News @ M-Media

Blog

  • အိုဇေးလ်နှင့် ပီတာချက်တို့၏ စွမ်းဆောင်ရည်ကို အာဆင်ဝင်းဂါး ချီးကျူး

    အိုဇေးလ်နှင့် ပီတာချက်တို့၏ စွမ်းဆောင်ရည်ကို အာဆင်ဝင်းဂါး ချီးကျူး

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    ars 2

    – အသင်းရှိ ဂျာမနီကွင်းလယ်လူ မီဆုအိုဇေးလ်မှာ အပြစ်ပြောစရာမရှိသည့် ကစားသမားတစ်ဦးဖြစ်ပြီး ဂန္တ၀င်ကစားသမား ဘားကမ့်အား ပြန်မြင်နေရသကဲ့သို့ ဖြစ်သည်ဟု အာဆင်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    Boxing Day က ဆောက်သက်တမ်အသင်းအား ၄ ဂိုးပြတ်ဖြင့် အံ့သြဖွယ်ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်တွင် ကစားခဲ့သည့် ဘုန်းမောက်နှင့်ပွဲတွင် အိုဇေးလ်၏ ခြေစွမ်းပြမှုနှင့်အတူ ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထို ၂ ဂိုးစလုံးကို အိုဇေးလ်က ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး အခြားဖန်တီးမှုများစွာကိုလည်း ပြုလုပ်ခဲ့သည်။ လက်ရှိတွင် အိုဇေးလ်မှာ ပြိုင်ပွဲအားလုံး၌ အသင်းအတွက် ၅ ဂိုး သွင်းယူပေးထားပြီး ပရီးမီးယားလိဂ်တွင် ဖန်တီးမှု ၁၆ ကြိမ်အထိ ရှိထားသည်။

    “မီဆု (အိုဇေးလ်) ဟာ ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ကစားသမားပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အလယ်တန်းကစားသမားသစ်နှစ်ယောက် (ကာလမ်ချိန်ဘာနှင့် အာရွန်ရမ်ဆေး) ရှိနေလို့ပါပဲ။ သူရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ရင့်ကျက်မှုတွေက ခင်ဗျားတို့ရဲ့ စိုးရိမ်မှုတွေကို ချုပ်ငြိမ်းစေနိုင်ပါတယ်။ သူဟာ ခင်ဗျားတို့ကို လုံခြုံမှုနဲ့ ယုံကြည်မှုကိုလည်း ပေးနိုင်ပါတယ်” ဟု ဘုန်းမောက်နှင့်ပွဲအပြီးတွင် ၀င်းဂါးက အိုဇေးလ်အား ချီးကျူးခဲ့သည်။

    ထို့ပြင် ပရီးမီးယားလိဂ်တွင် ဂိုးမပေးရသည့် စံချိန်အားလုံးကို ဘုန်းမောက်နှင့်ပွဲအပြီးတွင် ချိုးဖျက်နိုင်ခဲ့သည့် ဂိုးသမား ပီတာချက်ကိုလည်း ၀င်းဂါးက ချီးကျူးခဲ့သည်။

    “အင်မတန်မှတ်သားလောက်တဲ့ အောင်မြင်မှုမျိုးပါပဲ။ အဲဒီလိုအောင်မြင်မှုရဲ့နောက်ကွယ်မှာ သူဟာ ဘယ်လို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်။ အာရုံစိုက်ခဲ့ရတယ်။ တည်ငြိမ်မှုရှိခဲ့ရတယ်ဆိုတာကို လူတွေက မသိကြပါဘူး။ လူတစ်ဦးတစ်ယောက်အတွက် တည်ငြိမ်မှုရှိဖို့ဆိုတာဟာ အခက်အခဲဆုံးအလုပ် ဖြစ်ပါတယ်”

    Ref: Goal

  • လိပ်ကျွန်းစီရင်ချက်အတွက် ဆန္ဒပြမှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေဖော်ထုတ်ရန် ထိုင်းရဲချုပ် အမိန့်ပေး

