News @ M-Media

Blog

  • အစိုးရသစ်အတွက် ပထမဦးစားပေးမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    အစိုးရသစ်အတွက် ပထမဦးစားပေးမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    daw su

    – တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုက ယခုနှစ်ဆန်းပိုင်းတွင် တာဝန်ထမ်းဆောင်မည့် မိမိတို့အစိုးရအသစ်အတွက် ‘ပထမဦးစားပေး’ ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “အစိုးရသစ်ရဲ့ ပထမဦးစားပေးအလုပ်ဟာ ငြိမ်းချမ်းမှုတည်ဆောက်ရေး ဖြစ်မှာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်ဖို့ ကျွန်မတို့အားလုံး ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၆၈ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် အပစ်ရပ်ရေးသဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့မှ ၇ ဖွဲ့က လက်မခံခဲ့ပေ။ ထိုအချိန်မှစ၍ မြန်မာအမျိုးသား ဒီမိုကရေစ မဟာမိတ်တပ်မတော် MNDAA၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် (AA) တို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံ့ခဲသည်။

    “နောက်နှစ် ကျွန်မတို့ လွတ်လပ်ရေးအခမ်းအနား ကျင်းပတဲ့အခါ ပိုမိုခိုင်မာတောင့်တင်းတဲ့ ပြည်ထောင်စုမျိုးကို မြင်တွေ့ချင်ပါတယ်။ ကျွန်မတို့ကို ကူညီဖို့ စိတ်ဆန္ဒရှိသူတွေ အများကြီးရှိတယ်။ ဒါပေမယ့် (ဒီကိစ္စကို) ပြီးပြတ်ဖို့ ကျွန်မတို့ ကိုယ်တိုင် ရုန်းကန်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

    နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် အစိုးရ ဖွဲ့ရမည်ဖြစ်သည်။

    Ref: RFA

  • ရီးယဲလ်အတွက် အားလုံးပေးဆပ်သွားမည်ဟု နည်းပြသစ် ဇီဒိန်းပြော

    ရီးယဲလ်အတွက် အားလုံးပေးဆပ်သွားမည်ဟု နည်းပြသစ် ဇီဒိန်းပြော

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    zidane

    – ရီးယဲလ်အသင်း၏ နည်းပြသစ်အဖြစ် မိမိအား ခန့်အပ်မှုအတွက် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်အား ကျေးဇူးတင်သည်ဟု ဇီဒိန်းက ပြောကြားလိုက်ပြီး အသင်းအတွက် ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အန်ဆယ်လော့တီအား ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာသည့် ဘင်နီတက်ဇ်မှာ အသင်းအား ကျေနပ်လောက်စရာ စွမ်းဆောင်မှုမျိုး ပြသရန် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် ယမန်နေ့တွင် ရာထူးမှ အထုတ်ခံခဲ့ရသည်။ ထို့နောက် ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က အရန်အသင်းနည်းပြဖြစ်သည့် ဇီနဒင်း ဇီဒိန်းအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်။

    “ဒီလိုကြီးကျယ်တဲ့အသင်းကို နည်းပြခွင့်ပေးတဲ့အတွက် အသင်းနဲ့ ဥက္ကဌတို့ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ဟာ ကျွန်တော့်အတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့ နေ့ပါပဲ။ အသင်းကစားသမားတစ်ယောက်အဖြစ် စာချုပ်ချုပ်ခံရတဲ့ အချိန်ကထက်ကို ပိုပါတယ်။ အသင်းအတွက် ကျွန်တော် အားလုံး ပေးဆပ်သွားမှာပါ” ဟု ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇီဒိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ ကြေငြာချက်တွင်လည်း ပထမဆုံး ရာသီမှာပင် အသင်းအတွက် ဆုဖလားများ ရယူပေးသွားမည်ဟုဆုံးဖြတ်ထားကြောင်း ဖော်ပြခဲ့သည်။

    Ref: Goal

  • တောင်ကိုရီးယား အစားအသောက်လုပ်ငန်းများ ဟာလာလ်ဈေးကွက် ရှာဖွေလာကြ

    တောင်ကိုရီးယား အစားအသောက်လုပ်ငန်းများ ဟာလာလ်ဈေးကွက် ရှာဖွေလာကြ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    south halal

