News @ M-Media

Blog

  • ဘာသာတရား ပြသနာ မဟုတ်သည့် လူသားဝါဒ နှင့် လူရိုင်းဝါဒတို့ကြား ထိပ်တိုက် ပဋိပက္ခ

    ဘာသာတရား ပြသနာ မဟုတ်သည့် လူသားဝါဒ နှင့် လူရိုင်းဝါဒတို့ကြား ထိပ်တိုက် ပဋိပက္ခ

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၅
    M-Media
    muslims1-1170x711
    အီရတ်နှင့် လက်ဘနွန်ရှိ အစ္စလာမ့် နိုင်ငံတော်(ISIL) ဟု  အမည်ပေးထားသူများအပါအဝင် အကြမ်းဖက်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို မယုံနိုင်စရာရင်ဆိုင်ကြုံတွေ့ရသည့်အတွက် စကားလုံးများဖြင့် မဖော်ပြနိုင်တော့အောင်ပင် ဝမ်းနည်းစိတ်မသက်မသာဖြစ်ရမိပါသည်။

    အဆိုပါအုပ်စုများသည် ယင်းတို့၏ ဖောက်လွဲဖောက်ပြန် အတွေးအခေါ်များကို ဘာသာရေးအသွင် အရောင်ဆိုးရင်း အကြမ်းဖက်နေကြသူများ သာဖြစ်ကြောင်း ကမ္ဘာတဝန်းရှိ သန်းပေါင်း၁၅၀၀ကျော်သော မွတ်စလင်မ်တို့အား လေးလေးနက်နက် ဝမ်းနည်းစွာ အသိပေးလိုပါသည်။ ကျွန်ုပ်တို့ မွတ်စလင်များ အနေဖြင့် ယင်း အစွန်းရောက်အကြမ်းဖက်တို့ရန်မှ ကမ္ဘာကိုကယ်တင်ရန် လူသားချင်းလက်တွဲဆောင်ရွက်ကြရုံမျှမက ယင်းသူတို့ကြောင့် မှေးမှိန်ပျက်ယွင်းနေရသည့် ကျွန်ုပ်တို့ယုံကြည်မှု ဘာသာတရား၏ ပုံရိပ်မှန်ကို ပြန်လည် တည်ဆောက်ပေးကြရန်လည်း တာဝန်ရှိနေပါပြီ။

    စာအားဖြင့်လည်းကောင်း ပုံသဏ္ဍန်အားဖြင့်လည်းကောင်း အသွင်ဆောင်ခြင်းဖြင့် မိမိတို့သည် ဤဤထိုထို လူ့အစုအဝေး တစ်ရပ်မှဖြစ်ကြောင်း ကြေညာရန် လွယ်လှပါသည်။  ယင်းသူတို့၏ အသွင်ဆောင်ကြေညာချက် အစစ်အမှန် ဟုတ်မဟုတ်ကိုမူကား သူတို့ မိမိကိုယ်ကို ကြေညာ ထားကြသော အစုအဖွဲ့၏ အခြေခံအနှစ်သာရများနှင့် ယင်းသူတို့၏လက်တွေ့လုပ်ရပ်များ ကိုက်ညီမှုရှိမရှိ နှိုင်းယှဉ် တိုင်းတာကြ ရပေမည်။ ယုံကြည်ချက်တစ်ရပ်၏ မှတ်ကျောက်သည် ပုံစံတစ်မျိုးမျိုးဖြင့် ဝတ်စားဆင်ယင်ကာ ကြွေးကြော်ကြေညာခြင်း အပေါ် အခြေမခံ။ မှတ်ကျောက်အစစ်သည်ကား သူတပါးအသက်ကို တန်ဖိုးထားခြင်း လူသားထုတစ်ရပ်လုံး၏ ဂုဏ် သိက္ခာကို လေးစားကြည်ညိုခြင်း စသည့် ကမ္ဘာ့ဘာသာတရားအသီးသီး၏ အခြေခံ အနှစ်သာရများကို လေးစား လိုက်နာကျင့်သုံးခြင်း ရှိမရှိပင်ဖြစ်သည်။

