News @ M-Media

Blog

  • အစ္စရေးကို ကာကွယ်ပေးရန် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က အသင့်ပြင်ထား

    အစ္စရေးကို ကာကွယ်ပေးရန် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က အသင့်ပြင်ထား

    သြဂုတ် ၁၃၊ ၂၀၂၄
    M-Media

    (လေယာဥ်တင်သင်္ဘော Abraham Lincoln ပါ၀င်သည့် အမေရိကန် တိုက်ခိုက်ရေး ရေယာဥ်အုပ်)

    -ပါလက်စတိုင်းမှာ ၁၀ လအတွင်း လူ ၄ သောင်းနီးပါးကို သတ်ဖြတ်ထားတဲ့ အစ္စရေးကို အီရန်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် အမေရိကန်က အစ္စရေးကို ကာကွယ်ပေးဖို့ အသင့်ပြင်ထားပါတယ်။

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာကို ဇူလိုင်လ ၃၁ ရက်နေ့ အီရန်မှာ အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အီရန်၊ လက်ဘနွန်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ အခုတစ်ပတ်ထဲမှာပဲ ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောတစ်စီးနဲ့ လေယာဥ်တင်သင်္ဘော USS Abraham Lincoln တို့ ပါ၀င်တဲ့ ရေယာဥ်အုပ်ကို မြေထဲပင်လယ်ထဲကို စေလွှတ်လိုက်ပါတယ်။

    အမေရိကန် ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်၊ အိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန်ကီဘရီတို့က အမေရိကန်ဟာ အစ္စရေးကို ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးကို လက်တုန့်မပြန်ဖို့ ပြင်သစ်၊ ဂျာမနီနဲ့ ယူကေတို့ရဲ့ တိုက်တွန်းမှုကို အီရန်ကလည်း ပယ်ချထားပါတယ်။

    ဒီတိုက်တွန်းမှုဟာ အစ္စရေးကို ပ,စားပေးတဲ့ သဘောမျိုး ဆောင်နေကြောင်း၊ အစ္စရေးက ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ ကန့်ကွက်တားဆီးတာမျိုး မရှိဘဲ၊ အချုပ်အခြာအာဏာ ထိခိုက်ခံရတဲ့ အီရန်က လက်တုန့်ပြန်ဖို့ ဆောင်ရွက်မှုကို ဟန့်တားနေတာဟာ ကျိုးကြောင်း လျော်ညီမှုမရှိကြောင်း အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာရ် ကာနာနီက တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera


  • အိမ်သာသန့်ဆေးရည်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ထိုင်းနိုင်ငံမှ သားအမိ ၃ ဦး

    အိမ်သာသန့်ဆေးရည်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ထိုင်းနိုင်ငံမှ သားအမိ ၃ ဦး

    သြဂုတ် ၁၃၊ ၂၀၂၄
    M-Media

    -ထိုင်းနိုင်ငံ ချွန်ဘူရီမြို့မှာ အိမ်သာသန့် ဆေးရည်နဲ့ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်တို့ ဓာတ်ပြုရာကနေ ထွက်လာတဲ့ အဆိပ်ငွေ့ကြောင့် သားအမိ ၃ ဦး သေဆုံးတဲ့ ဖြစ်ရပ်တစ်ခု သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

    အသက် ၆၀ အရွယ် ရဲအရာရှိ အမျိုးသမီး၊ အသက် ၃၄ နှစ်နဲ့ ၂၅ နှစ်အရွယ် သမီး ၂ ဦး စုစုပေါင်း သုံးဦးတို့ကို ရဲလိုင်းခန်းက သူတို့နေထိုင်ရာအခန်းရဲ့ ရေချိုးခန်းမှာ သေဆုံးလျက် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