    – တောင်ကိုးရီးယားတွင် အစားအသောက်ကုမ္ပဏီများနှင့် လယ်သမားများမှာ ဈေးသက်သာသောပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ခက်ခဲလာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ အခြေအနေမကောင်းသောကြောင့် ကမ္ဘာ့ဟလာလ်ဈေးကွက်ကို လျင်မြန်စွာ ထိုးဖောက်နိုင်ရန် အားစိုက်ကြိုးပမ်းမှုများ ပြုလုပ်လာကြသည်ဟု တောင်ကိုရီးယား စက်မှုထုတ်ကုန် စာင့်ကြည့်သူများက ပြောကြားခဲ့သည်။

    ဟာလာလ် အစားအသောက်ဆိုသည်မှာ ကျန်းမာရေးနှင့် ညီညွတ်မှုကို ဦးစားပေးသည့် အစ္စလာမ့်နည်းလမ်းများအတိုင်း ပြင်ဆင်ချက်ပြုထားသော အသားများ၊ သီးအနှံများ ဖြစ်သည်။ ကမ္ဘာ့ဟာလာလ် ဈေးကွက် တန်ဖိုးမှာ ကန်ဒေါ်လာ ၂.၃ ထရီလီယံ ၀န်းကျင်တွင် ရှိနေပြီး အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့စားသောက်ကုန်ဈေးကွက်၏ ၁၈ ရာခိုင်နှုန်းခန့်ရှိသည်။

    ၂၀၁၀ ခုနှစ် တွင် လေ့လာမှုများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၂၃.၄ ရာခိုင်နှုန်းရှိသောကြောင့် ဟာလာလ်ဈေးကွက်မှာလည်း ကြီးမားသည့် ဈေးကွက်တစ်ခု ဖြစ်နေသည်။

    ဟာလာလ်ဈေးကွက်မှာ ပိုမိုကျယ်ပြန့် ကြီးထွားလာမည်ဟု ခန့်မှန်းထားသောကြောင့် တောင်ကိုရီးယားရှိ စားသောက်ကုန်လုပ်ငန်းမျာက ဟာလာလ်ဈေးကွကို မျက်စိကျလာပြီး မွတ်စလင်နိုင်ငံမျာသို့ စားသောက်ကုန်နှင့် ပင်လယ်စာထွက်ကုန်များ တင်ပို့မှုမှာလည်း အလျင်အမြန်ပင် ကြီးထွားလာခဲ့သည်။

    တောင်ကိုရီးယား စားသောက်ကုန်၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောရေးရာ ၀န်ကြီးဌာန၏ စာရင်းအချက်အလက်များအရ ပင်လယ်ကွေ့အဖွဲ့ဝင်နိုင်ငံများ (GCC) သို့ ဟလာလ် စားသောက်ကုန်တင်ပို့မှုသည် ၂၀၁၅ ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ၅.၉ ရာခိုင်နှုန်းတက်လာပြီး ဒေါ်လာ ၃၃၉ သန်းထိ ရှိလာခဲ့သည်ဟု သိရသည်။ GCC နိုင်ငံများအပါအ၀င် ကမ္ဘာတစ်ဝှမ်းသို့ ဟလာလ်စားသောက်ကုန်တင်ပို့မှုမှာ ဒေါ်လာ သန်း ၈၆၀ အထိ ရောက်ရှိခဲ့သည်။

    ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း တောင်ကိုရီးယား၏ ဟာလာလ်ထုတ်ကုန်များ တင်ပို့မှုမှာ ၆၉.၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး မွေးမြူရေးနှင့် အစားအသောက်တင်ပို့မှုမှာ ၅၁.၅ ရာခိုင်နှုန်း တက်လာခဲ့သည်။ GCC နိုင်ငံများအပြင် အင်ဒိုနီးရှား၊ မလေးရှားနှင့် အီရန်နိုင်ငံများသို့ တင်ပို့မှုမှာလည်း သိသိသာသာ တက်လာခဲ့သည်။

    “အနေအထားအရ ဟာလာလ်ဈေးကွက်ဟာ အောင်မြင်မယ့်အလားအလာ ရှိနေပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီတွေနဲ့ လယ်သမားတွေဟာ ဒီဈေးကွကို မထိသလောက်ပါပဲ။ မွတ်စလင်နိုင်ငံအတော်များများက ဈေးပေါပေါနဲ့ အရည်အသွေးနိမ့် ပစ္စည်းတွေအစား စိတ်ချလုံခြုံပြီး အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေကိုပဲ သုံးစွဲလိုစိတ် ရှိကြပါတယ်” ဟု တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၇ ခုနှစ် အရောက်တွင် ၎င်းတို့၏ ဟာလာလ်တင်ပို့မှုကို ကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးအထိ မြှင့်တင်သွားမည်ဟု တောင်ကိုရီးယားက ၂၀၁၅ ခုနှစ်တွင် ကြေငြာခဲ့သည်။

    Ref: IINA

  • ရက် ၆၀၀ နီးပါးကြာမှ ဇယားကိုပြန်ဦးဆောင်နိုင်တဲ့ အက်သလက်ကိုနဲ့ လာလီဂါပွဲစဉ် ၁၈

    ရက် ၆၀၀ နီးပါးကြာမှ ဇယားကိုပြန်ဦးဆောင်နိုင်တဲ့ အက်သလက်ကိုနဲ့ လာလီဂါပွဲစဉ် ၁၈

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    w_900x700_0222115180

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၁၈ မှာတော့ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ နှစ်သင်းစလုံး သရေကျခဲ့ပြီး အက်သလက်တီကိုက ဇယားကို ဦးဆောင်လိုက်ပါတယ်။

    လူငယ်ကစားသမား သောမတ်စ်ရဲ့ တစ်လုံးတည်းသေားဂိုးနဲ့ အိမ်ကွင်းမှာ လီဗန်တေးကို အနိုင်ရခဲ့ပေမယ့် အက်သလက်တီကိုတို့ ဒီ့ထက် ဂိုးပိုရမယ့် အခွင့်အရေးတစ်ချို့ ရခဲ့ပါသေးတယ်။ ဒီပွဲအနိုင်ကြောင့် ၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့မှာ လာလီဂါဖလားကို ဆွတ်ခူးပြီးနောက်ပိုင်း ၅၉၅ ရက်ကြာမှာ ပထမဆုံးအနေနဲ့ လာလီဂါကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။

    အက်စပန်ညိုကွင်းမှာ ဘာကာတို့ ကစားကွက်သာခဲ့ပေမယ့် ဂိုးရဖို့တော့ အခက်တွေ့ခဲ့ရပြီး ဂိုးမရှိနဲ့ လာလီဂါ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲသရေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အက်စပန်ညိုကတော့ ဒီရာသီမှာ ဘာစီလိုနာကို ဂိုးမပေးရတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်လာခဲ့ပါတယ်။

    ရီးယဲလ်ကလည်းlaliga မက်စ်တဲလားမှာ ရုန်းကန်ခဲ့ရပြီး ဘန်ဇီမာနဲ့ ဘေးလ်တို့က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့ပေမယ့် ဗလင်စီယာကို ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေတစ်မှတ်သာ ရခဲ့ပါတယ်။

    ဇယားအောက်ခြေနားကနေ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြလာတဲ့ အိုက်ဘာဟာ ဘက်တစ်ကို ၄ ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။

    ဒီတစ်ပတ်လာလီဂါပွဲ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်စပန်ညို ၀-၀ ဘာစီလိုနာ
    အက်သလက်တီကို ၁-၀ လီဗန်တေး
    မာလာဂါ ၂-၀ ဆလ်တာဗီကို
    ဗယ်လက်ကာနို ၂-၂ ဆိုစီဒက်
    ဂရာနာဒါ ၂-၁ ဆီးဗီးလား
    ဘက်တစ် ၀-၄ အိုက်ဘာ
    ဘီဘာအို ၂-၂ လက်စ်ပါးလ်မက်စ်
    ဒီပို့တီဗို ၁-၂ ဗီလာရီးယဲလ်
    ဗလင်စီယာ ၂-၂ ရီးယဲလ်
    စပို့တင်းဂီဂျွန် ၁-၂ ဂီတာဖေး

