
Blog
-
ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း
အလုပ်အကိုင် ရှာဖွေဖို့နဲ့ ကျောင်းတက်ဖို့အတွက် လာကြတဲ့ မြန်မာနိုင်ငံသား မှတ်ပုံတင်ရထားပြီးသား ရခိုင်ပြည်နယ်တွင်းက ကမန်တိုင်းရင်းသား ဒုက္ခသည်တွေကို လူဝန်မှုကြီးကြပ်ရေးဌာန ကနေ နေရပ်ရင်းကို ပြန်ခိုင်းနေပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ် အပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရခိုင်လူမျိုးနဲ့ ကမန်လူမျိုး တိုင်းရင်းသားတွေထဲက နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသား လူ ၂၀ ကျော်ဟာ ကျောင်းတက်ဖို့နဲ့ အလုပ်အကိုင်ရှာဖွေဖို့အတွက် နေရပ်ကနေ ထွက်ခွာလာခဲ့ပြီး ရန်ကုန်ကို ရောက်ရှိလာခဲ့တာ ၁ လခန့် ရှိပြီ ဖြစ်ပါတယ်။ သူတို့တွေကို လူဝန်မှုကြီးကြပ်ရေး ဌာနဆိုင်ရာက တာဝန်ရှိသူတွေက နေရပ်ရင်း ကို ပြန်ခိုင်းနေတယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။“ဒီလူတွေကို ပြန်လွှတ်တယ်ဗျ။ ဘာကြောင့် ပြန်လွှတ်လဲဆိုတော့ တာမွေမြို့နယ်မှူးတို့၊ မရမ်းကုန်းမြို့နယ်မှူးတို့၊ သူတို့ကပေါ့ဗျာ တိုင်းဦးစီးက ခိုင်းတဲ့အခါ မြို့နယ်အဆင့်တွေက ဘာပြောလဲဆိုတော့ ဒီလူတွေကို ပြန်လွှတ်တော့မယ်ပေါ့နော်။ camp ထဲမှာ သတင်းမပို့လို့တဲ့ ဟ ခင်ဗျားက သတင်းပို့ရလောက်အောင် ကျုပ်တို့က အကျယ်ချုပ် ကျနေတာမှ မဟုတ်ဘဲလို့။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံတော်ကလည်း ဒီလူတွေ မှတ်ပုံတင် ပေးထားတာလည်း အများကြီးပဲလို့။ အဲဒီမှာ ကျောင်းသားတွေ ပါတယ်ဗျာ။ ကျောင်းမတက်ရတာ ဆယ်တန်းအောင်ပြီး ၄ နှစ်ရှိပြီလို့။ ဂုဏ်ထူး ၃ ဘာသာ၊ ၄ ဘာသာ ပါတဲ့ကလေးတွေ ၄ နှစ်ရှိပြီ။ စာမသင်ရတာ။ နောက်တခါ အလုပ်အကိုင်လုပ်နိုင်တဲ့ ကျန်းမာရေးသန်စွမ်းတဲ့ ကလေးတွေကလည်း ယောကျာ်းလေးတွေကလည်း ၁၀ ယောက်ကျော်ကျော်လောက် ရှိတယ်ဗျာ။ ဒီလူတွေလည်း အဲဒီစခန်းထဲမှာ တနေ့ကို ဆန်တဗူးနဲ့ တလကို ဆီတပုလင်းနဲ့ ဒါနဲ့ပဲ နေလာတာလည်း ၄ နှစ်ကျော်ပြီ။ အစိုးရကိုလည်း ကျနော်တို့ တင်ပြတာ၊ တင်ပြတာ၊ တင်ပြတာ ဆိုရင် တင်ပြတာပဲ အဖတ်တင်တယ်။ ဘာမှ ဖြစ်မလာဘူး။ ဘာဖြစ်လို့လဲ ကျနော်တို့က ပြစ်မှုတစုံတရာ ကျူးလွန်ပြီးတော့ အိမ်တွေ၊ ယာတွေ အကုန် မီးရှို့ဖျက်ဆီးခံရပြီးတော့ တခါ ကျနော်တို့ကို စခန်းထဲ ထည့်ရလောက်အောင် ကျနော်တို့က ဘင်္ဂါလီ မဟုတ်ဘူး။ ကျနော်တို့က တိုင်းရင်းသားတွေ။ ခိုးလာတာမဟုတ်ဘူး။ ရမ်းဗြဲကနေ သံတွဲကို ကားစီးတယ်။ သံတွဲကနေ လေယာဉ်ပျံနဲ့ ရန်ကုန်ကို လာကြတာ။”ရန်ကုန်ကို ရောက်လာသူတွေထဲမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ကမန် အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ပြီး သူတို့တွေဟာ အရင်က အိုးအိမ်တွေရှိခဲ့ပေမဲ့ ပဋိပက္ခတွေအတွင်း မီးရှို့ဖျက်ဆီးခံ လိုက်ရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဒုက္ခသည်စခန်းမှာ နေထိုင်စရာ အိုးအိမ်တွေလည်း ပျက်စီးနေပြီဖြစ်သလို စားသောက်ရေး ခက်ခဲနေတဲ့အတွက် လ၀က က ပြန်ခိုင်းပေမဲ့ ပြန်မှာမဟုတ်ဘူးလို့  ရခိုင်ဗုဒ္ဓဘာသာဝင်ေ ဒ်ါဆိပ်ကေ က ဆိုပါတယ်။“သူတို့ ပြန်ခိုင်းပါစေ။ ကျမတို့ မပြန်ဘူး။ အရင်က အိမ်ရှိတယ် ကျမတို့မှာ အရေးအခင်းမဖြစ်ခင်က။ ဒီလို မီးရှို့ ဒုက္ခသည်တွေ အိမ်မရှိတော့ဘူး။”ဒီလူတွေကို နေရပ်ရင်းကို ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ ကမန်အမျိုးသားတိုးတက်ရေး ပါတီကတော့ နိုင်ငံတော် က တာဝန်ရှိသူတွေကို တရားဝင် စာပို့ထားတယ်လို့ ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။“ကျနော်တို့ တာဝန်ယူပါတယ်။ တာဝန်ခံပါတယ်ဆိုပြီး ကျနော်က ပါတီကစာနဲ့ တရားဝင် စာပို့တယ်ဗျ။ ဒါလည်း မပြီးသေးဘူးဗျ။ ကျနော်တို့ကို တခါ ဒီလူတွေ ဘယ်မှာနေလဲ။ လိပ်စာတွေ၊ ဘာတွေ မေးတယ်ဗျာ။ မိတော့တခါ ကျနော်တို့ကလည်း တိုင်းရင်းသားပဲ။ ဘာကြောက်စရာရှိသလဲ ဒါ ကျနော်တို့ နိုင်ငံပဲလေ။ လ၀က က နေ့တဓူဝ မေးလာတဲ့အခါ ခင်ဗျားတို့ ဒီလောက် အရေးတကြီးဖြစ်အောင် ဘာကြောင့် မေးရတာလဲလို့။ ကျနော်က မေးတဲ့အခါ သူတို့က သူတို့ ပြန်လွှတ်မယ်လို့ ပြောတယ်ခင်ဗျ။ ဟ ခင်ဗျားတို့ ဒါ ဥပဒေကို ချိုးဖောက်တာပဲ။ နိုင်ငံသားတယောက်ကို အဲ့လို လုပ်ပိုင်ခွင့်ရှိသလားလို့ မေးတဲ့အခါ အခု နိုင်ငံတော်သမ္မတကြီး ကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း လ၀က ဦးစီးကိုရော ကျနော်တို့ တရားဝင် စာတင်ထားပါတယ်။”ဒီကိစ္စနဲ့ပတ်သက်လို့ နေရပ်ရင်းကို ပြန်ခိုင်းတဲ့ လ၀က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ အခုလက်ရှိ ရန်ကုန်ကိုရောက်ရှိလာကြတဲ့ ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းက လာကြသူတွေဟာ မကြာသေးခင်က နေပြည်တော်ကပြုလုပ်ပေးတဲ့ မိုးပွင့်စီမံချက်အရ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိထားသူများ ဖြစ်တယ်လို့လည်း ပြောပြကြပါတယ်။VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။http://burmese.voanews.com/content/rakhine-kaman-refugee/3110659.html -
ကမ္ဘာ့တစ်ဝှမ်း ရွှေ့ပြောင်းနေထိုင်သူအရေအတွက် သိသိသာသာ တိုးလာနေ
ဒီဇင်ဘာ ၂၀၊ ၂၀၁၅
M-Media– နိုင်ငံတကာတွင် ပြောင်းရွှေ့နေထိုင်သူများ အရေအတွက်မှာ ယခုနှစ်တွင် ၂၄၄ သန်းထိ မြင့်တက်လာခဲ့ပြီး စီးပွားရေးလိုအပ်ချက်၊ ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုကောင်းမွန်သောဘ၀တွင် နေထိုင်လိုသော ဆန္ဒများက လူများကို ပိုမို၍ ရွှေ့ပြောင်းစေသည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။
ထိုပမာဏမှာ ၂၀၀၀ ပြည့်နှစ်မှစ၍ရေတွက်လျှင် ရာခိုင်နှုန်း ၄၀ ကျော် တိုးပွားလာခြင်းလည်းဖြစ်သည်။ ကမ္ဘာအနှံ့ ရွှေ့ပြောင်းနေထိုင်သူ တစ်ဝက်နီးပါးမှာ အာရှတိုက်တွင် မွေးဖွားသူများဖြစ်ပြီး လူပေါင်း တစ်နှစ်လျှင် ၁ ဒသမ ၇ သန်းခန့် နှစ်စဉ်ရွှေ့ပြောင်းတတ်ကြသည်ဟု ကုလ၏ စီးပွားရေးနှင့် လူမှုရေးရာဌာနက ထုတ်ပြန်သော အစီရင်ခံစာတွင် ပါရှိသည်။
ယခုနှစ်တွင် ဥရောပ၌ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူပေါင်း ၉ သိန်းနီးပါးရှိပြီး ၎င်းတို့အနက်မှ တစ်ဝက်ခန့်သည် ဆီးရီးယားတွင် စစ်ဘေးဒဏ်ခံရသောကြောင့် ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ယခုလအစောပိုင်းတွင် ပြောကြားလိုက်သည်။
အဆိုပါရွှေ့ပြောင်းနေထိုင်ကြသူများမှာ ၎င်းတို့၏ အမိနိုင်ငံအား စွန့်ခွာကာ အန္တရာယ်များသည့် ခရီးစဉ်ဖြင့် လာရောက်ခြင်း ဖြစ်သောကြောင့် ၎င်းတို့အား ကာကွယ်ပေးရန်၊ လူမှောင်ခိုကူးမှုများကို တိုက်ဖျက်သွားရန် ကုလသမဂ္ဂ
လက်ထောက်အထွေထွေအတွင်းရေးမှူး ဂျန်အီလီယက်ဆင်က တောင်းဆိုခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းနေထိုင်သူများကို ခိုးဝင်များအဖြစ် ပစ်မှတ်ထား ရှုတ်ချမှုများ မပြုလုပ်၊ မဆက်ဆံသင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။နိုင်ငံတာကာတွင် ရွှေ့ပြောင်းနေထိုင်သူကြများ၏ သုံးပုံနှစ်ပုံခန့်မှာ နိုင်ငံ ၂၀ ခန့်တွင်သာ နေထိုင်လေ့ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
အများဆုံးအရေအတွက်ဖြစ်သော ၄၇ သန်းမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ပြီး ဂျာမနီတွင် ၁၂ သန်း၊ ရုရှားတွင် ၁၂ သန်း၊ ဆော်ဒီအာရေးဗီးယားတွင် ၁၀ သန်းခန့် နေထိုင်ကြသည်။
နိုင်ငံစွန့်ခွာမှု အများဆုံးနိုင်ငံမှာ အိန္ဒိယဖြစ်ပြီး ၁၆ သန်းခန့်သော လူများသည် အခြားသို့ပြောင်းရွှေ့နေထိုင်ကြသည်။ ဒုတိအများဆုံးမှာ မက္ကဆီကိုဖြစ်ပြီး၊ ရုရှားနှင့် တရုတ်တို့တွင်လည်း အထိုက်အလျောက် စွန့်ခွာမှုများ ရှိနေသည်ဟု သိရသည်။
Ref: Al Arabiya
-
ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ
ဒီဇင်ဘာ ၂၀၊ ၂၀၁၅
M-Media– ဘိုင်ယန်မြူးနစ်းနည်းပြ ဂွါဒီယိုလာမှာ တစ်ချိန်ကျလျှင် မိမိအသင်းသို့ လာရောက်နည်းပြခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
ဂွါဒီယိုလာမှာ ၎င်း၏ ဘိုင်ယန်အနာဂတ်နှင့် ပတ်သက်၍ မနက်ဖြန်တွင် ဖွင့်ဟပြောကြားမည်ဖြစ်ပြီး ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည်ဟု အများစုက ယူဆနေကြသည်။ မန်ယူနှင့် မန်စီးတီးတို့မှာ ဂွါဒီယိုလာအား ခေါ်ယူရန်အတွက် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မန်စီးတီးသို့ရောက်ရန် ပို၍ အလားအလာရှိနေသည်။
“ပက်ပ် (ဂွါဒီယိုလာ) နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောလို့မရပါဘူး။ ဒါပေမယ့် အရေးပါတဲ့ နည်းပြတိုင်းဟာ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ချင်ကြပါတယ်။ ဒီကိုမလာချင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေ့နေ့ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ အလုပ်လုပ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ မန်စီးတီးမှာ အခွင့်အရေး ရလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကိုချစ်ပြီး၊ အသင်းရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်ပါတယ်။ ပြီးတော့ သူ (ဂွါဒီယိုလာ) ဟာ အလုပ်ကောင်းကောင်းလုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
Ref: Goal
-
အမျိုးသမီးများ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းက သားသမီးမြုံစေနိုင်ကြောင်းတွေ့ရှိ
ဒီဇင်ဘာ ၂၀၊ ၂၀၁၅
M-Media– အမျိုးသမီးများ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းမှာ သားသမီးမြုံခြင်းနှင့် စောစီးစွာသွေးဆုံးမှု ဖြစ်ပေါ်နိုင်ကြောင်း လေ့လာမှုများအရ သိရသည်။
သုတေသီများက ဆေးလိပ် လုံးဝမသောက်သူ အမျိုးသမီးများနှင့် ဆေးလိပ်ငွေ့ အနည်းဆုံး ရှူရှိုက်နေရသူ အမျိုးသမီးများကို နှိုင်းယှဉ်ကြည့်ရာတွင် ဆေးလိပ်ငွေ့ကို ထိတွေ့နေရသူ အမျိုးသမီးများက ကိုယ်ဝန်မရနိုင်ချေများပြီး အသက် ၅၀ မတိုင်ခင် သွေးဆုံးနိုင်ကြောင်း လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
နယူးယောက်ရှိ ကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတာဝန်ခံ၏ ပြောကြားချက်အရ အမျိုးသမီးများတွင် ဆေးလိပ်သောက်ခြင်းနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်မှုကြား ကွင်းဆက်ကို တွေ့ရှိထားပြီးဖြစ်သည်ဟု သိရသည်။
“ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းနဲ့ မျိုးမအောင်မှု၊ အချိန်မတိုင်ခင် သွေးဆုံးနိုင်မှုတို့ ဆက်စပ်မှုရှိကြောင်း တစ်ချို့လေ့လာမှုတွေကနေ တွေ့ရှိထားပါတယ်” ဟု လေ့လာမှုက ဆိုသည်။
ဆေးလိပ်အလွန်အကျွံသောက်သော အမျိုးသမီးများက လုံးဝမသောက်သည့် အမျိုးသမီးများထက် ၂ နှစ်စောပြီး သွေးဆုံးလေ့ရှိသည်။ ဆေးလိပ်လုံးဝမသောက်သော်လည်း တစ်ဆင့်ခံရှူရှိုက်ရသည့် အမျိုးသမီး ၈၀ ရာခိုင်နှုန်းခန့်သည် မျိုးမအောင်မှုနှင့် သွေးဆုံးမှုစောခြင်းတို့ကို ပိုမိုခံစားရလေ့ရှိကြောင်း တွေ့ရှိခဲ့သည်။
Ref: Arab news
-
ဆီးရီးယားငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်တစ်ခုကို လုံခြုံရေးကောင်စီ အတည်ပြု
ဒီဇင်ဘာ ၁၉၊ ၂၀၁၅
M-Media– ဆီးရီးယားပြည်တွင်းစစ် ရပ်တန့်ရေးအတွက် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် ဇန်န၀ါရီလ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အပစ်ရပ်ရေးတို့ ဆောင်ရွက်ရန် ပါဝင်သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများက ယမန်နေ့တွင် ဆီးရီးယားအရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကုလ၏ ယခုဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့သော်လည်း မူကြမ်းနှင့်ပတ်သက်၍ အချိန်အတော်အကြာ ဆွေးနွေးငြင်းခုံခဲ့ရပြီး ရုရှားက ကန့်ကွက်မှုအများအပြား ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အဆိုပါဆုံးဖြတ်ချက်မှာ လာမည့်နှစ် ပထမ ၆ လအတွင်း အသွင်ပြောင်းအစိုးရဖွဲ့စည်းရန်နှင့် ၁၈ လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်တွင် IS အဖွဲ့နှင့် အလ်-နူဆရာတပ်ဦးတို့ကို ထည့်သွင်းမည်မဟုတ်ဟု ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် ဆီးရီးယားသမ္မတအာဆတ်၏ ကံကြမ္မာနှင့် ဆွေးနွေးပွဲတွင် မည်သည့်အတိုက်အခံအဖွဲ့များ ပါဝင်မည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိချေ။ ၎င်းတို့ နှစ်ဖက်စလုံးမှာ သဘောတူညီချက် ရရှိရန်အတွက် အဓိက အတားအဆီးများ ဖြစ်ကြသည်။
Ref: Aljazeera