News @ M-Media

Blog

  • အမြင်အာရုံချို့တဲ့သည့် ဆ်ာဒီအမျိုးသမီး၏ ပန်းချီလက်ရာများ လူကြိုက်များ

    အမြင်အာရုံချို့တဲ့သည့် ဆ်ာဒီအမျိုးသမီး၏ ပန်းချီလက်ရာများ လူကြိုက်များ

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    blind saudi

    – အမြင်အာရုံ ချို့ယွင်းနေသည့် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်း၏ လက်ရာမြောက် ပန်းချီကားများကို ကျင်းပြသခဲ့ပြီး ပန်းချီပြပွဲသို့ တက်ရောက်လာသည့် လူအများအား ရင်သပ်ရှူမောသွားစေခဲ့ကာ ပန်းချီကားတစ်ချပ်မှာ ဆော်ဒီရီယဲလ် ၈၀၀၀ ခန့်ပင် ရရှိခဲ့သည်။

    နူရာ အလ်-မဂ်ျရာရှီဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ရီယာ့ဒ် ကွန်ဗန်းရှင်းစင်တာတွင် Muntijoon 3 အမည်ဖြင့် ပြုလုပ်သည့် ပန်းချီပြပွဲတွင် ၎င်း၏ ပန်းချီလက်ရာများကို ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။ သူမမှာ တိုတောင်းသော အချိန်ကာလအတွင်း ပန်းချီကား ၃၀၀ ကျော်ကို ရေးဆွဲပြီးခဲ့သည်အထိ အောင်မြင်ခဲ့သည်။

    အလ်-မဂ်ျရာရှီသည် သူမ၏ပြပွဲကို “အဖြူရောင်ဖန်သား” ဟု ခေါင်းစဉ်တပ်ထားပြီး မခင်နှင့် မိသားစုဝင်များ၏ တိုက်တွန်းအားပေးမှုကြောင့် အသက် ၉ နှစ်အရွယ်မှစ၍ ပန်းချီကားများရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သူမမှာ သဘာဝရှုခင်းများကို ရေးဆွဲခြင်းကို နှစ်သက်ပြီး ရေးဆွဲနိုင်ရန် အထူးပြုလုပ်ထားသော ကိရိယာများကို အသုံးပြုရသည်။

    သူမမှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အချစ်ဆုံးသူငယ်ချင်းတစ်ဦးအား ဂုဏ်ပြုသည့်အနေဖြင့် မကြာသေးမီက ပန်းချီကားတစ်ချပ်ကို အထူးရေးဆွဲခဲ့သည်။

    အလ်မဂ်ျရာရှီက သူမ၏ အရည်အချင်းများကို ထုတ်ဖော်ပြသခွင့်ရမည့် သင့်တော်သော နေရာတစ်ခုကို တွေ့ခဲ့သည့်အတွက် ပြပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ အချို့ကလည်း ၎င်းတို့အတွက် ထူးခြားသည့်ပန်းချီကားများ ထပ်မံရေးဆွဲစေလိုကြောင်း သူမအား တောင်းဆိုခဲ့ကြသည်။

    Muntijoon 3 မှာ ရီယာဒ်စီးပွားကူးသန်းဌာနမှကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိသော ပြပွဲတစ်ခုဖြစ်ပြီး ဆော်ဒီအမျိုးသမီးများ၏ အရည်အသွေးများ ထုတ်ဖော်ပြသရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့၏လက်ရာပစ္စည်းများကိုလည်း ရောင်းချနိုင်ရန် အကူအညီပေးသည့်အတွက် ထင်ရှားကျော်ကြားသည်။

    Ref: Arabnews

  • မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် အနာဂတ်အလားအလာ

    မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် အနာဂတ်အလားအလာ

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    myanmar

    – မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍမှာ တယ်လီနောနှင့် အော်ရီဒူးတို့ကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများဖြင့် ဖွံ့ဖြိုးတိုးတက်မှု အစဦးပိုင်းအခြေအနေတွင် ရှိနေသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ပိုင်ခွင့်လိုင်စင် ရရှိခဲ့သည့် အဆိုပါ ကုမ္ပဏီများ၏ လုပ်ငန်းလုပ်ကိုင်မှုမှာ ၁၈ လပင် ရှိခဲ့ပြီဖြစ်သည်။

