News @ M-Media

Blog

  • ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးကိုကယ်တင်ရန် အကောင်းဆုံး အခွင့်အရေးဟု ဘားမားပြော

    ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးကိုကယ်တင်ရန် အကောင်းဆုံး အခွင့်အရေးဟု ဘားမားပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပဲရစ်တွင် ရရှိခဲ့သည့် ရာသီဥတုဆိုင်ရာ သဘောတူညီမှုကို ကောင်းမွန်ခိုင်မာသည့် သမိုင်းဝင်သဘောတူညီချက်ဟု သမုတ်လိုက်ပြီး ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုမှ ကမ္ဘာမြေအား ကယ်တင်နိုင်ရန် အကာင်းဆုံးအခွင့်အလမ်းတစ်ရပ်ဟု ပြောကြားခဲ့သည်။

    “ဒီနေ့မှာ ယခုလို သမိုင်းဝင်သဘောတူညီချက် တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြုလုပ်နိုင်ခဲ့တဲ့အတွက် အမေရိကန်ပြည်သူတွေက ဂုဏ်ယူနိုင်မှာပါ။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုကို တွန်းလှန်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ခေါင်းဆောင်နေရာ တွန်းပို့နိုင်ခဲ့ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

    ကမ္ဘာကြီးမှာ တစ်ပေါင်းတစ်စည်းတည်း ရပ်တည်ပါက မည်သည့်အရာ ဖြစ်လာနိုင်သည်ဆိုသည်ကို ယင်းသဘောတူညီချက်က ပြသနေသည်ဟုလည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီသဘောတူညီချက်ဟာ ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ရပ်ကို ကိုယ်စားပြုနေပါတယ်”

    ကမ္ဘာ့ခေါင်းဆောင်များနှင့် သဘောတူညီချက် ရရှိပြီးနောက် အိမ်ဖြူတော်တွင် အိုဘားမားက “ဘယ်သဘောတူညီမှုကမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒီတစ်ခုအပါအ၀င်ပေါ့” ဟု ပြောကြားခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ နီးပါး ပါဝင်ခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုများသည် အမြဲတမ်း စိန်ခေါ်မှုများရှိနေသည်ဟု ဆိုသည်။

    အိုဘားမားသည် ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးကို အဓိကဦးစားပေး လုပ်ဆောင်ခဲ့သော်လည်း လွှတ်တော်တွင် ၎င်းတင်သွင်းခဲ့သော အဆိုများမှာ ရီပတ်ဘလေကန်များ၏ ကန့်ကွက်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်သည်။

    Ref: Reuters

  • စီးပွားရေး၊ စီမံခန့်ခွဲရေးအပြီး နည်းပညာနယ်ပယ်တွင်ပါ နေရာယူလာကြသည့် အီရန်အမျိုးသမီးများ

    စီးပွားရေး၊ စီမံခန့်ခွဲရေးအပြီး နည်းပညာနယ်ပယ်တွင်ပါ နေရာယူလာကြသည့် အီရန်အမျိုးသမီးများ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    – အီရန်ရဲ့ သိပ္ပံနဲ့ နည်းပညာကျောင်းသားတွေထဲက ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး၊ သေးငယ်ပေမယ့် အောင်မြင်ဖို့အလားအလာရှိနေတဲ့ စွန့်ဦးလုပ်ငန်းငယ်လေးတွေမှာလည်း အမျိုးသမီးတွေက အများစုဖြစ်ပါတယ်။ နောက်ပြီး အဲဒီအမျိုးသမီးတွေဟာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်လာဖို့လည်း တိုက်တွန်းအားပေးခြင်း ခံနေရပါတယ်။

    အီရန်နိုင်ငံက အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ကြားနေကြ ဒဏ္ဍာရီတွေကတော့ သူတို့တွေဟာ မြင်သာမြင်ရ၊ မကြားရသူတွေဖြစ်တယ်။ သူတို့ဟာ ကားမောင်းလို့မရဘူး။ ဒုတိယတန်းစားနိုင်ငံသားတွေဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေ စွန့်ဦးတီထွင်လုပ်ဆောင်ဖို့နဲ့ ပါဝါအာဏာရှိတဲ့နေရာတွေရဖို့ဆိုတာ အိမ်မက်တောင်မက်လို့မရတဲ့ အနေအထားမှာ နေကြရတယ်ဆိုတာတွေပါပဲ။ ဒီလိုထင်မြင်ယူဆချက်တွေက လုံးဝ မှားယွင်းပါတယ်။

    အီရန်အမျိုးသမီးတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ပြီး စီမံခန့်ခွဲနေကြတာ တော်တော်လေးကြာခဲ့ပါပြီ။ သူတို့ထဲက အများစုဟာ အမျိုးသားတွေသာ လွှမ်းမိုးတဲ့ စီးပွားရေးမျိုးဖြစ်တဲ့ ရေနံနဲ့ သဘာဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းတွေမှာ ကြီးကြီးမာစတာတွေအဖြစ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အီရန်အမျိုးသမီးတွေဟာ နည်းပညာဘက်ကိုပါ ခုန်ကူးလာကြပါပြီ။

    သိပ္ပံနဲ့ အင်ဂျင်နီယာနယ်ပယ်တွေမှာ ဘွဲ့ရတဲ့ အမျိုးသမီးအရေအတွက် မြင့်တက်လာခြင်းဟာ အီရန်ရဲ့ ဖူးသစ်စ သိပ္ပံနယ်ပယ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ တွန်းအားဖြစ်စေမှာ ဖြစ်ပါတယ်။

    အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဂွန်ချီ တာဗူစီဟာ သူရဲ့ စွန့်ဦးလုပ်ငန်းဖြစ်တဲ့ Lendem ဖုန်းဆော့ဖ်ဝဲကို မကြာသေးမီက ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အီရန်နိုင်ငံရဲ နည်းပညာလုပ်ငန်းကို အထောက်အကူပြုဖြစ်စေဖို့ ဆောာင်ရွက်တဲ့ iBridges ညီလာခံမှာ McClure ရဲ့ “စွန့်ဦးလုပ်ငန်း ၅၀၀” စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

    ဒီ Lendem ဆော့ဖ်ဝဲကနေတစ်ဆင့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေဟာ ဖုန်းအားသွင်းကြိုးလို ဟာမျိုးတွေနဲ့ အခြားပစ္စည်းတွေကို တစ်ယောက်နဲ့တစ်ယောက် ငှားရမ်းမျှဝေ သုံးစွဲနိုင်ကြပါတယ်။ Lendem ၀ဘ်ဆိုက်မှာတော့ ဘယ်သူ့မှာ ဘာတွေရှိတယ်ဆိုတာမျိုး အမြဲတမ်း လိုက်လံစူးစမ်းနေပြီး ငှားပြီးသားပစ္စည်းကို ပြန်ပေးဖို့ သတိပေးတာမျိုးတွေလည်း လုပ်ပေးသလို၊ ငှားရမ်းဖို့အတွက် အာမခံပေးတာလည်း လုပ်ပေးပါတယ်။ McClure ကတော့ ဒီဖန်တီးမှုကို ချီးကျူးခဲ့ပေမယ့် အီရန်အပေါ် ပိတ်ဆို့မှုတွေ မဖယ်ရှားမချင်း ရင်းနှီးမြှုပ်နှံမှု လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

    အီရန်ရဲ့ ဖူးသစ်စ နည်းပညာလုပ်ငန်းမှာ အရေအတွက်နည်းပေမယ့် အီရန်အမျိုးသမီးတွေဟာ ရှေ့ရောက်နေပါတယ်။ ရီယာနာဟ်နဲ့ ဘဟာရာဟ် ဗာဟီဒီယန်တို့ ညီအမနှစ်ဦးကတော့ မြို့တော် တီဟီရန်မှာ အမျိုးသမီးစွန့်ဦးလုပ်ငန်းရှင်များရဲ့သီတင်းပတ် Startup Weekend For Women ကို ပထမဆုံး စီစဉ်ကျင်းပပေးပြီး အဲဒီအခမ်းအနားမှာ အမျိုးသမီး စွန့်ဦးလုပ်ငန်းရှင်တွေရဲ့ အယူအဆတွေ၊ ကွန်ယက်တွေကို မျှဝေစေခဲ့ပါတယ်။

    လက်ရှိ အီရန်လူငယ်အမျိုးသမီးတွေဟ နည်းပညာကဏ္ဍမှာ လမ်းသစ်ဖောက်ဖို့ တွေးတောစဉ်းစားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အရင်ကတည်းက ဒီလို လမ်းသစ်ဖောက်တဲ့ အမျိုးသမီးတွေ ရှိခဲ့ပြီး အဲဒီအထဲမှာ ရှေ့ဆောင်အမျိုးသမီးဖြစ်တဲ့ ဘဟ်နဇ် အာရီယာလည်း ပါဝင်ပါတယ်။

    လွန်ခဲ့တဲ့ ၁၅ နှစ် အီရန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းအငယ်စားဆိုတာ ဘာမှန်း ဘယ်သူမှမသိခင်ကတည်းက အာရီယာနဲ့ သူရဲ့ မိတ်ဖက်တွေဟာ နိုင်ငံရဲ့ ပထမဆုံး IT လေ့ကျင့်ရေးသင်တန်းကျောင်း Kahkeshan Institute of Technology ကို တည်ထောင်ဖွင့်လှစ်ခဲ့သူပါ။

    ဒီသင်တန်းကျောင်းကို တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားခဲ့တဲ့ စောစောပိုင်းအချိန်တုန်းက သူမကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေဟာ သာမန်အမျိုးသမီးတွေ မကြုံဖူးတဲ့ အရာတွေပါပဲ။

    “အဲဒီအချိန်တုန်းက အီရန်မှာ အိုင်တီဝန်ဆောင်မှုဟာ အစပိုင်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်က ကျွန်မတို့ရဲ့အတန်းဟာ ပညာရှင်အဆင့်မျိုးပါ။ သင်တန်းကျောင်းအကြီးကြီးပုံစံ ဟန်ဆောင်ထားပေမယ့်  တကယ်တော့ လူ ၄၊ ၅ ယောက်လောက်ပဲ ရှိပါတယ်။ ကျွန်မဟာ ဖုန်းတွေကို မန်နေဂျာတစ်ယောက်လို၊ နည်းပညာအကြံပေးတစ်ယောက်လို၊ သာမန်ဝန်ထမ်းတစ်ယောက်လို့ အသံမျိုးစုံသုံးပြီး ဖြေကြားခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ အခုလို ကြီးမားကျယ်ပြန့်လာတာ ဖြစ်ပါတယ်” လို့ အာရီယာက ဆိုပါတယ်။

    အာရီယာနဲ့ အဲဒီသင်တန်းကျောင်းကို အတူတည်ထောင်ခဲ့တဲ့သူတွေဟာ အလျင်အမြန်ပဲ ၀န်ထမ်းတွေကို ၂ ဆတိုးခဲ့ပြီး အဆောက်အဦးတစ်ခုလုံးကိုလည်း နည်းပညာစမ်းသပ်ခန်းနဲ့ ရုံးခန်းနေရာတွေပါ ထားနိုင်အောင် ပြင်ဆင်ခဲ့ကြပါတယ်။ သင်တန်းကျောင်းက ၀န်ထမ်းတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ကျောင်းသား ၃၇ ရာခိုင်နှုန်းကလည်း အမျိုးသမီးတွေဖြစ်ပါတယ်။ ဒါဟာ သင်ကျောင်းတစ်လျှောက်လုံးမှာ အမျိုးသမီးပါဝင်မှု ပိုများလာတာလည်း ဖြစ်ပါတယ်။ အီရန်က စွန့်ဦးလုပ်ဆောင်သူ အမျိုးသမီးတွေရဲ့လေးစားအားကျစရာ role model ဖြစ်တဲ့ အာရီယာဟာ ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်နေပါပြီ။

    ရေနံဓာတုစက်ရုံကို တည်ထောင်ခဲ့သူ အီရန်အမျိုးသမီးတစ်ဦးကလည်း လွန်ခဲ့တဲ့နှစ် ၂၀ သူ လုငန်းစတင်ခဲ့တဲ့အချိန်က ဘယ်လိုခြားနားမှုတွေ ရှိခဲ့သလဲဆိုတာကို ဒီလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

    “ကျွန်မတို့ခေတ်တုန်းက အစိုးရအလုပ်မှာ ခန့်အပ်ခံရဖို့သာ မျှော်လင့်ရတာပါ။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာတော့ “ငါက ပညာတတ်၊ အခွင့်အလမ်းလည်းရှိတယ်။ ဘာ့ကြောင့် သူများအတွက် အလုပ်လုပ်မလဲ။ တကယ်လို့ (ကိုယ်ပိုင်အလုပ်လုပ်ဖို့) ကြိုးစားပြီး ကျရှုံးရင် ကုမ္ပဏီမှာ ဘယ်အချိန်သွားလုပ်လုပ် ရတာပဲ” လို့ ပြောနေကြတဲ့ အမျိုးသမီးတွေ အများကြီး ရှိလာပါပြီ”

    အီရန်နိုင်ငံမှာ အမျိုးသမီးတွေဟာ မရည်ရွယ်တဲ့ အကျိုးဆက်တွေကနေတစ်ဆင့် အသက်မွေးဝမ်းကြောင်းကဏ္ဍမှာ သြဇာကြီးလာပါတယ်။ ၁၉၇၉ တော်လှန်ရေးဟာ တင်းကြပ်တဲ့ ဘာသာရေးအသိုင်းအ၀ိုင်းကို ဖြစ်လာစေခဲ့ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေလည်း လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေး မငြိမ်မသက်ဖြစ်တဲ့အချိန်မှာ မိမိတို့ရဲ့ ဇနီးတွေကို အလုပ်လုပ်ခွင့်ပေးဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူးဆိုတာ အမျိုးသားတွေက သဘောပေါက်လာကြပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရလည်း အနောက်နိုင်ငံတွေကို ယှဉ်ပြိုင်ချင်လာခဲ့ပါတယ်။ ဒါ့ကြောင့် အီရန်မှာ အခမဲ့ပညာရေးစနစ် ဖြစ်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေနဲ့ ကျေးလက်ဒေသတွေမှာ အစိုးရတက္ကသိုလ်တွေ အစီအရီပေါ်ပေါက်လာခဲ့ကြပါတယ်။ ဒါက အမျိုးသမီးတွေကို ပညာသင်ယူခွင့် ပိုမိုရရှိစေခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ကျွန်တော် အီရန်ကို သွားလည်တဲ့အချိန်တုန်းက ဒီသမိုင်းသင်ခန်းစာကို ကြားခဲ့ရပါတယ်။ စာရေးဆရာ ဒေါက်တာ နီနာ အန်ဆာရီက ဒီအကြောင်းနဲ့ပတ်သက်ပြီး မကြာသေးခင်က ထွက်ရှိခဲ့တဲ့ သူမရဲ့စာအုပ် Jewels of Allah: The Untold Story of Women In Iran မှာ နှိုက်နှိုက်ချွတ်ချွတ် ရေးသားထားပါတယ်။

    အီရန်နိုင်ငံရဲ့ အဓိက ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ကူညီခဲ့ကြတဲ့ မတူညီတဲ့အသိုင်းအ၀ိုင်းတွေက အမျိုးသမီးတွေဟာ (အီရန်အဓိပတိ) ခိုမေနီရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

    “ကျွန်တော်တို့တိုင်းပြည်က အမျိုးသမီး ငယ်တွေ၊ အမျိုးသမီးကြီးတွေအတွက် ဂုဏ်ယူပါတယ်။ ပြီးတော့ ဒီအမျိုးသမီးတွေဟာ ပညာရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ တက်တက်ကြွကြွ ရှိကြပါတယ်။ အီရန်အမျိုးသမီးတွေလို အမျိုးသမီးတွေရှိတဲ့ နိုင်ငံတိုင်းဟာ အမှန်တကယ်အောင်မြင်ပါလိမ့်မယ်”

    ဒီစကားလုံးတွေဟာ အမျိုးသမီးအများစုကို အားအင်တွေဖြစ်စေမယ်လို့ ခိုမေနီက မသိရှိခဲ့ပါဘူး။ ခန္ဓာကိုယ်ကို မဖြစ်မနေ လုံခြုံအောင် ၀တ်စားဆင်ယင်ရမှုကလည်း အီရန်အမျိုးသမီးတွေ အိမ်အလုပ်တွေကို ထားခဲ့ပြီး စာသင်ဖို့၊ အလုပ်လုပ်ဖို့ သက်တောင့်သက်သာဖြစ်စေခဲ့ပါတယ်။

    အန်ဆာရီနဲ့ အခြားသူတွေကတော့ ဒီနေ့ခတ် အီရန်နိုင်ငံရဲ့ မိသားစုဘ၀တွေမှာ အမျိုးသားအမျိုးသမီး တန်းတူညီမျှမှုဟာ ၁၉၈၀ ပြည့်နှစ်တွေမှာဖြစ်ပွားခဲ့တဲ့ အီရတ်-အီရန်စစ်ပွဲတွင်း အမျိုးသမီးတွေ လုပ်ငန်းခွင့်ဝင်ကြတဲ့ရလဒ် ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ စီမံခန့်ခွဲရေတာဝန်တွေ၊ ဒါမှမဟုတ် ဆရာဝန်အဖြစ်၊ ရှေ့နေ့အဖြစ်၊ တရားသူကြီးတွေအဖြစ် စတဲ့ကဏ္ဍတွေမှာ တစ်နေ့ကုန်တစ်နေ့ခန်း အလုပ်လုပ်ရတဲ့အခါ အမျိုးသားတွေက ကလေးယ်တွေကို ပြုစုစောင့်ရှောက်ရတာ ပုံမှန်တော့မဟုတ်ပါဘူး။
    လက်ရှိအချိန်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုနည်းတဲ့ အခွင့်အရေးတွေကိုသာ ပိုင်ဆိုင်ထားပြီး ချိုးဖောက်မှုတွေအတွက် ဖမ်းဆီးခံရတာတွေလည်း ရှိနေပါသေးတယ်။ ၂၀၁၃ ခုနှစ်က အာဏာရခဲ့တဲ့ သမ္မတရူဟာနီကတော့ ပြောင်းလဲမှုတွေလုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

    မဲဆွယ်မှုမှာပြုလုပ်ခဲ့တဲ့ ကတိက၀တ်တွေထဲမှာ အမျိုးသမီးတွအတွက် တူညီတဲ့အခွင့်အရေး၊ မျှတတဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးမယ်ဆိုတာလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ရူဟာနီရဲ့ အီရန်ကို ခေတ်မီအောင်ဆောင်ရွက်ဖို့ အစီအစဉ်တွေမှာ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လက်ရှိအခြေအနေကို ထိန်းသိန်းထားချင်တဲ့ အဓိပတိ အယာတိုလာ ခါမေနီဆီကလာတဲ့ ပါဝါကြောင့်ပါပဲ။

    ဒါပေမယ့် တာဗူစီလို လူငယ်စွန့်ဦးတီထွင်သူအမျိုးသမီးတွေဟာ အီရန်ရဲ့လက်ရှိအခြေအနေက ကဏ္ဍတိုင်းကို စိန်ခေါ်ပြီး ပြောင်းလဲနေကြပါတယ်။ တာဗူစီဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက ဖြစ်ခဲ့တဲ့ တော်လှန်ရေးကနေ ပေါက်ဖွားလာသူတစ်ဦးဖြစ်ပြီး အသက် ၂၀ အရွယ်မှာပဲ ကြိုးစားပမ်းစားအလုပ်လုပ်မှုနဲ့ လွတ်လပ်မှုကို ဆာလောင်ခြင်းတို့အတွက် သူ့ခေတ်သူ့မျိုးဆက်ရဲ့ ချွင်းချက်မဲ့ ဥပမာ ဖြစ်လာပါတော့တယ်။

    “အီရန်မှာ ဒါကတော့ နည်းနည်းထူးဆန်းပါတယ်။ ကျွန်မအတွက်တော့ တက္ကသိုလ်တက်ပြီး အလုပ်လုပ်ဖို့ပါပဲ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မလည်နိုင်ဘူးပေါ့ရှင်။ ဒါပေမယ့် ကျွန်မ ဒီလိုနေရတာကို နှစ်သက်ပါတယ်။ အလုပ်ကို ချစ်မြတ်နိုးပြီး ကျွန်မမှာ ကောင်းမွန်တဲ့ အသင်းအဖွဲ့တစ်ခုလည်း ရှိနေပါပြီ။ ကျွန်မငယ်ငယ်တုန်းက အဖေတို့အမေတို့ဟာ သူတို့ရဲ့ရုံးတွေကို ခေါ်ခေါ်သွားပြီး အလုပ်စမ်းလုပ်ခိုင်းတယ်။ ပြီးတော့ ပိုက်ဆံပေးပါတယ်။ မျိုးဆက်အသစ်မှာ လူတွေဟာ အလုပ်လုပ်ရတာကို တကယ် ကြိုက်လာမှာပါ။ သူတို့ဟာ မိဘတွေကို မှီခိုနေရတာထက် ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကိုယ်တိုင်သုံးချင်လာမယ်။ ဒါဟာ မြင့်တက်လာနေတဲ့ ယဉ်ကျေးမှုပါပဲ” လို့တာဗူစီက ပြောကြားခဲ့ပါတယ်။