    သေဆုံးသူတွေဟာ ပါးစပ်ကနေ အမြှုပ်ထွက်နေပြီး၊ လက်သည်းတွေလည်း နီနေကာ၊ သူတို့ဘေးနားမှာ အိမ်သာသန့် ဆေးရည်နဲ့ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက် အထုပ်ကို တွေခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကနဦး စုံစမ်းစစ်ဆေးမှုအရ အိမ်သာသန့် ဆေးရည်နဲ့ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်အမှုန့်တို့ ဓာတ်ပြုရာကနေ ထွက်လာတဲ့ အဆိပ်ငွေ့ကြောင့် သေဆုံးရတာလို့ ထုတ်ပြန်ထားပါတယ်။

    အိမ်သာသန့်ဆေးရည်မှာ ပါ၀င်တဲ့ ဓာတုပစ္စည်းဟာ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်နဲ့ ဓာတ်ပြုရင် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတဲ့ အဆိပ်ဓာတ်ငွေ့ တစ်မျိုးကို ထွက်စေပါတယ်။ ဒီအငွေ့ကို ရှူမိရင် မူးမေ့တတ်ပြီး လေလုံနေတဲ့ အခန်းမျိုးမှာဆို သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

    Ref: The Star

  • ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမည်ဟု ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာပြော

    ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမည်ဟု ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာပြော

    သြဂုတ် ၁၁၊ ၂၀၂၄
    M-Media

    -ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာက သူမ ရာထူးက ဆင်းပေးလိုက်ရမှုအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ပြီး ပြည်တော်ပြန်မယ်လို့လည်း ကတိပြု ပြောကြားလိုက်ပါတယ်။

    နိုင်ငံလွတ်လပ်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူတွေရဲ့ မျိုးဆက်ကို အစိုးရအလုပ်အကိုင် ခွဲ၀ေပေးမယ့် ဟာဆီနာရဲ့ ကြိုးပမ်းမှုကို ပြည်သူတွေက မကျေနပ်ရာကနေ ဆန္ဒပြပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ ၀န်ကြီးချုပ်ဟာဆီနာ ရာထူးကဆင်းကာ အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။

    အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟာဆီနာက စိန့်မာတင်ကျွန်းမှာ စစ်စခန်းလုပ်မယ့် အမေရိကန်ရဲ့ တောင်းဆိုမှုကို သူမက လက်မခံတဲ့အတွက် အမေရိကန်က သူမ ပြုတ်ကျအောင် ဆောင်ရွက်လိုက်တာလို့ ထွက်ပြေးရပြီးနောက်ပိုင်း ပထဆုံးထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ တောင်းဆိုချက်ကိုသာ လိုက်လျောခဲ့ရင် အခုအချိန်အထိ အာဏာရှိနေအုံးမယ်လို့လည်း သူမက ဆိုပါတယ်။ အမေရိကန်ဖက်ကတော့ ဟာဆီနာရဲ့ အခုပြောကြားမှုအတွက် မှတ်ချက်မပေးသေးပါဘူး။

    သူမရဲ့ ကြေငြာချက်မှာ တိုင်းပြည်ကို မကြာခင် ပြန်မယ်လို့ ကတိပြုခဲ့ပြီး သူမရဲ့ပါတီ Awami League က လည်း ပြန်လည်အောင်မြင်လာနိုင်မယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Arab News

  • တောင်ကိုရီးယား ခြစားမှုတိုက်ဖျက်ရေးအရာရှိ ထူးဆန်းစွာ သေဆုံး

    တောင်ကိုရီးယား ခြစားမှုတိုက်ဖျက်ရေးအရာရှိ ထူးဆန်းစွာ သေဆုံး

    သြဂုတ် ၁၁၊ ၂၀၂၄
    M-Media

    -တောင်ကိုရီးယား သမ္မတကတော် ကင်ကွန်ဟီ၊ အတိုက်အခံခေါင်းဆောင်ဟောင်း လီဂျယ်မြွန်တို့ ပါ၀င်တဲ့ ခြစားမှုကိစ္စတွေကို စုံစမ်းစစ်ဆေးမှုမှာ ပါ၀င်သူ အကြီးတန်းအရာရှိတစ်ဦးကို သြဂုတ်လ ၉ ရက်နေ့က နေအိမ်မှာ သေဆုံးလျက် တွေ့ခဲ့ရပါတယ်။