  • အီရန်နှင့်သံအဆက်အသွယ်ဖြတ်တောက်ကြောင်း ဘာရိန်းကြေညာ

    အီရန်နှင့်သံအဆက်အသွယ်ဖြတ်တောက်ကြောင်း ဘာရိန်းကြေညာ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    bar

    – ဘာရိန်းနိုင်ငံမှာ အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း ယမန်နေ့က ကြေငြာခဲ့ပြီး နိုင်ငံအတွင်းရှိ အီရန်သံအမတ်များကို ၄၈ နာရီအတွင်း နိုင်ငံတွင်းမှထွက်ခွာရန် ပြောကြားခဲ့သည်ဟု သိရသည်။

    တီဟီရန်မြို့တော်ရှိ ဆော်ဒီသံရုံးအား ဆန္ဒပြသူများက ၀င်ရောက်စီးနင်းခဲ့မှုကြောင့် ဆော်ဒီနှင့် အီရန်ကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး ဘာရိန်းပြန်ကြားရေးဝန်ကြီး အီဆာ အလ်-ဟာမာဒီက ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ၎င်းတို့နိုင်ငံအတွင်းရှိ ရှီအာပြည်သူများ ဆန္ဒပြမှု၏ နောက်ကွယ်တွင်လည်း အီရန်၏ ကြိုးကိုင်မှုများ ရှိနေကြောင်း ဘာရိန်းက မကြာခဏ စွပ်စွဲပြောကြားခဲ့သည်။

    တီဟီရန်မြို့တော်ရှိ ဆော်ဒီသံရုံးကို အီရန်ဆန္ဒပြသူများက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဆော်ဒီက တနင်္ဂနွေနေ့တွင် အီရန်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ အကြမ်းဖက်မှုဖြင့် ရှီအာဘာသာရေးခေါင်းဆောင်ဖြစ်သူ နီမာရ် အလ်-နီမာရ်နှင့်အတူ အခြားသော အကျဉ်းသား ၄၆ ယောက်ကို ဆော်ဒီနိုင်ငံက ကွပ်မျက်ခဲ့ပြီးနောက်ပိုင်း ရှီအာများက ယခုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ရီယာ့ဒ်မြို့တော်မှ အီရန်သံအမတ်များကို ၄၈ နာရီအတွင်း ဖယ်ရှားရန် ညွှန်ကြားချက်ထုတ်ခဲ့ပြီးနောက် ဆော်ဒီမှာ တင်းမာမှုတွေများ ပိုမိုဖြစ်ပွားစေရန်အတွက် တီဟီရန်ရှိ သံရုံး တိုက်ခိုက်ခံရမှုကို အကြောင်းရှာခဲ့ခြင်းဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးန်ကြီးက ပြောကြားခဲ့သည်။

    “အီရန်နိုင်ငံဟာ နိုင်ငံတကာသဘောတူညီချက်အရ သံတမန်လုံခြုံမှုကို ကာကွယ်ပေးဖို့ ကတိပြုထားခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီအာရေးဗျကတော့ ဒီတိုက်ဆိုင်မှုလေးကို အကြောင်းပြုပြီး တင်းမာမှုတွေကို ဆက်လက်တိုးပွားစေခဲ့ပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟူစိန်ဂျာဘရီ အန်ဆွာရီ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီမှ အထွေအထွေအတွင်းရေးမှူး အဗ္ဗဒူလ်လတစ်ဖ် ဘင် ရရှစ်အလ် ဇာယာနီက ဆော်ဒီသံရုံးအား တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး အီရန်အာဏာပိုင်များမှာ သံတမန်ရေးဆိုင်ရာတာဝန်ကို ကာကွယ်ရန် ပျက်ကွက်ခဲ့သည့်အတွက် အပြည့်အ၀တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

    Source: Al-jazeera