    ကျွန်ုပ်တို့အနေဖြင့် အကြမ်းဖက်သမားတို့ပုံဖော်လာသော အတွေးအခေါ်အယူအဆလွဲ မှန်သမျှအား ခြွင်းချက်မရှိ ဆန့်ကျင်ကာ အားလုံးတူညီ ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်တတ်သော အတွေးအခေါ်များကို ခိုင်ခိုင်မြဲမြဲ နှစ်နှစ်ကာကာ ယုံကြည် တည်ဆောက်ကြရန် လိုသည်။ စင်စစ်အားဖြင့် “လူမျိုး” “နိုင်ငံသား” “ဘာသာတရား” စသည့် သတ်မှတ်ချက်များထက်အရင် ပိုအရေးပါသည်က အကြမ်းဖက်မှုနှင့် ကြုံဆုံရတိုင်း နောက်ရောက်မှေးမှိန်သွားရစမြဲဖြစ်နေရသည့်  “လူသား” ဟူသည့် သတ်မှတ်ချက်ပင်။ ပဲရစ်မြို့တွင် အသက်ဆုံးရှုံးခဲ့ကြရသော ပြင်သစ်နိုင်ငံသားများသည်လည်းကောင်း ၊ ယင်းမတိုင်မီ တစ်ရက်က ဘေရွတ်မြို့တွင် သေဆုံးခဲ့ကြရသော လက်ဘနွန်နိုင်ငံသား ရှိအဟ် မွတ်စလင်မ်များသည်လည်းကောင်း၊ ယင်းအကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့်ပင် အသက်ဆုံးရှုံးခဲ့ကြရသော အီရတ်နိုင်ငံသား စွန္နီ မွတ်စလင်မ် အမြောက်အများတို့သည်လည်းကောင်း အကယ်စင်စစ် “လူသား” များပင်။ လူသားများ ခံစားနေရသော ဘေးဒုက္ခများအား အမျိုးဘာသာမခွဲဘဲ ကိုယ်ချင်းစာစိတ်ဖြင့် တန်းတူ ဝမ်းနည်းကာ တန်းတူရည်တူ မတုန့်ပြန်တတ်ကြသေးသရွေ့တော့ ကျွန်ုပ်တို့လူ့ဘောင် တိုးတက်ကြမည်မဟုတ်ချေ။

    အခြားသူများက မိမိတို့အသွင်ယူ လုပ်ကြံကာ မိမိတို့ကို ပုံဖျက်နေကြသည်ဆိုသော conspiracy theories များကို ယုံကြည်နေခြင်းအားလည်း မွတ်စလင်မ်တို့အနေဖြင့် ငြင်းပယ်ရှောင်ရှားကြသင့်ပါပြီ။ ဤသို့ ယုံနေကြခြင်းကြောင့်လည်း ကျွန်ုပ်တို့ ကြုံတွေ့နေရသော လူမှုဘဝပြဿနာများကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းရန်ကို ရှောင်ဖယ်မိနေကြခြင်း ဖြစ်သည်။ ထို့အစား ကျွန်ုပ်တို့အနေဖြင့် အောက်ပါ ပြဿနာတို့ကို အဖြေရှာကြရန်လိုနေပါသည်။  ကျွန်ုပ်တို့ လူ့အစုအဝေးများသည် မိမိတို့အတွင်း၌ မသိမသာ ကိန်းအောင်းလျက်ရှိနေကြသော အာဏာရှင်ဝါဒ၊ အိမ်တွင်း ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ လူငယ်များအား လစ်လျူရှုထားမှု၊ ဘက်စုံထူးချွန်သောပညာရေး အားနည်းမှုတို့ကြောင့် အာဏာရှင် အုပ်စုများအား မွေးထုတ်ပေးရာ ဖြစ်နေလေသလား။ ကျွန်ုပ်တို့အနေဖြင့် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား စနစ်တကျ မပျိုးထောင်နိုင်ခဲ့မှု၊ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းများအတွင်း တရားဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းစွာ စုပေါင်း အတူလက်တွဲနေထိုင်ရေးတို့ကို အောင်မြင်စွာ မဖော်ဆောင်နိုင်ခဲ့မှုများက ဒုက္ခတွေ့နေသူများအား အခြားလမ်းသို့ တွန်းပို့ခဲ့ရာ ရောက်နေရသည်လား။

    ပဲရစ်မြို့၏ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် ဘာသာရေးအထူးပြုလေ့လာသူ ဓမ္မသတ်မှူးများ အတွက်သာ မက အများပြည်သူ မွတ်စလင်မ်တို့အတွက်လည်း ကျွန်ုပ်တို့၏သာသနာကို ခုတုံးလုပ်လီဆယ် ထားသော အဆိုပါအကြမ်းဖက်မှုတို့အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန် ကန့်ကွက်ကြရန် လိုကြောင်း သတိပေးသံတစ်ရပ်ပင်။ သို့သော် ဤနေရာတွင် ဆန့်ကျင်ဝေဖန် ကန့်ကွက်ကြခြင်း သက်သက်က မလုံလောက်တော့ဘဲ တိုင်းပြည်အုပ်ချုပ်သူ တာဝန်ရှိသူများ ဘာသာရေး ခေါင်းဆောင်များနှင့် လူထုတို့ အခန်းကဏ္ဍစုံ ပူးပေါင်းလက်တွဲလျက် မွတ်စလင်မ် လူ့အစုအဝေးများ အတွင်း အကြမ်းဖက်ဝါဒ တိုးပွားမလာစေရေး အစွမ်းကုန် ကာကွယ် တွန်းလှန်ကြရန် လိုအပ်လျက် ရှိနေပါပြီ။ အစွန်းရောက် အကြမ်းဖက်ဝါဒ မွေးဖွားကြီးထွားစေရာ မှန်သမျှအား စိစစ်အဖြေရှာ အမြစ်ဖြတ်နိုင်ရန် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်ကြိုးပမ်းကြရပေမည်။

    လူငယ်ထုအတွင်း လမ်းမှားရောက်သွားနိုင်ချေရှိနေသူများကို သိရှိရွေးချယ်နိုင်ကာ မိသားစုများကို နှစ်သိမ့်ဆွေးနွေး ပညာပေး နွေးထွေးကူညီမှုပေးခြင်းများဖြင့် ယင်းသူတို့ မိမိကိုကိုယ် ပျက်စီးရာပျက်စီးကြောင်း ကြံနိုင်ကြမည့် လမ်းစဉ်ကိုရွေးချယ်ကြခြင်းမှ ရှောင်ကျဉ်နိုင်စေရန် လူထုအားဖြင့် စနစ်တကျ စီစည်ဆောင်ရွက်ကြရပါမည်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ မွတ်စလင်မ်နိုင်ငံသားများ အနေဖြင့် တစ်စားပွဲထဲထိုင်ကာ ပူးပေါင်းပါဝင်ခွင့်ရစေရေးအတွက် အစိုးရတာဝန်ရှိသူများဘက်မှ ကြိုတင်စီစဉ်မှုများ လုပ်သင့်ပါသည်။ လူငယ်များအနေဖြင့် ထောက်ခံခြင်း ဆန့်ကျင်ခြင်းတို့ကို ဒီမိုကရေစီနည်းကျကျ မည်သို့မည်ပုံ ပါဝင်လုပ်ဆောင်နိုင်ကြကြောင်း သင်ကြားပေးခြင်း ခံထားကြသင့်ပါသည်။ ဒီမိုကရေစီ၏ အနှစ်သာရများကို ကျောင်းသင်ခန်းစာများတွင် ငယ်စဉ်ကတည်းက သင်ကြားပေးထားခြင်းသည် လူငယ်တို့အတွင်း ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားစေရေးအတွက် အလွန် အရေးပါလှပေသည်။

    အထက်ပါကဲ့သို့သော ဝမ်းနည်းဖွယ် အကြမ်းဖက်မှုများ ဖြစ်ပွားအပြီးတွင် သမိုင်းစဉ်ဆက် အခိုင်အမာရှိခဲ့သော တုန့်ပြန်မှုများ ရုပ်လုံးပေါ်လာပြန်သည်။ မွတ်စလင်မ်ဆန့်ကျင်ရေး  ဘာသာရေးအမုန်းပွားမှု အယူအဆများသည်လည်းကောင်း၊ အစိုးရများက အစ္စလာမ်ဘာသာဝင် နိုင်ငံသားများအား လုံခြုံရေးအကြောင်းပြချက်ဖြင့် ခွဲခြားဆက်ဆံမှုသည်လည်းကောင်း ထိရောက်သောရလဒ်ကောင်း မဖြစ်စေနိုင်ပါ။ ဥရောပနိုင်ငံသား မွတ်စလင်မ်များသည် ငြိမ်းချမ်းသာယာစွာ နေလိုကြ သူများ ဖြစ်ကြပါသည်။ မလိုလားမှုများ ရှိအံ့ငြားသော်လည်း သူတို့အနေဖြင့် မိမိတို့လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင် လူ့ဘောင်အသိုင်းအဝိုင်း တစ်ပေါင်းတစ်စည်းတည်း ပိုမိုဖြစ်လာစေရေးအတွက် အတူတကွပါဝင်နိုင်စေရေး စီမံကိန်းများ အကောင်အထည်ဖော်စေနိုင်ရန် သက်ဆိုင်ရာ အစိုးရများကို ဆထက်ထမ်းပိုး ပူးပေါင်းကူညီကြရပါမည်။

    ကျွန်ုပ်တို့ မွတ်စလင်မ်များကလည်း အစ္စလာမ်ကို ကျွန်ုပ်တို့ နားလည်ကျင့်သုံး ဆောက်တည် နေကြပုံကို လက်ရှိ ခေတ်စနစ်၏ လိုအပ်ချက်၊ သမိုင်းကပေးခဲ့သော သင်ခန်းစာများကို အခြေခံလျက် သေချာ ပြန်လည်သုံးသပ်ချိန် တန်ပါပြီ။ ဤသို့ဆိုရာတွင် အစ္စလာမ့် ထုံးတမ်းစဉ်လာအမွေအနှစ် များကို ပြစ်ပယ်ဖို့ရာ ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင် မွတ်စလင်မ်တို့ အကောင်အထည်ဖော် ခဲ့ကြသော အစ္စလာမ့်သွန်သင်ချက်မှတ်ကျောက်များဖြစ်သည့် ကျမ်းမြတ်ကုရ်အာန် နှင့် မဟာတမန်တော်မြတ်၏ ဓလေ့တော်များအတိုင်း ဟုတ်မဟုတ် ပြန်လည် စမ်းစစ် မေးခွန်းထုတ် တိုက်ဆိုင်စစ်ဆေးကြကာ အတည်ပြုနိုင်ကြစေရန်ကို ဆိုလိုရင်း ဖြစ်ပါသည်။ မတော်မတရားဝါဒများအား သာသနာ့သွန်သင်ချက်အဖြစ် ပုံဖော် အသုံးချနေကြသော  အခြေအမြစ်မရှိသည့် မခိုင်မာသည့် သွန်သင်ချက်များအား ဂရုတစိုက်ဖြင့် လျစ်လျူရှု စွန့်ပယ် ကြရပါမည်။ မွတ်စလင်မ် ပညာရှင်များ အနေဖြင့်လည်း နိုင်ငံရေးနှင့် ဘာသာရေးကို ရောထွေး ကျင့်သုံးနေကြစဉ် အလယ်ပိုင်းခေတ်က ချမှတ်ထားခဲ့သော ဓမ္မသတ်ဖြတ်ထုံးများ ဥပဒေသများကို အဖက်ဖက်မှ သုံးသပ် ပြန်လည်စိစစ်ရန် လိုအပ်နေပါသည်။ အခြေခံအုတ်မြစ် သွန်သင်ချက်များနှင့် တရားသေမျက်ကန်း ယုံကြည်မှုအကြား ခွဲခြားနိုင်ကြရပါမည်။ သာသနာ၏ အုတ်မြစ် ပရမတ္တသစ္စာများကို မလွဲဦးသုန် လိုက်နာလျက်  အစ္စလာမ့် ဥာဏ်သစ်လောင်းတော်လှန်ရေး၏ အစပထမဖြစ်ခဲ့သော အသိဥာဏ်အမြော်အမြင်ကို အခြေခံ လွတ်လပ်စွာတွေးခေါ်ခွင့် ပြန်လည် ရှင်သန်လာစေရန်သည် ဖြစ်နိုင်ချေရှိသောအရာတစ်ခုဖြစ်ရုံမျှသာမကဘဲ အကယ်စင်စစ် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ပင် ဖြစ်တော့သည်။ ဤအခြေအနေတွင်ရှိမှသာ မွတ်စလင်မ်တို့အနေဖြင့် လူမဆန်သော ကြမ်းတမ်းသော အစွန်းရောက်မှုကို ထိထိရောက်ရောက် တွန်းလှန်နိုင်ပေမည်။

    မကြာသေးမီက အဖြစ်အပျက်များအပြီးတွင် ယဉ်ကျေးမှုများကြား ထိပ်တိုက်တွေ့သည့် ပဋိပက္ခ အယူအဆများကို တုန်လှုပ်ဝမ်းနည်းစွာ မျက်ဝါးထင်ထင် ကြုံတွေ့နေရပါပြီ။ ဤအယူအဆကို စတင်ဖော်ထုတ်ခဲ့သူ တို့က ကြိုတင်တွေဆ မြင်ယောင်ကာ လိုလိုလားလား ဆိုခဲ့ကြသည်လား ဆိုသည်ကိုတော့ ကျွန်ုပ် မသိ။ သေချာသည်ကတော့ ဤထိပ်တိုက်ပဋိပက္ခဝါဒ ယနေ့ခေတ်တွင် ပြန်လည် ဦးထောင်လာခြင်းသည် အကြမ်းဖက်သမားတို့၏ ကွန်ယက်ကို ပိုမိုအားကောင်းစေဖို့အတွက် အထောက်အပံ့ ဖြစ်စေသည် ဆိုသည့်အချက်ပင်။ ကျွန်ုပ် အခိုင်အမာ ဆိုချင်သည်ကတော့ ယနေ့ခေတ် ကြုံတွေ့နေရသည်တို့သည် ယဉ်ကျေးမှုခြင်း ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ခြင်း မဟုတ်ဘဲ ဘုံယဉ်ကျေးမှုအသိုင်းအဝိုင်းအတွင်း လူသားဝါဒ နှင့် လူရိုင်းဝါဒတို့အကြား ထိပ်တိုက်တွေ့သည့် ပဋိပက္ခဆိုသည်ကိုပင်။

    ကျွန်ုပ်တို့ မွတ်စလင်မ်များ၏ တာဝန်သည်ကား ကျွန်ုပ်တို့ ဝမ်းနည်းအားငယ်ဖွယ် ကြုံနေရငြားသော်လည်း အဖြေထုတ်ကြနိုင်စေရေး တစ်စိတ်တစ်ပိုင်း ပါဝင်ကြရန်ပင်ဖြစ်သည်။ လူသားတို့၏ အသက်များကို ကယ်တင်ကာကွယ်လိုပါက၊ ကမ္ဘာတဝန်းရှိမွတ်စလင်မ်တို့၏ တရားမျှတ လွတ်လပ်မှုကို ကာကွယ်လိုပါက၊ မည်သည့်ဘာသာဝင်အတွက်မဆို လူသားတိုင်း၏ အေးချမ်းသာယာဝပြောရေးကို ကာကွယ်လိုပါက နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာရေး ကဏ္ဍစုံတွင်ရှိနေနိုင်သည့် အစွန်းရောက် အကြမ်းဖက်မှု ပြဿနာများကို ယခုပင် အချိန်မဆိုင်းဘဲ စတင်ဖြေရှင်းသင့်ပါပြီ။

    ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် စံနမူနာပြ ကိုယ်ကျင့်သိက္ခာ ဆောက်တည်ပြခြင်း၊ ဘာသာရေး အဆုံးအမများကို အစွန်းရောက် ဖွင့်ဆိုထားသည်တို့အား လစ်လျူရှု စွန့်ပယ်ခြင်း၊ ထိုအစွန်းရောက်သွန်သင်ချက်များ လူငယ်ထုအပေါ်သက်ရောက်မှု မရှိစေရန် ဂရုစိုက် ကာကွယ်ပေးခြင်း၊ ငယ်စဉ်ကတည်းကပင် ပညာရေးတွင် ဒီမိုကရေစီ၏ အနှစ်သာရများ သွန်သင်ပေးခြင်း စသည့် နည်းလမ်းတို့ဖြင့် အကြမ်းဖက်မှု အစွန်းရောက်မှုများသာမက ထိုလမ်းစဉ်များသို့ ဦးတည်စေသည့် အာဏာရှင်စနစ်ကိုပါ တွန်းလှန်နိုင်ကြပါမည်။

    (တူရကီပညာရှင် ဖသ်ဟုလ္လာဟ် ဂုလန် ၏ Le Monde တွင် ဒီဇင်ဘာ ၁၇ရက် ၂၀၁၅တွင် ပထမဆုံးအကြိမ် ဖော်ပြခဲ့သည့် Muslims, we have to critically review our understanding of Islam ဆောင်းပါးကို “သဲတပွင့်” ဘာသာပြန်ပါသည်။ )

  • IS လက်ထဲမှ ရာမာဒီကိုပြန်ရရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်နေ

    IS လက်ထဲမှ ရာမာဒီကိုပြန်ရရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်နေ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    iraq

    – အီရတ်နိုင်ငံအလယ်ပိုင်းရှိ IS များထိန်းချုပ်ထားရာ ရာမာဒီမြို့အား ပြန်လည်ရရှိရေးအတွက် အီရတ်စစ်တပ်က ယနေ့တွင် အလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

    ယနေ့မနက်က စတင်ခဲ့ခြင်းဖြစ်ပြီး IS ဘက်ကလည်း အသေခံကားဗုံးခွဲသမားများနှင့် ပြန်လည်တုန့်ပြန်ခဲ့သည်ဟု အီရတ်စစ်တပ် အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-နူမာနီက ပြောကြားခဲ့သည်။ ထို့ပြင် လေကြောင်းမှတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

    မြို့တော်ဘဂ္ဂဒတ်မှ ကီလိုမီတာ ၁၂၀ အကွာအဝေးတွင်ရှိပြီး အန်ဘာရ်ပြည်နယ်၏ မြို့တော်ဖြစ်သော ရာမာဒီမြို့ကို IS က ယခုနှစ်မေလတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အီရတ်စစ်တပ်က မြို့၏ အချို့အစိတ်အပိုင်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ စစ်တပ်ကမူ ၎င်းတို့မှာ အဓိက စစ်ဌာနချုပ်တစ်ခုအပါအ၀င် မြို့၏ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နေမျိုးဝေအား တရားစွဲထားသည့် ရွေးကောက်ပွဲဝင် တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်အား မွတ်စလင်မ် ဆန့်ကျင်ရေးသမားများ လုပ်ကြံရေးသား တိုက်ခိုက်

    နေမျိုးဝေအား တရားစွဲထားသည့် ရွေးကောက်ပွဲဝင် တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်အား မွတ်စလင်မ် ဆန့်ကျင်ရေးသမားများ လုပ်ကြံရေးသား တိုက်ခိုက်