    ၎င်းတို့မရှိခင်က မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေး MPT က နိုင်ငံတွင် တစ်ခုတည်းသော တယ်လီဖုန်း အော်ပရေတာဖြစ်ပြီး တယ်လီဖုန်းဈေးကွက်အား အကျိုးအမြတ်ရှာဖွေသည့် အရာအဖြစ် အသုံးချခဲ့လေသည်။၂၀၀၆ ခုနှစ်တွင် MPT ဆင်းမ်ကဒ်တစ်ကဒ်၏ မှောင်ခိုဈေးမှာ သိန်း ၄၀ အထိ ရှိခဲ့သည်။

    နိုင်ငံခြား အော်ပရေတာနှစ်ခု ၀င်ရောက်လာသည့် အချိန်မှ ဆင်းမ်ကဒ်ဈေနှုန်းမှာ လူတိုင်းတတ်နိုင်သည့် ၁၅၀၀ ကျပ်သို့ ကျဆင်းသွားခဲ့လေသည်။

    ထိုအချိန်မှစ၍ အခြေအနေအရပ်ရပ်မှာ တစ်ဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ တယ်လီဖုန်း ပြန့်နှံ့မှု ရာခိုင်နှုန်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ၅၁ သန်းရှိသော လူဦး ရေ၏ ၆၀ ရာခိုင်နှုန်းမှာ တယ်လီဖုန်းကို အသုံးပြုနိုင်နေပြီဖြစ်သည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ယခုအချိန်တွင်တော့ စတုတ္ထမြောက် အော်ပရေတာတစ်ခုမှာ ၀င်ရောက်ရန် တာဆူနေပြီး ၂၀၁၆ ခုနှစ် နှစ်အလယ်ပိုင်းတွင် လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီကို ကြေငြာသွားမည်ဖြစ်သည်။

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ဆက်သွယ်ရေး၊ သတင်းအချကအလက်နှင့် နည်းပညာ ၀န်ကြီးဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွင်း စတုတ္ထမြောက် တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ကိုင်ရန်အတွင် တင်ဒါခေါ်ယူခဲ့သည်။

    ယခင်တင်ဒါခေါ်ယူမှုနှင့် မတူညီသည့် အချက်တစ်ခုက လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှာ ပြည်တွင်းမှ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၊ နိုင်ငံခြား ကုမ္ပဏီတစ်ခုတို့နှင့် ပူးတွဲလုပ်ကိုင်ရမည်ဖြစ်သည်။

    “စတုတ္ထမြောက် အော်ပရေတာဟာ အနာဂတ်မှာ အောင်မြင်ကောင်းအောင်မြင်နိုင်ပေမယ့် စစချင်းတော့ ဇီးရိုးက စရမှာပါ။ အခြားသော ကုမ္ပဏီတွေနဲ့ယှဉ်ပြိုင်ဖို့အတွက် ဈေးကွက်အလွတ်တွေကို မြန်နိုင်သမျှမြန်အောင် ရှာဖို့လိုပါတယ်” ဟု ဥပဒေရေးရာနှင့် အကြံပေးလုပ်ငန်းဖြစ်သော Polastri Wint & Partners မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အလက်စီယို ပိုလာစထရီက ပြောကြားခဲ့သည်။

    အခြေခံအဆောက်အဦး စိန်ခေါ်မှု

    သို့သော်လည်း နောက်ဆုံး ရောက်ရှိလာမည့် အော်ပရေတာအသစ်မှာ လွန်ခဲ့သည့် တစ်နှစ်ခွဲအရင်က ၎င်း၏ အရင် ရောက်ရှိလာခဲ့သူများ ကြုံတွေခဲ့ရသည့် အခြေခံအဆောက်အဦး ပြဿနာဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    ၎င်းက ထိုပြဿနာနှင့် ရင်ဆိုင်နေရချိန်တွင် ရှိပြီးသား အော်ပရေတာများကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တာဝါတိုင်များတည်ဆောက်ကာ ဝေးလံခေါင်ဖျားသော ဒေသများတွင် ကွန်ယက်များဖြန့်ကျက်နိုင်ရန် ကြိုးစားနေသည့်အတွက်ကြောင့် အော်ပရေတာအသစ်အနေဖြင့် အဆိုပါ တာဝါတိုင်များကို မျှဝေသုံးစွဲရန်အတွက် ချဉ်းကပ်မှုတစ်မျိုး ပြုလုပ်ရမည့် အခြေအနေ ရှိနေလေသည်။

