News @ M-Media

Blog

  • တရုတ်စစ်တပ်က တပ်မဟာသစ် ၃ ခု ဖွဲ့စည်း

    တရုတ်စစ်တပ်က တပ်မဟာသစ် ၃ ခု ဖွဲ့စည်း

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    ch

    – တရုတ်စစ်တပ်မှာ တပ်မဟာသစ် ၃ ခုကို ထပ်မံဖွဲ့စည်းလိုက်ပြီး အဆိုပါတပ်မဟာများတွင် လက်နက်ကိရိယာများကို အဆင့်မြှင့်တင်ပေးမည်ဖြစ်ကာ စစ်ဌာနချုပ်ကိုလည်း ခေတ်မီအောင် ဆောင်ရွက်သွားမည်ဟု သမ္မတဇီကျင်ပင်းက ကြေညာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

    သမ္မတ၏ စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ အရှေ့နှင့် တောင်တရုတ်ပင်လယ်များ၌ နယ်မြေအငြင်းပွားမှု ကိစ္စများတွင် ပြင်းပြင်းထန်ထန် တောင်းဆိုလာမှုနှင့်အတူ တိုက်ဆိုင်စွာ ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ တရုတ်ရေတပ်မတော်တွင် ရေငုပ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများဖြင့် အားဖြည့်နေပြီး လေတပ်မှာလည်း ကိုယ်ပျောက်တိုက်လေယာဉ်များကို ဖန်တီးလျက်ရှိနေသည်။

    ကြာသာပတေးနေ့တွင် ဇီဂျင်ပင်းမှာ ကြည်းတပ်အတွက် စစ်ဌာနချုပ်အသစ်၊ ဒုံးကျည်တပ်မဟာနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်အတွက် ဗဟာဗျူဟာ ထောက်ပံ့ရေး တပ်မဟာတို့ ဖွဲ့စည်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဒုံးကျည်တပ်မဟာမှာ နိုင်ငံ၏ နျူကလီးယား လက်နက်များကို ကိုင်တွယ်ထိန်းချုပ်မည်ဖြစ်သည်။

    တရုတ်နိုင်ငံမှာ စစ်တပ်သုံးယာဉ်၊ လက်နက်၊ ကိရိယာများကို အဆင့်မြှင့်တင်မှုများကို လျှင်မြန်စွာလုပ်ကိုင်ဆောင်ရွက်နေသည်။ သို့သော် နယ်မြေအလိုက်ဖွဲ့စည်းထားသည့် တပ်ခွဲများတွင် ရှုပ်ထွေးသောစနစ်များကို အဆင့်မြှင့်တင်ရေးသည် အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

    စစ်တပ်အတွင်း ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များမှာ အငြင်းပွားစရာများဖြစ်ပေါ်နေပြီး တပ်ပိုင်သတင်းစာကလည်း ပြုပြင်ပြောင်းလဲရေးကိစ္စများအပေါ် အတိုက်အခံများ၏ သတိပေးချက်၊ မှတ်ချက်များကို ရေးသားထုတ်ဝေခဲ့ကာ အလုပ်အကိုင် ဆုံးရှုံးမှုများအတွက်လည်း စိုးရိမ်မှုများရှိနေကြောင်း ဖော်ပြရေးသားခဲ့သည်။

    သမ္မတဇီကျင်ပင်းကမူ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက် အမြစ်မှလှန်၍ သုတ်သင်အရေးယူလျက်ရှိပြီး အရာရှိဒါဇင်ပေါင်းများစွာကို စုံစမ်းဖော်ထုတ်ကာ ထောင်သွင်းအကျဉ်းချခဲ့သည်။

    Ref : Channelnewsasia

  • အက်သလက်တီကိုမှာ လာလီဂါဖလားကို စိန်ခေါ်နိုင်သည်ဟု ဘာကာနည်းပြပြော

    အက်သလက်တီကိုမှာ လာလီဂါဖလားကို စိန်ခေါ်နိုင်သည်ဟု ဘာကာနည်းပြပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    baca

    – အနီးကပ်ဆုံးပြိုက်ဘက်ဖြစ်သော အက်သလက်တီကိုမက်ဒရစ်မှာ ယခုနှစ်တွင်လည်း လာလီဂါဆုဖလားအား စိန်ခေါ်နိုင်ချေရှိသည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဒီယေဂိုဆီမြွန်နီ၏ အသက်လက်တီကိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီက ဘာကာနှင့် ရီးယဲတို့ကို ကျော်ဖြတ်ကာ လာလီဂါချန်ပီယံဆုအား ဆွတ်ခူးနိုင်ခဲ့သည်။ ယခုနှစ်အတွင်လည်း ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး ရီးယဲလ်အား တစ်ပွဲလျော့ဖြင့် ၂ မှတ်ဖြတ်ထားနိုင်သည်။ ဘာကာနည်းပြကမူ အက်သလက်တီကိုမှာ ယခုနှစ်တွင်လည်း ဆုဖလားအား စိန်ခေါ်နိုင်သည့်အသင်း ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

    ”အက်သလက်တီကိုဟာ ဆုဖလားအတွက် စာရင်းထဲမှာ ပါဝင်တယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူတို့ဘယ်လောက်ကောင်းလဲဆိုတာကို ပြသခဲ့ပြီးပါပြီး၊ အမှတ်ပေးဖလားကို သူတို့ စိန်ခေါ်နိုင်တယ်ဆိုတာ ကျွန်တော် သေချာပါတယ်” ဟု လူးဝစ်အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ အောင်မြင်မှုကို ပိုမိုဆာလောင်နေသော်လည်း မနှစ်ကကဲ့သို့ ဖလား ၃ လုံး ရရှိရန်အတွက်မူ မျှော်လင့်မထားဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ စီမံကိန်းကြီးနှစ်ခု လုပ်ပိုင်ခွင့်ကို တရုတ်ရရှိ

    ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ စီမံကိန်းကြီးနှစ်ခု လုပ်ပိုင်ခွင့်ကို တရုတ်ရရှိ

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media

    kyauphyu

    – မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အထူးစီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ရေးအတွက် စီမံကိန်းနှစ်ခုကို တရုပ်ကုမ္ပဏီ CITIC Group Corporation က ဦးဆောင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အုပ်စုကြီးက ရရှိခဲ့သည်ဟု သိရသည်။

    လုပ်ပိုင်ခွင် ရရှိခဲ့သည့် စီမံကိန်းများမှာ ဘင်္ဂလားပင်လယ်အော်တွင် ရေနက်ဆိပ်ကမ်းဆောက်လုပ်ခြင်းနှင့် စက်မှုဇုန်
    ဖော်ဆောင်ပေးခြင်းတို့ ဖြစ်သည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ စီမံကိန်းနှစ်ခုစလုံးမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဖြင့် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်မည့် အစီအစဉ်တွင် ပါဝင်သည်။

    တရုတ်မှာ လက်ရှိတွင် ကျောက်ဖြုဒေသမှ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို မြန်မာနိုင်ငံအား ကန့်လတ်ဖြတ်၍ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည်။

    CITIC မှာ စီးပွားရေးကုမ္ပဏီ ၅ ခု ပူးပေါင်းထားသည့် လုပ်ငန်းစုကြီးဖြစ်ပြီး လေးခုမှာ တရုတ်အခြေစိုက် ကုမ္ပဏီများ ဖြစ်ကာ ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုသာ ပါဝင်သည်။

    အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ဒေသခံပြည်သူများအပေါ် အနှုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများသာ ရှိမည်ဟု တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်အမတ်များက ကန့်ကွက်နေသော်လည်း လွှတ်တော်က အင်္ဂါနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    Ref: Reuters

  • ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် အစ္စရေးဝန်ကြီးချုပ်ဇနီး စစ်ဆေးခံနေရ

    ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် အစ္စရေးဝန်ကြီးချုပ်ဇနီး စစ်ဆေးခံနေရ

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    nay

    – အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ဇနီး ဆာရာ နေတန်ယာဟုကို ပြည်သူ့ဘဏ္ဍာများ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း သံသယရှိသဖြင့် ရဲတပ်ဖွဲ့က မေးမြန်းစုံစမ်းခဲ့သည်ဟု သိရသည်။

    ဆာရာမှာ ကြာသပတေးနေ့က တဲလ်အဗီးမြို့ အရှေ့ဘက်ရှိ လုဒ်မြို့မှ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးဌာနသို့ ရောက်ရှိခဲ့ကာ ကမ်းရိုးတမ်းမြို့ဖြစ်သော ဆီစာရီယာတွင်ရှိသည့် ၎င်းတို့ဇနီးမောင်နှံနှစ်ဦး၏ သီးသန့်အိမ်တစ်လုံးကို ထိန်းသိမ်းပြုပြင်ခြင်းနှင့် ပရိဘောဂအသစ်များ ၀ယ်ထည့်ရာတွင် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစား ပြုခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခံခဲ့ရသည်။

    ထို့ပြင် ဆာရာမှာ ဂျေရုဆလင်မြို့ရှိ အစိုးရအိမ်ယာတွင် နေထိုင်စဉ် ကွယ်လွန်သူဖခင်၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အခွန်ငွေများကို ယူသုံးထားသည်ဟု သံသယ၀င်ခံရသူလည်း ဖြစ်သည်။

    နိုင်ငံ၏ တရားဝင် စောင့်ကြည့်ရေးအဖွဲ့တစ်ခုက နေတယာဟု ဇနီးမောင်နှံနှစ်ဦးမှာ ပြည်သူ့ဘဏ္ဍာ အမြောက်အများကို အလွဲသုံးစား ပြုထားသည်ဟု အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်း အစ္စရေးရဲတပ်ဖွဲ့က ယခုကဲ့သို့ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်ကလည်း နေတန်ယာဟုမှာ ကိုင်ယာဟု အမည်ရသည့် ၎င်းမွေးထားသော ခွေး၏ ကုန်ကျစားရိတ်အတွက် ပြည်သူ့ဘဏ္ဍာမှ ကျခံသုံးစွဲရန် တောင်းခံခဲ့သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါခွေးမှာ ဒီဇင်ဘာလအစောပိုင်းက နေတန်ယာဟုပြုလုပ်ခဲ့သည့် ပါတီတစ်ခုတွင် ဧည့်သည်နှစ်ဦးအား ကိုက်ခဲ့သည်။

    နေတန်ယာဟုမှာ ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်သည်ဆိုသည့် စွပ်စွဲမှုများကို မကြာခဏ ခံခဲ့ရသည်။

    Ref: Al-jazeera

  • အိုဇေးလ်ဒဏ်ရာရမည်ကို ၀င်းဂါး စိုးရိမ်နေ

    အိုဇေးလ်ဒဏ်ရာရမည်ကို ၀င်းဂါး စိုးရိမ်နေ

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    ozil

    – အသင်းကွင်းလယ်ကစားသမားဖြစ်သူ မီဆု အိုဇေးလ်မှာ ဒဏ်ရာရမည့်အန္တရာယ် ရှိနေသော်လည်း ၎င်းအား အနားပေးလိုက်ပါက အသင်းအတွက် ပေးဆပ်မှု များသွားလိမ့်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ပုံစံကောင်းပြသနေသည် အာဆင်နယ်တွင် အိုဇေးလ်မှာ အမာခံကစားသမား ဖြစ်နေသည်။ အသင်းရှိ အဓိက ကစားသမားများမှာ ပွဲဆက်များနေမှုကြောင့် ဒဏ်ရာရမည့်အန္တရာယ် ရှိနေပြီး တိုက်စစ်မှူး အလက်ဇစ်ဆန်းချက် ဒဏ်ရာရမည်ဟု စိုးရိမ်ကြောင်း မကြာသေးမီက ၀င်းဂါးမှ ပြောကြားခဲ့ပြီးနောက် အမှန်တကယ်ပင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည်။ ၀င်းဂါးကမူ အိုဇေးလ်အတွက်ပါ စိတ်ပူနေသည်။

    ”အခုအချိန်မှာ သူ(အိုဇေးလ်)ဟာ လေ့ကျင်မှုအများကြီး မလုပ်ပါဘူး။ ပွဲဆက်တွေကြားထဲမှာ သူ့ကို ကျွန်တော်တို့ အများကြီး အနားပေးထားပါတယ်။ နိုင်ငံတကာပွဲသီတင်းပတ်မှာ ကျွန်တော်ဟာ သူ့ကို တစ်ပတ် အားလပ်ရက်ပေးထားပါတယ်။ သူဟာ ပုံမှန်ကြံ့ခိုက်မှုလောက်ပဲလိုတဲ့ ကစားသမားတစ်ဦးပါ။ သူ ကစားချင်နေပါတယ်။ ကစားသမားတွေက ပုံစံမျိုးစုံရှိပါတယ်။ တစ်ခါတစ်ရံမှာ နည်းစနစ်ပိုင်းဆိုင်ရာ အကျွမ်းကျင်ဆုံးကစားသမားတစ်ဦးဟာ ကစားဖို့အတွက် စွမ်အင်အများကြီး မလိုအပ်ပါဘူး။ ဒါဟာ သူတို့အတွက် သဘာဝပါပဲ” ဟု အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    သို့သော်လည်း ပွဲထွက်ကစားသမားများကို အသင်းမှ ချန်လှပ်ထားခြင်းမှာလည်း လွယ်ကူသောအလုပ်မဟုတ်ဟု ဆိုသည်။

    ”ပရီးမီးယားလိဂ်ဟာ သိပ်ပြီးပြင်းထန်တယ်။ သေရေးရှင်ရေးပွဲတွေမှာ ကစားသမားတွေကို ချန်ထားရင် တစ်ခြား ကစားသမားတွေက သို့လောသို့လောဖြစ်နေမယ်။ ခင်ဗျားကိုတော့ မပြောဘူးပေါ့။ ဒါပေမယ့် ဘာကြောင့် ဒီလိုချန်ထားတာလဲဆိုတာ သူတို့ စဉ်းစားနေလိမ့်မယ်။ ချန်လှပ်ထားခံရတဲ့ကစားသမားကိုယ်တိုင်ကလည်း ဒီလိုပဲ တွေးနေပါလိမ့်မယ်” ဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal