News @ M-Media

Blog

  • တူရကီငါးဖမ်းသင်္ဘောကို ရုရှားက ခြောက်လှန့်ပစ်ခတ်

    တူရကီငါးဖမ်းသင်္ဘောကို ရုရှားက ခြောက်လှန့်ပစ်ခတ်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    aa

    – ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲရန်အတွက် အေဂျီယန်ပင်လယ်၌ ယနေ့တွင် တူရကီ ငါးဖမ်းသင်္ဘောတစ်စင်းကို မိမိတို့က သတိပေးခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနာ သတင်းထုတ်ပြန်လိုက်သည်။

    ဂရိပိုင်ကျွန်းဖြစ်သော လမ်နော့စ်မှ ရေမိုင် ၁၂ မိုင်အကွာအဝေးတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ဖျက်သင်္ဘော Smetlivy မှာ အနားကပ်လာသည့် အဆိုပါ တူရကီငါးဖမ်းသင်္ဘောနှင့် ရေဒီယိုဆက်သွယ်မှု ပြုလုပ်ရာတွင် မရခဲ့ဘဲ မီးဖြင့်လည်းကောင်း၊ မီးကျည်ဖြင့်လည်းကောင်း အချက်ပြသော်လည်း ပြန်လည်တုန့်ပြန်ခဲ့ခြင်းမရှိဟု ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုငါးဖမ်းသင်္ဘောမှာ မီတာ ၆၀၀ အကွာအဝေးထိရောက်ရှိလာသည့်အချိန်တွင် မိမိတို့ ဖျက်သင်္ဘောက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သေကြောင့် ချက်ချင်းလမ်းကြောင်းပြောင်းသွားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း မိမိတို့သင်္ဘောနှင့် ဆက်သွယ်မှု မရှိခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ မော်စကိုရှိ တူရကီစစ်သံမှူးကို ရုရှားကာကွယ်ရေးဝန်ကြီးမှ ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်လက ဆီးရီးယားနယ်စပ်အနီးတွင် ရုရှားတိုက်လေယာဉ်တစ်စဉ်းကို တူရကီက ပစ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • တိုက်စစ်မှူးဗာဒီမှာ မည်သည့်အသင်းတွင်မဆို အောင်မြင်မည်ဟု မော်ရင်ဟိုပြော

    တိုက်စစ်မှူးဗာဒီမှာ မည်သည့်အသင်းတွင်မဆို အောင်မြင်မည်ဟု မော်ရင်ဟိုပြော

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    vardy

    – ယခုရာသီတွင် ခြေစွမ်းကောင်းများပြသနေသည့် လက်စတာအသင်း၏ ဂိုးသွင်းစက် ဂျာမီဗာဒီမှာ မည်သည့်အသင်းတွင်မဆို အောင်မြင်နိုင်သည့်စွမ်းရည် ရှိနေသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ချီးကျူးပြောဆိုလိုက်သည်။

    ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၁၄ ဂိုဖြင့် ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်ထားသည့် ဗာဒီမှာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ကာ စံချိန်သစ်ကိုလည်း တင်ထားနိုင်သူဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းအား ခေါ်ယူရန် အသင်းကြီးများက စိတ်ဝင်စားလျက် ရှိနေသည်။

    “သူက ဂိုးသွင်းဘုရင်ပါ။ ကလပ်အသင်းတွေက သူ့ကိုလိုချင်တာက သဘာဝပါပဲ။ အသင်းကြီးတွေမှာတောင်မှ အကူးအပြောင်းကာလဟာ အရေးကြီးတယ်။ လျင်မြန်တဲ့ ကစားသမားတွေကလည်း အရေးကြီးတယ်။ ပြီးတော့ ခံစစ်ကစားသမားတွေနောက်က နေရာလွတ်ရှာနိုင်တဲ့ တိုက်စစ်မှူးတွေကလည်း အရေးကြီးပါတယ်။ အသင်းကြီးတွေမှာဆို ပြိုင်ဘက်တွေက ခံစစ်သသ်သက်ကြီးပဲ ကစားတာကို ကြုံတွေ့ရတာကြောင့် ဧရိယာအတွင်းမှာ နည်းစနစ်ပိုင်းနိုင်တဲ့ ကစားသမားတွေကို များများစားစား လိုအပ်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကြီးပြီး လျင်မြန်တဲ့ကစားသမားကတော့ ဘယ်နေရာပဲရောက်ရောက် အောင်မြင်မှာပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ တနင်္လာနေ့တွင် လက်စတာအသင်းအား အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

