News @ M-Media

Blog

  • နှစ်သစ်ကူးညမှ ထိတ်လန့်ဖွယ် အဖြစ်အပျက်များ

    နှစ်သစ်ကူးညမှ ထိတ်လန့်ဖွယ် အဖြစ်အပျက်များ

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    new year
    မနီလာရှိ ဆင်းရဲသားရပ်ကွက် မီးလောင်မှုမြင်ကွင်း

    – နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးခဲ့ပြန်ပါပြီ။ နှစ်သစ်ရဲ့ အစကို တစ်ကမ္ဘာလုံးက ပျော်ရွှင်မှုတွေ၊ တက်ကြွမှုတွေနဲ့အတူ မြူးမြူးကြွကြွ ကြိုဆိုခဲ့ကြပေမယ့် အဲဒီပျော်ရွှင်မှုတွေကနေ ၀မ်းနည်းမှုတွေအဖြစ် ပြောင်းလဲသွားတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

    ဖိလစ်ပိုင် အဖြစ်ဆိုး

    နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ မီးရှူးမီးပန်း ပစ်ဖောက်ရာကနေ ဖိလစ်ပိုင်မှာ လူပေါင်း ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပိုဆိုးတာကတော့ မြို့တော်မနီလာမှာ အရက်မူးနေတဲ့ အမျိုးသားတစ်ဦးဟာ Goodbye Philippines လို့ခေါ်တဲ့ မီးရှူးမီးပန်းတစ်ခုကို ပစ်ဖောက်ဖို့ကြိုးစားရင်း အဲဒီဒိုင်းနမိုက်အချောင်းက သူ့ရဲ့လက်ပေါ်မှာပဲ ပေါက်ကွဲခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။

    ”သူ့ရဲ့ ပါးစောင်တစ်ခုလုံး စုတ်ပြတ်သွားတယ်။ သူက တော်တော်လေးကို မူးနေပြီး Goodbye Philippines မီးပန်းကြီးကို သွားဖက်လိုက်ပါတယ်” လို့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးဖြစ်သူ ဂျနက် ဂါရင်က ပြောကြားခဲ့ပါတယ်။

    နောက်ထပ်ဖြစ်ရပ်ဆိုးတစ်ခုကတော့ မြို့တော်မနီလာက တွန်ဒိုဆိုတဲ့ ဆင်းရဲသားရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။ လမ်းကြောင်းပြောင်းသွားတဲ့ မီးရှူးမီးပန်းတစ်ခုဟာ ရပ်ကွက်အတွင်းက အိမ်ပေါ်ကို ကျသွားရာကနေ အိမ် ၁၀၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး မိသားစု ထောင်ပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    ဒီလိုအဖြစ်အပျက်တွေကြောင့် မီးရှူးမီးပန်း ပစ်ဖောက်မှုကို တားမြစ်ဖို့ အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပေမယ့် မီးပန်းကထွက်တဲ့ ကျယ်လောင်တဲ့အသံဟာ ကံဆိုးမိုးမှောင်ကျမှုတွေကိုနဲ့ မကောင်းဆိုးဝါးတွေကို ထွက်ပြေး လွင့်ပျောက်စေတယ်ဆိုတဲ့ ရိုးရာယုံကြည်မှုကြောင့် လက်တွေ့မှာတော့ ဖြစ်မလာနိုင်သေးပါဘူး။

    ပြင်သစ်ကားမီးလောင်မှု

    ပြင်သစ်မှာတော့ နှစ်သစ်ကူးညမှာ အပျော်ကျူးကြရင်း နိုင်ငံတစ်ဝှမ်း ကားပေါင်း ၈၀၀ ကျော်လောက် မီးလောင်ကျွမ်းပျက်ဆီးခဲ့ပါတယ်။ ၂၀၁၅ ကိုကြိုဆိုမှုအတွင်းမှာ ကားပေါင်း ၉၄၀ မီးလောင်ကျွမ်းမှုနဲ့စာရင်တော့ ဒီအရေအတွက်ဟာ နည်းတယ်လို့ ပြောလို့ရပါတယ်။

    နှစ်သစ်အကြိုမှာ မူးယစ်ရမ်းကားမှုကြောင့် ဖမ်းဆီးခံရတဲ့ အရေအတွက်ကလည်း မနှစ်ကထက်စာရင် ထက်ဝက်လောက် လျော့ကျသွားပြီး စုစုပေါင်း ၆၂၂ ဦးရှိတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက် ကာဇန်နျူဗီက ပြောကြားခဲ့ပါတယ်။

    ဂျာမနီ၊ အင်ဒိုနဲ့ ရုရှား

    ဂျာမနီမှာတော့ နှစ်သစ်ကူးပါတီအတွင်း မီးရှူးမီးပန်း ပစ်ဖောက်ရာကနေ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒက်တဲလ်န်မြို့က ဟိုတယ်တစ်ခုမှာ မီးပန်းဖောက်မှုကို ကြည့်ရှုဖို့ စောင့်ကြည့်နေကြတဲ့ လူအုပ်စုထဲကို မီးပန်း ၀င်သွားတာကြောင့် အခုလို ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကတော့ ခြေထောက်တစ်ဖက် ဖြတ်ပစ်ခဲ့ရတဲ့အထိ အခြေအနေ ဆိုးရွားသွားခဲ့ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ ရိုင်အူကျွန်းစုပေါ်က ဘန်ကွန် ပါလာပါမြို့မှာလည်း တော်တော်လေး အင်အားကောင်းတဲ့ မီးရှူးမီးပန်းတွေ အဆက်မပြတ်ပေါက်ကွဲမှုကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ Jakarta Post က ရေးသားဖော်ပြခဲ့ပါတယ်။

    မော်စကိုက နှစ်သစ်ကူးညမှာ လူ ၂၅ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါ တယ်။ ဆိုက်ဘေးရီးယားမှာလည်း နှစ်သစ်ကူးသစ်ပင် မီးလောင်ကျွမ်းမှုကြောင့် အသက် ၇ နှစ်အရွယ်နဲ့ ၁ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သေဆုံးသွားခဲ့ပါတယ်။ သစ်ပင်ပေါ်မှာ ထွန်းထားတဲ့ အလှမီးလုံးကနေ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

    ဒူဘိုင်းမိုးမျှော်တိုက်

    ဒူဘိုင်းက နာမည်ကျော် နှစ်သစ်ကူပျော်ပွဲရွှင်ပွဲကတော့ ၆၃ ထပ်ရှိတဲ့ ဟော်တယ်တစ်လုံး မီးလောင်မှုနဲ့အတူ ပျက်ဆီးခဲ့ရပါတယ်။ အဲဒီဟိုတယ်ဟာ နှစ်သစ်ကူးမယ့်အချိန် မီးရှူးမီးပန်းပစ်လွှတ်ဖို့ စောင့်ဆိုင်းနေကြတဲ့ နေရာအနီးမှာ ရှိနေတဲ့ဟိုတယ်လည်း ဖြစ်ပါတယ်။ ဟိုတယ်မှာရှိတဲ့သူတွေကို အချိန်မီကယ်ထုတ်နိုင်ခဲ့ပြီး လူ ၁၄ ဦးလောက်သာ အနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်။ မီးခိုးမွှန်မှုကြောင့် လူ ၆၀ လောက်ကို ဆေးကုသပေးခဲ့ရပါတယ်။

    မီးလောင်မှုကိုတော့ မီးသတ်သမားတွေက တစ်ညလုံး ငြှိမ်းသက်ခဲ့ရပါတယ်။ ဒါပေမယ့် နှစ်သစ်ကို ပျော်ပွဲရွှင်ပွဲကိုတော့ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါတယ်။

    နယူးအော်လင်း ပစ်ခတ်မှု

    အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမြို့က နှစ်ကူးပါတီတစ်ခုမှာ သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေနတ်သမားဟာ ဆီဒင်ကားကိုရပ်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတစ်ယောက်ဟာ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။

    Ref: RT

  • အိန္ဒိယလေတပ်စခန်းကို လက်နက်ကိုင်အုပ်စုက ၀င်ရောက်တိုက်ခိုက်

    အိန္ဒိယလေတပ်စခန်းကို လက်နက်ကိုင်အုပ်စုက ၀င်ရောက်တိုက်ခိုက်

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    india

    – ပါကစ္စတန်နယ်စပ်အနီးရှိ အိန္ဒိယလေတပ်စခန်းတွင် ယနေ့ မနက်ပိုင်းက လက်နက်ကိုင် လူအုပ်စု၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် လက်နက်ကိုင် ၄ ဦးနှင့် အိန္ဒိယစစ်သား ၃ ဦးတို့ ပါဝင်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ တိုက်ခိုက်သူများမှာ ရဲကားအား ခိုးယူလာခဲ့ပြီးနောက် အစောင့်အကြပ်ထူထပ်သည့် ပသန်ကော့ လေတပ်စခန်းအတွင်းသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့၏ တိုက်ခိုက်ပုံများကို ကြည့်ရှုပါက ပါကစ္စတန်တွင် လေ့ကျင့်ထားသည့် တိုက်ခိုက်ရေးသမားများဟု ယူဆရကြောင်း ပန်ဂျပ်ရဲတပ်ဖွဲ့အကြီးအကဲ ဆူရက်ရှ် အေရိုရာက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    တိုက်ခိုက်ရေးသမားများမှာ စစ်သားများနေထိုင်ရာ တန်းလျားသို့ ၀င်ရောက်နိုင်ခဲ့သော်လည်း ရဟတ်ယာဉ်များနှင့် အခြားသော လက်နက်ကိရိယာများ ထားရှိရာ နေရာများသို့ ၀င်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

    Ref: Aljazeera

  • ဆုဖလားများလိုချင်သည်ဟု ခရစ္စတယ်ပဲလေ့စ်နည်းပြပြော

    ဆုဖလားများလိုချင်သည်ဟု ခရစ္စတယ်ပဲလေ့စ်နည်းပြပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    perdwe

    – လက်ရှိ ခရစ္စတယ်ပဲလေ့စ်အသင်းအား တစ်ဆင့်မြှင့်ပေးချင်သည်ဟု နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်ပြီး မိမိအနေဖြင့် ဆုဖလားများ ရရှိချင်သည်ဟု ဆိုသည်။

    လွန်ခဲ့သည့်တစ်နှစ်က တန်းဆင်းဇုန်အတွင်း ရှိနေခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ပါဂျူးမှာ နယူးကာဆယ်မှ တစ်ဆင့် ပြောင်းရွှေ့လာကာ ရာသီကုန်တွင် အသင်းအား အဆင့် ၁၀ နေရာသို့ ရောက်ရှိအောင် စွမ်ဆောင်ပေးနိုင်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ပဲလေ့စ်မှာ ခြေစွမ်းကောင်းများ ပြသနေပြီး အသင်းမှာ အဆင့် ၅ နေရာတွင် ရှိနေကာ ပါဂျူးကိုလည်း အသင်းက ထပ်မံသက်တမ်းတိုးရန် ကြိုးစားနေသည်။

    ”စာချုပ်သစ်အတွက် ကျွန်တော် သူတို့နဲ့ ဆွေးနွေးနေတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ဟာ ရှေ့ဆက်သွားနိုင်င်တယ်လို့ ခံစားရလို့ပါ။ ရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ကျွန်တော် ဒီမှာဆက်ရှိနေစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ နည်းပြသက်တမ်းဘ၀ ဒီအချိန်မှာ ဆုဖလားတွေရရှိဖို့ ကျွန်တော် လိုအပ်နေပါတယ်။ ဒါကလည်း ကျွန်တော့်ကို အသင်းက နည်းပြခန့်အပ်တဲ့ ကိစ္စ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ ဆုဖလားတွေကို လိုချင်ပါတယ်” ဟု ပါဂျူးက ပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံတကာ သင်္ချာပြိုင်ပွဲတွင် ဆော်ဒီကျောင်းသားအုပ်စုက ပထမရရှိ

    နိုင်ငံတကာ သင်္ချာပြိုင်ပွဲတွင် ဆော်ဒီကျောင်းသားအုပ်စုက ပထမရရှိ

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    saudi 2
    ဆော်ဒီရှိ ဘုရင်အဗ္ဗဒူလာ နည်းပညာတက္ကသိုလ်

    – ကမ္ဘာ့သင်္ချာအသင်းက အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ သင်္ချာဆိုင်ရာ ပြိုင်ပွဲတစ်ခုတွင် ဆော်ဒီကျောင်းသား အုပ်စုတစ်ခုမှာ ပထမနေရာကို ရရှိခဲ့သည်ဟု သိရသည်။

    Mini Al-Khwarizmi အဖွဲ့ဖြစ်ပြီး ကျောင်းသား ၁၅ ဦးပါဝင်ကာ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားတို့အတွက် စိတ်ဖြင့် တွက်ချက်ခြင်းပြိုင်ပွဲတွင် ထိုကဲ့သို့ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

    ”ဒီတွက်ချက်မှုမှာ ကလေးငယ်လေးတွေဟာ စိတ်နဲ့ပဲ တွက်ချက်ရတာဖြစ်ပြီး ဘောပင်၊ ခဲတံ၊ စာရွက် ဘာမှ မသုံး ရပါဘူး” ဟု သင်္ချာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

    ၎င်းတို့၏အုပ်စု၏ အမည်ကို အာရပ် သင်္ချာနှင့် နက္ခတဗေဒပညာရှင် မူဆာ အလ်-ခွါရစ်ဇ်မီကို ဂုဏ်ပြုသောအားဖြင့်
    ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အလ်-ခွါရစ်ဇ်မီမှာ Compendious Book on Calculation by Completion and Balancing
    ဟုခေါ်သည့် အလ်ဂျီဘရာ ကျမ်းကြီးတစ်စောင်ကို ရေးသားခဲ့သူဖြစ်သည်။

    ထိုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် သင်္ချာပညာရှင်များမှာ အဆိုပါ အုပ်စုကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။

    Ref: IINA

  • တရုတ်စစ်တပ်က တပ်မဟာသစ် ၃ ခု ဖွဲ့စည်း

    တရုတ်စစ်တပ်က တပ်မဟာသစ် ၃ ခု ဖွဲ့စည်း

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    ch

    – တရုတ်စစ်တပ်မှာ တပ်မဟာသစ် ၃ ခုကို ထပ်မံဖွဲ့စည်းလိုက်ပြီး အဆိုပါတပ်မဟာများတွင် လက်နက်ကိရိယာများကို အဆင့်မြှင့်တင်ပေးမည်ဖြစ်ကာ စစ်ဌာနချုပ်ကိုလည်း ခေတ်မီအောင် ဆောင်ရွက်သွားမည်ဟု သမ္မတဇီကျင်ပင်းက ကြေညာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

    သမ္မတ၏ စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ အရှေ့နှင့် တောင်တရုတ်ပင်လယ်များ၌ နယ်မြေအငြင်းပွားမှု ကိစ္စများတွင် ပြင်းပြင်းထန်ထန် တောင်းဆိုလာမှုနှင့်အတူ တိုက်ဆိုင်စွာ ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ တရုတ်ရေတပ်မတော်တွင် ရေငုပ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများဖြင့် အားဖြည့်နေပြီး လေတပ်မှာလည်း ကိုယ်ပျောက်တိုက်လေယာဉ်များကို ဖန်တီးလျက်ရှိနေသည်။

    ကြာသာပတေးနေ့တွင် ဇီဂျင်ပင်းမှာ ကြည်းတပ်အတွက် စစ်ဌာနချုပ်အသစ်၊ ဒုံးကျည်တပ်မဟာနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်အတွက် ဗဟာဗျူဟာ ထောက်ပံ့ရေး တပ်မဟာတို့ ဖွဲ့စည်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဒုံးကျည်တပ်မဟာမှာ နိုင်ငံ၏ နျူကလီးယား လက်နက်များကို ကိုင်တွယ်ထိန်းချုပ်မည်ဖြစ်သည်။

    တရုတ်နိုင်ငံမှာ စစ်တပ်သုံးယာဉ်၊ လက်နက်၊ ကိရိယာများကို အဆင့်မြှင့်တင်မှုများကို လျှင်မြန်စွာလုပ်ကိုင်ဆောင်ရွက်နေသည်။ သို့သော် နယ်မြေအလိုက်ဖွဲ့စည်းထားသည့် တပ်ခွဲများတွင် ရှုပ်ထွေးသောစနစ်များကို အဆင့်မြှင့်တင်ရေးသည် အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

    စစ်တပ်အတွင်း ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များမှာ အငြင်းပွားစရာများဖြစ်ပေါ်နေပြီး တပ်ပိုင်သတင်းစာကလည်း ပြုပြင်ပြောင်းလဲရေးကိစ္စများအပေါ် အတိုက်အခံများ၏ သတိပေးချက်၊ မှတ်ချက်များကို ရေးသားထုတ်ဝေခဲ့ကာ အလုပ်အကိုင် ဆုံးရှုံးမှုများအတွက်လည်း စိုးရိမ်မှုများရှိနေကြောင်း ဖော်ပြရေးသားခဲ့သည်။

    သမ္မတဇီကျင်ပင်းကမူ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက် အမြစ်မှလှန်၍ သုတ်သင်အရေးယူလျက်ရှိပြီး အရာရှိဒါဇင်ပေါင်းများစွာကို စုံစမ်းဖော်ထုတ်ကာ ထောင်သွင်းအကျဉ်းချခဲ့သည်။

    Ref : Channelnewsasia