News @ M-Media
Blog
  • ရှေးဟောင်းပစ္စည်းများပြသမည့် ရေအောက်ပြတိုက်တစ်ခု အီဂျစ်ဆောက်လုပ်နေ
    ရှေးဟောင်းပစ္စည်းများပြသမည့် ရေအောက်ပြတိုက်တစ်ခု အီဂျစ်ဆောက်လုပ်နေ
    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    egypt
    – ကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိကာ ရှေးဟောင်းအမွေအနှစ်များကို ပြသမည့် ရေအောက်ပြတိုက်တစ်ခုကို အီဂျစ်နိုင်ငံက အလက်ဇန်းဒရီးယားတွင် မကြာသေးမီက စတင်ဆောက်လုပ်နေသည်ဟု သိရသည်။
    အဆိုပါပြတိုက် ဆောက်လုပ်ရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်က ရှေဟောင်းအမွေအနှစ်ဆိုင်ရာ ကောင်စီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဇာဟီ ဟာဝက်စ်က စတင် တင်ပြခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယူနက်စကိုက ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မြေပြင်လေ့လာမှုကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း အာရပ်နွေဦးတော်လှန်ရေးနှင့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့တွင် အီဂျစ်နိုင်ငံအတွင်း မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ထိုအစီအစဉ်မှာ နှောင့်နှေးခဲ့ရသည်။
    ၂၀၁၃ ခုနှစ် စက်တင်ဘာတွင်မူ အီဂျစ်အာဏာပိုင်များနှင့် ယူနက်စကိုတို့ ထိုကိစ္စအတွက် ဆွေးနွေးမှု ပြန်လည်ပြု လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် အီဂျစ် ရှေးဟောင်းဆိုင်ရာ ၀န်ကြီး မမ်ဒူ အလ်-ဒါမာတီက အီဂျစ်အစိုးရမှာ အဆိုပါ ရေအောက်ပြတိုက်အစီအစဉ်ကို ပြန်လည်စတင်ရန် စီစဉ်နေပြီဟု ကြေငြာခဲ့သည်။
    မြေထဲပင်လယ်မှ မြို့တစ်မြို့ဖြစ်သော အလက်ဇန်းဒရီးယား၏ အဖိုးမဖြတ်နိုင်သည့် ရေအောက်ရတနာများနှင့် ရုပ်ကြွင်းများကြောင့် ကျွမ်းကျင်ပညာရှင်နှင့် ရှေးဟောင်းသုတေသီများ ပါဝင်သော အဖွဲ့မှာ ထိုနေရာကို ရေအောက် ပြတိုက်ဆောက်လုပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
    အလက်ဇန်းဒါး သယ် ဂရိတ် (Alexander the Great) က ဘီစီ ၃၃၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အဆိုပါ အလက်ဇန်းဒရီးယားမြို့မှာ ကလီယိုပက်ထရာ၏ တော်ဝင်နန်းတော်နှင့် အလက်ဇန်းဒရီးယား မီးပြတိုက်တို့ကဲ့သို့ နစ်မြုပ်နေသော ရှေးဟောင်း အဆောက်အအုံများကို ပိုင်ဆိုင်ထားသည့်မြို့လည်းဖြစ်သည်။ အလက်ဇန်းဒရီးယား မီးပြတိုက်မှာ ကမ္ဘာ့အံ့ဖွယ် ၇ ပါးတွင် ပါဝင်သည့် အဆောက်အဦးဖြစ်သည်။
    ”အဲဒီပြတိုက်ဟာ အာရပ်ဒေသကို ပြန်လည်ဖော်ဆောင်ပေးပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုပြတိုက်မျိုးဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်လို့ပါပဲ။ ဒါဟာ ခရီးသွားလုပ်ငန်းကိုလည်း ပြန်လည်ရှင်သန်စေမှာဖြစ်ပြီး၊ ကာလရှည်ကျဆင်းနေတဲ့ အီဂျစ်ရဲ့ စီးပွားရေးကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်” ဟု အီဂျစ်နိုင်ငံ အောက်ဘက်ပိုင်း ရှေးဟောင်းအမွေအနှစ်များဆိုင်ရာ ကြီးကြပ်မှုအဖွဲ့မှ ဥက္ကဌဖြစ်သူ ယူဆက်ဖ် ခါလီဖာက ပြောကြားခဲ့သည်။
    အဆိုပါ ရေအောက်ပြတိုက်ကို ပြင်သစ် ဗိသုကာပညာရှင် ဂျက်ကွီ ရိုဂီရီက ဒီဇိုင်းဆွဲပေးမည်ဖြစ်ပြီး ၂၂၀၀၀ စကွဲယားမီတာ အကျယ်တွင် ဆောက်လုပ်မည့် အဆိုပါပြတိုက်တွင် ရှည်လျားသော အဆောက်အဦး ၄ ခုပါဝင်မည်ဟု ခါလီဖာက ထည့်သွင်းပြောကြားခဲ့သည်။ ထိုပြတိုက်မှာ တစ်နှစ်လျှင် ခရီးသွားပြည်သူ ၃ သန်း လာရောက်ကြည့်မှုနိုင်မည်ဖြစ်သည်။
    Ref: IINA
  • ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ဇန်န၀ါရီ ၁၊ ၂၀၁၆
    M-Media
    ben
    – ပရိတ်သတ်များ၏ ဝေဖန်မှုများကို ခံနေရသည့် ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်က ၎င်းမှာ ပရိတ်သတ် တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားသွားမည်ဟု အခိုင်အမာ ပြောကြားလိုက်သည်။
    သို့သော်လည်း ဘင်နီတက်ဇ်ကမူ ၎င်း၏ နှစ်သစ်ကူစကားလက်ဆောင်တွင် ပရိတ်သတ်များအား ပြန်လည်တုန့်ပြ
    န်ခဲ့သည်။
    ”ရီးယဲလ်မက်ဒရစ် ပရိတ်သတ်အားလုံးဟာ သေချာမှုနဲ့ စိတ်အေးမှု ရှိရမှာဖြစ်ပြီး အဲဒီအတွက် ကျွန်တော်တို့
    အဆုံးစွန်ဆုံး နိုင်ပွဲတွေရရှိအောင် အလုပ်လုပ်သွားမှာပါ။ ပရိတ်သတ်တွေအတွက် ဆုဖလားတွေကို ကျွန်တော်တို့ အရယူပေးချင်ပြီး အဆုံးအထိ ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ဘင်နီတက်ဇ်က Marca သတ
    င်းစာသို့ ပြောကြားခဲ့သည်။
    Ref: Goal
  • သဘာဝဘေးအန္တရာယ်များကြောင့် ကိုလံဘီယာတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
    သဘာဝဘေးအန္တရာယ်များကြောင့် ကိုလံဘီယာတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    col
    – နိုင်ငံတွင်းရှိ အဓိကမြစ်ကြီးများ ရေမျက်နှာပြင်နိမ့်ကျနေပြီး အန်းဒီးစ်တောင်တန်းများတစ်လျှောက် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ကိုလံဘီယာနိုင်ငံမှာ နိုင်ငံတစ်ဝှမ်း အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
    မိုးလေသ၀၊ ဇလဗေဒနှင့် သဘာဝပတ်ဝန်းကျင် လေ့လာရေးအသင်း IDEAM ၏ တောင်းဆိုချက်အရ သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဗုဒ္ဓဟူးနေ့တွင် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
    ရာပေါင်းများစွာသော မြို့များ၊ နယ်များကို ထောက်ပံ့ပေးနေသည့် အဓိကကျသော မြစ်များဖြစ်သော မဂ္ဂဒါလီနာနှင့် ကော်ကာမြစ်နှစ်ခု၏ ရေမျက်နှာပြင်အမှတ်သည် တဖြည်းဖြည်း နိမ့်ကျလာသည့်နောက်တွင် အရေးပေါ်ကြေညာရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။
    အလ်နီညိုရာသီဥတုနှင့် မိုးရွာသွန်းမှုများ လျော့နည်းပြီးနောက် နိုင်ငံအတွင်းရှိ စည်ပင်သာယာနယ်နမိတ် ၅ ခုတွင် ရေပေးဝေမှုကို အချိုးကျဖြင့် ဆောင်ရွက်ခဲ့ရသည်။ အင်ဒီးစ်တောင်တန်းများတစ်လျှောက် တောမီးလောင်ကျွမ်းများခဲ့ခြင်းကလည်း အစိုးရအား အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ရန် ဖိအား ဖြစ်စေခဲ့သည်။
    ကိုလံဘီယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တောမီးလောင်ကျွမ်းမှုများသည် နိုင်ငံတစ်လျှောက် မိုးခေါင်ရေရှားဖြစ်ပြီး အပူချိန်မြှင့်တက်လာမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ အရေးပေါ်ကြေညာချက်ကို နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းသောနေရာတွင် ကြေညာခဲ့သည်။
    အယ်နီညိုသည် ပစီဖိတ်သမုဒ္ဒရာအရှေ့ဘက်တွင် အပူပိုင်းရာသီဥတုဖြစ်ပေါ်ပြီး ရေမျက်နှာပြင်များ ပူနွေးလာခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ အယ်နီညိုဖြစ်ပေါ်လျှင် အရှေ့တောင်အာရှနှင့် သြစတေးလျတို့တွင် မိုးခေါင်ရေရှားဖြစ်ပြီး တောင်အမေရိကတွင် မိုးသည်းထန်စွာ ရွာသွန်းတတ်လေ့ ရှိသည်။
    Source; presstv
  • မန်ယူမှာ ၎င်း၏ နောက်ဆုံးကလပ်ဖြစ်နိုင်သည်ဟု ဗန်ဂါးလ်ပြော
    မန်ယူမှာ ၎င်း၏ နောက်ဆုံးကလပ်ဖြစ်နိုင်သည်ဟု ဗန်ဂါးလ်ပြော
    ဇန်န၀ါရီ ၁၊ ၂၀၁၆
    M-Media
    van
    – မန်ယူအသင်းမှာ ၎င်း၏ နည်းပြဘ၀ နောက်အဆုံးအသင်း ဖြစ်နိုင်သည်ဟု လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်ပြီး အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းများကိုမူ ငြင်းဆိုလိုက်သည်။
    မန်ယူအသင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ပရီးမီးယား လိဂ်တွင်လည်း အဆင့် ၆ နေရာတွင် ရှိနေသည်။ ထို့ပြင် ပြိုင်ပွဲပေါင်းစုံ နောက်ဆုံးကစားခဲ့သည် ၈ ပွဲတွင် နိုင်ပွဲမရရှိခဲ့ဘဲ နည်းပြဗန်ဂါးလ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဗန်ဂါးလ်ကမူ အသင်းမှာ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိသည်ဟု ဆိုသည်။
    ”ကျွန်တော်က အမြဲတမ်း ကိုယ့်အလုပ် ကိုယ်လုပ်တာပါ။ လုပ်စရာရှိတာ လုပ်ရမှာပါပဲ။ ‘ဘော့စ် ကျွန်တော်တို့ ဘယ်လို ထပ်ပြီး ကူညီနိုင်မလဲ’ ဆိုပြီး ကျွန်တော်ရဲ့ ၀န်ထမ်းတွေက လာလာမေးကြပါတယ်။ ကျွန်တော်ကတော့ ‘မင်းတို့လုပ်စရာရှိတာလုပ်တာဟာ ငါ့ကိုကူညီတာနဲ့ အတူတူပဲ’ လို့ ပြန်ပြောပါတယ်။ ကစားသမားတွေဆီကလည်းပဲ ကျွန်တော် ဒီလိုပဲ မျှော်လင့်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးကလပ် မဟုတ်ပါဘူး။ နောက်ဆုံးကလပ် ဖြစ်မယ်လို့ ကျွန်တော် ပြောဖူးပါတယ်။ ဒါပေမယ့်
    ဆိုးရွားတဲ့အချိန်တွေကို ကြုံတွေ့ရတဲ့ ပထမဆုံးကလပ်တော့ မဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် လက်ရှိဖိအားမှာ လျော့ကျမှုရှိသလားဟုမေးမြန်းရာတွင် ၎င်းက ‘မသိဘူး’ ဟု ပြည်လည်ဖြေကြားခဲ့သည်။
    Ref: Goal
  • အမေရိကန်နှင့်ပူးပေါင်းလိုသည်ဟု ရုရှားသမ္မတ ပူတင် ပြော
    အမေရိကန်နှင့်ပူးပေါင်းလိုသည်ဟု ရုရှားသမ္မတ ပူတင် ပြော
    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    putin
    – ရုရှားသမ္မတ ဗလာဒီမာပူတင်မှာ အမေရိကန်သမ္မတ အိုဘားမားသို့ နှစ်သစ်ကူး စကားလက်ဆောင်ပေးပို့ရာတွင် နိုင်ငံတကာစိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် မိမိတို့နိုင်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
    ရုရှားက ယူကရိန်းနိုင်ငံပိုင် ခရိုင်မီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းနှင့် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသူပုန်များကို ထောက်ပံ့ပေးမှုတို့အတွက် ရုရှားနှင့် အမေရိကန်တို့အကြား ဆက်ဆံရေးမှာ စစ်အေးကာလနောက်ပိုင်းတွင် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။
    အမေရိကန်နှင့် အခြားနိုင်ငံများမှာ ရုရှားအစိုးရ တာဝန်ရှိသူများ၊ နိုင်ငံပိုင်ကုမ္ပဏီများနှင့် ရုရှားစီးပွားရေးကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
    ဗုဒ္ဓဟူးနေ့က အိုဘားမားသို့ ရည်ညွှန်းသည့် ပူတင်၏ နှစ်သစ်ကူး စကားလက်ဆောင်တွင် “ရှရှားနှင့် အမေရိကန်ကြား ဆက်ဆံရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အင်မတန်အရေးကြီးသည်” ဟု ပါဝင်ခဲ့သည်။
    ထို့ပြင် မိမိတို့နှစ်နိုင်ငံမှာ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျှင် ကမ္ဘာတစ်ဝှမ်းရှိ စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုအသစ်များကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဆီရီးယား ပြည်တွင်စစ်တွင် ပါဝင်နေခြင်းကလည်း ၎င်းတို့နှစ်နိုင်ငံအကြား အဓိကပြဿနာ ဖြစ်နေသည်။
    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှာ ဆီးရီးယား၏ နိုင်ငံရေးအကူးအပြောင်းကာလတွင် သမ္မတအာဆတ်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားတို့အကြား အယူအဆကွဲပြားမှုများကို လျော့ချရန်အတွက် မော်စကိုသို့ ပြီးခဲ့သည့်လ အစောပိုင်းက သွားရောက် ဆွေးနွေးခဲ့သည်။
    ရုရှားမှာ အာဆတ်၏ အင်အားတောင့်တင်းပြီး သစ္စာရှိမဟာမိတ်များအနက်မှ တစ်နိုင်ငံဖြစ်ပြီး သူပုန်များကို တိုက်ခိုက်ရာတွင် အာဆတ်၏တပ်များ အသာရစေရန်အတွက် လေကြောင်းစစ်ကူများ ပေးအပ်ခဲ့သည်။
    Source: Al-jazeera