News @ M-Media

Blog

  • ဆီးရီးယားတွင် ဆာရင်းဓာတ်ငွေ့ အသုံးပြုခဲ့ဖွယ်ရှိသည်ဟု ကုလဆို

    ဆီးရီးယားတွင် ဆာရင်းဓာတ်ငွေ့ အသုံးပြုခဲ့ဖွယ်ရှိသည်ဟု ကုလဆို

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    syria

    – အာရုံကြောသေစေနိုင်သည့် ဆာရင်းအဆိပ်ဓာတ်ငွေ့ကို ဆီးရီးယားတွင် အသုံးပြုနေသည်မှာ ဖြစ်နိုင်ချေရှိကြောင်း ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး အကြီးအကဲက ကင်ဝွန်ဆူးက လုံခြုံရေးကောင်စီသို့ ပြောကြားလိုက်သည်။

    ဓာတုလက်နက်ဟန့်တားရေးအဖွဲ့ (OPCW) မှ နောက်ဆုံးအစီရင်ခံချက်အပေါ် လုံခြုံရေးကောင်စီက တံခါးပိတ် ဆွေးနွေးခဲ့ပြီး၊ ဓာတုလက်နက် အသုံပြုသည်ဟု သတင်းထွက်ပေါ်နေသော နေရာ ၁၁ နေရာကို OPCW စုံစမ်းရေးအဖွဲ့များက သွားရောက်ကြည့်ရှုကာ သွေးနမူနာများအား စစ်ဆေးမှုအရ တစ်ဦးတစ်ယောက်ချင်းစီတွင် အဆိပ်ငွေ့ သို့မဟုတ် အဆိပ်ငွေ့ကဲ့သို့ ပစ္စည်းများပါဝင်သည့် ဓာတုလက်နက်များနှင့် ထိတွေ့မှုကို ဖော်ပြနေသည် ဟု လုံခြုံရေးကောင်စီသို့ တင်သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ဒီလိုထိတွေ့မှုဟာ ဘယ်အချိန်၊ ဒါမှမဟုတ် ဘယ်လိုအခြေအနေမှာ ဖြစ်ပျက်ခဲ့သလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

    OPCW အနေဖြင့် အချက်အလက်ရှာဖွေမှုလောက်သာ ပြုလုပ်ခဲ့သော်လည်း ကုလလုံခြံရေးကောင်စီကမူ သြဂုတ်လက ဆီးရီးယားစစ်ပွဲအတွင်း ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုအတွက် အပြစ်ရှိသူများကို စုံစမ်းဖော်ထုတ်ရန်ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။

    OPCW ၏ ပြောရေးဆိုခွင့်ရှိသူ မာလစ်ခ် အီလာဟီက သွေးနမူနာများ ထပ်မံစမ်းသပ်ရန် မည်သည့်ရုပ်အလာင်းအား အသုံးပြုရမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။

    အတိုက်အခံ ဆီရီးယားအမျိုးသားမဟာမိတ်အဖွဲ့က ဒမတ်စကတ်မြို့ဆင်ခြေဖုံးရှိ အစိုးရတပ်များ တပ်စွဲထားသော မိုအာဒါမီယာတွင် ပြီးခဲ့သည့်လက ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုဟု သံသယရှိသည့် ကိစ္စကိုလည်း အလျင်အမြန် စုံစမ်းဖော်ထုတ်ပေးရန် တိုက်တွန်းပြောကြားလိုက်သည်။

    ဓာတုလက်နက်သုံးစွဲမှုနှင့်ပတ်သက်၍ အတိုက်အခံများက သမ္မတအာဆတ်၏တပ်ကို အပြစ်တင်စွပ်စွဲခဲ့သော်လည်း ဆီးရီးယားအစိုးရက စွပ်စွဲမှုကို ငြင်းပယ်၍ သူပုန်အဖွဲ့များနှင့် ISIS အဖွဲ့တို့ကို အပြစ်ပုံချခဲ့သည်။

    Ref: Al-jazeera

  • ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့်မပေးရေး ယူကေပြည်သူများ၏ တောင်းဆိုမှုကို လွှတ်တော်တွင် ဆွေးနွေးမည်

    ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့်မပေးရေး ယူကေပြည်သူများ၏ တောင်းဆိုမှုကို လွှတ်တော်တွင် ဆွေးနွေးမည်

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    trump

    – မွတ်စလင်များအား အမေရိကသို့ ၀င်ရောက်ခွင့် ပိတ်ပင်ရမည်ဟု ပြောကြားခဲ့သည့် အမေရိကန် ရီပက်ဘလစ်ကန် နိုင်ငံရေးသမား ဒေါ်နယ် ထရမ့်အား ယူကေသို့ ပြည်ဝင်ခွင့်မပေးရန် ဗြိတိန်ပြည်သူ သန်းဝက်ကျော်က လက်မှတ်ရေးထိုး တောင်းဆိုမှုကိစ္စအား ဗြိတိန်လွှတ်တော်အမတ်များက ဆွေးနွေးသွားမည်ဟု သိရသည်။

    ထိုကဲ့သို့ ဆွေးနွေးမှုပြုလုပ်ရန်အတွက် အောက်လွှတ်တော်ရှိ အသနားခံစာ ကော်မတီက ဆော်သြခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ သို့သော်လည်း မဲခွဲဆုံးဖြတ်မှု ပါဝင်မည်မဟုတ်ပေ။ ဒေါ်နယ်ထရမ့်မှာ ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြို င်မည်ဟု ရေပန်းစားနေသည်။

    ၎င်းမှာ မက္ကဆီကိုများ၊ လူမည်းများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေးခွဲခြားမှုများ၊ စော်ကားပြောဆိုမှုများနှင့် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။ မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့် မပေးသင့်ဟု ၎င်းက ပြောကြားခဲ့ပြီးနောက် ဗြိတိန်ပြည်သူများမှာ ထရမ့်အား ယူကေသို့ ၀င်ရောက်ခွင့်မပေးရေး လှုပ်ရှားခဲ့ကြသည်။

    ပြည်သူ လူထူ ၁ သိန်းကျော်က လက်မှတ်ရေးထိုးတောင်းဆိုသော ကိစ္စရပ်များကို ဗြိတိန်အစိုးရက တုန့်ပြန် ဖြေရှင်းပေးလေ့ရှိပြီး ကိစ္စရပ်အလိုက် လွှတ်တော်တွင် ဆွေးနွေးမှုများကို ပြုလုပ်လေ့ရှိသည်။

    “ဆွေးနွေးမှုပြုလုပ်ခြင်းဟာ အစိုးရအနေနဲ့ ဒေါ်နယ်ထရမ့်ကို ယူကေ၀င်ရောက်ခွင့်ပိတ်ပင်သင့်လား မပိတ်ပင်သင့်ဘူးလားဆိုတဲ့အမြင်ကို ကော်မတီက ပြသတာမျိုးတော့ မဟုတ်ပါဘူး” ဟု အသနားခံစာ ကော်မတီ၏ ဥက္ကဌ ဟဲလင်ဂျုန်းစ်က ပြောဆိုခဲ့သည်။

    ထို့ပြင် အဆိုပါဆွေးနွေးမှုမှာ အလွှတ်တော်အမတ်များ၏ အမြင်များကို ဖော်ပြခွင့်ပြုမည့် ဆွေးနွေးမှုလည်း ဖြစ်လာမည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Japantimes

  • ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ကြောင်း မြောက်ကိုရီးယား ကြေငြာ

    ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ကြောင်း မြောက်ကိုရီးယား ကြေငြာ

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    north

    – နျူကလီးယားလက်နက် စမ်းသည့်နေရာဟု သိရသည် မြို့အနီးတွင် ပြင်းအား ၅.၁ မဂ္ဂနီကျုရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် မြောက်ကိုရီးယားက မိမိတို့မှာ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု အောင်မြင်ခဲ့သည်ဟု ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကြေငြာမှုမပြုလုပ်ခင် တောင်ကိုရီးယား မိုးလေ၀သအေဂျင်စီက မြောက်ကိုရီးယားမှာ နျူးကလီးယားလက်နက် စမ်းသပ်မှု ပြီးသွားသည့် အလားအလာရှိသည်ဟု လှုပ်ခတ်ခဲ့သော ငလျင် အချက်အလက်များကို အခြေခံ၍ ပြောကြားခဲ့သည်။

    ငလျင်မှာ မြောက်ကိုရီးယား၏ ယခင် နျူလက်နက်စမ်းသပ်နေရာဖြစ်သော ပန်ဂျီရီ အနီးတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဘူမိဗေဒစစ်တမ်းကောက်ယူမှုအဖွဲ့ (USGS) ကလည်း အဆိုပါ ငလျင်အကြောင်း ဖော်ပြခဲ့သည်။

    တောင်ကိုရီးယား သမ္မတရုံးက ထိုကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး မိမိတို့အစိုးရ အနေဖြင့် မြောက်ကိုရီးယား၏ လုပ်ရပ်များကို တုန့်ပြန်ရန်အတွက် ဖြစ်နိုင်သမျှသော ဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်သွားမည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ယနေ့တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး မြောက်ကိုရီးယား၏ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအားလုံးမှာ ရှုတ်ချသည့် ကြေငြာချက်များ ထုတ်ရန် အလျင်အမြန် ဆောင်ရွက်နေကြသည်ဟု သံတမန်များက ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ စမ်းသပ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက် မရသေးဟုဆိုသည်။ ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရက မြောက်ကိုရီးယာမှာ နျူကလီးယား စမ်းသပ်မှုပြုလုပ်သည်ဟု အတည်မပြုနိုင်သေးဘဲ၊ အမှန်တကယ်ပြုလုပ်ပါက ရန်စမှုသာဖြစ်ပြီး ဒေသအတွင်းရှိ မိမိတို့၏ မဟာမိတ်များကို ဆက်လက်ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မြောက်ကိုရီးယား၏ ထိုလုပ်ရပ်မှာ မိမိတို့အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံရှိ စောင့်ကြည့်အဖွဲ့များက ယခုအချိန်အထိ ရေဒီယိုသတ္တုကြွမှုကို မတွေ့ရှိသေးဟု ဆိုသည်။

    Ref: Aljazeera

  • ရဲတပ်ဖွဲ့ ၀ဘ်ဆိုက်များတိုက်ခိုက်ခံရမှု ခိုတောင်လူသတ်မှု စီရင်ချက်နှင့် ဆက်စပ်မှု ရှိ၊ မရှိ ထိုင်း စုံစမ်းနေ

    ရဲတပ်ဖွဲ့ ၀ဘ်ဆိုက်များတိုက်ခိုက်ခံရမှု ခိုတောင်လူသတ်မှု စီရင်ချက်နှင့် ဆက်စပ်မှု ရှိ၊ မရှိ ထိုင်း စုံစမ်းနေ

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    Thai

    – ယမန်နေ့က ရဲတပ်ဖွဲ့၏ ၀ဘ်ဆိုက်အများအပြားကို တိုက်ခိုက်ခဲ့သည့် ဟက်ကာများမှာ ခိုတောင်ကျွန်းလူသတ်မှု ဆုံးဖြတ်ချက်အတွက် လက်တုန့်ပြန်ခြင်း ဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ထိုင်းရဲတပ်ဖွဲ့၏ ၀ဘ်ဆိုက် အနည်းဆုံး ၅ ခုမှာ တိုက်ခိုက်ခံရပြီးနောက် အဖြူနှင့် အနက်အရောင်ရှိသည့် ပုံတစ်ခုဖြင့် အစားထိုးခံလိုက်ရပြီး အဆိုပါပုံတွင် “ဥပဒေကျဆုံးပြီ။ တရားမျှတမှုကို ငါတို့လိုချင်တယ်” ဟု အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားသည်။ ထိုသို့ ရေးသားထားမှုမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ခိုတောင်ကျွန်း၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် မြန်မာနိုင်ငံသားနှစ်ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်မှုအား ရည်ညွှန်းသည်မှာ သိသာထင်ရှားနေသည်။

    ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒက်ခ်ျနာရွန် ဆူသီချာန်ဘန်ချာက ဟက်ကာများမှာ နိုင်ငံရပ်ခြားတွင် နေထိုင်သည့် လူ့အခွင့်အရေးအုပ်စုကို ကိုယ်စားပြုနေသည်ဟု အခိုင်အမာပြောကြားခဲ့သည်။

    “သူတို့က ကျွန်တော်တို့ကို သိပ်မကြည်ဘူးပေါ့ဗျား။ ဒါပေမယ့် အချက်အလက်တွေကို ဖျက်ဆီးတာ၊ ခိုးယူတာမျိုး မလုပ်ခဲ့ပါဘူး” ဟု ဆူသီချာန်ဘန်ချာက ဆိုသည်။

    ထိုင်းရဲတပ်ဖွဲ့၏ ၀ဘ်ဆိုက် အနည်းဆုံး ၅ ခုမှာ ဖောက်ထွင်းခံခဲ့ရသော်လည်း အခြားသောဝဘ်ဆိုက်များမှာ ၀င်ရောက်ကြည့်ရှု၍ မရခဲ့ပေ။ နိုင်ငံတကာ ဟက်ကာအဖွဲ့ Anonymous ကမူ မိမိတို့မှာ ၀ဘ်ဆိုက် ၁၄ ခုကို အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဆူသီချာန်ဘန်ချာကမူ ခိုတောင်ကျွန်းလူသတ်မှု စီရင်ချက်အတွက် တုန့်ပြန်သည့်အနေဖြင့် ထိုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်မည်ဟု သတင်းရထားသည်ဟု ဆိုသည်။

    “ဒီဆိုက်ဘာရာဇ၀တ်မှုအတွက် တာဝန်ရှိသူတွေကို အခုအချိန်မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နိုင်ငံအတွင်းကလုပ်တာလား၊ နိုင်ငံအပြင်က လုပ်တာလားဆိုတာ မသေချာသေးပါဘူး” ဟု ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ ဘိုချုပ် ဆူပါစိတ် ချော့က်ချိုင်က ပြောကြားခဲ့သည်။

    Ref: Bangkokpost

  • သေနတ်ထိန်းချုပ်ရေး အစီအစဉ်ကို အိုဘားမား ထုတ်ပြန်

    သေနတ်ထိန်းချုပ်ရေး အစီအစဉ်ကို အိုဘားမား ထုတ်ပြန်

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    obama

    – အမေရိကန်သမ္မတ ဘာရက် အိုဘားမားမှာ နိုင်ငံအတွင်း လက်နက်ထိန်းချုပ်ရေးအတွက် ၎င်း၏အစီအစဉ်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ၎င်း၏ သေနတ်ထိန်းချုပ်ရေးအစီအစဉ်မှာ အထက်လွှတ်တော်၏ ထောက်ခံမှုမရဘဲ အိုဘားမားကမူ သေနတ်လော်ဘီများမှာ အထက်လွှတ်တော်အား ဓားစားခံလုပ်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့မှာ အမေရိကကို ဓားစားခံမလုပ်နိုင်ဟု ဆိုသည်။

    အိုဘားမား၏ အဆိုပါ သေနတ်ထိန်းချုပ်ရေးအစီအစဉ်မှာ ပြည်သူများထံမှ သေနတ်များကို ပြန်လည်သိမ်းဆည်းခြင်း မဟုတ်ဘဲ သေနတ်ရောင်းချရာတွင် ပိုမိုတင်းကျပ်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အိုဘားမားကလည်း မိမိမှာ ဖွဲ့စည်းပုံ ဒုတိယမြောက် ပြင်ဆင်ချက်ကို ထောက်ခံပြီး မိမိ၏ဆောင်ရွက်မှုမှာ အမေရိကန်တွင် အစုလိုက်အပြုံလိုက် သေနတ်ပစ်ခံရမှု ပမာဏကို ဟန့်တားရန်ဖြစ်သည်ဟု ဆိုသည်။

    အမေရိကန် ဖွဲ့စည်းပုံ၏ ဒုတိယမြောက်ပြင်ဆင်ချက်မှာ နိုင်ငံသားတိုင်း လက်နက်ကိုင်ဆောင်ခွင့်ရှိရေး ဖြစ်ပြီး ရလဒ်အဖြစ် နှစ် ၂၀ အတွင်း သေနတ်ပစ်ခတ်မှုများကြောင့် အမေရိကန်ပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့သည်။

    “‘ဒါဟာ လူတိုင်းဆီက သေနတ်တွေကို ဖယ်ရှားဖို့ အစီအစဉ် မဟုတ်ပါဘူး။ နောက်ကြောင်းရာဇ၀င်စစ်ဆေးမှုကို ခင်ဗျားကျော်ဖြတ်နိုင်ရင် လက်နက်ဝယ်လို့ရပါတယ်။ ပြဿနာက အချို့သော လက်နက်ကုန်သည်တွေဟာ မတူညီတဲ့ စည်းမျဉ်းတွေနဲ့ အရောင်းအ၀ယ် လုပ်နေကြတာပါပဲ” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    အထက်လွှတ်တော်က မထောက်ခံသော်လည်း သမ္မတအာဏာဖြင့် ဆောင်ရွက်သည့် အိုဘားမား၏ အဆိုပါ သေနတ်ထိန်းချုပ်ရေး အစီအစဉ်ကို ရီပက်ဘလစ်ကန်အမတ်များက မနှစ်မြို့ပဲ ၎င်းတို့ပါတီ အာဏာရရှိပါက ပယ်ဖျက်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အိုဘားမားမှာ အကောက်ဉာဏ်ဖြင့် အသာစီးရအောင် လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒီမိုကရက်တစ်ကိုယ်စားပြု သမ္မတလောင်းဖြစ်မည်ဟု တစ်ပြေးနေသည့် ဟီလာရီကလင်တန်ကမူ အိုဘားမား၏ ထိုအားထုတ်မှုအတွက် ဂုဏ်ယူမိပြီး ထိုအစီအစဉ်အား ထိန်းသိမ်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လက်နက်ထိန်းချုပ်ရေးဥပဒေကို ထုတ်ပြန်ရာတွင် အိုဘားမားမှာ ၂၀၁၂ ခုနှစ်က ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းရှိ ဆန်ဒီဟုက် မူလတန်းကြောင်းတွင် သေနတ်ပစ်ခံရမှုကြောင့် ကလေးငယ် ၂၀ သေဆုံးခဲ့မှုကို ထည့်သွင်းပြောကြားခဲ့ပြီး မျက်ရည်များပင် ကျခဲ့သည်။

    “ဒီကလေးတွေအကြောင်း စဉ်းစားတိုင်း ကျွန်တော်ဟာ ရူးမတတ်ပါပဲ”

    Ref: Aljazeera