News @ M-Media

Blog

  • အကြမ်းဖက်ဝါဒအား အမြစ်ဖြုတ်ရန် ပါကစ္စတန် သန္နိဌာန်ပြု

    အကြမ်းဖက်ဝါဒအား အမြစ်ဖြုတ်ရန် ပါကစ္စတန် သန္နိဌာန်ပြု

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    – ပက်ရှ်ဝါရ် စာသင်ကျောင်းတွင် အစုလိုက်အပြုံ အကြမ်းဖက်သတ်ဖြတ်ခံရမှု နှစ်ပတ်လည်အဖြစ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော အခမ်းအနားတွင် အကြမ်းဖက်ဝါဒအား အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရီးဖ်က ကတိသစ္စာပြုခဲ့သည်။

    နိုင်ငံအနောက်မြောက်ပိုင်းရှိ အခင်းဖြစ်ပွားရာ အဆိုပါစစ်တပ်ပိုင်ကျောင်းတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်ပွဲသို့ ၀န်ကြီးချုပ်ရှရီးဖ်သည် လုံခြုံရေးတင်းကြပ်စွာဖြင့် တက်ရောက်ခဲ့သည်။ ထိုနေရာတွင် ၂၀၁၄ ဒီဇင်ဘာ ၁၆ ရက်နေ့၌ ကျောင်းသားအများစုအပါအ၀င် လူအယောက် ၁၅၀ ခန့် ကို တာလီဘန်စစ်သွေးကြွများက ၀င်ရောက်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

    “ပညာရေးနဲ့ ကလေးငယ်တွေရဲ့ ရန်သူတွေကို ချေမှုန်းသွားမှာဖြစ်ပြီး နောက်မျိုးဆက်တွေအတွက် တည်ငြိမ်အေးချမ်းတဲ့ ပါကစ္စတန်နိုင်ငံကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုဖြစ်ပွားမှုအပြီးမှာ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် ကျနော့်ရဲ့စိတ်ကူးကို အပြီးတိုင် စွန့်လွှတ်လိုက်ပါတယ်။ ပူးဆွေးသောကတွေ၊ ၀မ်းနည်းမှုတွေနဲ့ ကျွန်တော်တို့ ဒီကို ရောက်ရှိလာတာပါ။ သွေးတစ်စက်တိုင်းအတွက် ကျွန်တော်တို့ လက်တုံ့ပြန်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ၎င်း၏ မိန့်ခွန်းတွင်
    ပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုဟာ လူတိုင်းကိုနာကျင်စေတဲ့အတွက် ဂိုဏ်းဂနတွေကွဲနေတဲ့ နိုင်ငံတော်ကို ပြန်လည်စုစည်းစေလိုက်တာ ဖြစ်ပါတယ်”

    ပက်ရှ်ဝါမြို့တွင် လုံခြုံရေးတိုးမြှင့်ထားပြီး နိုင်ငံ၏ အခြားဒေသများတွင်လည် အလစ်ဝင်တိုက်ခိုက်မှုများကို အလျင်မီတုံ့ပြန်နိုင်ရန် ကျောင်းများတစ်ဝိုက်တွင် စစ်သားရာပေါင်းများစွာ ဖြန့်ကျက်ထားခဲ့သည်။

    အဆိုပါ စာသင်ကျောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပါကစ္စတန်မှာ စစ်သွေးကြွများကို စစ်ကြေငြာခဲ့ပြီး အကြမ်းဖက်မှု၊ အခြားသော ဆိုရွားရာဇ၀တ်မှုများအတွက် သေဒဏ်ကျခံနေရသူများကိုလည်း သုတ်သင်ခဲ့သည်။

    စစ်ဆင်ရေးတွင် သူပုန် ၃၄၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။ သို့သော်လည်းသူပုန်များမှာ ပြည်သူများနှင့် စစ်တပ်ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Ref: IINA

  • မန်ယူမှ ထွက်ရမည့်ကို ဗန်ဂါးလ်စိုးရိမ်နေပြီး၊ မော်ရင်ဟိုက ဗန်ဂါးလ်နေရာလိုချင်နေသည်ဟု သတင်းများထွက်နေ

    မန်ယူမှ ထွက်ရမည့်ကို ဗန်ဂါးလ်စိုးရိမ်နေပြီး၊ မော်ရင်ဟိုက ဗန်ဂါးလ်နေရာလိုချင်နေသည်ဟု သတင်းများထွက်နေ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    Van

    – မိမိအနေဖြင့် ရာထူးမှ ထုတ်ပယ်ခြင်းခံရပါက ဂုဏ်သိက္ခာအား အလွန်အမင်း ထိခိုက်မည်ဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲတွင် နိုင်ပွဲမရှိသေးဘဲ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဗန်ဂါးလ်၏ အနာဂတ်အတွက် မေးခွန်းများလည်း မြင့်တက်လာခဲ့သည်။

    “အသင်းက ကျွန်တော့်ကို့ ထုတ်ပယ်တာမျိုးနဲ့တော့ ကျွန်တော့်နည်းပြအလုပ်ကို အဆုံးမသတ်ချင်ပါဘူး။ အထုတ်ခံရပြီးမှ ဘောလုံးလောကကိုနှုတ်ဆက်ရတာဟာ ကျွန်တော့်အတွက် တော်တော်လေး စိတ်ပျက်ဖွယ်ရာ ဖြစ်ပါလိမ့်မယ်။ မီဒီယာတွေ၊ အသင်းပရိတ်သတ်တွေရဲ့ ဖိအားထက် ကျွန်တော့်ဂုဏ်သိက္ခာကရှိတဲ့ ဖိအားဟာ ကျွန်တော့်အတွက် ပိုများတယ်လို့ ထင်ပါတယ်” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အားကစားမီဒီယာတစ်ခုဖြစ်သည့် ESPN ကလည်း မော်ရင်ဟိုမှာ မန်ယူအား နည်းပြချင်နေသည်ဟု ယမန်နေ့တွင် ဖော်ပြခဲ့သည်။ ချယ်ဆီးမှ ကြာသာပတေးနေ့တွင် အထုတ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ အန်ဆယ်လော့တီ၊ ဂွာဒီယိုလာတို့နှင့်အတူ ဗန်ဂါးလ်၏နေရာကို အစားထိုးရန် ရေးပန်းစားလာခဲ့သည်။

    ထို့ပြင် ၎င်း၏ အေးဂျင့်မှာ မန်ယူနှင့်ပင် ဆွေနွေးနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ESPN ကမူ မော်ရင်ဟိုမှာ လာမည့်ရာသီအတွက် မန်ယူမှ ခိုင်မာသည့် ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး၊ မော်ရင်ဟို၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေရကြောင်း အေးဂျင့်ဖြစ်သူမှတစ်ဆင့် သိရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref: Goal

  • ဗီယက်နမ်တွင် ဆင်စွယ်နှစ်တန်ကို လက်ရဖမ်းဆီး

    ဗီယက်နမ်တွင် ဆင်စွယ်နှစ်တန်ကို လက်ရဖမ်းဆီး

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    vie

    – မိုဇမ်ဘတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံအတွင်းသို့ တရားမ၀င်ခိုးသွင်းလာသည့် ဆင်စွယ်နှစ်တန်ကျော်ကို မိမိတို့က ဖမ်းဆီးရမိခဲ့သည်ဟု ဗီယက်နမ်အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဆင်စွယ် ၈၃၅ ခု (တန်ချိန် ၂.၂ တန်) ကို ပဲအိတ်များကြားတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံပိုင်သတင်းစာဖြစ်သော Phap Luat Vietnam ကမူ ထိကဲ့သို့တင်ပို့မှုမှာ ဗီယက်နမ်တွင် မှတ်ပုံတင်ထားသည့် ပြည်တွင်းကုမ္ပဏီတစ်ခုကို ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

    သို့သော်လည်း ထိုကုမ္ပဏီကမူ ဆင်စွယ်များမှာယူမှု မရှိဟု ငြင်းဆိုခဲ့ပြီး မိုဇမ်ဘတ်နိုင်ငံမှ ရောက်ရှိလာသည့် အဆိုပါ ကွန်တိန်နာမှာ ဟိုင်ဖွန်ဆိပ်ကိမ်းသို ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဆင်စွယ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် သိပ္ပံနည်းကျ စမ်းသပ်မှုများအရ မည်သည့်ရောဂါမျှ ပျောက်ကင်းနိုင်စွမ်းမရှိဘဲ အာရှတစ်လွှားတွင် ကံကောင်းစေသော အဆောင်အဖြစ်လည်းကောင်း၊ တိုင်းရင်းဆေးများတွင် အသုံးပြုရန်အတွက်လည်းကောင်း တန်ဖိုးကြီးမြင့်စွာပေး၍ ၀ယ်ယူသုံးစွဲလျက် ရှိကြသည်။

    ဗီယက်နမ်တွင် ဆင်စွယ်ကုန်သွယ်မှုကို ၁၉၉၂ တွင် တရားမ၀င်ဟု သတ်မှတ်ထားပြီးဖြစ်သော်လည်း ယင်းကာလမတိုင်မီကတည်းက ဆိုင်များတွင် တင်ထားသည့် ဆင်စွယ်များကိုမူ ဆက်လက်ရောင်းချခွင့်ရှိသည်။ နိုင်ငံအတွင်း မှောင်ခိုဈေးကွက်တွင် ဆင်စွယ်တစ်ကီလိုကို ဒေါ်လာ ၂၁၀၀ ထိတန်ကြေးရှိပြီး အရောင်းအ၀ယ်အားကောင်းနေဆဲ ဖြစ်သည်။

    အာဖရိကတွင် ၂၀ရာစုအလယ်၌ ဆင်ကောင်ရေ သန်းပေါင်းများစွာရှိရာမှ ၁၉၈၀ အကုန်တွင် ကောင်ရေခြောက်သိန်းခန့်ထိ ထိုးကျသွားသည့်အတွက် နိုင်ငံတကာတွင် ဆင်စွယ်ကုန်သွယ်မှုကို ၁၉၈၉ မှစ၍ တရားမ၀င်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

    ကွန်မြူနစ်ဗီယက်နမ်နိုင်ငံသည် မျိုးတုံးအန္တရာယ်ရှိသည့် တိရစ္ဆာန်များ ကုန်သွယ်ရာတွင် ကမ္ဘာ့အဆိုးဆုံးနိုင်ငံအဖြစ် စွပ်စွဲခံထားရသည့် နိုင်ငံတစ်ခုဖြစ်သည်။

    ဗီယက်နမ်ပြည်သူများကို မျိုးတုံးအန္တရာယ်ရှိသည့်တိရစ္ဆာန်များမှရသော ပစ္စည်းများ အသုံးမပြုရန် စည်းရုံးမှုများစွာ ပြုလုပ်နေသော်လည်း အောင်မြင်မှု မရရှိပေ။ ယခုနှစ်တစ်လျှောက်လုံးတွင် ဗီယက်နမ်ရဲများမှာ တရားမ၀င်တင်ပို့လာသည့် ဆင်စွယ်၊ ကြံ့ချို၊ သင်းခွေချပ်တန်ပေါင်းများစွာကို အများအပြား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

    Ref: Channelnewsasia

  • မြန်မာလူငယ်များအကြား ဒရုန်းနည်းပညာကို စိတ်ဝင်စားမှု မြင့်တက်လာ

    မြန်မာလူငယ်များအကြား ဒရုန်းနည်းပညာကို စိတ်ဝင်စားမှု မြင့်တက်လာ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    drone

    – ပျားပန်းခတ်မှ စည်းကားလှသည့် ရန်ကုန်မြို့ရှိ ဈေးတစ်ခု၏ နောက်တွင်ရှိသော ယိုင်နဲ့နဲ့ဝပ်ရှော့တစ်ခုတွင် ကြည်သာတစ်ယောက် အိမ်တွင်းလုပ် ဒရုန်းလေယာဉ်၏ ပလက်စတစ်ပန်ကာကို ပြင်ဆင်နေသည်။

    စစ်အာဏာရှင်အောက် နှစ်ပေါင်းများစွာနေခဲ့ရကာ ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားဖြစ်နေခြင်းက မြန်မာနိုင်ငံကို အင်ဂျင်နီယာပညာရှင်များ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် ထိတွေ့မှု ဆုံးရှုံးစေခဲ့ပြီးနောက် ဖန်တီးနိုင်စွမ်းရှိကြသည့် လူငယ်တီထွင်သူများမှာ ကျန်ကမ္ဘာကြီးကို အမှီလိုက်ရန်အတွက် အင်တာနက်ဆီသို့ လှည့်လာကြလေသည်။

    “မြန်မာနိုင်ငံမှာ ဒရုန်းနည်းပညာကို လေ့လာတယ်ဆိုတာ မလွယ်ပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး YouTube မှာ ကျွန်တော်တို့ ဗီဒီယိုတွေကြည့်ပါတယ်” ဟု ကြည်သာက ပြောကြားခဲ့သည်။ ကွန်နက်ရှင်ဆိုးရွားလွန်းသည်ဟု နာမည်ကြီးသည့် မြန်မာနိုင်ငံ၏ အင်တာနက်လိုင်းကို သည်းခံစိတ်ရှည်ကာ ပညာရရှိရန်အတွက် ထိုဗီဒီယိုများအား လပေါင်းများစွာ ကြည့်ရှုခဲ့ရသည်ဟု ၎င်းက ၀န်ခံခဲ့လေသည်။

    “ပထမတော့ ကျွန်တော်တို့ ဘာအောင်မြင်မှုမှမရဘူးဗျ၊ ဒါပေမယ့် တစ်နှစ်လောက် စမ်းသပ်လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ တော်တော်လေးလုပ်နိုင်လာတယ်”

    အသက် ၂၆ နှစ်အရွယ်ကြည်သာနှင့် ၎င်း၏ အသက် ၃၀ အရွယ် ညီအစ်ကိုဝမ်းကွဲ သက်ဆန်းတို့က ရိုးရိုးယဉ်ယဉ် သစ်သားအိမ်လေးကို ၎င်းတို့၏ အင်ဂျင်နီယာနှင့် နည်းပညာစီးပွားရေးဗဟိုချက် “မြန်မာ့အနာဂတ်သိပ္ပံ” အဖြစ် အသွင်ပြောင်းခဲ့လေသည်။

    နောက်ဖေးမြေကွက်လပ်တွင်ရှိသည့် အလုပ်လုပ်သည့်ခုံတွင်တော့ ၀က်အူများ၊ အလူမီနီယံအချောင်းများ၊ လေယာဉ်ငယ်ကိုယ်ထည်များ ဗရပွဖြစ်နေခြင်းက တက်ကြွသော တီထွင်ဆန်းသစ်မှု၏ လက္ခဏာများ ဖြစ်လေသည်။

    ၎င်းတို့၏ အလုပ်က အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးခြင်းဖြင့် ၀င်ငွေရှာသည့်အလုပ်ဖြစ်သည်။ ၎င်းတို့ပေးသည့် ၀န်ဆောင်မှုများကတော့ မြေပုံလမ်းကြောင်းရှာခြင်း၊ စိုက်ပျိုးရေးလုပ်မည့်ဒေသများအား ဆန်းစစ်လေ့လာခြင်းတို့ကို ဒရုန်းများ၊ အဝေးထိန်းလေယာဉ်ငယ်များကို အသုံးပြု၍ ဆောင်ရွက်ပေးခြင်းဖြစ်လေသည်။

    သို့သော်လည်း ၎င်းတို့၏ ပြင်းပြသော ဆန္ဒနှင့် အားထုတ်မှုက အောင်မြင်လာဖွယ်ရှိနေသည့် တီထွင်ကြံဆသူများအတွက် နည်းပညာကမ္ဘာကြီးကို ဖွင့်ပေးနေခြင်းလည်း ဖြစ်သည်။ မော်တာငယ်လေးများ၊ ပန်ကန်များ၊ ဒရုန်းပလက်စတစ်ကိုယ်ထည်များ၊ လေယာဉ်ငယ်များ၊ အဝေးထိန်းကားငယ်များ တင်ထားသည့် ဆိုင်ငယ်လေးတစ်ခုလည်း ၎င်းတို့၏ ခြံထဲတွင်ရှိနေသည်။

    နောက်ဆုံးပေါ်နည်းပညာ တိုးတက်မှုများအား လိုက်မီရန်အတွက် မြန်မာလူငယ်များက စိတ်အားထက်သန်ကြသည်။ သို့သော်လည်း ဆယ်စုနှစ်ချီကြားခဲ့သည့် အာဏာရှင်၏ အမွေဆိုးဖြစ်သော ငွေကြေးချို့တဲ့မှုကြောင့် တစ်ခါတစ်ရံတွင် လိုက်မမီနိုင်ကြ။

    အဆင်သင့်အသုံးပြုနိုင်သည့် ဒရုန်းလေယာဉ်တစ်စီး၏ တန်ဖိုးက မြန်မာကျပ်ငွေ ၃ သိန်း(ကန်ဒေါ်လာ ၂၃၀ ၀န်းကျင်) အထိရှိပြီး ကမ္ဘာ့ဘဏ်က ပြည်သူတစ်ဦးလျှင် တစ်နစ်ပျမ်းမျ ၀င်ငွေ ကန်ဒေါ်လာ ၁၂၇၀ သာ ရှိသည်ဟု တွက်ချက်သတ်မှတ်ထားသည့် မြန်မာနိုင်ငံမှ လူငယ်အများစု တတ်နိုင်သည့်ပမာဏထက် ပိုများနေသည်။

    သို့သော်လည်း ကွက်ကျော်မြင်ကြသည့် စီးပွားရေးသမားများက ဒရုန်းတည်ဆောက်ရာတွင် ကော်များအသုံးပြုခြင်း၊ ဈေးပေါသော အင်ဂျင်အစိတ်အပိုင်းများ အသုံးပြုခြင်းအားဖြင့် ကန် ၁၀ ဒေါ်လာလောက်အထိ ကုန်ကျစားရိတ်လျော့ချနိုင်သည့် တီထွင်ကြံဆ နည်းလမ်းများကို မီခိုနေလေသည်။

    “ဒါက ကျွန်တော်တို့ရဲ့ဝါသနာပါ။ ဒီအစိတ်အပိုင်းတွေနဲ့ ပစ္စည်းပစ္စယာတွေဖန်တီးဖို့ ကျွန်တော်တို့ ရူးသွပ်ကြပါတယ်။ မြန်မာနိုင်ငံက အခြားသော ကျောင်းသားလူငယ်တွေကလည်း ဒီလိုပါပဲ” ဟု အစိတ်အပိုင်းအများစုကို တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြည်သာက ဆိုလေသည်။

    လွတ်လပ်စွာ ပျံသန်းမယ်

    ဒရုန်းလေယာဉ်များမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာနေရာများမှ ဆန္ဒပြမှုများအထိ ဝေဟင်မှရိုက်ကူးရေးကို ဆောင်ရွက်ရန် ဓာတ်ပုံနှင့် ဗီဒီယိုသမားများ၏ ရွေးချယ်စရာပစ္စည်းတစ်ခု ဖြစ်နေသည်။

    သြစတေးလျတွင်တော့ ရေကူးသမားများ ငါးမန်းကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ငါးမန်းများကို ခြေရာခံရာတွင် ဒရုန်းလေယာဉ်များကို စတင်အသုံးပြုနေကြပြီဖြစ်သည်။ Amazon ကတော့ ၎င်းတို့ရောင်းချသည့် ပစ္စည်းများ ပေးပို့ရာတွင် ဒရုန်းများကို အသုံးပြုချင်နေကြသည်။ သို့သော်လည်း ဒရုန်းများကို လူကြိုက်များမှုက လုံခြုံရေးအရ စိုးရိမ်းရမှုကို ဖြစ်စေလေသည်။

    ပြီးခဲ့သည့်စက်တင်ဘာလက ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒရုန်းလေယာဉ်တစ်စီး ပျက်ကျခဲ့သောကြောင့် ပွဲအား ရပ်နားခဲ့ရသည်။ ထိုအဖြစ်အပျက်က ဒရုန်းများအား မှတ်ပုံတင်အသုံးပြုရန် သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံတွင် ဒရုန်းနှင့်ပတ်သက်သည့် နောက်ဆုံးအဖြစ်အပျက် ဖြစ်သည်။

    ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံမျးတွင်လည်း ဒရုန်းအသုံးပြုခြင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်။ သို့သော်လည်း ခေတ်စားလာသည်မှာ မကြာသေးသည့် ဒရုန်းများနှင့်ပတ်သက်၍ နိုင်ငံအများစုကတော့ ယခုအချိန်အထိ မည်သည့်သတ်မှတ်ချက်မျိုးမှ မရှိသေး။

    မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ထိုလေယာဉ်ငယ်များကို တရားဥပဒေဖြင့် ကန့်သတ်ထားခြင်းမျိုးမရှိ။ အာဏာပိုင်များကမူ စည်းကမ်းထုတ်ရန်အတွက် အချိန်ယူ၍ သေချာစဉ်းစားရမည်ဟု ယုံကြည်နေသည်။

    စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် စိတ်ဝင်စားသူအဖွဲ့များက ၎င်းတို့၏ ဒရုန်းများကို ယူဆောင်ကာ ရန်ကုန်မြို့တွင်းနှင့် မြို့ပြင် လူရှင်းသည့် စက်မှုဇုန်များတွင် မောင်းနှင်ကြလေသည်။

    ရန်ကုန်မြို့ရှိ ကြည်ညိုဖွယ်ကောင်းသည့် ရွှေတိဂုံစေတီတော်အနီး ပန်းခြံတစ်ခုတွင် ၎င်း၏ ဒရုန်းလေယာဉ်အသစ်ကို ပျံဝဲမောင်းနှင်နေသည့် အိုင်တီဝန်ထမ်းတစ်ဦးက ဒရုန်းအသုံးပြုမှုကို ပုံမှန်လိုလို ကန့်ကွက်ခံရသည့်အကြောင်းအရင်းမှာ လုံခြုံရေးစိုးရိမ်မှုကြောင်ပင့်ဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ဒရုန်းကနေ ရိုက်ကူးပြီး မြန်မာနိုင်ငံရဲ့ လှပတဲ့ မြင်ကွင်းတွေကို ချပြချင်ပါတယ်။ ဒရုန်းကနေရိုက်ကူးတဲ့ ပုံရိပ်တွေကို ပြည်သူတွေက နှစ်သက်ကြပါတယ်။ လှလည်းလှတာကိုး။ ကျွန်တော့် ဒရုန်းလေး ပျံနေရင် ကျွန်တော် ကြည်နူးမိတယ်ဗျ၊ အရမ်းလည်းပျော်တယ်” ဟု အမည်ပြောင် အီသန်ဟုခေါ်သည့် လူငယ်တစ်ဦးက ပြောကြားခဲ့လေသည်။

    ကန့်သတ်ချက်

    မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင်ရှိပြီး လေယာဉ်ပုံစံ ဆောက်လုပ်ထားသော မြန်မာလေကြောင်းအင်ဂျင်နီယာတက္ကသိုလ်တွင် သုတေသနပညာရှင်များမှာ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဒရုန်းနည်းပညာကို အသုံးပြုနေကြသည်။

    ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလထိ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့မှုများကို ဆန်းစစ်ရန်အတွက် ထိုတက္ကသိုလ်က ဒရုန်းလေယာဉ်များဖြင့် စစ်တမ်းကောက်ယူခဲ့သည်။ ထိုသဘာဝဘေးအန္တရာယ်က လူပေါင်း ၁.၆ သန်းခန့်ကို ထိခိုက်ခဲ့လေသည်။

    “တားဆီးဖိုးနဲ့ ပျက်ဆီးမှုကို တိုင်းတာဖို့အတွက် ဒရုန်းကရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ တော်တော်လေး အသုံးဝင်ပါတယ်” ဟု တက္ကသိုလ်၏ မောင်းသူမဲ့ယာဉ်များဌာန အကြီးအကဲ သဲမောင်မောင်က ပြောကြားခဲ့သည်။

    ၎င်းတို့ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုက အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့်ပမာဏကို သိရှိရန်၊ မြစ်ရေတိုက်စားခံခဲ့ရသည့် နေရာများအား မှတ်သားရန်နှင့် ကယ်ဆယ်ရေးစခန်းများအတွက် အကောင်းဆုံးနေရာများကို သတ်မှတ်ရန်အတွက် ရည်ရွယ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်း၏ ဌာနကသစ်က နိုင်ငံရပ်ခြားမှ နည်းပညာ တိုးတက်မှုများကို လိုက်မှီရန်အတွက် ကြိုးပမ်းနေသည်။ သို့သော်လည်း ထိုသို့ကြိုးပမ်းမှုက ရန်ပုံငွေနည်းပါးမှု၊ နှစ်ပေါင်းများစွာ လစ်လျူရှုခံရမှုတို့ကြောင့် နိမ့်ကြနေသည့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင်း ထူးခြားမှုများဖြစ်လာစေရန် ရည်ရွယ်ခြင်းမဟုတ်။

    သဲမောင်မောင်ကတော့ ကြည်သာနှင့် ၎င်း၏ဖန်တီးမှုအား ၀ယ်ယူအားပေးသူမျာကဲ့သို့ နည်းပညာတွင် စိတ်ဝင်စားသူများက ကျန်ကမ္ဘာကြီးအား အမှီလိုက်ရေးတွင် မြန်မာနိုင်ငံအား ကူညီနိုင်မည်ဟု ပြောကြားခဲ့သည်။

    “နည်းပညာစိတ်ဝင်စားတဲ့လူငယ်တွေကို ကျွန်တော်တို့က တိုက်တွန်းအားပေးဖို့လိုပါတယ်။ ဒါမှသာ ကျွန်တို့ဟာ ဆက်လက်တိုးတက်နိုင်မှာပါ” ဟု သဲမောင်မောင်က ပြောကြားခဲ့လေသည်။

    (AFP သတင်းဌာနမှ ဖော်ပြသည့် Soaring aspirations of Myanmar’s drone enthusiasts ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်။)

  • နတလ အနာဂတ် ဘယ်ကို ဦးတည်နေသလဲ (Investigative Report)

    နတလ အနာဂတ် ဘယ်ကို ဦးတည်နေသလဲ (Investigative Report)

    11226915_1663726133897753_4389272625639030176_n

    Root Investigative Agency ( မင်းမင်း ၊ မိုးအောင် )

    မော်လဝီ ဦးထုပ်ဆောင်းထားပြီး၊ အသက်ငါးဆယ့်ရှစ်နှစ်အရွယ်ရှိတဲ့ ရခိုင်မူဆလင် ဦးဆွေယော်ဒူလာဟာ တစ်ချိန်က သူရဲ့ပိုင်ဆိုင်မူတွေကို တုန်ယင်ယင်နဲ့ လက်ညိုး ထိုးပြနေပါတယ်။ သူညွန်ပြနေတဲ့ အရပ်ဟာ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာ တည်ရှိတဲ့ အရပ်ဒေသတွေကိုပဲ ဖြစ်ပါတယ်။ အဲဒီရွာလေးဟာ ခြေတံတို အိမ်ငယ်လေးတွေနဲ့ ပုံစံတူ ဆောက်လုပ်ထားတာကို မြင်တွေ့ရပါတယ်။

    အဲဒီမြေတွေဟာ တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေဖြစ်ပြီး ခုချိန်ခါ မပိုင်ဆိုင်တော့ဘူးလို့ သူက နှမြောတသစွာ ဆိုပါတယ်။

    “ အဲဒီ ပုံစံတူ ဆောက်လုပ်ထားတဲ့ အိမ်တွေကို အစိုးရ တည်ဆောက်တဲ့အခါ ကျနော်ရဲ့ လယ်တွေပါ ပါသွားပါတယ်။ သိရတာက စည်းကမ်း ပျက်ယွင်းမှုနဲ့ပဲ သိမ်းတယ်လို့ လူကြီးတွေက ပြောကြပါတယ် ”

    သူ့လို လယ်ယာမြေသိမ်းဆည်းခံရမှုဟာ ဒီဒေသမှာ သူ တစ်ဦးတည်းမဟုတ်ဘဲ သူ့မိတ်ဆွေတွေရဲ့လယ်ယာမြေတွေလည်း ပါဝင်နေကြပါတယ်။ သိမ်းဆည်းခြင်းခံရတာမှာ အနေထား တူနေတာက စည်းကမ်းပျက်ယွင်းမှုဆိုတာပဲ ဖြစ်နေကြပါတယ်။ မောင်တောမြို့နယ် ဒေသဖွံဖြိုးရေး အသင်းက အတွင်းရေးမှူး ဦးမြင့်လှိုင် ကတော့ လယ်ယာမြေသိမ်းဆည်းခံရမှု အများစုဟာ မောင်တောခရိုင် မြောက်ပိုင်းမှာရော တောင်ပိုင်းမှာရော ဖြစ်ပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

    အထူးသဖြင့် နိုင်ငံတော်အစိုးရက စီစဉ်တဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးဆိုတဲ့ လုပ်ငန်းစဉ်အောက်မှာ ပါရှိသွားပါတယ်။ အဲဒီ အစီစဉ်က တည်ဆောက်ပေးတဲ့ ရွာတွေကို ဒေသခံတွေက နတလ လို့ပဲ အတိုကောက် ခေါ်ဝေါ်နေကြဆဲပဲ ဖြစ်ပါတယ်။

    #နတလ စီမံကိန်းဆိုတာ

    နယ်စပ်ဒေသ လူမျိုးများနှင့်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းဟာ ၁၉၉၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ရည်ရွယ်ချက် ပေါ်လစီက နယ်စပ်ဒေသတွေရဲ့ လူမျိုးရောထွေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ နယ်ရပ်စွန့်ခွာမှုတွေကို ဖြေရှင်းရအောင်လို့ပါ။

    ဒီစီမံကိန်းဟာ မြန်မာနိုင်ငံထဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာလည်း ဖော်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ နယ်စပ်ဒေသတွေမှာ နတလ ကျေးရွာတွေအဖြစ် အထူးသဖြင့် ရခိုင်ဒေသမှာ အစ္စလာမ်ဘာ သာဝင် အများစု ရှိတဲ့ မောင်တောခရိုင်တွေမှာ ကျေးရွာတွေ တည်ဆောက်ရင်း မြန်မာပြည်အလယ်ပိုင်းက လူတွေကို ခေါ်ဆောင်လာပါတယ်။

    နတလ ကျေးရွာတွေမှာ ချပေးတဲ့ လူတွေ နေရေးထိုင်ရေး အဆင်ပြေအောင်လို့ နယ်စပ်ဒေသလူမျိုးများနှင့် ဖွံဖြိုးရေးဌာန အနေနှင့် လယ်ယာမြေတွေကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ မောင်တောခရိုင်မှာရှိတဲ့ လယ်မြေတွေ သိမ်းဆည်းခံရမှုဟာ ဒီဖြစ်စဉ်က စတာလို့ အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆိုပါတယ်။ ပြောင်းရွှေ့လာကြတဲ့ နတလ ကျေးရွာတွေအတွက် အိမ်ထောင်စု တစ်စုစီကို လယ် ၂ ဧက နွားနှစ်ကောင်၊ ဆိတ် အစရှိသည်တို့ကိုလည်း နတလရွာမှာ နေထိုင်ကြတဲ့သူတွေက လက်ခံရရှိကြပါတယ်။

    ဒါပေမယ့် အဲ့ဒီရွာသားအများစုဟာ နွား၊ လယ်ယာတွေကို အငှားခံ ရောင်းချကြပြီး သူတို့ကိုယ်တိုင် လုပ်ကိုင်မှု နည်းပါးကြတယ် ဆိုတာကို နတလရွာတွေရဲ့ လေ့လာစုံစမ်းရေး ခရီးတွေအရ သိရှိခဲ့ရပါတယ်။ နတလ ရွာတွေထဲမှာ နာမည်ကြီး ရွာတစ်ရွာဖြစ်တဲ့ မောရ၀တီရွာက ရွာသားဖြစ်သူ ကိုလှမြင့်က အခုလိုဆိုပါတယ်။

    “ အစိုးရက ပေးတဲ့ ပစ္စည်းတွေက လယ်ယာမြေအထောက်အကူပြု ပစ္စည်းတွေ။ ကျုပ်တို့က လယ်မှ မလုပ်ကြတာ။ ဒါကြောင့် ရောင်းချ ငှားရမ်းကြတာပါ။ လယ်နဲ့ မရင်းနှီးတဲ့ ဘ၀ကို လယ်သမားဖြစ်အောင် တွန်းပို့နေသလိုပဲ ”

    နတလ ကျေးရွာတွေကို ထောက်ပံ့ပေးပို့တဲ့ ပစ္စည်းတွေ အသုံးမတည့်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့လုပ်ငန်းခွင် လိုအပ်ချက်တွေကို အမြဲတမ်း ဆန်းစစ် အချက်အလက် ကောက်ခံနေတယ်လို့ မောင်တောခရိုင် ဦးသန့်ဇင်က ဆိုပါတယ်။

    “ သူတို့တွေ အထောက်အကူဖြစ်အောင် ဘာတွေလုပ်ပေးရမလဲဆိုပီးတော့ အသုံးဝင်မဲ့ အရာတွေကိုပဲ လိုက်ရှာနေပါတယ်”

    #နတလ စီမံကိန်းဘယ်လဲ

    နတလ ကျေးရွာတွေကို စုစည်း ကျေးရွာတွေနဲ့ ရွှေ့ပြောင်းကျေးရွာတွေ ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ စုစည်းကျေးရွာတွေဟာ အထက် မြန်မာပြည်က လူတွေကို စုစည်းပြီး နေရာချပေးထားတာဖြစ်ပြီး ရွှေးပြောင်းကျေးရွာတွေကျတော့ ဘင်္ဂလားဒေ့ခ်ျက စိုးရိမ်ကြောင့်ကြမှုကြောင့် ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေလို့ မြန်မာနိုင်ငံအစိုးရက ခေါ်ဆိုပါတယ်။

    နတလ ကျေးရွာမှာ ပြန်လည်စုစည်းပေးတဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်နေပြီး အစဉ်အလာ ကိုးကွယ်တဲ့သူတွေများတဲ့ မြောက်ပိုင်း ရခိုင်ဒေသမှာ နေထိုင်ရတာ မပျော်ကြတော့ဘူးလို့ ၁၉၉၅ ကတည်းကနေ မောင်တောခရိုင်ဒေသမှာ ရောက်ရှိနေကြတဲ့ နတလ ရွာသားတွေက ဆိုကြပါတယ်။

    တချို့ဆိုရင်လည်း ပြန်လည် ပြောင်းရွှေ့သွားကြပြီး ရှိတဲ့ဟာတွေကို ရောင်းချပြီးရင် ပြန်လည်ဝင်လာကြတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဦးသန့်ဇင်က အတည်ပြု ပြောဆိုပါတယ်။

    “ ကျွန်တော်တို့ကျတော့ ရန်ကုန်ဘက်က သူတွေကို စုတာ မဟုတ်ဘူးလေ ဒီဒေသကို ရောက်ရှိလာတဲ့ လူတွေကိုပဲ ထောက်ပံ့နေရာ ချပေးတာ ဆိုတော့ ဒီကို ပြန်ပြီးတော့ ၀င်ရောက်လာကြတဲ့ သူတွေ အပိုင်းကျတော့ စာရင်းကောက်ခံတဲ့သူတွေနဲ့ပဲ သက်ဆိုင်တယ်။ ”

    ယဉ်ကျေးမှု အနေအထားမတူလို့ ပြန်လည်ထွက်ခွာသွားတဲ့သူများလည်း ရှိကြပါတယ်။ ၂၀၁၂ အရေးအခင်းတုန်းက ဖြစ်စဉ်တချို့မှာ နတလ ရွာတွေပါ ပါဝင်ခဲ့ရပြီး အဲ့ဒီလိုဖြစ်စဉ်မျိုး ပြန်လည်ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေတဲ့ နတလ ရွာသားတွေရှိကြပါတယ်။ ဒါပေမယ့် ၂၀၁၂ အပြီးမှာ အစိုးရက ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေ ရခိုင်မျိုးနွယ်စုတွေကို နတလ ကျေးရွာတွေအဖြစ် လက်ခံဆောက်ပေးလိုက်ကြပါတယ်။

    ဒီလိုရွာတွေ တည်ဆောက်ပေးမှုဟာ မောင်တောခရိုင်ဒေသမှာ အစ္စလာမ် ကိုးကွယ်တဲ့သူ အများစုရှိတာကို ဘာသာရေးပါဝါ မျှတာအောင်ဆိုပြီးတော့ ဗုဒ္ဓဘာသာဝင်တွေကို ပိုပြီးအခွင့်အရေးပေးကြတာလားလို့ စဉ်းစားနိုင်ဖွယ်ရှိပါတယ်။

    #နတလ ကျေးရွာသားများပြောသော သူတို့ ဘ၀အကြောင်း

    မောင်တောကနေ သွားရင် ၂၁ မိုင်ခန့် ဝေးပြီး ရှေ့ကို ဆက်သွားရင် တောင်ပြိုမြို့ကို လွန်မြောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွားနိုင်တဲ့ လမ်းကြားထဲက ရန်အောင်မြင်ဆိုတဲ့ နတလ ကျေးရွာငယ်ဟာ အိုးအိမ်ဆိုင်ရာ ဖွံ့ဖြိုးမှုအနေအထားတွေ အားနည်းနေတာ တွေ့ရပါတယ်။ ဒီကျေးရွာမှာ ၂၀၁၂နှစ် နောက်ပိုင်းနဲ့ အဲ့ဒီမတိုင်ခင်က ပြောင်းရွေ့လာကြတဲ့ ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်မျိုးနွယ်စုတွေရှိကြပါတယ်။ မတ်စောက်တဲ့ ချိုင့်ဝှမ်းတွေနဲ့ တောင်ကုန်းငယ်တစ်ခုမှာ အိမ်တည်ဆောက်ထားတဲ့ မြိုလူမျိုး ဦးယာလုဟာ ဘင်္ဂလားဒေ့ခ်ျဘာသာစကားပဲ ပြောတတ်ပါတယ်။ သူ့လိုပဲ အများစုဟာ ရခိုင်စကားပြောဆိုတတ်မှု နည်းပါးလွန်းပြီး ဘင်္ဂလားဒေ့ရှ် ဘာသာစကားပဲ ပြောဆိုကြပါတယ်။

    သူ ဒီဒေသကို ပြောင်းရွှေ့လာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေက သူ့ကို အနှောင့်အယှက်ပေးကြလို့ ပြောင်းရွှေ့လာတာလို့ ပြောပါတယ်။

    “ စိုက်ခင်းတွေကို လာပြီးတော့ ဖျက်ဆီးကြပါတယ်။ အိမ်မှာဆိုရင်လည်း ရှိတဲ့ဟာတွေကို တောင်းရမ်း ငှားယူပြီးရင် ပြန်မပေးကြဘူး။”

    မြိုလူမျိုး ဦးယာလုဟာ ဒီကို ပြောင်းရွှေ့လာတာမှာ သူ့အနေနဲ့ အစိုးရဆီကိုလည်း အသိမပေးရသေးပါဘူး။ သူ့လိုပြောင်းရွှေ့လာတဲ့သူတွေက ဒီနိုင်ငံ အစိုးရဆီက လက်ဆောင်ရတယ်လို့ နတလရဲ့ထောက်ပံ့မှုတွေကို သူ နားလည်သလောက် ဆိုပါတယ်။ သူဟာ အခုဆိုရင် အသက် ငါးဆယ်ကျော်ပြီဖြစ်ပြီး သူငယ်စဉ်တုန်းက ရခိုင်ပြည်နယ်ကို ကြားသာကြားဖူးပြီး ရောက်ရှိခဲ့ခြင်းမရှိခဲ့ပါ။ အခုရောက်ရှိလာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ပြောက်ကျားတွေရဲ့ အနိုင်ကျင့်မှုတွေကြောင့် ၀င်ရောက်လာတယ်လို့ဆိုပါတယ်။

    သူ့မှာကျန်ခဲ့တဲ့ လယ်ယာမြေတွေကိုလည်း ဘင်္ဂလားက အစ္စလာမ်ဘာသာဝင်တွေက သိမ်းပိုက်လိုက်ကြပြီလို့ ဆိုပါတယ်။ သူနဲ့ ရင်းနှီးတဲ့ တချို့ မိတ်ဆွေတွေ ဆိုရင်လည်း လယ်တွေကို ရောင်းချပြီး လာလိုပေမဲ့ လူတွေရဲ့အခက်အခဲတွေကို သိပြီး ဈေးနှိမ်မှာစိုးလို့ အချိန်အနည်းငယ် စောင့်ဆိုင်းပြီး ရောင်းမယ်လို့ ပြင်ဆင်နေတယ် ဆိုတာကို သိရပါတယ်။

    သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ခရိုင်အတွင်းက ကျေးရွာလေးတစ်ရွာကလို့ ဆိုပါတယ်။ သူနှင့် သမီးငယ်နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ ဆူနင်မာလာ ကလည်း ဖခင်နည်းတူ မြန်မာစကား မပြောတတ်ပါဘူး။ အင်္ဂလိပ်ဘာသာစကားကိုတော့ အနည်းငယ် ဖတ်တတ်ပြီး ဒုတိယတန်းအထိ သင်ယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ ဆူနင်မာလာက ဘင်္ဂလားဒေ့ရှ်ဘာသာစကားနဲ့ “ကျောင်းတော့ ဆက်တက်ချင်ပါသေးတယ်။ ဒီမှာနေရတာ မပျော်ဘူး။ ဟိုမှာဆိုရင်လည်း ကျောင်းတက်ဖို့သွားရင် ခဲပစ်၊ ဆဲဆိုခြင်း အမျိုးမျိုးတွေနဲ့ နှောင့်ယှက်ကြတယ်။ ဒီမှာလည်း အဲဒီလို ထပ်ဖြစ်မှာကို ကြောက်တယ်။ ”

    အလှမယ် လို့ မြိုဘာသာစကားနဲ့ အမည့်မှည့်ထားတဲ့ သူမက နာမည်နဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။ သူအနေနဲ့ ဘ၀ မျှော်လင့်ချက်ကို မရေရာတဲ့ အငွေ့အသက်ပါရှိတဲ့ ထင်မြင်ချက်နဲ့ ပြောပါတယ်။ ဆူနင်မာလာ ဟာ စစ်တွေ၊ မြောက်ဦး စတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို အရမ်းပဲ သွားချင်နေပါတယ်။ သူ့အနေနဲ့ သွားမယ်ဆိုရင်လည်း အလွယ်တကူ သွားနိုင်ပေမယ့် ဘာသာစကား မကျွမ်းကျင်တာ၊ နယ်မြေမကျွမ်းကျင်မှု စတဲ့အရာတွေက အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ ရခိုင်လူမျိုးတွေရဲ့ သွင်ပြင်နဲ့ တူညီနေတာကြောင့် အစစ်အဆေးမရှိ သွားနိုင်ပါတယ်လို့ သူ့ ဖခင်က ဆိုပါတယ်။

    ထိုသို့ ပညာတစ်ပိုင်းတစနှင့် ဘ၀အာမခံချက် လိုလားသူများအတွက် မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ ဖြစ်ပေါ်နေကြအတိုင်း လူကုန်ကူးခံရမှုနှင့် လိင်လုပ်ငန်းတွေ တွင်ကျယ်လာမှုလည်း ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

    လူကုန်ကူးခံရမှု လုပ်ငန်းမှာလည်း မောင်တောဒေသ၌ ဖြစ်ပွားမှု မရှိသေးဘဲ နတလ ရွာများအား လူစိမ်းများ ၀င်လျှင် သိရှိနိုင်ရန်လည်း သတင်းပေးပို့နိုင်ရန် သတင်းပေးများ ခန့်အပ်ထားသည်ဟု နတလ ခရိုင်မှူး ဦးသန့်ဇင်က ဆိုပါတယ်။

    လိင်လုပ်ငန်း လုပ်ကိုင်မှုတွေဟာ နတလ ရွာတွေမှာ မဟုတ်ဘဲ တခြားနေရာက သူတွေ လိင်လုပ်ငန်းလုပ်နေကြတာကို လိုက်လံဖမ်းဆီးရာမှ အဲဒီလူတွေက နတလရွာကို ရှောင်ပုန်းပြေးတာကြောင့် နတလ ရွာတွေ လိင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး အမည်တွင်ခဲ့မှုလည်း ရှိခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။

    #ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်တိုင်းရင်းသားများအပေါ် ဒေသခံများ၏ ခံစားချက်

    စိုးရိမ်ပူပန်မှုအရ ပြောင်းရွှေ့လာသူလို့ ခေါ်ဝေါ်ကြတဲ့ ဒုက္ခသည်တွေထဲမှာ ရခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင် စသည်တို့ ပါရှိပါတယ်။ ပြောင်းရွှေ့လာသူ အများစုဟာ တစ်ဘက်နိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ အုပ်ချူပ်သူတွေက ဒီလို တစ်ဖက်နိုင်ငံသားတွေကို အလွယ်တကူ လက်ခံနေတာဟာ နားမလည်နိုင်စရာ ဖြစ်တယ် လို့ အလယ်သံကျော် ကျေးရွာက အစ္စလမ် ဘာသာဝင်ဖြစ်တဲ့ ဦးဆွေယောဒူလာက ပြောပါတယ်။

    “ကျွန်တော်တို့ကျတော့ ဒီမှာ ငယ်ငယ်လေးကနေ နေလာတာ။ နိုင်ငံသား မဟုတ်ဘူးတဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေကျတော့ ဘာမှ မပြောဘူး။ နေစရာပေးတယ်။ အလုပ်အကိုင်ပေးတယ်။ ဒါဟာ ကိုးကွယ်တဲ့ ဘာသာကြောင့်များလားလို့ ကျူပ် ထင်တယ်။ ”

    ဦးဆွေယောဒူလာ ယူဆသကဲ့သို့ပင် တစ်ခြားသော အစ္စလမ်ဘာသာဝင်များ ကြားတွင်လည်း နိုင်ငံသားဖြစ်ခွင့်ကို အလွယ်တကူ ရရှိလာနိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသူများအား နိုင်ငံသားဖြစ်ခွင့် ရရှိသွားခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်သောကြောင့် ဟု အလွယ်တကူ လက်ခံ နားလည်ထားကြသည်။

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဌ ဦးလှသိန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိုးရိမ်ပူပန်မှုကြောင့် ပြောင်းရွှေ့လာကြသော ရခိုင်မျိုးနွယ်စုများအား ပြန်လည်လက်ခံခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သူက ဆိုသည်။

    #နိုင်ငံသားပြုမှုဆိုင်ရာနှင့် ဘာသာရေး ခွဲခြားမှုများ နောက်ကွယ်

    ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသည့် ရခိုင်မျိုးနွယ်စုများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ပိုင်ခွင့် မရှိသေးသော်လည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် မဲထည့်ပိုင်ခွင့် ရှိသူများ ဖြစ်လာနိုင်ကြသည်။ လက်ရှိအခြေအနေတွင် မောတောခရိုင် မဲဆန္ဒနယ်အတွင်း၌ အစ္စလာမ်ဘာသာဝင်များသည် ယခုလာမည့် ၂၀၁၅ အလွန် လွှတ်တော်ထဲတွင် အသံမဲ့နိုင်ခြေရှိသည်။ ၎င်းတို့အား ကိုယ်စားပြုမည့် ပါလီမန် အမတ်လောင်း ပါတီများက လွှတ်တော်ထဲသို့ ၀င်ရောက်ခွင့် မရှိနိုင်တဲ့ အခြေအနေ ဖြစ်နေကြပါတယ်။
    နိုင်ငံသားဖြစ်မှု ဥပဒေအရ မောင်တောခရိုင်ဒေသအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၁၀ ရွေးကောက်ပွဲကာလနှင့် နှိုင်းယှဉ်လျှင် ၁၀ ဆ ခန့် လျော့နည်းကွာဟသွားတယ်လို့ ခရိုင်ကော်မရှင် ဦးအောင်ကျော်ညွှန့်က ဆိုပါတယ်။

    “၂၀၁၀ တုန်းက ဆန္ဒမဲထည့်ပိုင်ခွင့်ရှိသူ ၅ သိန်း၊ ခုကျတော့ ၅ သောင်းပဲ ဖြစ်သွားပြီ”

    မောင်တောခရိုင်ရဲ့ အနေအထားအရ ဒီအခြေအနေတွေဟာ ဆူပူမှုကို ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆရပါတယ်။ လုံခြုံရေးအရ စိုးရိမ် ကြောက်လန့်ဖွယ်ရာ စကားများကိုလည်း ပြည်နယ်အစိုးရရဲ့ အထက်အရာရှိပိုင်းများက ပြောဆိုနေကြပါတယ်။ လုံခြုံရေးအပေါ် စိုးရိမ်စိတ်ဖြင့် ပြောဆိုချက်များဟာ နတလ ကျေးရွာတွေအတွင်းမှာ တွေးပြီး ကြောက်လန့်နေကြတဲ့ သူတွေ ရှိပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှ စိုးရိမ်စိတ်ကြောင့် ၀င်ရောက်လာကြတဲ့ ဒုက္ခသည်များဟာ မောင်တောဒေသမှာလည်း တစ်ဖက် အစ္စလာမ် ဘာသာဝင်များရဲ့ ဘင်္ဂလားဒေ့ရှ်မှာ သူတို့ နေထိုင်ခဲ့စဉ်ကကဲ့သို့ အနှောင့်အယှက်ပေးနိုင်မယ်ဆိုတာကိုလည်း သံသယရှိနေဆဲ ဆိုတာ တွေ့ရှိရပါတယ်။ ဒီ မေးခွန်းနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေထဲမှာ ဖြေဆိုသူတစ်ဦးဖြစ်တဲ့ ခရေမြိုင်ကျေးရွာသူ ဒေါ်အေးငြိမ်းက ဝေခွဲမရစွာဖြင့် သူ့ရဲ့ ယူဆချက်ကို မပြတ်မသား ပြောပါတယ်။

    “ဟိုမှာထက်စာရင် ဒီမှာ အနှောင့်အယှက် နည်းမယ် ထင်လို့ပါ။ ဒါကြောင့် ရခိုင်ပြည်ကို ၀င်ပြီး ခိုလှုံလာကြတာပါ။ အဓိက အကြောင်းအရင်းကတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်နေလို့ပါ။”

    စံပယ်မြိုင်၊ မောရ၀တီ၊ ရွှေဗဟို၊ အလယ်သံကျော် ကျေးရွာများတွင်လည်း လုံခြုံရေးများ နေရာချထားပါတယ်။ သေနတ်သံများ မကြာမကြာ ကြားရတယ်လို့ နှစ်ဘက်လူ့အဖွဲ့အစည်း နှစ်ခုစလုံးက ဆိုကြပါတယ်။ ဓါးပြတိုက်မှု ဖြစ်စဉ်များလည်း ရံဖန်ရံခါ ရှိတတ်တယ်လို့ အလယ်သံကျော် ကျေးရွာမှ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဦးဆွေယော်ဒူလာ က ဆိုပါတယ်။

    မောင်တောခရိုင်မှာ ချပေးထားတဲ့ နတလ ကျေးရွာတွေမှ အစ္စလာမ်ဘာသာဝင်တွေ လုံးလုံး ပါဝင်တာကို မတွေ့ရပါဘူး။ ဒါဟာ အစ္စလာမ် ဘာသာကို ကိုးကွယ်တဲ့သူတွေများတဲ့ မောင်တောဒေသမှာ နိုင်ငံရေးအရ ဘာသာရေးပါဝါကို ထိန်းကျောင်းပြီး လူမျိုးရေးစနစ်တစ်ခုကို လည်ပတ်တာလို့ ယူဆနိုင်ဖွယ်ရှိပါတယ်။

    #စစ်ရေးအရ အရေးပါလာမည့် နတလ ကျေးရွာများ

    မြန်မာ့ထိပ်တန်း စစ်အရာရှိဟောင်းတစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ မောင်တောခရိုင်ဒေသမှာရှိတဲ့ နတလ ရွာတွေဟာ စစ်ရေးအရ လုံခြုံရေးအနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအစီအစဉ်မှာ အထက်မြန်မာပြည်ဘက်က လူတွေကို မခေါ်ယူတော့ဘဲ တစ်ဖက်နိုင်ငံက ရခိုင်လူမျိုးတွေကို လက်ခံနေရာချပေးနေတာကို တွေ့ရပါတယ်။

    ပြီးတော့ သူတို့တွေထဲက တချို့ဟာ မောင်တောဒေသခံ ဗုဒ္ဓဘာသာဝင်တွေရယ်၊ ရခိုင်ဒေသမှာရှိတဲ့ ရခိုင်တွေအတွက်ပါ ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ရအောင် တိုင်းပြည်အပေါ် အနစ်နာခံလိုစိတ် ပြင်းပြနေကြပါတယ်။ ဒီနေရာမှာ ၂၀၁၂ အရေးအခင်းအပြီး ရခိုင်တွေ ကျယ်ပြန့်စွာ မောင်တော နယ်စပ်မှာ ၀င်ရောက်လာမှုနှင့်အတူ ရခိုင်လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင်တပ်မတော် (AA) က အသံတစ်ခု ထွက်ရှိလာပါတယ်။

    ရက္ခိုင်တပ်မတော် (Arakan Army – AA) က ရေပြင်၊ မြေပြင်၊ ဝေဟင် ကာကွယ်ရန် ရခိုင်ပြည်တွင် အခြေစိုက်ရန် အသင့်အနေအထား ရှိနေခဲ့ပြီဟု ၂၀၁၄ ခုနှစ် ဧပြီလထဲမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသား ကျောက်ဖြူညီလာခံမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုမှုဟာ AA တပ်မတော် အနေနဲ့ သူတို့ရဲ့ နယ်စပ် တပ်သားအင်အားကို ဘင်္ဂလားဒေ့ရှ်က ၀င်ရောက်လာတဲ့ ရခိုင်မျိုးနွယ်စုတွေကို အသုံးချမလားဆိုတာကို တွေးကြည့်ရမှာပါ။

    မောင်တောခရိုင်တောင်ပိုင်း ရွှေဗဟိုမှာ နေထိုင်တဲ့ မောင်မောင် (အမည်လွှဲ) က သူ့လက်ညိုးကို သေနပ်ပစ်သလို ကွေးပြရင်း “ဒါကိုရရင် ငါတို့ပြည်ကို ငါတို့ ရပြီ။ ဒီမှာ စားဝတ်နေရေးကျပ်ရင် အဲဒီတပ်ဆီကို ၀င်သွားမယ်” ဟု သူက ဆိုပါတယ်။

    သြဂုတ်လရဲ့ နောက်ဆုံးသီတင်းပတ်တွေမှာလည်း ရက္ခိုင်တပ်မတော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
    အစိုးရဆီက အထောက်အပံ့ ရယူနေရင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့ သူတို့ ဘ၀မှာ ရွေးချယ်စရာတွေလည်း နည်းပါးနေတယ်လို့ သူက ဆိုပါတယ်။ သူတို့ရဲ့ အနစ်နာခံလိုစိတ်၊ ရခိုင်တွေကို ချစ်တဲ့ စိတ်ကို ပြလိုတဲ့ သူတို့ဟာ အခွင့်အရေးပေးရင် AA တပ်မတော် သို့မဟုတ် မြန်မာ့တပ်မတော်ထဲကို အချိန်မရွေး ၀င်ရောက် သွားနိုင်ခြေ ရှိကြပါတယ်။

    #နတလ သည် ၀ှက်ဖဲ တချပ်လား

    မောင်တောဒေသမှာ ရှိတဲ့ နတလ ကျေးရွာတွေက ရခိုင်မျိုးနွယ်စုတွေ ၃ နှစ်ပြည့်ပြီးရင် နိုင်ငံသား ပေးလိုက်တာဟာ မောင်တောခရိုင်မှာ ရှိတဲ့ နိုင်ငံသား မဖြစ်ကြရသေးတဲ့ ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင်တွေကို မျက်ကွယ်ပြုရာ ကျနေပါတယ်။ အများစုသော လူမျိုးကို နိုင်ငံရေး၊ ဘာသာရေးအရ အခွင့်အရေး အနည်းငယ်မျှ မပေးခြင်းဟာ ရှင်သန်မှု အကျဉ်းအကျပ်ထဲကို ရောက်ရှိ သွားတဲ့ ဖြစ်စဉ်ပါ။ သေးငယ်သော အစုအဖွဲ့ ခံစားမှုတွေကနေ ကြီးမားသော ပြဿနာ ဖြစ်လာနိုင်တယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သတိပြုမူသင့်ပါတယ်။

    ၂၀၁၂ ခုနှစ်ကလို အရေးအခင်းများ မောင်တောခရိုင် ပြန်လည် မပေါ်ပေါက်လာနိုင်ဘူး ဆိုတာ ဘယ်သူမှ အာမခံလို့ မရပါဘူး။ တဘက်လူမျိုးနဲ့ တဘက် သေးငယ်တဲ့ မှုခင်းလေးတွေ ရံဖန်ရံခါ ပေါ်ပေါက်နေတယ်ဆိုတာလည်း မောင်တောခရိုင် မှုခင်းမှတ်တမ်းများအရ သိရှိနိုင်ပါတယ်။ နတလ ကျေးရွာကြောင့် လယ်မြေတွေ အသိမ်းခံလိုက်ရတဲ့ ဦးဆွေယော်ဒူလာကတော့ သက်ပြင်းတွေ ချပြီး စဉ်းစားစွာ ပြောဆိုလိုက်ပါတယ်။

    “ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံတစ်ခုစီတိုင်းမှာ မတူညီတဲ့ လူမျိုး၊ မတူညီတဲ့ ကိုးကွယ်သူများ ရှိကြမြဲပါ။ ဒါပေမယ့် သူတို့အနေနဲ့ အဲဒီနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်လိုခြင်း ရပ်ဆိုင်းခြင်း၊ ဒါမှမဟုတ် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခံပြီး အခြားနိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမယ်ဆိုရင်၊ အခြားနိုင်ငံရဲ့ အရိပ်ကို ခိုလှုံမယ်ဆိုရင် ဒါဟာ ဒုက္ခသည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှသာလျှင် သွားရမှာ ဖြစ်ပါတယ်။ အခုဟာက ဗုဒ္ဓဘာသာ ဖြစ်ရုံမျှ နေအိမ်၊ လယ်မြေ၊ ထွန်ယက်စရာ နွားနဲ့ စားနပ်ရိက္ခာက အစ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားပြီး ၃ နှစ်စောင့်ရင် နိုင်ငံသားပြုခွင့်ပေးမယ် ဆိုတာ မြန်မာအစိုးရအနေနဲ့ တရားမျှတပါရဲ့လား”

    #သုံးသပ်ချက်

    ရခိုင်ပြည်နယ်သည် ဒီမိုကရေစီ အစိုးရသစ် တက်လာပြီးချိန်ကစ၍ ပြည်နယ်အတွင်း၌ အတွေးအခေါ်၊ အယူအဆ မတူညီမှုများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အစွဲအလမ်းကြောင့် သော်လည်းကောင်း၊ အချင်းချင်း ပဋိပက္ခများဖြစ်ကာ အဓိကရုဏ်း ဆူပူမှုကြီးများနှင့် ယနေ့တိုင် သံသယအမုန်းမီးများက တောက်လောင်နေဆဲ ဆိုသည်ကို အားလုံး အသိပင် ဖြစ်သည်။

    ရခိုင်ပြည်နယ် ၀န်ကြီးချူပ် အဆက်ဆက် ဖြစ်ကြသည့် ဦးလှမောင်တင်၊ ဦးမောင်မောင်အုန်းနှင့် ယခု ဦးမြအောင်တို့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြသေး။
    အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ ဒေသများသို့ မည်သည့် ဘာသာ၊ မည်သည့် လူမျိုး မဆို အလွယ်တကူ ၀င်ရောက် စီးပွားကူးသန်းခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်များ ရှိနေသော်လည်း အစ္စလာမ်ဘာသာဝင်များအနေနှင့် ကန့်သတ်ခံနေရဆဲ ဖြစ်သည်။

    တစ်ဖက်နှင့် တစ်ဖက် မတူညီသော သဘောထား၊ ခံယူချက်တို့ကို ဆွေးနွေးညှိနှိုင်းကြရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုသော ကိစ္စသည် မလွယ်ကူခြင်းတော့ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် နှစ်ဖက်စလုံးက ရိုးသားဖြူစင်ကြပြီး တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပြီး အာဃာတများ ကင်းပျောက်ကြမှသာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အကောင်အထည်ဖော်နိုင်ကြမည် ဖြစ်သည်။

    သို့ဖြစ်သောကြောင့် ရခိုင်ပြည်နယ် အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း ရခိုင်ပြည်နယ်၏ ထိလွယ်ရှလွယ်သည့် အခြေအနေများ၊ သံသယများ မငြိမ်းသေးချိန်တွင် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ခွဲခြားအခွင့်ထူးပေးခြင်းဖြစ်စေ၊ ခွဲခြားဖိနှိပ်ခြင်းဖြစ်စေ မပြုလုပ်ရန် အလွန်လိုအပ်ပါသည်။

    — ဤဆောင်းပါးသည် The welcome migrants from Bangladesh အမည်ဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်စွဲထုတ် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ မီဒီယာ Frontier Myanmar တွင် ဖော်ပြခြင်းခံရသော RIA ၏ Investigative Report ဖြစ်ပါသည်။

     

    RIA မှ ကူးယူဖော်ပြပါသည် ။