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၅
    M-Media
    သီဟ
    U Yan Naing
    ၂၀၁၅ ရွေးကောက်ပွဲတွင်  သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) မှ  တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်၏ ဓါတ်ပုံကို မုဒိန်းမှု သတင်းတခုနှင့် ယှဉ်တွဲပြီး ပြစ်မှု ကျူးလွန်သူဟု “အောင်မျိုးကျော်” အမည်ဖြင့် Facebook အကောင့်တခုမှ လုပ်ကြံဝါဒဖြန့် ရေးသားထားတာကိုတွေ့ရပါတယ်။

    အဆိုပါ လုပ်ကြံသတင်းအား လွန်ခဲ့တဲ့ ၃ နာရီက Facebook စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

    အဆိုပါ “အောင်မျိုးကျော်” အကောင့်မှာ အစ္စလာမ်ဆန့်ကျင်ရေးလှုံ့ဆော်သည့် ပိုစ်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရိုင်းစိုင်းစွာ စော်ကားထားသည့် ပိုစ်အများအပြား တင်ထားတာ ကိုလည်း ၄င်းရဲ့ အကောင့်မှာတွေ့ရပါတယ်။
    U-Yan-Naing-2
    တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်မှာ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ နှင့် အစ္စလာမ်ဘာသာဝင်တို့အား ယုတ်ညံ့တဲ့ အသုံးအနှုန်းများဖြင့် စော်ကားရေးသားခဲသည့် ဦးနေမျိုးဝေအား ပြီးခဲ့သည့် စက်တင်ဘာလက တရားစွဲဆိုခဲ့သူဖြစ်ပါတယ်။
    .
    ဆိုရှယ် မီဒီယာတွင် အမုန်းတရားများ နှစ်ချီရေးသား လှုံဆော်ရေးသားနေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ အား တရားစွဲဆိုမှုကြောင့် အမျိုးသားရေး အမည်ခံ အစ္စလာမ် ဆန့်ကျင်ေ၇း အုပ်စုများမှ လုပ်ကြံ တိုက်ခိုက်တာ ဖြစ်ကြောင်း ဦးရန်နိုင်၏ မိတ်ဆွေတစ်ဦးမှ သုံးသပ်ပြောဆိုပါတယ်။

    ဝါဒဖြန့်နေသည့် လင့်ခ်
    https://www.facebook.com/myochit.thitser/posts/1730216407212847

    ဆက်စပ်သတင်းများဖတ်ရန်
    ————————–
    ဘာသာရေး လူမျိုးရေး စော်ကား လှုံ့ဆော်နေသည့် နေမျိုးဝေအား UNC ပါတီမှ တရားစွဲ အမှုဖွင့်ပြီ
    http://www.m-mediagroup.com/news/48262

    စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်
    http://www.m-mediagroup.com/news/46444

  • ဂြိုဟ်တုလွှတ်တင်သည့် ဒုံးပျံ ပြန်လည်ဆင်းသက်မှု အောင်မြင်၊ အာကာသလုပ်ငန်း၌ သမိုင်းဝင်အောင်မြင်မှုဖြစ်

    ဂြိုဟ်တုလွှတ်တင်သည့် ဒုံးပျံ ပြန်လည်ဆင်းသက်မှု အောင်မြင်၊ အာကာသလုပ်ငန်း၌ သမိုင်းဝင်အောင်မြင်မှုဖြစ်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    space

     

    – အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော SpaceX မှာ ၎င်းတို့၏ Falcon 9 ဒုံးပျံအား လွှတ်တင်ပြီးနောက် ပြန်လည်ဆင်းသက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အာကာသခရီးစဉ်များတွင် ဒုံးပျံများအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် သမိုင်းဝင်အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။

    အဆိုပါ ဒုံးပျံမှာ ORBCOMM ဂြိုဟ်တု ၁၁ ခုကို တင်ဆောင်ကာ ဖလော်ရီဒါရှိ ကိပ် ကာနာဗီရဲလ် အာကာသစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တုများအား ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း ဒုံးပျံမှာ ဒေါင်လိုက်အနေအထားအတိုင်း အာကာသစခန်းသို့ ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “Falcon ရဲ့ပထမအဆင့်ဆင်းသက်မှုကို အတည်ပြုပါတယ်။ ORBCOMM ဂြိုဟ်တု ၁၁ ခုစလုံး သတ်မှတ်ထားတဲ့ ပတ်လမ်းတွေကို ရောက်ရှိခဲ့ပါပြီ” ဟု SpaceX က ၎င်းတို့၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    အမေရိကန်အာrocketကသအေဂျင်စီ နာဆာကလည်း ထိုအောင်မြင်မှုအား ချီးကျူးခဲ့သည်။

    “ကမ္ဘာကို ပထမဆင့် ဒေါင်လိုက် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့အတွက် SpaceX ကို ဂုဏ်ပြုပါတယ်” ဟု နာဆာက Twitter စာမျက်နှာတွင် ရေးသားဂုဏ်ပြုခဲ့သည်။

    လက်ရှိအချိန်တွင် ဒုံးပျံလုပ်ငန်း၌ နောက်ဆုံးပေါ်နည်းပညာများကို တီထွင်စမ်းသပ်အသုံးပြုနေသော်လည်း တစ်ကြိမ်လွှတ်တင်ပြီးပါက ဖျက်ဆီးပစ်ရသောကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေပြီး ယခုကဲ့သို့ ပြန်လည်အသုံးပြုနိုင်သည့်စနစ်က ကုန်ကျစားရိတ်များကို လျော့ချနိုင်မည်ဖြစ်ကာ အာကာသစူးစမ်းရှာဖွေရေးနယ်ပယ်အတွက် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ခဲ့သည်။

    Falcon 9 ဒုံးပျံအား ထိုကဲ့သို့ ပြန်လည်ဆင်းသက်နိုင်ရန်အတွက် အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သော Elon Musk ဦးဆောင်သည့် SpaceX ကုမ္ပဏီမှာ အကြိမ်ကြိမ်ကြိုးစားခဲ့ရသည်။

    Ref: Channelnewsasia

  • ကာတာမှာ အာရပ်နိုင်ငံများအနက် လူစွမ်းအားဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်နေ

    ကာတာမှာ အာရပ်နိုင်ငံများအနက် လူစွမ်းအားဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်နေ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    qatar

    – ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ လူစွမ်းအားဖွံ့ဖြိုးမှု အစီရင်ခံစာတွင် ကာတာမှာ အာရပ်နိုင်ငံများအနက် အဆင့်အမြင့်ဆုံးတွင် ရပ်တည်နေပြီး ကမ္ဘာ့အဆင့်တွင် ၃၂ ခုမြောက်နိုင်ငံ အဖြစ် ရှိနေသည်ဟု သိရသည်။

    ကာတာနိုင်ငံ၏ GNI မှာ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁၁၉၀၂၉ ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၂၃၁၂၄ သို့မြင့်တက်သွားခြင်းကြောင့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းသည် ၀.၈၄၉ မှ ၀.၈၅ သို့ ခုန်တက်သွားသည်။ အမျိုးသား၊ အမျိုးသမီး နှစ်ခုလုံး၏ စာတတ်မြောက်မှုနှုန်းမှာလည်း ၉၆.၃ ရာခိုင်နှုန်းမှ ၉၆.၇ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်။

    ကာတာနိုင်ငံမှာ အသက် ၁၅ နှစ်အထက်ရှိသူများ အလုပ်အကိုင်ရရှိမှုနှုန်း ၈၆.၇ ရာခိုင်နှုန်းရှိသော ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အသက် ၁၅ မှ ၂၄ နှစ်အတွင်း အလုပ်လက်မဲ့နှုန်းသည် ယခင်နှစ်တွင် ၁.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ တွင် ၁.၁ ရာခိုင်နှုန်းသာ ရှိတော့သည်။

    Ref: IINA