    တယ်လီနောကမူ ၂၀၁၅ ခုနှစ် စက်တင်ဘာ လအထိ တာဝါတိုင်ပေါင်း ၂၈၀၀ ခန့်ကို စိုက်ထူပြီးဖြစ်ပြီး အသုံးပြုသူ ပေါင်း ၁၂ သန်းကို ၀န်ဆာင်မှုပေးနိုင်နေပြီဖြစ်သည်။ ၂၀၁၅ ခု နှစ်ကုန်ပိုင်းတွင်တော့ တာဝါတိုင် ၄၀၀၀ ခန့်ကို စိုက်ထူနိုင်ရန် တယ်လီနောက ရည်ရွယ်ထားလေသည်။

    လူဦးရေများပြားသည့် မြို့ပြဒေသများတွင် မိုဘိုင်းဖုန်းအသုံးပြုမှု အဆင်ပြေစေရန်အတွက် ကွန်ယက်ငယ်များဖြင့် ဖြေရှင်းမှုကိုလည်း တယ်လီနောက ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တစ်ဝှမ်းတွင် ကွန်ယက်ငယ် ၂၀ ကျော်ကို ဖန်တီးပေးခဲ့သည်ဟု တယ်လီနောမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အရေးပါသော ကျွမ်းကျင်မှု

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှာ အသုံးပြုသူများကို စွဲဆောင်နိုင်ရန်အတွက် အော်ပရေတာများ တစ်ခုနှင့်တစ်ခု အကောင်းဆုံးဝန်ဆောင်မှုကို တတ်နိုင်သလောက် ပေးနိုင်ရန် ပြိုင်ဆိုင်ကြသည့် နှစ်တစ်နှစ် ဖြစ်ခဲ့လေသည်။ ပြည်သူများ၏ သုံးစွဲမှုအရေအတွက်တွင် MPT က ၁၆ သန်း၊ တယ်လီနောက ၁၁ သန်းနှင့် အော်ရီဒူးက ၅ သန်း ရှိခဲ့လေသည်။

    အဆိုပါ ဆက်သွယ်ရေးကဏ္ဍတွင် ၀န်ဆောင်မှုပိုမိုပေးနိုင်ခြင်းက အော်ပရေတာများအနေဖြင့် ဈေးကွက်ဝေစုကို ပိုမိုရရှိနိုင်ပြီး ထိန်းသိမ်းထားနိုင်မည်လည်းဖြစ်သည်။

    ပိုလာစထရီ၏ အဆိုအရ တယ်လီနောမှာ အကောင်းအဆုံးအော်ပရေတာဖြစ်နေသည်ဟု ဆိုသည်။

    “၂၀၁၂ ခုနှစ်ကစလို့ ဆက်သွယ်ရေးနဲ့ ရင်းနှီးတဲ့ လူတော်တော်တော်များများက တယ်လီနောဟာ မြန်မာပြည်မှာ အကောင်းဆုံး အော်ပရေတာလို့ ပြောကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဈေးကွက်အတွင်းမှာ ကျွမ်းကျင်သူတွေ အမြောက်အများ ခန့်အပ်ထားတဲ့အတွက်ကြောင့်ပါ။ ထိုင်းနဲ့ ပါကစ္စတန်မှာ လုပ်ဖူးတာကြောင့် ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ဖြေရှင်းပေးမှုတွေကို သူတို့က နားလည်ပါတယ်” ဟု ပိုလာစထရီက ပြောကြားခဲ့သည်။