    ခြစားမှုတိုက်ဖျက်ရေးဗျူရိုရဲ့ ညွှန်ချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေတဲ့ အဲဒီအရာရှိဟာ ရုံးကိုမလာတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တစ်ဦးက နေအိမ်ကို သွားရောက်ကြည့်ရှုရာမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ မိမိကိုယ်ကို သတ်သေကြောင်း သေဆုံးသူက စာချန်ထားခဲ့ပြီး အာဏာပိုင်တွေက သေဆုံးရခြင်း အကြောင်းအရင်းကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    ဇန်န၀ါရီလက လီဂျယ်မြွန် ပုဂ္ဂလိကရဟတ်ယာဥ် ငှားယမ်းအသုံးပြုတဲ့ကိစ္စ၊ သမ္မတကတော် ဒေါ်လာ ၁၀၀၀၀ တန် လက်ကိုင်အိတ် လက်ဆောင်ယူထားတဲ့ကိစ္စတွေ အပါအ၀င် နိုင်ငံရေး ထိပ်ပိုင်းအလွှာကသူတွေရဲ့ ခြစားမှု သံသယ ကိစ္စတော်တော်များများကို စုံစမ်းစစ်ဆေးမှုမှာ ဒီအရာရှိက ပါ၀င်ပတ်သက်နေပါတယ်။

    လက်ကိုင်အိတ်ကိစ္စမှာ သမ္မတကတော် အပြစ်မရှိဘူးလို့ ခြစားမှုတိုက်ဖျက်ရေးဗျူရိုက ဆုံးဖြတ်ခဲ့ပေမယ့် ဒီအမှုကို ပိတ်ဖို့ ထိပ်ပိုင်းအရာရှိတွေက ဖိအားပေးခဲ့ကြောင်း၊ ဒီစိတ်ဖိစီးမှုတွေကြောင့် ဘ၀ဖြတ်သန်းရာမှာ အလွန်ခက်ခဲနေကြောင်း အရာရှိက သူငယ်ချင်းတစ်ယောက်ကို မသေခင်မှာ ဖုန်းဆက်ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

    Ref: New Strait Times

  • ယူဂန်ဒါတွင် ဧရာမအမှိုက်ပုံ ပြိုကျမှုဖြစ်ပြီး အနည်းဆုံး လူ တစ်ဒါဇင် သေဆုံး

    ယူဂန်ဒါတွင် ဧရာမအမှိုက်ပုံ ပြိုကျမှုဖြစ်ပြီး အနည်းဆုံး လူ တစ်ဒါဇင် သေဆုံး

    သြဂုတ် ၁၁၊ ၂၀၂၄
    M-Media

    -အာဖရိက ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာမှာ သြဂုတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းက ဧရာမ အမှိုက်ပုံကြီး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    မြို့တွင်းက အမှိုက်တွေကို ဆယ်စုနှစ်ချီ စုပုံလွှင့်ပစ်ထားတာကြောင့် အဲဒီအမှိုက်ပုံကြီးဟာ တောင်သဖွယ် ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှိုက်ပုံကြီး ပြိုကျကာ ပတ်၀န်းကျင်မှာရှိတဲ့ လူနေအိမ်တွေကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

    ပြိုကျလာတဲ့ အမှိုက်ပုံထဲ ပိတ်မိ ပျောက်ဆုံးနေသူတွေလည်း ရှိနေပြီး အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    ဒီအမှိုက်ပုံကြီးဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အိုးအိမ်ကို တစ်ချိန်မှာ ထိခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက နှစ်ပေါင်းများစွာ သတိပေးထားခဲ့ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters