ဇန်န၀ါရီ ၁၃၊ ၂၀၁၆
M-Media
– နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဂွတာနာမိုအကျဉ်းစခန်း ပိတ်သိမ်းရန်အတွက် အမေရိကန်များမှာ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက်တွင် ယမန်နေ့က စုဝေးဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
အကျဉ်းစခန်းဖွင့်ခြင်း ၁၄ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြုလုပ်ခဲ့သည့် ထိုဆန္ဒပြမှုမှာ သမ္မတသက်တမ်းမကုန်ခင် အကျဉ်းစခန်းပိတ်ပစ်မည်ဟု အိုဘားမားက ထပ်မံကတိပြုပြောဆိုပြီး တစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
ဆန္ဒပြသူများတွင် အကျဉ်းသားဟောင်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ညှင်းပမ်းနှိပ်စက် ခံခဲ့ရသူများနှင့် ရှေ့နေများလည်း ပါဝင်ခဲ့သည်။ လက်ရှိအချိန်တွင် ဂွာတာနာမိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားသူ ၁၀၃ ယောက်ခန့်ရှိနေဆဲဖြစ်ပြီး အကျဉ်းထောင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၂ ဇန်န၀ါရီလတည်းမှစ၍ အကျဉ်းသား ၉ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြသူများက လိမ္မော်ရောင်အကျဉ်းထောင်ဝတ်စုံရှည်နှင့် ပလတ်စတစ်လက်ထိပ်များကို ၀တ်ဆင်ခဲ့ကြသည်။ အချို့ကလည်း အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ရှာကာရ် အေမာရ်ကို ကိုယ်စားပြုသည့် လေမှုတ်သွင်းအရုပ်ကြီးတစ်ရုပ်ဖြင့် ဆန္ဒပြခဲ့ကြသည်။ အေမာရ်မှာ အမေရိကန်အာဏာပိုင်များက အလ်ကိုင်ဒါးနှင့် ဆက်သွယ်သည်ဟု သံသယရှိသဖြင့် အကျဉ်းချခံရသူဖြစ်ပြီး တကယ်တမ်းတွင် မည်သည့်ပြစ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိချေ။
အေမာရ် ကို ၁၃ နှစ်ကြာ ထိန်းသိမ်းပြီးနောက် အောက်တိုဘာတွင် ပြန်လွှတ်ပေးခဲ့ပြီး ၎င်း၏ဇနီးသည်ရှိသော ဗြိတိန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အိုဘားမားမှာ ၂၀၀၈ သမ္မတမဲဆွယ်စည်းရုံးမှုတွင် ကွာတာနာမိုအကျဉ်းစခန်းအား ပိတ်ပစ်မည်ဟု ကတိပြုခဲ့သည်။
သမ္မတအနေဖြင့် ကျန်ရှိသည့် သက်တမ်း ၁၁ လအတွင်း ထိုအကျဉ်းထောင်ကို ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည်ဟု အိုဘားမား၏ အကြံပေးအကြီးအကဲ ဒန်းနစ် မက်ဒေါက်က က Fox News သို့ ပြောကြားခဲ့သည်။
အထောက်အထားအပြည့်အစုံမရှိဘဲ သံသယရှိသူများကိုသာ ထိန်းသိမ်းစစ်ကြောသည့် အဆိုပါ အကျဉ်းစခန်းတွင် နှိပ်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန် သတင်းထွက်ပေါ်ခဲ့သည်။
Ref: Al-jazeera