    ဒီယဉ်ကျေးမှုဟာ အမျိုးသမီးတွေကို အလုပ်ခွင့်မှာ ပိုမိုမြင့်မားတဲ့ တန်ဖိုးကို ရရှိစေပါတယ်။ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ရှာဟ်ရမ် ရှာရစ်ဖ်က ဖာရစီဘာသာစကားနဲ့ဖ်ာပြတဲ့ ပထမဆုံး အိုင်တီဝဘ်ဆိုက် ITiran.com ကို ထူထောင်ခဲ့ပါတယ်။

    “အရင်က ဒါမျိုး နည်းနည်းပဲရှိပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အမျိုးသမီး နည်းပညာဂျာနယ်လစ်တွေ တော်တော်များများ ရှိလာပါပြီ။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်ထဲမှာ ၄ ဦးက အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့နဲ့ အလုပ်အတူလုပ်ရတာကို ကျွန်မ ဂုဏ်ယူမိပါတယ်” လို့ ရှာရစ်ဖ်က ဆိုပါတယ်။

    စွန့်ဦးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အီရန်အမျိုးသမီး ဟာမစ်ဒရီဇာ အဟ်မဒီက အီရန်နည်းပညာလုပ်ငန်းနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်နယ်ပယ်မှာ အမျိုးသမီးတွေဟာ အားနည်းနေတုန်းပဲလို့ဆိုပြီး ဒါဟာ အီရန်မှာ တစ်မူထူးတာမျိုး၊ တမင်တကာဖြစ်နေတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    “အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ မရှိဘဲ၊ တူညီစွာ ဆက်ဆံခံရပါတယ်။ သူတို့ရဲ့ တိုးတက်မှုလက်ကြောင်းနဲ့ပတ်သက်လို့လည်း လစ်လျူရှုတာမျိုး မရှိပါဘူး။ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာအောင် ကျွန်မတို့ တက်တက်ကြွကြွ တိုက်တွန်းသင့်ပါတယ်။ ပြီးတော့ ဘုတ်အဖွဲ့တွေမှာလည်း အမျိုးသမီးအဖွဲ့ဝင်တွေ ပါဝင်အောင် ကျွန်မတို့ အသေအချာ လုပ်ဆောင်သင့်ပါတယ်။ ဒီပြောင်းလဲမှုတွေကို မကြာခင်မှာ ကျွန်မတို့ မြင်လာရမှာပါ” လို့ အဟ်မဒီက ပြောကြားခဲ့သည်။

    တကယ်တော့ ဘွဲ့နှစ်ခု၊ သုံးခု ရထားတဲ့အမျိုးသမီးတွေ များလာခြင်းနဲ့အတူ လူ့စွမ်းအားအရင်းအမြစ် ပိုလျှံနေတဲ့ပြဿနာကို ဖြေရှင်းရလိမ့်မယ်လို့လည်း အဟ်မဒီက ယုံကြည်နေပါတယ်။

    “အီရန်အမျိုးသမီးတွေဟာ သိပ်တော်ကြတယ်။ ပညာလည်းတော်တော် တတ်ကြပါတယ်။ သူတို့ကို သုံးလို့တောင် မကုန်ပါဘူး။ သူတို့ရဲ့ ပါရမီကို ဖြုန်းတီးနေသလိုပါပဲ။ သူတို့ကို အိုင်တီနဲ့ အခြားသောလုပ်ငန်းတွေမှာ လိုအပ်ချက်ကြောင့် ၀င်လာတာမျိုးဖြစ်ဖို့ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိရပါတော့မယ်”

    အီရန်နိုင်ငံရဲ့ နည်းပညာနယ်ပယ်မှာ အမျိုးသမီးတွေပါဝင်မှု အရေအတွက်ဟာ မြင့်တက်လာနေပြီးအမျိုးသားလုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ပံ့မှုနဲ့သာ ရှေ့ဆက်နိုင်မယ်လို့ တာဗူစီက ဆိုပါတယ်။

    “အမျိုးသမီးတွေဟာ ပိုမိုပါဝင်သင့်တယ်လို့ ကျွန်မထင်ပြီး သူတို့ကလည်း ပိုမိုပါဝင်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် စွန့်ဦးလုပ်ဆောင်သူတွေကို တွေ့ဆုံရာမှာ အမျိုးသမီးတည်ထောင်သူတွေ တစ်ယောက်မှ မပါဝင်ပါဘူး။ ဒီနေ့အချိန်မှာတော့ နည်းပညာလုပ်ငန်းကို တည်ထောင်သူ ၁၅ ဦးဟာ အမျိုးသမီးတွေဖြစ်နေပြီး ဒါဟာ တည်ထောင်သူတွေရဲ့ ၁၀ ရာခိုနှုန်းပမာဏဖြစ်ပါတယ်။ သုညကနေ ၁၀ ရာခိုင်နှုန်းဖြစ်လာတာဟာ ကောင်းတဲ့လက္ခဏာပါပဲ”

    (Forbes မဂ္ဂဇင်း၏ ၀ဘ်ဆိုက်မှ Set To Take Over Tech: 70% Of Iran’s Science And Engineering Students
    Are Women ဆောင်းပါးကို ဆီလျောအောင် ဘာသာပြန်ဆိုသည်)

  • တူရကီငါးဖမ်းသင်္ဘောကို ရုရှားက ခြောက်လှန့်ပစ်ခတ်

    တူရကီငါးဖမ်းသင်္ဘောကို ရုရှားက ခြောက်လှန့်ပစ်ခတ်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    aa

    – ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲရန်အတွက် အေဂျီယန်ပင်လယ်၌ ယနေ့တွင် တူရကီ ငါးဖမ်းသင်္ဘောတစ်စင်းကို မိမိတို့က သတိပေးခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနာ သတင်းထုတ်ပြန်လိုက်သည်။

    ဂရိပိုင်ကျွန်းဖြစ်သော လမ်နော့စ်မှ ရေမိုင် ၁၂ မိုင်အကွာအဝေးတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ဖျက်သင်္ဘော Smetlivy မှာ အနားကပ်လာသည့် အဆိုပါ တူရကီငါးဖမ်းသင်္ဘောနှင့် ရေဒီယိုဆက်သွယ်မှု ပြုလုပ်ရာတွင် မရခဲ့ဘဲ မီးဖြင့်လည်းကောင်း၊ မီးကျည်ဖြင့်လည်းကောင်း အချက်ပြသော်လည်း ပြန်လည်တုန့်ပြန်ခဲ့ခြင်းမရှိဟု ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုငါးဖမ်းသင်္ဘောမှာ မီတာ ၆၀၀ အကွာအဝေးထိရောက်ရှိလာသည့်အချိန်တွင် မိမိတို့ ဖျက်သင်္ဘောက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သေကြောင့် ချက်ချင်းလမ်းကြောင်းပြောင်းသွားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း မိမိတို့သင်္ဘောနှင့် ဆက်သွယ်မှု မရှိခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ မော်စကိုရှိ တူရကီစစ်သံမှူးကို ရုရှားကာကွယ်ရေးဝန်ကြီးမှ ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်လက ဆီးရီးယားနယ်စပ်အနီးတွင် ရုရှားတိုက်လေယာဉ်တစ်စဉ်းကို တူရကီက ပစ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • တိုက်စစ်မှူးဗာဒီမှာ မည်သည့်အသင်းတွင်မဆို အောင်မြင်မည်ဟု မော်ရင်ဟိုပြော

    တိုက်စစ်မှူးဗာဒီမှာ မည်သည့်အသင်းတွင်မဆို အောင်မြင်မည်ဟု မော်ရင်ဟိုပြော

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    vardy

    – ယခုရာသီတွင် ခြေစွမ်းကောင်းများပြသနေသည့် လက်စတာအသင်း၏ ဂိုးသွင်းစက် ဂျာမီဗာဒီမှာ မည်သည့်အသင်းတွင်မဆို အောင်မြင်နိုင်သည့်စွမ်းရည် ရှိနေသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ချီးကျူးပြောဆိုလိုက်သည်။

    ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၁၄ ဂိုဖြင့် ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်ထားသည့် ဗာဒီမှာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ကာ စံချိန်သစ်ကိုလည်း တင်ထားနိုင်သူဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းအား ခေါ်ယူရန် အသင်းကြီးများက စိတ်ဝင်စားလျက် ရှိနေသည်။

    “သူက ဂိုးသွင်းဘုရင်ပါ။ ကလပ်အသင်းတွေက သူ့ကိုလိုချင်တာက သဘာဝပါပဲ။ အသင်းကြီးတွေမှာတောင်မှ အကူးအပြောင်းကာလဟာ အရေးကြီးတယ်။ လျင်မြန်တဲ့ ကစားသမားတွေကလည်း အရေးကြီးတယ်။ ပြီးတော့ ခံစစ်ကစားသမားတွေနောက်က နေရာလွတ်ရှာနိုင်တဲ့ တိုက်စစ်မှူးတွေကလည်း အရေးကြီးပါတယ်။ အသင်းကြီးတွေမှာဆို ပြိုင်ဘက်တွေက ခံစစ်သသ်သက်ကြီးပဲ ကစားတာကို ကြုံတွေ့ရတာကြောင့် ဧရိယာအတွင်းမှာ နည်းစနစ်ပိုင်းနိုင်တဲ့ ကစားသမားတွေကို များများစားစား လိုအပ်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကြီးပြီး လျင်မြန်တဲ့ကစားသမားကတော့ ဘယ်နေရာပဲရောက်ရောက် အောင်မြင်မှာပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ တနင်္လာနေ့တွင် လက်စတာအသင်းအား အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

    Ref: Goal

  • ဘူရန်ဒီအစိုးရနှင့် ပြည်သူ တိုက်ခိုက်မှုအတွင်း လူ ၈၀ ကျော်သေဆုံး

    ဘူရန်ဒီအစိုးရနှင့် ပြည်သူ တိုက်ခိုက်မှုအတွင်း လူ ၈၀ ကျော်သေဆုံး

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    burundi

    – အာဖရိကရှိ ဘူရန်ဒီနိုင်ငံတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော အစိုးရနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၈၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    မြို့တော် ဘူဂျမ်ဘူရာတွင် ဖြစ်ပွားခဲ့သည် အဆိုပါအဖြစ်အပျက်မှာ အမည်မသိအုပ်စုများက စစ်ဖက်ဆိုင်ရာနေရာ သုံးခုကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး သေဆုံးသူများတွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၈ ဦး ပါဝင်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    မငြိမ်မသက်မှုမှာ သောကြာနေ့ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ဝတ်စုံ ၀တ်ထားသူများမှာ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် အိမ်ယာများအနီးသို့ ယမန်နေ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများကမူ သောကြာနေ့က စစ်ဖက်ဆိုင်ရာနေရာများ တိုက်ခိုက်ခံရမှုကို ပြန်လည်တုန့်ပြန်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    သေဆုံးသွားသူအများစုမှာ လူငယ်များဖြစ်ပြီး အချို့က ရင်ဘတ်တွင်လည်းကောင်း၊ အချို့မှာ ဦးခေါင်းတွင်လည်းကောင်း သေနတ်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် သေဆုံးသူအချို့မှာ လက်ပြန်ကြိုးအတုပ်ခံထားရကြောင်းလည်း တွေ့ရှိခဲ့ရသည်။

    သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် ဆန့်ကျင်ကာ တတိအကြိမ်မြောက် တာဝန်ထမ်းဆောင်ရန် ကြိုးစားမှုမှတစ်ဆင့် ဘူရန်ဒီနိုင်ငံအတွင်း မငြိမ်သက်မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

    ဧပြီလက စတင်ခဲ့သည့် အဆိုပါ မငြိမ်မသက်မှုများတွင် အနည်းဆုံး လူပေါင်း ၂၄၀ ခန့် သေဆုံးခဲ့ပြီး ပြည်သူ ၂၁၅၀၀၀ ခန့်မှာလည်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်။ ပြည်သူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုအတွက်လည်း ဘူရန်ဒီအစိုးရမှာ နိုင်ငံတကာ၏ ရှုတ်ချမှုကို ခံခဲ့ရသည်။

    Ref: Aljazeera