    လိပ်ကျွန်းစီရင်ချက်အတွက် ဆန္ဒပြမှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေဖော်ထုတ်ရန် ထိုင်းရဲချုပ် အမိန့်ပေး

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    thai

    – လိပ်ကျွန်းလူသတ်မှု စီရင်ချက်အတွက် လှုံ့ဆော်မှုများရှိနေသော ဆန္ဒပြမှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများဟု ယူဆရသူများကို ရှာဖွေဖော်ထုတ်ရန်အတွက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ချက်သစ် ချိုင်ဂျင်ဒါက ယမန်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များအား အမိန့်ပေးလိုက်သည်။

    မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနကမူ ကျယ်ကျယ်ပြန့်ပြန်ဖြစ်လာသော အဆိုပါဆန္ဒပြမှုများ၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်းမှ ရှိမနေဘဲ၊ ထိုစွပ်စွဲချက်များအတွက် ခိုင်လုံသည့် သက်သေအထောက်အထား မရှိဟုလည်း ဆိုသည်။

    ထိုင်းရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား သေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ ဖြစ်လာသော ဆန္ဒပြမှုများမှာ အချို့အုပ်စုများက နိုင်ငံရေးရည်ရွယ်ချက်အတွက် အမြတ်ထုတ်ရန် ကြိုစားမှုမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အခိုင်အမာ ပြောဆိုထားသည်။

    ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် ထိုင်းနယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် ဆန္ဒပြမှုများမှာ ကြာသာပတေးနေ့ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ကမူ သီရိလင်္ကာနိုင်ငံတွင်ပါ ပြန်နှံ့ခဲ့ပြီး မြန်မာနိုင်ငံမှ ဘုန်းကြီးများမှာ ကိုလံဘိုရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ဂျပန်နိုင်ငံတွင်လည်း ထိုကဲ့သို့ ဆန္ဒပြမှု အငယ်စားများ ဖြစ်ပွားခဲ့သည်။

    “တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အုပ်စုအချို့က ဆန့်ကျင်ဖို့ ဆောင်ရွက်နေပါတယ်။ ထိုင်းမှာလည်း ရဲတပ်ဖွဲ့က ဒါက တားဆီးနေပါတယ်” ဟု ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုင်းနိုင်ငံတွင် ယခင်က မြန်မာနိုငံသားများ၏ လူသတ်မှု ၁၂၆ မှုအတွက် စီရင်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုတစ်ခုမှပင် ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်းဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း အဆိုပါအချက်ကို ရဲတပ်ဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလို လှုံ့ဆော်မှုလုပ်တဲ့သူတွေကို ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။ လုံခြုံရေးနဲ့စက်ဆပ်တဲ့ တပ်ဖွဲ့အားလုံး အထူးသဖြင့် အထူးတပ်ဖွဲ့ကို မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှုနောက်ကွယ်မှာရှိနေတဲ့ အုပ်စုတွေကို ဖော်ထုတ်ဖို့ အမိန့်ပေးထားပါတယ်” ဟု ရဲချုပ် ချက်တစ်ပ်က ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ လှုံ့ဆော်သူများမှာ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်နှင့် ထိုင်းနိုင်ငံအတွင်း ရှိနေလားဆိုသည်ကို မပြောတတ်သေးဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း ဆန္ဒပြမှုများနှင့်ပတ်သက်၍ ယမန်နေ့က ဒေါသတကြီး ဝေဖန်ခဲ့သည်။

    Ref: Bangkokpost

  • IS ကို အစ္စလာမ့် စစ်ရေးမဟာမိတ်အဖွဲ့က ချေမှုန်းနိုင်မည်ဟု ဆော်ဒီ မွဖ်သီချုပ် ပြော

    IS ကို အစ္စလာမ့် စစ်ရေးမဟာမိတ်အဖွဲ့က ချေမှုန်းနိုင်မည်ဟု ဆော်ဒီ မွဖ်သီချုပ် ပြော

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    mufti

    – အစ္စလာမ်ဘာသာဝင် အများစုရှိသည့် နိုင်ငံ ၄၀ ကျော် ပါဝင်ကာ အသစ်ဖွဲ့စည်းလိုက်သော အစ္စလာမ့်စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့မှာ IS အဖွဲ့ကို ချေမှုန်းနိုင်လိမ့်မည်ဟု ဆော်ဒီ မွဖ်သီချုပ် ရှိခ် အဗ္ဗဒူလ်အဇီးဇ်သည် ပြောကြားလိုက်သည်။

    မွဖ်သီချုပ်မှာ IS အဖွဲ့ကို အစ္စရေးစစ်တပ်၏ လက်ခွဲတစ်ခုအဖြစ် ဝေဖန်ပြောဆိုခဲ့ပြီး IS အဖွဲ့သားများမှာ အစ္စလာမ်နှင့် မွတ်ဆလင်များအား အကြီးအကျယ် ထိခိုက်ပျက်စီးအောင် ဒုက္ခပေးနေသည်ဟု ဆိုသည်။

    “ဒီလူတွေကို ဘယ်လိုနည်းနဲ့မှ အစ္စလာမ်ကို လိုက်နာကျင့်သုံးသူတွေအဖြစ် သတ်မှတ်လို့ မရပါဘူး။ ဖြစ်နိုင်တာက မွတ်ဆလင်တွေကို မိစ္ဆာဒိဌိတွေလို့ စွပ်စွဲပြီးတော့ သွေးချောင်းစီးသတ်ဖြတ်ပြီး အစ္စလာမ့် ခလီဖာတွေကို ဖြုတ်ချတော်လှန်ဖို့ ထကြွခဲ့တဲ့ ခါရာဂျိုက်စ်အဖွဲ့ရဲ့ မျိုးဆက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်” ဟု မွဖ်သီချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

    မကြာသေးခင်က IS ခေါင်းဆောင် ဘဂ္ဂဒါဒီမှာ အစ္စရေးအား ခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်ကို ရည်ညွှန်း၍လည်း “အစ္စရေးကို ခြိမ်းခြောက်ပြောဆိုမှုဟာ လိမ်ညာမှုသက်သက်ပဲ ဖြစ်ပါတယ်၊ တကယ်တော့ IS ဆိုတာ အစ္စရေးစစ်သားတွေပါပဲ” ဟု ပြောကြားခဲ့သည်။

    Ref: IINA

  • အသင်းသားများမှာ ရေကုန်ရေခန်း ကစားနေကြသည်ဟု မန်ယူတိုက်စစ်မှူး ရူနီပြော

    အသင်းသားများမှာ ရေကုန်ရေခန်း ကစားနေကြသည်ဟု မန်ယူတိုက်စစ်မှူး ရူနီပြော

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    man u

    – ဖိအားများရှိနေသည့် အသင်းအတွက် ကစားသမားများမှာ စိတ်ပါလက်ပါ ကစားပေးခြင်းမရှိဟု ဝေဖန်မှုများအား မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ငြင်းဆိုလိုက်ပြီး မိမိတို့အသင်းသားများမှာ အသင်းအတွက် ရေကုန်ရေခန်း ပေးဆပ်နေကြသည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၇ ပွဲဆက်တိုက် နိုင်ပွဲမရှိဘဲ၊ လေးပွဲဆက်ရှုံးထားသည့် မန်ယူမှာ ယနေ့မနက်က ချယ်ဆီးအသင်းနှင့် ကစားသည့်ပွဲတွင်လည်း ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်ခဲ့သည်။ နည်းပြဗန်ဂါးလ်ကမူ အသင်း၏ ခြေစွမ်းကျဆင်းမှုများအတွက် ကစားသမားများကို ပြစ်တင်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ရူနီက လက်မခံခဲ့ပေ။

    “လူတွေကတော့ တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ ဖိဖိမကစားဘူးဆိုရင်တော့ အပြစ်တင်ခံမှာပါ။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပြန်လာရမှာပါ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ဖို့လိုတယ်။ အောင်နိုင်မှုတွေ ရောက်လာတော့မယ်ဆိုတာကို ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ချယ်ဆီးနှင့်ပွဲအပြီးတွင် ရူနီက ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ အသင်းမှာ လွန်ခဲ့သည့် ၄၈ နာရီက စတုတ်စီးတီးအသင်းအား ရှုံးနိမ့်သောပွဲထက် ပိုကောင်းလာသည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် အသင်းမှ နှုတ်ထွက်သွားမည်မဟုတ်ဟုလည်း ဆိုသည်။

    Ref: Goal

  • “NLD ကိုတော့ အခုထက်ထိ အားကိုးဆဲပဲ”

    “NLD ကိုတော့ အခုထက်ထိ အားကိုးဆဲပဲ”

    U Yan Naing
    အမျိုးသား ညီညွတ်ရေး ကွန်ဂရက်မှ ဦးရန်နိုင် (ဓာတ်ပုံ – ထက်ခေါင်လင်း / Myanmar Now)

    ထက်ခေါင်လင်း

    ရန်ကုန် (Myanmar Now) –  နိုင်ငံရေးလှုပ်ရှားမှုကြောင့် အထိန်းသိမ်းခံရဖူးသည့် ဦးရန်နိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် နေထိုင်စဉ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပါတီဝင်တစ်ဦးဖြစ်သည်။  ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေသခံ မဲဆွယ်ရေးမန်နေဂျာတာဝန်ကို  မွတ်စလင်တစ်ဦးဖြစ်သည့် ဦးရန်နိုင် ရရှိသွားသည့်အတွက် လုပ်ဖော်ကိုင်တချို့၏ ငြိငြင်မှု ခံခဲ့သည်။

    ရှေ့နေတစ်ဦးဖြစ်သူ ဦးရန်နိုင်သည်   NLD မှ ထွက်ပြီးနောက်ပိုင်း အစ္စလမ်ဘာသာဝင်များ ထူထောင်ထားသည့် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်သို့ ရောက်သွားကာ ထိုပါတီမှပင် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ သူကိုယ်တိုင် ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း အရွေးခံရခြင်း မရှိပေ။ မကြာသေးခင်က Myanmar Now နှင့်  တွေ့ဆုံစဉ် ဦးရန်နိုင်က အစိုးရ၊ အဖွဲ့အစည်းများ၏ နိုင်ငံတွင်း လူနည်းစုဖြစ်သော မွတ်စလင်တို့အပေါ် သဘောထား၊ အစိုးရသစ်လက်ထက် မွတ်စလင်တို့၏ မျှော်လင့်ချက်တို့နှင့် ပတ်သက်ပြီး ပြောပြထားသည် များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

    မေး –  ၂ဝ၁၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ  မွတ်စလင် တစ်ဦးမှ မပါတဲ့အတွက်  အစ္စလမ်ဘာသာဝင်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပြောဆိုဆွေးနွေးမှု  အားနည်းသွားမယ်လို့ ယူဆသလား။
    ဖြေ –  တခြားဘာသာဝင်တွေက အစ္စလမ်ဘာသာဝင်တွေအတွက် ပြောပေးရမယ့်ကိစ္စမှာ NLD အနေနဲ့ ပြောပေးကောင်း ပြောပေးနိုင်ပေမယ့်  ကိုယ့်ဘာသာဝင် လိုတော့ သူ့အနေနဲ့ ခံစားမှုမရှိဘူး၊ တဆင့်ကြားအနေနဲ့ပဲ ပြောလို့ရမယ်။

    မေး –  ပါတီ အများစုက ရွေးကောက်ပွဲဝင်တဲ့အခါ အစ္စလမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်အဖြစ်  မရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့ရော  အစ္စလမ် အသိုင်းအဝိုင်းမှာ ဘာပြောကြသလဲ။
    ဖြေ – တော်တော်များများကတော့ စိတ်မကောင်းကြပါဘူး။ အထူးသဖြင့် NLD ကနေပြီးတော့ အပါမခံခဲ့တာကို စိတ်မကောင်းကြဘူး။  သို့သော် ဒီမိုကရေစီရရှိရေးအတွက် တော်တော်များများကတော့ NLD ကိုပဲ စုပြုံပြီး မဲပေးခဲ့ကြတယ်။ NLD ကိုတော့ အခုထက်ထိ အားကိုးဆဲပဲ။

    မေး – ပြီးခဲ့တဲ့နှစ်တွေအတွင်း  လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။  အာဏာပိုင်တွေက အမျိုးသားရေးဝါဒီ အဖွဲ့တွေကို ထောက်ခံအားပေးတဲ့သဘောမျိုးတွေလည်း တွေ့ခဲ့ရတယ်။  အစိုးရသစ်လက်ထက်မှာရော ဘယ်လိုဖြစ်လာမယ်လို့ ယူဆသလဲ။
    ဖြေ –   ကိုယ့်ဘာသာ၊ သာသနာကိုစောင့်ရှောက်တာကတော့ အင်မတန်ကို ကောင်းတဲ့အလုပ်ပါ။    အထင်မြင်တွေ လွဲပြီးတော့ ကိုယ့်ဘာသာကို စောင့်ရှောက်နေရင်းနဲ့ တခြားဘာသာကို တိုက်ခိုက်မယ်၊   အထူးသဖြင့် အစ္စလမ်ကို  နှိပ်ကွပ်မယ်ဆိုတာကတော့ နည်းနည်းလွဲနေတယ်လို့ ယူဆတယ်။   သူတို့က  မွတ်ဒေါင်းပါတီတို့၊ ကုလားမယားတို့ စွပ်စွဲခဲ့တာလည်း ရှိခဲ့တယ်။   အဲဒီလိုလူတွေနဲ့ NLD နဲ့ကတော့ တော်တော်လေး ညှိယူရမယ်၊  ညှိနှိုင်းကြလိမ့်မယ်လို့မြင်တယ်။ လာမယ့်အစိုးရက တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေရှိလာအောင်  ပြဿနာမဖြစ်အောင်လို့ ယုံကြည်မှုတွေ တည်ဆောက်ပေးဖို့လိုမယ်။

     မေး – ရွေးကောက်ပွဲ အပြတ်အသတ်နိုင်သွားတဲ့ NLD ပါတီထဲမှာလည်း အစ္စလမ်ဘာသာဝင်တွေနဲ့ ပတ်သက်ရင် အမြင်စောင်းနေတဲ့ သူတချို့ရှိ ကောင်းရှိနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
    ဖြေ –   ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲ မူတည်တယ်။ သူကနေ အဲဒါကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့တော့ လိုတာပေါ့။  ကျွန်တော်တို့ အစ္စလမ်ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီတွေက  NLD နဲ့ ဆွေး နွေးညှိနှိုင်းဖို့လည်း လိုအပ်မယ်လို့ ထင်တယ်။ NLD ထဲမှာ ကျွန်တော့်အတွေ့အကြုံအရ (၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ)  မြောင်းမြမှာတွေ့ခဲ့တာက   ဧရာဝတီတိုင်းရဲ့ ပါတီဦးဆောင်သူတွေ သဘောတူညီမှုနဲ့ ပါတီဗဟိုကပါ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဋ္ဌ  တာဝန် (ကျွန်တော့ကို) ပေးတာကို ကြားထဲမှာ ပါတီတွင်း မလိုသူတချို့က ကန့်ကွက်တာပေါ့။ (ကန့်ကွက်ပြီး) ဆန္ဒတွေဘာတွေ ပြခဲ့တဲ့သူတွေက ကျွန်တော်နဲ့ အင်မတန်ခင်ခဲ့တဲ့သူတွေ၊ အံ့သြဖို့ကောင်းတယ်။   ပါတီထဲ အရေးပါတဲ့နေရာမှာ ကျွန်တော်တို့ အစ္စလမ်ဘာသာဝင်တွေ မရှိစေချင်တဲ့ သဘောမျိုးတွေ့ရတယ်။

    မေး –   အစိုးရသစ်လက်ထက်မှာ ကိုယ့်ရဲ့ နိုင်ငံသားအခွင့်အရေးတွေအတွက်   ဘယ်လိုဥပဒေမျိုးတွေ  လိုမယ်လို့  မွတ်စလင်တွေက ယူဆလဲ။
    ဖြေ –  နိုင်ငံသားဥပဒေကိုတော့ ပြန်လည်စဉ်းစားပြီး နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီအောင် လုပ်ဖို့တော့ လိုမယ်လို့ ယူဆတယ်။   မှတ်ပုံတင်ကိစ္စမှာ အစ္စလမ်ဆိုတာနဲ့ အိန္ဒိယ-ဗမာ၊ ဘင်္ဂါလီ-ဗမာ လုပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနတွေရဲ့ အစီအစဉ်လေးတွေကိုတော့ ညွှန်ကြားချက် တစ်စုံတရာ ပေးစေချင်တယ်၊ နိုင်ငံသားတိုင်းအားလုံး တန်းတူညီမျှ ဖြစ်အောင်ပေါ့။   မြန်မာနိုင်ငံမှာ ကုလားစစ်စစ်ကြီးတွေ တစ်ယောက်မှမရှိဘူး။ ကျွန်တော်တို့ဆိုလည်း မျိုးဆက်သုံးခုမြောက်ဖြစ်နေပြီ။ ကျွန်တော့်အဖွားတွေဆိုရင် တကယ့်ကို မြန်မာနိုင်ငံသားတွေ။ အခုက ဘာဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ အဘိုး၊ အဘေတွေလက်ထက်က အင်္ဂလိပ်ရဲ့ ခွဲခြားဆက်ခံခဲ့တဲ့ ဥပဒေတွေကြောင့် ဗမာတွေကို ကျွန်တော်တို့ လူမျိုးတွေက နှိမ်တယ်တို့ဘာတို့နဲ့။ အခု အနှိမ်ခံခဲ့ရတဲ့ ဗမာလူမျိုး အဖွားတွေရဲ့ မြေးဖြစ်တဲ့ ကျွန်တော်တို့ကို ကလဲ့စားချေတာကတော့ မမျှတဘူးလို့ ထင်တယ်။ အခု နိုင်ငံအတွင်း မှာရှိနေတဲ့ အစ္စလမ်ဘာသာဝင်တွေဟာ ကုလားကြီးနဲ့ ဗမာအမျိုးသမီးတွေက ဆင်းသက်လာတဲ့ မြေးတွေ၊ မြစ်တွေပဲရှိနေမယ်။ ဒါကို နောက်လာမယ့် အစိုးရဘက်ကို နားလည်မှုရှိအောင် ကျွန်တော်တို့ အစ္စလမ်အသိုင်းအဝိုင်းတွေဘက်ကလည်း တင်ပြဖို့တော့ လိုမယ်။

    မေး –  ရွေးကောက်ပွဲ ပြီးချိန်နောက်ပိုင်းမှာတောင်မှ     မျိုးချစ်ဝါဒီတချို့က လှုံ့ဆော်တာတွေ၊ ရန်ကုန်မြို့လယ်မှာ ဘာသာရေးအလံလွှင့်တာကို အကြမ်းဖက် ISIS အုပ်စုအလံဆိုပြီး စွပ်စွဲတာတွေ တွေ့ခဲ့ရတယ်။   
    ဖြေ –     အစ္စလမ် ဘာသာဝင်တွေရဲ့  အိမ်တိုင်းမှာ အလ္လာ မှတပါး ကိုးကွယ်ရာမရှိ၊ တမန်တော် မိုဟာမက်သည် အလ္လာ၏ နောက်ဆုံးတမန်တော်ဖြစ်သည်ဆိုတဲ့ အာရဗီဘာသာစာတန်းကို ကပ်ထားကြတယ်။ ဒါကို ISIS တွေက ယူပြီးတော့ အလွဲသုံးစားလုပ်တာ။ အဲဒီတော့ ဒီစာသားပါတိုင်းက ISIS မဟုတ်ဘူး။ ဒါကို လူအများနားလည်အောင် ရှင်းပြဖို့မှာလည်း ကျွန်တော်တို့ အစ္စလမ်အသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်။ အရင် အစိုးရတွေလက်ထက်မှာ ကျွန်တော်တို့တွေက ဘာမှပြောရေးဆို ခွင့်မရှိခဲ့ဘူး။      မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေ၊ အသိုင်းအဝိုင်းတွေက ISIS တွေရဲ့   ဒီလိုလုပ်ရပ်တွေဟာ အစ္စလမ်အလွဲသုံးစားလုပ်နေပါတယ်လို့ ကြေညာချက်တွေ ထုတ်ပါတယ်။ ကျွန်တော်တို့တွေဟာ ISIS တို့၊ အယ်လ်ခိုင်းဒါးတို့ကို အယုံအကြည်မရှိပါဘူး။ သူတို့ရဲ့သြဇာကိုလည်း ကျွန်တော်တို့က နာခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုက အစ္စလမ်မှန်သမျှကို အထင်မြင်လွဲပြီး ISIS တွေနဲ့ ဆက်သွယ်တယ်လို့ စွတ်စွဲနေရင် ကြာလာတော့ ဖိအားလွန်အားကြီးလွန်းလာတဲ့အတွက် အဲဒီဘက်ကို ရောက်သွားမလားတော့ နည်းနည်း စိုးရိမ်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ အစ္စလမ်တွေဟာ ခံရင်သာခံကြမယ်၊ ဘယ်တော့မှ နိုင်ငံတော်ကို ပုန်ကန်မယ့်စိတ် လုံးဝမရှိကြဘူး၊ ကြောက်တတ်ကြတယ် ဆိုတာတော့ ကျွန်တော်အာမခံနိုင်တယ်။ တမန်တော် မိုဟာမက်က မိမိမွေးရပ်မြေကို ချစ်ခြင်းဟာ အစ္စလမ်ကို ယုံကြည်ခြင်းရဲ့တစ်ဝက်လို့ ပြောထားတာပဲ။

    မေး – အခုလို အမြင်တွေစောင်းနေတာနဲ့ ပတ်သက်ပြီး အစ္စလမ်အသိုင်းအဝိုင်းဘက်က ကြေညာချက်တွေ ထုတ်တာလောက်၊ ဘာသာပေါင်းစုံတွေ့ဆုံပွဲတွေ လုပ်နေရုံလောက်နဲ့ လုံလောက်ပါ့မလား။ ဘာတွေထပ်လုပ်ဖို့ လိုသလဲ။
    ဖြေ  –  ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွေက နားလည်မှုလွဲနေတဲ့ ပရိတ်သတ်တွေ လာတက်ကြတာမဟုတ်တော့ ဒီလိုလုပ်နေတာက ထဲထဲဝင်ဝင် မဖြစ်သေးဘူး။  ကျယ်ကျယ် ပြန့်ပြန့်ဖြစ်အောင် အခုချိန်မှာ လုပ်လို့မရသေးပေမယ့် နောက်အစိုးရလက်ထက်မှာ သတင်းစာတို့၊ ရုပ်မြင်သံကြားတို့ကနေ အစ္စလမ်ရဲ့ အကြောင်းအရာကို တင်ပြတာတို့ လုပ်နိုင်ရင် သိလိုက်၊ မြင်လိုက်ရတဲ့သူတွေက သဘောပေါက်သွားလိမ့်မယ်၊   အထင်မြင်လွဲတာတွေ လျော့သွားမယ်လို့ ထင်တယ်။

    မေး –  ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ရိုဟင်ဂျာပြက္ခဒိန်ထုတ်တာနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုမှာ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုဆိုတာမျိုး ရော ရှိနိုင်သလား။ ဒဏ်ငွေအမိန့်ချပြီးမှ မကြာခင်အချိန်လေးမှာပဲ ပြန်ဖမ်းပြီး ထပ်တရားစွဲတာကို ဘယ်လိုထင်လဲ။  
    ဖြေ – အဲဒီကိစ္စမှာ ရိုဟင်ဂျာအပေါ်မှာ အာဏာပိုင်တွေ အမြင်စောင်းနေတယ်လို့ ကျွန်တော်ယူဆတယ်။ ဒီပြက္ခဒိန်ကလည်း ရိုဟင်ဂျာ ပြက္ခဒိန်ဆိုပြီး ထုတ်လိုက်တာကိုး။   တစ်လျှောက်လုံးမှာ အစ္စလမ်အပေါ်မှာ အစိုးရကိုယ်တိုင်က အထင်မြင်လွဲ၊ အမြင်စောင်းတယ်လို့တော့ ကျွန်တော်ယူဆတယ်။ ဒါကတော့ ဒီအစိုးရမပြောင်းမချင်း ရှိနေဦးမှာပဲ။

    မေး –  လတ်တလောမှာပဲ ရခိုင်ပြည်နယ်၊ ရမ်းဗြဲက မှတ်ပုံတင်ရပြီးသား အစ္စလမ်ဘာသာဝင်တွေ ရန်ကုန်ရောက်လာတာကို နေရပ်ပြန်ပို့ဖို့ကိစ္စတွေ ဖြစ်နေတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
    ဖြေ –  လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောရမယ်။ နိုင်ငံသားအခွင့်အရေးကိုလည်း ချိုးဖောက်လိုက်တာပဲ။ နိုင်ငံသား တစ်ယောက်သည် မြန်မာနိုင်ငံအတွင်းမှာ ဘယ်နေရာပဲဖြစ်ဖြစ် သွားလာခွင့်ရှိမယ်။   ကျွန်တော် မြောင်းမြကနေ ရန်ကုန်ကို ပြောင်းလာတာ ၁ နှစ်ခွဲကျော်ပြီ။ ဒါပေမယ့် ကျွန်တော့်ကို မြောင်းမြကနေ ရန်ကုန်ကို  အိမ်ထောင်စုစာရင်းပြောင်းဖို့မှာ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က ပြောင်းရွှေ့ခွင့်မပြုတော့ ဒါတွေက လူ့အခွင့်အရေးကို တော်တော်ကြီး ချိုးဖောက်တာလို့ မြင်တယ်။

    မေး –  လဝကမှာ  ဘာတွေပြောင်းလဲဖို့လိုမယ် လို့ သုံးသပ်မိလဲ။
    ဖြေ – တော်တော်များများကို ပြောင်းဖို့လိုတယ်။       လဝကမှာ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုး ပျောက်မှာဆိုတဲ့ ဆောင်ပုဒ်က အစ္စလမ်တွေကို အထင်မြင်လွဲပြီး လုပ်လာတယ်လို့ ပေါ်လာတယ်။ ဒါတွေက နည်းနည်း အစွန်းရောက်တယ်လို့ ပြောရမယ်။    ဒီဆောင်ပုဒ်က ရန်လိုတဲ့သဘောဖြစ်နေတယ်။

    လဝကရဲ့ မညီမျှတဲ့ လုပ်ရပ်တွေကြောင့် မြန်မာစကား လုံးဝ မတတ်တဲ့သူက နိုင်ငံသား လက်မှတ်ရပြီးတော့ မြန်မာစကားကောင်းကောင်း တတ်ပြီး၊ မြန်မာနိုင်ငံမှာ နှစ်များစွာနေလာတဲ့သူက အခုထက်ထိ FRC (နိုင်ငံခြားသား လက်မှတ် ကိုင်ဆောင်သူ) ဖြစ်နေသေးတာ။  အားလုံးကို မျှမျှတတနဲ့ လုပ်ပေးဖို့ နောက်အစိုးရ တော်တော်လေး လုပ်ယူရမယ် လို့ မြင်တယ်။ ဒီလိုလုပ်ဖို့လည်း တိုက်လည်းတိုက်တွန်းတယ်။   ။

    http://www.myanmar-now.org/my/news/i/?id=dac70c02-7ac5-48a4-8c8b-e9a75c326a3e