    သို့သော်လည်း MPT က အခြားသာအော်ပရေတာများထက် တစ်ပန်းသာနေသည်ကို သူကလည်း လက်ခံသဘောတူခဲ့သည်။ တယ်လီနောနှင့် အော်ရီဒူးတို့ထက် ပိုမိုရှည်ကြာစွာ ရှိနေခဲ့ပြီး ပြည်သူများ၏ သဘောသဘာဝနှင့် လိုအပ်ချက်တို့ကို ပိုပြီး ရင်းနှီးပြီးသားဖြစ်ကြောင့် ဈေးကွက်တွင် ပိုမိုအသာရနေလေသည်။

    အင်တာနက်နှင့်ဆက်စပ်သည့် အခြားသော စီးပွားရေးများ

    အင်တာနက်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အဦးများ အားနည်းခြင်းက နိုင်ငံအတွင်း အီလက်ထရောနစ် ကုန်သွယ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံခြင်း အလားအလာအတွက် ကန့်သတ်ချက် ဖြစ်နေသည်။ ပိုလာစထရီက “မြို့ကြီးတွေထက် မြန်မာနိုင်ငံက အခြားသော အစိတ်အပိုင်းတွေမှာ အင်တာနက်ဟာ အခုအချိန်အထိ သုံးလို့မရသေးပါဘူး။ လူတွေက 3G ကွန်ယက်တော့ ရရှိပေမယ့် ဖိုက်ဘာကွန်နက်ရှင် မရသေးပါဘူး” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အင်တာနက်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဟု ၎င်းက ယုံကြည်နေလေသည်။

    “အင်တာနက်နဲ့ ဖုန်းခေါ်တာ၊ အိမ်ခြံမြေ၀ဘ်ဆိုက်တွေလို အထွေထွေဝန်ဆောင်မှု အက်ပလီကေးရှင်းတွေဟာ အနာဂတ်မှာ ပိုလူကြိုက်များလာပြီး အခြားတိုင်းပြည်တွေလိုပဲ ဖြစ်လာမှာပါ”

    ထိုကဲ့သို့ အင်တာနက်အချိုးအကွေ့တွင် မတူညီသော ပုံစံမျိုးဖြင့် အွန်လိုင်းလောကထဲသို့ ၀င်လာခဲ့သော ဈေးကွက်များအတွက် အကျိုးရှိလာမည်ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့မှာ work.com.mm၊ shop.com.mm နှင့် jovago.com တို့ ဖြစ်လေသည်။

    ထို့ပြင် အင်တာနက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ တစ်ဖြည်းဖြည်းဖြင့် လူကြိုက်များလာသည့် carsDB နှင့် iMyamarHouse တို့လည်း ရှိနေလေသည်။

    ဟိုတယ်များကို အွန်လိုင်းမှ ဘိုကင်လုပ်နိုင်သည့် ၀ဘ်ဆိုက်ဖြစ်သော Jovago မှ စီအီးအိုဖြစ်သူ ပေါလ် မစ်ဒီက မြန်မာပြည်သူများမှာ ပို၍ပို၍ အင်တာနက် သုံးလာခြင်းကြောင့် နိုင်ငံ၏ အင်တာနက်ကဏ္ဍများ တိုးတက်နေဦးမည်ဟု မှတ်ချက်ပြုခဲ့လေသည်။

    “အခုအချိန်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ စည်းကမ်းသတ်မှတ်ဖို့ ကျန်ရစ်နေတဲ့ အချို့သော ကဏ္ဍတွေကို အစိုးရက လျော်ညီတဲ့ ပေါ်လစီတွေ ချမှတ်အကောင်အထည်ဖော်ဖို့ စတင်ဆောင်ရွက်နေပါတယ်” ဟု ပိုလာစထရီက ထည့်သွင်းပြောကြားခဲ့သည်။

    မိုဘိုင်းအသုံပြု၍ ဈေးဝယ်နိုင်၊ ငွေပေးချေနိုင်မှုကဲ့သို့ စနစ်မျိုးအတွက် စည်းမျဉ်းစည်းကမ်းများကို ပြည်သူများကလည်း စိတ်ဝင်တစ်စား စောင့်ကြည့်နေကြလေသည်။

    “ဥပဒေ အပြည့်အ၀ထွက်လာဖို့အတွက် ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက တာဆူနေကြတဲ့ အဲဒီလုပ်ငန်းတွေဟာ တရားဝင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ တကယ်လို့ ဥပဒေက အားနည်းမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေကလည်း ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့လေသည်။

    Ref: Dealstreetasia

  • မက္ကဆီကိုရှိ မြို့တော်ဝန်တစ်ဦး ရုံးထိုင်ပြီး တစ်ရက်မပြည့်ခင် ပစ်သတ်ခံရ

    မက္ကဆီကိုရှိ မြို့တော်ဝန်တစ်ဦး ရုံးထိုင်ပြီး တစ်ရက်မပြည့်ခင် ပစ်သတ်ခံရ

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media

    mexico

    – မက္ကဆီကိုရှိ မြို့တော်ဝန်အမျိုးသမီးတစ်ဦးမှာ တာဝန်ထမ်းဆောင်ပြီး တစ်ရက်မပြည့်ခင်မှာပင် သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားလိုက်သည်။

    ဂီဆီလာ မိုတာဆိုသူ ဖြစ်ပြီး ယမန်နေ့က မိုရီလို့စ်ပြည်နယ် တီမက်စ်ကိုမြို့ရှိ ၎င်း၏ နေအိမ်တွင် သေနတ်သမားများ၏ သေနတ်ဖြင့် ပစ်သတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုအတွင်း သေနတ်သမား ၂ ဦးမှာ သေဆုံးခဲ့ပြီး အခြား ၃ ဦးကိုမူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါကို ရာမီရက်ဇ်က မိုတာ သတ်ဖြတ်ခံရမှုကို စနစ်တကျ စီစဉ်သည့် ရာဇ၀တ်မှုဟု ၎င်း၏ Twitter စာမျက်နှာတွင် ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့် မူးယစ်ဂိုဏ်း၊ မူးယစ်ရာဇာ၏ အမည်ကိုမှ ဖော်ပြခဲ့ခြင်းမရှိပေ။

    မက္ကဆီကိုတွင် မူးယစ်ဂိုဏ်းများက မြို့များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများ ရှိနေပြီး ထိုကြိုးပမ်းမှုများကြောင့် ဒေသတွင်း တာဝန်ရှိသူများမှာ ပစ်မှတ်ထားတိုက်ခိုက်မှုများကို ခံရလေ့ရှိသည်။

    မိုတာ၏ လက်ဝဲယိမ်း Democratic Revolution ပါတီကမူ ထိုအသတ်ခံရမှုအတွက် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး မိုတာအား စိတ်ဓာတ်ခိုင်မာကာ သတ္တိရှိသည့် အမျိုးသမီးဖြစ်သည်ဟု ချီးကျူးခဲ့သည်။ ထို့ပြင် မြို့အတွင်း ဒုစရိုက်မှုများကို အမြစ်ဖြတ်ရန် သူမ၏ ကြိုးစားမှုများကိုလည်း အဆုံးအထိ အကောင်အထည်ဖော်သွားမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး

    အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media

    mancit

    – ယမန်နေ့က ၀က်ဖို့ဒ်နှင့်ပွဲတွင် ရှုံးနေရာမှ အနိုင်ရရှိအောင် ပြန်ကစားနိုင်ခဲ့သည့် အသင်း၏ ခြေစွမ်းကို မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။

    စက်တင်ဘာက ခရစ္စပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် မန်စီးတီးမှာ ပရီးမီးယားလိဂ်တွင် နိုင်ပွဲရရှိခြင်းမရှိတော့ဘဲ ယမန်နေ့က အဝေကွင်းတွင် ကစားခဲ့သည့် ထိုပွဲတွင်လည်း ကိုလာရော့ဗ်၏ ၅၅ မိနစ် ကိုယ့်ဂိုးကိုယ်သွင်းမှုဖြင့် နောက်မှ လိုက်ကစားခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး ၈ မိနစ်အတွင်း ယာယာတိုးယေးနှင့် အဂူရိုတို့က ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။

    “ဒီအသင်း (မန်စီးတီး) မှာ စွမ်းဆောင်ရည်တွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဂိုးတွေ သွင်းယူသွားမှာပါ။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်တယ်ဆိုတာပဲ အမြဲတမ်း စဉ်းစားနေပါတယ်။ ကျွန်တော်တို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ အန္တရာယ်ရှိခဲ့ပါတယ်။ သရေဆိုရင် ကျွန်တော်တို့ မကောင်းပါဘူး။ အနိုင် ၃ မှတ်လိုတာပါ။ ” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။ ထို့ပြင် အဂူရိုကိုလည်း ပယ်လီဂရီနီက ချီးကျူးခဲ့သည်။

    Ref : Goal

  • အာဖဂန်မှ တာလီဘန် ဂိုဏ်းခွဲများ အပစ်ရပ်ရေး သဘောတူ

    အာဖဂန်မှ တာလီဘန် ဂိုဏ်းခွဲများ အပစ်ရပ်ရေး သဘောတူ

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    taliban

    – အာဖဂန်မှ တာလီဘန်ဂိုဏ်းခွဲများမှာ ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် သဘောတူညီမှု ယူခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ခေါင်းဆောင်သစ် မွလ္လာအခ်တာမန်ဆူရ်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ တင်းမာမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

    တာလီဘန်ခေါင်းဆောင်ဟောင်း မွလ္လာအိုမာရ်မှာ လွန်ခဲ့သည့် ၂ နှစ်အရင်က သေဆုံးခဲ့ပြီဟု ဇူလိုင်လက အတည်ပြုနိုင်ခဲ့ပြီးနောက်ပိုင်းတွင် အဖွဲ့၏ ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်၍ ဂိုဏ်းခွဲများအကြား အငြင်းပွားမှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ထားသည့် မွလ္လာ အခ်တာရ် မန်ဆူရ်မှာလည်း ဒီဇင်ဘာလအတွင်းက ပစ်ခတ်ခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်းတွင် ထပ်မံ တွေ့မြင်ရတော့ခြင်း မရှိပေ။

    ခေါင်းဆောင်လုပွဲများ ရှိနေသော်ငြားလည်း တာလီဘန်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုမြောက်မြားစွာကို ပြုလုပ်ခဲ့သည်။

    သောကြာနေ့က မိမိတို့မှာ အိုလာမာဟု ကြေငြာထားသည့် မွလ္လာ မိုဟာမက် ရဆူလ် အက်ဟွဒ်ခေါင်းဆောင်သည့် အဖွဲ့ခွဲတစ်ခု၏ ကိုယ်စားလှယ်များမှာ မန်ဆူရ် ခေါင်းဆောင်သည့်အဖွဲ့နှင့် လျှို့ဝှက်နေရာတစ်ခုတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း နှစ်ဖက်အဖွဲ့၏ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ အိုလာမာအဖွဲ့မှာ မန်ဆူရ်အား ခေါင်းဆောင်တင်ထားမှုကို လက်မခံသည့်အဖွဲ့ ဖြစ်သည်။

    “အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်ရေးကို ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်၊ သို့သော် အိုလမာတွေကိုတော့ မန်ဆူရ်နဲ့ တွေ့ဆုံခွင့် မပေးပါဘူး”ဟု ရဆူလ်၏ လက်ထောက် မွလ္လာ အဗ္ဗဒူလ်မာနန် နီယာဇီက တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

    မိမိတို့အဖွဲ့မှာ မန်ဆူရ်၏ လက်ထောက်နှင့်သာ တွေ့ဆုံခွင့်ရခဲ့ပြီး လုံခြုံရေးပြဿနာများကြောင့် မန်ဆူရ်နှင့် တွေ့ဆုံခွင့်မရခဲ့ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တခြားလူတွေလိုပဲ ကျွန်တော်တို့လည်း မွလ္လာမန်ဆူးရ် သေပြီလို့ ယုံကြည်နေပါတယ်၊ ဒါကြောင့်မို့လို့လည်း သူ့လက်ထောက် ရှိက် ဟီဘာတွလ္လာက အိုလမာကောင်စီကို သူ့နဲ့ တွေ့ဆုံပေးဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်” ဟု နီယာဇီက ပြောကြားခဲ့သည်။

    Ref: Reuters