ဇန်န၀ါရီ ၆၊ ၂၀၁၆
M-Media
– မွတ်စလင်များအား အမေရိကသို့ ၀င်ရောက်ခွင့် ပိတ်ပင်ရမည်ဟု ပြောကြားခဲ့သည့် အမေရိကန် ရီပက်ဘလစ်ကန် နိုင်ငံရေးသမား ဒေါ်နယ် ထရမ့်အား ယူကေသို့ ပြည်ဝင်ခွင့်မပေးရန် ဗြိတိန်ပြည်သူ သန်းဝက်ကျော်က လက်မှတ်ရေးထိုး တောင်းဆိုမှုကိစ္စအား ဗြိတိန်လွှတ်တော်အမတ်များက ဆွေးနွေးသွားမည်ဟု သိရသည်။
ထိုကဲ့သို့ ဆွေးနွေးမှုပြုလုပ်ရန်အတွက် အောက်လွှတ်တော်ရှိ အသနားခံစာ ကော်မတီက ဆော်သြခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ သို့သော်လည်း မဲခွဲဆုံးဖြတ်မှု ပါဝင်မည်မဟုတ်ပေ။ ဒေါ်နယ်ထရမ့်မှာ ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြို င်မည်ဟု ရေပန်းစားနေသည်။
၎င်းမှာ မက္ကဆီကိုများ၊ လူမည်းများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေးခွဲခြားမှုများ၊ စော်ကားပြောဆိုမှုများနှင့် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။ မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့် မပေးသင့်ဟု ၎င်းက ပြောကြားခဲ့ပြီးနောက် ဗြိတိန်ပြည်သူများမှာ ထရမ့်အား ယူကေသို့ ၀င်ရောက်ခွင့်မပေးရေး လှုပ်ရှားခဲ့ကြသည်။
ပြည်သူ လူထူ ၁ သိန်းကျော်က လက်မှတ်ရေးထိုးတောင်းဆိုသော ကိစ္စရပ်များကို ဗြိတိန်အစိုးရက တုန့်ပြန် ဖြေရှင်းပေးလေ့ရှိပြီး ကိစ္စရပ်အလိုက် လွှတ်တော်တွင် ဆွေးနွေးမှုများကို ပြုလုပ်လေ့ရှိသည်။
“ဆွေးနွေးမှုပြုလုပ်ခြင်းဟာ အစိုးရအနေနဲ့ ဒေါ်နယ်ထရမ့်ကို ယူကေ၀င်ရောက်ခွင့်ပိတ်ပင်သင့်လား မပိတ်ပင်သင့်ဘူးလားဆိုတဲ့အမြင်ကို ကော်မတီက ပြသတာမျိုးတော့ မဟုတ်ပါဘူး” ဟု အသနားခံစာ ကော်မတီ၏ ဥက္ကဌ ဟဲလင်ဂျုန်းစ်က ပြောဆိုခဲ့သည်။
ထို့ပြင် အဆိုပါဆွေးနွေးမှုမှာ အလွှတ်တော်အမတ်များ၏ အမြင်များကို ဖော်ပြခွင့်ပြုမည့် ဆွေးနွေးမှုလည်း ဖြစ်လာမည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Japantimes