    Ref: Goal

  • ဘူရန်ဒီအစိုးရနှင့် ပြည်သူ တိုက်ခိုက်မှုအတွင်း လူ ၈၀ ကျော်သေဆုံး

    ဘူရန်ဒီအစိုးရနှင့် ပြည်သူ တိုက်ခိုက်မှုအတွင်း လူ ၈၀ ကျော်သေဆုံး

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    burundi

    – အာဖရိကရှိ ဘူရန်ဒီနိုင်ငံတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော အစိုးရနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၈၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    မြို့တော် ဘူဂျမ်ဘူရာတွင် ဖြစ်ပွားခဲ့သည် အဆိုပါအဖြစ်အပျက်မှာ အမည်မသိအုပ်စုများက စစ်ဖက်ဆိုင်ရာနေရာ သုံးခုကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး သေဆုံးသူများတွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၈ ဦး ပါဝင်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    မငြိမ်မသက်မှုမှာ သောကြာနေ့ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ဝတ်စုံ ၀တ်ထားသူများမှာ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် အိမ်ယာများအနီးသို့ ယမန်နေ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများကမူ သောကြာနေ့က စစ်ဖက်ဆိုင်ရာနေရာများ တိုက်ခိုက်ခံရမှုကို ပြန်လည်တုန့်ပြန်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    သေဆုံးသွားသူအများစုမှာ လူငယ်များဖြစ်ပြီး အချို့က ရင်ဘတ်တွင်လည်းကောင်း၊ အချို့မှာ ဦးခေါင်းတွင်လည်းကောင်း သေနတ်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် သေဆုံးသူအချို့မှာ လက်ပြန်ကြိုးအတုပ်ခံထားရကြောင်းလည်း တွေ့ရှိခဲ့ရသည်။

    သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် ဆန့်ကျင်ကာ တတိအကြိမ်မြောက် တာဝန်ထမ်းဆောင်ရန် ကြိုးစားမှုမှတစ်ဆင့် ဘူရန်ဒီနိုင်ငံအတွင်း မငြိမ်သက်မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

    ဧပြီလက စတင်ခဲ့သည့် အဆိုပါ မငြိမ်မသက်မှုများတွင် အနည်းဆုံး လူပေါင်း ၂၄၀ ခန့် သေဆုံးခဲ့ပြီး ပြည်သူ ၂၁၅၀၀၀ ခန့်မှာလည်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်။ ပြည်သူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုအတွက်လည်း ဘူရန်ဒီအစိုးရမှာ နိုင်ငံတကာ၏ ရှုတ်ချမှုကို ခံခဲ့ရသည်။

    Ref: Aljazeera

  • မန်ယူ၏ လက်ရှိ အနေအထား အတွက် စိုးရိမ်သည်ဟု ဗန်ဂါးလ်ပြော

    မန်ယူ၏ လက်ရှိ အနေအထား အတွက် စိုးရိမ်သည်ဟု ဗန်ဂါးလ်ပြော

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    mu

    – ကစားသမားများတွင် ယုံကြည်မှု ပြန်လည်ရရှိလာရန် ကြိုးစားရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး အသင်း၏ လက်ရှိရလဒ်များအတွက်လည်း စိုးရိမ်မှုများ ရှိနေသည်ဟု ဆိုသည်။

    ဒဏ်ရာရကစားသမား များပြားနေသည့် မန်ယူမှာ ယမန်နေ့က အဝေးကွင်း၌ ဘုန်းမောက်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ၀ုလ်ဖ်ဘာ့ဂ်အား ရှုံးနိမ့်၍ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရမှုနောက်ပိုင်း နောက်ထပ်ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။

    “လာမယ့်တစ်ပတ်မှာတော့ ကျွန်တော်တို့ ရုန်းထွက်ရပါတော့မယ်။ နှစ်ပွဲဆက်ရှုံးခဲ့တာကြောင့် ဒါက အမြဲတမ်းတော့ ခက်ခဲပါတယ်။ မန်ယူအတွက် ဒီထက်တော့ ပိုပြီး မဆိုးတော့ပါဘူး။ နှစ်ပွဲဆက်အရှုံးကြောင့် ကျွန်တော် စိုးရိမ်မိပြီး ဒါဟာ ပုံမှန် မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အစေးကပ်ဖို့လိုပြီး နော်ဝစ်ခ်ျနဲ့ပွဲအတွက် ပြင်ဆင်ရပါတော့မယ်။ ပြီးတော့ နိုင်မှဖြစ်မှာပါ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့အတွက် ပိုခက်ခဲဖို့ ရှီပါတယ်” ဟု ဗန်ဂါးလ်က ယမန်နေ့ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • သြဇီရှိ ခွင့်ပြုချက်မဲ့ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တန်ပြန်ဆန္ဒပြပွဲနှင့် ထိပ်တိုက်တိုး

    သြဇီရှိ ခွင့်ပြုချက်မဲ့ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တန်ပြန်ဆန္ဒပြပွဲနှင့် ထိပ်တိုက်တိုး

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    ausi

    – သြစတေးလျမြို့တော် ဆစ်ဒနီတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများနှင့် မွတ်စလင်ဆန့်ကျင်ရေးသမားများအကြား အပြန်အလှန် လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားရာတွင် အဓိကရုဏ်းနှိမ်နှင်းသည့် ရဲများက လူစုခွဲခိုင်းခဲ့ရကြောင်း သိရသည်။

    ဆစ်ဒနီမြို့တောင်ပိုင်း ကရိုနူလာကမ်းခြေတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဆန့်ကျင်ရေးအုပ်စုများက ခေတ်သစ်သြစတေးလျ၏ အဆိုးရွားဆုံး လူမျိုးရေးအဓိကရုဏ်းဟု ရည်ညွှန်းပြောဆိုနိုင်မည့် ၂၀၀၅ နှစ် အဖြစ်အပျက်အား ၁၀ ကြိမ်မြောက်နှစ်ပတ်လည်အဖြစ် ချီတက်ဆန္ဒပြမှုကို ပြုလုပ်ရန် ကြိုးပမ်းရာမှ ဖြစ်ပွားလာခြင်းဖြစ်သည်။

    အဆိုပါချီတက်ဆန္ဒပြရန် အစီအစဉ်ကို အာဏာပိုင်များက တားမြစ်ထားသော်လည်း ပြုလုပ်ခဲ့ကြပြီး၊ စီစဉ်သူများမှာ “ဟာလာ ကင်းစင်” ဘာဘီကျူးစားပွဲများကိုလည်း ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။

    ၂၀၀၅ ခုနှစ် လူမျိုးရေးအဓိကရုဏ်းမှာ ကမ်းခြေရှိအစောင့် ၂ ဦးအား မည်သူမည်ဝါမှန်း မသိသူများက ရိုက်နှက်ခဲ့ပြီးနောက် အာရပ်နွယ်ဖွား သြစတေးလျနိုင်ငံသားများမှာ ထောင်နှင့်ချီသော လူရမ်းကားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

    ပြည်တွင်းသတင်းမီဒီယာများ၏ သုံးသပ်ချက်အရ အဆိုပါအဓိကရုဏ်းမှာ သြစတေးလျပြည်သူများကို ထိတ်လန့်စေခဲ့ပြီး ပြောင်းရွှေ့နေထိုင်သူ အများအပြားရှိနေသည့် သြစတေးလျတွင် လူမျိုးရေးခွဲခြားမှုများ အရှိန်မြင့်လာသလားဟု ဆွေးနွေးမှုများပင် ရှိခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ မွတ်စလင်ဆန့်ကျင်ရေး ချီတက်ပွဲမှာ ရာပေါင်းများစွာသော လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး နောက်ထပ် အဓိကရုဏ်းတစ်ခု ဖြစ်လာနိုင်သည့်အထိ ဦးတည်ခဲ့သည်။

    ၎င်းတို့အုပ်စုနှစ်ခုမှာ အသေးစားတိုက်ခိုက်မှုများလည်း ဖြစ်ပွားသော်လည်း ရဲအရာရှိများက ခက်ခက်ခဲခဲဖြိုခွင်းကာ အုပ်စုနှစ်ခုအား သီးခြားစီ ဖြစ်စေခဲ့သည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုအတွင်း လူနှစ်ဦးကို ထိန်းသိမ်းထားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    အဆိုပါဆန္ဒပြမှုအတွင်း လက်ယာစွန်းရောက်အုပ်စုဖြစ်သော Rise Up အဖွဲ့ကို ထောက်ခံသူများက သြစေတးလျအလံကို ပုခုံးများတွင် တင်ဆောင်ကာ ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့သည်။ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး အဖွဲ့ကလည်း “လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပါ။ မွတ်စလင်များနဲ့ ရပ်တည်ပါ” ဟူသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

    Ref: Presstv