News @ M-Media

Blog

  • ကမ္ဘာ့တစ်ဝှမ်း ရွှေ့ပြောင်းနေထိုင်သူအရေအတွက် သိသိသာသာ တိုးလာနေ

    ကမ္ဘာ့တစ်ဝှမ်း ရွှေ့ပြောင်းနေထိုင်သူအရေအတွက် သိသိသာသာ တိုးလာနေ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    – နိုင်ငံတကာတွင် ပြောင်းရွှေ့နေထိုင်သူများ အရေအတွက်မှာ ယခုနှစ်တွင် ၂၄၄ သန်းထိ မြင့်တက်လာခဲ့ပြီး စီးပွားရေးလိုအပ်ချက်၊ ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုကောင်းမွန်သောဘ၀တွင် နေထိုင်လိုသော ဆန္ဒများက လူများကို ပိုမို၍ ရွှေ့ပြောင်းစေသည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ထိုပမာဏမှာ ၂၀၀၀ ပြည့်နှစ်မှစ၍ရေတွက်လျှင် ရာခိုင်နှုန်း ၄၀ ကျော် တိုးပွားလာခြင်းလည်းဖြစ်သည်။ ကမ္ဘာအနှံ့ ရွှေ့ပြောင်းနေထိုင်သူ တစ်ဝက်နီးပါးမှာ အာရှတိုက်တွင် မွေးဖွားသူများဖြစ်ပြီး လူပေါင်း တစ်နှစ်လျှင် ၁ ဒသမ ၇ သန်းခန့် နှစ်စဉ်ရွှေ့ပြောင်းတတ်ကြသည်ဟု ကုလ၏ စီးပွားရေးနှင့် လူမှုရေးရာဌာနက ထုတ်ပြန်သော အစီရင်ခံစာတွင် ပါရှိသည်။

    ယခုနှစ်တွင် ဥရောပ၌ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူပေါင်း ၉ သိန်းနီးပါးရှိပြီး ၎င်းတို့အနက်မှ တစ်ဝက်ခန့်သည် ဆီးရီးယားတွင် စစ်ဘေးဒဏ်ခံရသောကြောင့် ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ယခုလအစောပိုင်းတွင် ပြောကြားလိုက်သည်။

    အဆိုပါရွှေ့ပြောင်းနေထိုင်ကြသူများမှာ ၎င်းတို့၏ အမိနိုင်ငံအား စွန့်ခွာကာ အန္တရာယ်များသည့် ခရီးစဉ်ဖြင့် လာရောက်ခြင်း ဖြစ်သောကြောင့် ၎င်းတို့အား ကာကွယ်ပေးရန်၊ လူမှောင်ခိုကူးမှုများကို တိုက်ဖျက်သွားရန် ကုလသမဂ္ဂ
    လက်ထောက်အထွေထွေအတွင်းရေးမှူး ဂျန်အီလီယက်ဆင်က တောင်းဆိုခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းနေထိုင်သူများကို ခိုးဝင်များအဖြစ် ပစ်မှတ်ထား ရှုတ်ချမှုများ မပြုလုပ်၊ မဆက်ဆံသင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံတာကာတွင် ရွှေ့ပြောင်းနေထိုင်သူကြများ၏ သုံးပုံနှစ်ပုံခန့်မှာ နိုင်ငံ ၂၀ ခန့်တွင်သာ နေထိုင်လေ့ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

    အများဆုံးအရေအတွက်ဖြစ်သော ၄၇ သန်းမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ပြီး ဂျာမနီတွင် ၁၂ သန်း၊ ရုရှားတွင် ၁၂ သန်း၊ ဆော်ဒီအာရေးဗီးယားတွင် ၁၀ သန်းခန့် နေထိုင်ကြသည်။

    နိုင်ငံစွန့်ခွာမှု အများဆုံးနိုင်ငံမှာ အိန္ဒိယဖြစ်ပြီး ၁၆ သန်းခန့်သော လူများသည် အခြားသို့ပြောင်းရွှေ့နေထိုင်ကြသည်။ ဒုတိအများဆုံးမှာ မက္ကဆီကိုဖြစ်ပြီး၊ ရုရှားနှင့် တရုတ်တို့တွင်လည်း အထိုက်အလျောက် စွန့်ခွာမှုများ ရှိနေသည်ဟု သိရသည်။

    Ref: Al Arabiya

  • ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ

    ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်မြူးနစ်းနည်းပြ ဂွါဒီယိုလာမှာ တစ်ချိန်ကျလျှင် မိမိအသင်းသို့ လာရောက်နည်းပြခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ဂွါဒီယိုလာမှာ ၎င်း၏ ဘိုင်ယန်အနာဂတ်နှင့် ပတ်သက်၍ မနက်ဖြန်တွင် ဖွင့်ဟပြောကြားမည်ဖြစ်ပြီး ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည်ဟု အများစုက ယူဆနေကြသည်။ မန်ယူနှင့် မန်စီးတီးတို့မှာ ဂွါဒီယိုလာအား ခေါ်ယူရန်အတွက် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မန်စီးတီးသို့ရောက်ရန် ပို၍ အလားအလာရှိနေသည်။

    “ပက်ပ် (ဂွါဒီယိုလာ) နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောလို့မရပါဘူး။ ဒါပေမယ့် အရေးပါတဲ့ နည်းပြတိုင်းဟာ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ချင်ကြပါတယ်။ ဒီကိုမလာချင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေ့နေ့ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ အလုပ်လုပ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ မန်စီးတီးမှာ အခွင့်အရေး ရလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကိုချစ်ပြီး၊ အသင်းရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်ပါတယ်။ ပြီးတော့ သူ (ဂွါဒီယိုလာ) ဟာ အလုပ်ကောင်းကောင်းလုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • အမျိုးသမီးများ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းက သားသမီးမြုံစေနိုင်ကြောင်းတွေ့ရှိ

    အမျိုးသမီးများ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းက သားသမီးမြုံစေနိုင်ကြောင်းတွေ့ရှိ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    passive smoker

    – အမျိုးသမီးများ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းမှာ သားသမီးမြုံခြင်းနှင့် စောစီးစွာသွေးဆုံးမှု ဖြစ်ပေါ်နိုင်ကြောင်း လေ့လာမှုများအရ သိရသည်။

    သုတေသီများက ဆေးလိပ် လုံးဝမသောက်သူ အမျိုးသမီးများနှင့် ဆေးလိပ်ငွေ့ အနည်းဆုံး ရှူရှိုက်နေရသူ အမျိုးသမီးများကို နှိုင်းယှဉ်ကြည့်ရာတွင် ဆေးလိပ်ငွေ့ကို ထိတွေ့နေရသူ အမျိုးသမီးများက ကိုယ်ဝန်မရနိုင်ချေများပြီး အသက် ၅၀ မတိုင်ခင် သွေးဆုံးနိုင်ကြောင်း လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

    နယူးယောက်ရှိ ကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတာဝန်ခံ၏ ပြောကြားချက်အရ အမျိုးသမီးများတွင် ဆေးလိပ်သောက်ခြင်းနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်မှုကြား ကွင်းဆက်ကို တွေ့ရှိထားပြီးဖြစ်သည်ဟု သိရသည်။

    “ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းနဲ့ မျိုးမအောင်မှု၊ အချိန်မတိုင်ခင် သွေးဆုံးနိုင်မှုတို့ ဆက်စပ်မှုရှိကြောင်း တစ်ချို့လေ့လာမှုတွေကနေ တွေ့ရှိထားပါတယ်” ဟု လေ့လာမှုက ဆိုသည်။

    ဆေးလိပ်အလွန်အကျွံသောက်သော အမျိုးသမီးများက လုံးဝမသောက်သည့် အမျိုးသမီးများထက် ၂ နှစ်စောပြီး သွေးဆုံးလေ့ရှိသည်။ ဆေးလိပ်လုံးဝမသောက်သော်လည်း တစ်ဆင့်ခံရှူရှိုက်ရသည့် အမျိုးသမီး ၈၀ ရာခိုင်နှုန်းခန့်သည် မျိုးမအောင်မှုနှင့် သွေးဆုံးမှုစောခြင်းတို့ကို ပိုမိုခံစားရလေ့ရှိကြောင်း တွေ့ရှိခဲ့သည်။

    Ref: Arab news

  • ဆီးရီးယားငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်တစ်ခုကို လုံခြုံရေးကောင်စီ အတည်ပြု

    ဆီးရီးယားငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်တစ်ခုကို လုံခြုံရေးကောင်စီ အတည်ပြု

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားပြည်တွင်းစစ် ရပ်တန့်ရေးအတွက် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် ဇန်န၀ါရီလ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အပစ်ရပ်ရေးတို့ ဆောင်ရွက်ရန် ပါဝင်သည်။

    ကမ္ဘာ့အင်အားကြီးနိုင်ငံများက ယမန်နေ့တွင် ဆီးရီးယားအရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကုလ၏ ယခုဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့သော်လည်း မူကြမ်းနှင့်ပတ်သက်၍ အချိန်အတော်အကြာ ဆွေးနွေးငြင်းခုံခဲ့ရပြီး ရုရှားက ကန့်ကွက်မှုအများအပြား ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အဆိုပါဆုံးဖြတ်ချက်မှာ လာမည့်နှစ် ပထမ ၆ လအတွင်း အသွင်ပြောင်းအစိုးရဖွဲ့စည်းရန်နှင့် ၁၈ လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်တွင် IS အဖွဲ့နှင့် အလ်-နူဆရာတပ်ဦးတို့ကို ထည့်သွင်းမည်မဟုတ်ဟု ဆိုသည်။

    အဆိုပါ ဆုံးဖြတ်ချက်တွင် ဆီးရီးယားသမ္မတအာဆတ်၏ ကံကြမ္မာနှင့် ဆွေးနွေးပွဲတွင် မည်သည့်အတိုက်အခံအဖွဲ့များ ပါဝင်မည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိချေ။ ၎င်းတို့ နှစ်ဖက်စလုံးမှာ သဘောတူညီချက် ရရှိရန်အတွက် အဓိက အတားအဆီးများ ဖြစ်ကြသည်။

    Ref: Aljazeera

  • အမေရိကန်က စစ်ရေးအရ မိမိတို့အား ရန်စနေသည်ဟု တရုတ်ပြော

    အမေရိကန်က စစ်ရေးအရ မိမိတို့အား ရန်စနေသည်ဟု တရုတ်ပြော

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    china

    – ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်ဗုံးကြဲလေယာဉ် B-52 များမှာ ပိုင်နက်အငြင်းပွာမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့တည်ရှိရာ ကျွန်းအနီးမှ ဖြတ်သန်းသွားခြင်းကို တရုတ်နိုင်ငံက ယနေ့တွင် ရှုတ်ချလိုက်ပြီး “စစ်ရေးအရ ပြင်းပြင်းထန်ထန်ရန်စခြင်း” ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံက နန်ရှာကျွန်းစုဟုခေါ်သည့် စပရက်တလေကျွန်းစုအနီးမှ B-52 ဗုံးကြဲလေယာဉ် ၂ စင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီလများအတွင်း အဆိုပါ ပရက်စလေကျွန်းစုအနီးမှ အမေရိကန်လေယာဉ်များက ဖြတ်သန်းသွားမှုကြောင့် တရုတ်မှာ ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် အဆိုပါပျံသန်းမှုတွင် B-52 လေယာဉ်တစ်စီးမှာ တရုတ်နိုင်ငံက ကျွန်းတုများဆောက်လုပ်နေသည့် အဆိုပါကျွန်းစုမှ ရေမိုင် ၂ မိုင်အတွင်းသို့ ၀င်ရောက်ပျံသန်းခဲ့သည်။ ပင်တဂွန်မှ တာဝန်ရှိသူများကမူ ထိုသို့ပျံသန်းခြင်းမှာ ရာသီဥတုအခြေအနေ မကောင်းသောကြောင့် အမှတ်တမဲ့ ၀င်ရောက်ပျံသန်းမိခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    “ဒီအပြုအမူဟာ စစ်ရေးအရ ပြင်းပြင်းထန်ထန် ရန်စတာဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်းက ပုံမှန်အခြေအနေကို ရှုပ်ထွေးအောင်လုပ်တာပါ။ ပြီးတော့ ဒေသတွင်းကို စစ်ရိပ်စစ်ငွေ့သန်းအောင် လုပ်တာလည်းဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် အမေရိကန်မှာ စစ်သင်္ဘောများ၊ လေယာဉ်များကို စေလွှတ်ကာ အင်အားပြနေပြီး ရေပြင်နှင့် ဝေဟင်တို့တွင် တင်းမာမှုများ ဖန်တီးနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia