိုနေရာတဝိုက်ကို လူအများ တိုးဝှေ့ကြည့်ရှုနေသည်။ မီးသတ်သမားများက မီးငြိမ်းသတ်၊ ကြက်ခြေနီနဲ့ ရဲတပ်ဖွဲ့ဝင်များက အသင့်အနေအထား၊ ဓါတ်ပုံရိုက်သူကရိုက်၊ ဗီဒီယိုမှတ်တမ်းယူသူကယူ ၊ တစ်ဦးနဲ့တစ်ဦး တီးတိုးပြောသူကပြောနဲ့ လူတွေရဲ့ မျက်စိအစုံကတော့ မီးတောက်များ လျှံထွက်ရာ မင်္ဂလာဈေးကြီး အပေါ်ဆုံးထပ်သို့ တဝဲလည်လည်။

    မင်္ဂလာဈေးဆိုတာ ရန်ကုန်မြို့သာမက အနယ်အနယ်အရပ်ရပ်က လူထု အားပြုရာ ဆေးပစ္စည်းနှင့် အ၀တ်အထည် လက်လီလက်ကား လက်လီလက်ကား အရောင်းဆိုင်များ၊ အနယ်နယ်အရပ်ရပ်သို့ ကုန်ပစ္စည်းများ ကူးလူးရောင်းဝယ်နေတဲ့ ဌာနကြီးပါ။

    နိစ္စဓူဝ ဘဝမှာ လက်လုပ်လက်စား နေ့စားအလုပ်သမားများ အလုပ်သမများ မှသည် ရောင်းသူဝယ်သူအစုံစုံဖြင့် စည်ကားနေသော မြို့တော်ရန်ကုန်ရဲ့ ကုန်စည်ကူးသန်းရာ ဈေးကြီး တစ်ခုဖြစ်ပါတယ်။ ဈေးတဝိုက်မှာ ဈေးဖွင့်ချိန်မှ ပိတ်ချိန်တိုင်အောင် ယာဉ်ကြောပိတ်ဆို့ နေတတ်ပြီး ဈေးအတွင်းမှာလည်း လူသွားလမ်း မရှိလောက်အောင် စည်ကားခဲ့သော ဈေးကြီးဖြစ်သည်။

    အခုတော့ မင်္ဂလာဈေးဆိုတာ မီးလောင်ပြင်တစ်ခု ဖြစ်ခဲ့ပြီး လူသူကင်းမဲ့တဲ့ သုသာန်တစပြင်အလား အောက်မေ့ရတယ်။

    မီးလောင်မှု အကြောင်းရင်းကို ပြန်လည်ဆန်းစစ်တော့ ဆိုင်အမှတ် ၄၅၁မှာ လိပ်ဆွဲ တံခါးတပ်ဆင်ရန် ဆိုင်ရှင်က အပ်နှံတာကြောင့် ဈေးပိတ်ချိန်အတွင်း ဝင်ရောက် လုပ်ကိုင်ရာ ပေါ့ဆမီးမှ တဆင့် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဥိး သတင်းထုတ်ပြန်ချက်တွေ အရ သိရှိရပါတယ်။ သို့ပေမယ့် မီးလောင်ရတဲ့ အကြောင်းအရင်းကို တိကျစွာ ဖော်ပြနိုင်ဖို့ ရှာဖွေစစ်ဆေးနေဆဲ ဖြစ်ပြီး ဇန်နဝါရိ ၁၈ ရက်နေ့ နောက်ဆုံး ထားပြီး အစီအရင်ခံစာကို တိုင်းဒေသကြီး အစိုးရကို တင်ပြသွားဖို့ ရှိတယ်လို့လဲ သိရပါတယ်။

    ပြည်တွင်းသတင်းဂျာနယ်တခုကို တိုင်းမီးသတ်ဦးစီးမှူး ဦးသော်ဒါရဲ့ ပြောချက်အရ မင်္ဂလာဈေးမှာ တပ်ဆင်ထားတဲ့ အလိုအလျောက်ရေဖျန်းစနစ်(water sprinkler ) ဟာ အတုဖြစ်နေကြောင့် ငြိမ်းသတ်နိုင်ခြင်း မ၇ှိဘဲ မီးလောင်မှုကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ သိရပါတယ်။

    စီမံခန့်ခွဲမှုညံ့ဖျင်းပြီး လျှပ်စစ်သွယ်တန်း မှုများကိုလည်း ကျွမ်းကျင်သည့် ပညာရှင်များမပါဘဲ ဖြစ်သလို သွယ်တန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက)  Eleven မီဒီယာကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

    “ဈေးထဲမှာ မလိုအပ်တဲ့ ပစ္စည်းတွေ လှောင်ထားတယ်။ လျှပ်စစ်သွယ်တန်းမှုတွေကို ပုံမှန်စစ်ဆေးတာ မရှိဘူး။ မီးဘေးကာကွယ်မှုစနစ် အားနည်းတယ်။ မီးသတ်ဆေးဘူး။ ရေပုံးလောက်ပဲရှိတယ်။ ဈေးထဲမှာ မီးလောင်ရင် အလိုအလျောက်ရေ ဖြန်းတဲ့စနစ်ကလည်း အလုပ်မဖြစ်ဘူး။ ဒါကြောင့် ဒီမီးလောင်မှု ဖြစ်စဉ်မှာ အဓိကတရားခံက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန) ပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်သည် လူညံ့ဖျင်းမှုကြောင့် ဖြစ်တာ။ ဒါကြောင့် နိုင်ငံတော် တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လိုဆက်လုပ် ရမယ်ဆိုတာ ဆုံးဖြတ်ပေါ့”

    ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၁နာရီ မိနစ် ၂၀ က လောင်လိုက်တဲ့မီးဟာ ဈေးရဲ့ စတုတ္ထထပ်နဲ့ အပေါ်ဆုံးထပ်အားလုံးကို ကူးစက် လောင်ကျွမ်းခဲ့ပြီး မနက် ၅နာရီရောက်မှသာ မီးသတ်တပ်ဖွဲ့က မီးကို ထိန်းနိုင်ခဲ့ပါတယ်။ ယင်းနေ့ ညနေပိုင်း အထိတိုင်အောင် မီးကြွင်းမီးကျန်များကို ငြိမ်းသတ်ခဲ့ရတယ်။

    မင်္ဂလာဈေးမှာ ဆိုင်ခန်းပေါင်း ၅၀၀၀ကျော်ရှိရာ မီးဘေးသင့် ဆိုင်ခန်း မှာ တတိယထပ်တွင် ၇၉၁ခန်း ၊ စတုတ္ထထပ်မှာ ၇၉၇ခန်းနဲ့ အပေါ်ဆုံးဆိုင်ခန်း ၄၈ခန်း စုစုပေါင်း ၁၆၃၆ခန်း ဖြစ်ပါတယ်။ အဆိုပါဆိုင်ခန်းများကို ရွှေမင်္ဂလာဈေးနဲ့ ကားပါကင်ဝင်းအတွင်း ၅ပေပတ်လည် နေရာဆိုင်ခန်းများဖြင့် ယာယီနေရာချပေးသွားမယ်လို့လည်း သိရပါတယ်။ မီးလောင်မှုရဲ့ တန်ဖိုးမှာ ကျပ်ငွေ ၃၆ ဘီလီယံကျော် (သိန်းပေါင်း ၃ သောင်းကျော်) ရှိပါတယ်။

    မည်သို့ပင်ဆိုစေကာမူ ဈေးသူဈေးသားများ ၊ နိစ္စဓူဝ အလုပ်နဲ့ ကျင်လည်နေရတဲ့ အောက်ခြေလူတန်းစား အလုပ်သမားများ အတွက်တော့ လတ်တလောဝမ်းရေး အတွက် ရင်လေးစရာပင်။ ဒုတိယအကြိမ် မီးတောက်များ ဝါးမျိုခံရတဲ့ မင်္ဂလာဈေးကို မှီခို လုပ်ကိုင်နေရတဲ့ လက်လုပ်လက်စားများ ရောင်းသူဝယ်သူများရဲ့ စားဝတ်နေရေးကို ပြေလည်ဖို့ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတ သူတို့အတွက် မရေရာမသေချာ။

    မင်္ဂလာဈေးကြီးဟာ ၂၀၁၀ခုနှစ် မေလ ၂၄ရက်နေ့မှာလည်း မီး ဒဏ်သင့်ဖူးပါတယ်။ အဲ့တုန်းက မီးလောင်ခဲ့တဲ့ အထပ်ရှိ ကွန်ကရစ် ကြမ်းခင်းကို ဖြိုချပြီး steel structure ပုံစံဖြင့် ဒီဇိုင်းထုတ်ကာ မွမ်းမံ တည်ဆောက်ခဲ့ပါတယ်။ ယခုမီးလောင်မှုမှာ သံကူယက်မများဟာ ကျိုးကျ သွားကြောင်း သိရပါတယ်။ ဒါ့ကြောင့် လက်ရှိမင်္ဂလာဈေးကြီးကို ဖြိုဖျက်ပြီး အသစ်တဖန် ပြန်လည် တည်ဆောက် ရတော့မှာ ဖြစ်ပါတယ်။

    ၁၉၉၈ခုနှစ်က တည်ဆောက်ခဲ့တဲ့ မင်္ဂလာဈေးရဲ့ ပုံစံကို ပြန်လည်ဆန်းစစ်လျှင် ဒီဇိုင်းနဲ့ လေဝင်လေထွက် စနစ်မမှန်ခြင်း ၊ မီးလောင်လျင် အလိုအလျောက် ရေဖြန်းသည့်ပိုက်များ စံမှီအောင် တပ်ဆင်ထားခြင်းမရှိခြင်း၊ မီးဘေး လုံခြုံရေးစနစ် လစ်ဟာမှုရှိခြင်း ၊ လုံခြုံရေးအားနည်းခြင်း ၊ အရေးပေါ် ဝင်ပေါက်ထွက်ပေါက်များ အလွန်နည်းပါးခြင်း စတဲ့ အားနည်းချက်တွေကို တွေ့ရပါတယ်။

    တစ်ခါမှားလျှင် သတိလစ်ဟင်း၍ မှားလို့ လက်ခံနိုင်သည်။ ဒုတိယအကြိမ် မီးလောင်ဒဏ်သင့်သည်ဆိုတာကတော့ သေချာ ပြန်လည် ဆန်းစစ်ဖို့ လိုပါလိမ့်မည်။

    မင်္ဂလာဈေးကြီး မီး ဘာကြောင့် လောင်တာလဲ ဆိုတာကတော့ မီးလောင်ရာကို ကြည့်ပြီး သို့လော သို့လော အတွေးများဖြင့် မီးလောင်ရာ တဝိုက်ပြောနေကြတဲ့ စကားသံများပဲ ဖြစ်ပါတယ်။

    ယခုတစ်ကြိမ် မင်္ဂလာဈေးကြီး မီးလောင်တာ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပင်။ ဈေးအုပ်ချုပ်ရေး အဖွဲ့ရဲ့ တာဝန်လား။ လျှပ်စစ် တာဝန်ခံရဲ့ လစ်ဟင်းမှုလား။ လျှပ်စစ် အသုံးပြုသူတွေရဲ့ ပေါ့ဆမှုလား၊ အလိုအလျောက်ရေဖျန်းစနစ်(water sprinkler )  အတု တပ်ခဲ့သူရဲ့မှာ ရော တာဝန်ရှိသလား ၊ စံချိန်စံညွှန်းမမှီ ဆောက်လုပ်ခဲ့တာကို စိစစ်ဖို့ ပျက်ကွက်ခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင် မှာ တာဝန်ရှိသူတွေလား  ဆိုတာကတော့ သက်ဆိုင်ရာက ဖော်ထုတ်ပြီး မဖြစ်မနေ အရေးယူရမှာ ဖြစ်ပါတယ်။

    သေချာတာတစ်ခုကတော့ မီးလောင်မှုကြောင့် လူအများဒုက္ခရောက်တာကတော့ အမှန်ပင်ဖြစ်သည်။

    ဒါ့ကြောင့် နောက်နောင်များမှာ အခြားဈေးကြီးများလည်း မီးဘေး လုံခြုံရေးအတွက် ကြိုတင်ပြီး စနစ်ကျတဲ့ အစီအမံများ ချမှတ်ပြီး ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။