News @ M-Media

Blog

  • ဂွါဒီယိုလာ၏ ဘိုင်ယန်အနာဂတ် လာမည့်တစ်ပတ်တွင် သိရမည်

    ဂွါဒီယိုလာ၏ ဘိုင်ယန်အနာဂတ် လာမည့်တစ်ပတ်တွင် သိရမည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    byern

    – ကောလဟာလများ ထွက်ပေါ်နေသည့် မိမိ၏ အနာဂတ်အတွက် လာမည့်တစ်ပတ်တွင် ထုတ်ဖော်ပြောဆိုသွားမည်ဟု ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    အသက် ၄၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂွါဒီယိုလာ၏ ဘိုင်ယန်နှင့် စာချုပ်သက်တမ်းမှာ ယခုရာသီကုန်လျှင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူနှင့် မန်စီးတီးတို့အပါအ၀င် အသင်းကြီးများက ခေါ်ယူရန် ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ဒီည ကျွန်တော် အဖြေပေးမှာမဟုတ်ပါဘူး။ နောက်တစ်ပတ်မှာတော့ ခင်ဗျားတို့ အဖြေသိမှာပါ။ နောက်တစ်ပတ်မှာ ရှင်းရှင်းလင်းလင်း သိရမှာပါ” ဟု ယမန်နေ့က ပြည်တွင်းရှုံးထွက်ဖလားတွင် Darmstadt အသင်းအား အနိုင်ရခဲ့သည့်ပွဲအပြီးနောက် မီဒီယာများနှင့် တွေ့ဆုံမှုအတွင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    ဘာစီလိုနာတွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သည့် ဂွါဒီယိုလာမှာ ၂၀၁၃ ခုနှစ်က ဘိုင်ယန်သို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါ ၂ ကြိမ်၊ ပြည်တွင်းရှုံးထွက်ဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံနှင့် ယူအီးအက်ဖ်အေ စူပါဖလား တစ်ကြိမ်စီ ရယူပေးထားသည်။

    Ref: Goal

  • မသန်စွမ်းသူများ ပညာသင်ကြားနိုင်မည့် အစီအစဉ်ကို ဆော်ဒီ စတင်

    မသန်စွမ်းသူများ ပညာသင်ကြားနိုင်မည့် အစီအစဉ်ကို ဆော်ဒီ စတင်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    saudi 2

    – ပင်ကိုယ်ပါရမီရှိပြီး နယ်ပယ်အမျိုးမျိုးတွင် ဖန်တီးနိုင်စွမ်းများ ပြသရန် လိုလားကြသည့် မသန်စွမ်းသူများနှင့် အထူးလိုအပ်ချက်ရှိသော ကျောင်းသားများ အလွယ်တကူ ပညာသင်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို ဆော်ဒီ ပညာရေးဝန်ကြီးဌာနက စတင်လိုက်သည်ဟု သိရသည်။

    “ဒီပညာရေးအစီအစဉ်ဟာ နိုင်ငံတစ်ဝှမ်းက တိုင်းတွေ၊ ပြည်နယ်တွေကို အခြေပြုပြီး လုပ်ဆောင်တဲ့အစီအစဉ်မှာ ပထမဆုံးပါပဲ” ဟု ရီယာ့ဒ်ဒေသ ပညာရေးဌာန၏ ဒါရိုက်တာဖြစ်သူ မိုဟာမက် အလ်-မီရ်ရှစ်ဒ်က ပြောကြားလိုက်သည်။

    My start ဟု အမည်ပေးထားသည့် အဆိုပါအစီအစဉ်ကို မသန်စွမ်းကျောင်းသားများ၏ ပုန်းကွယ်နေသောအရည်အချင်းနှင့် ကျွမ်းကျင်မှုများကို ၎င်းတို့စိတ်ဝင်စားသော နယ်ပယ်တွင် ဖော်ထုတ်တတ်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။

    ထိုအစီအစဉ်၌ မသန်စွမ်းမှုများနှင့်ပက်သက်၍ လူထုအား အသိပညာပေးရန် အထူးလူမှုရေးအခမ်းအနားများ၊ ဟောပြောတင်ပြမှုများလည်း ပါဝင်သည်။

    ဆော်ဒီပညာရေးဌာနမှာ မကြာသေးမီကလည်း Twenty students in twenty schools ဟု ခေါ်ဆိုသည့် အစီအစဉ်တစ်ခုကို ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် စတင်ခဲ့ပြီး ထိုအစီအစဉ်အရ အထက်တန်းကျောင်း ၂၀ မှ ကျောင်းသား ၂၀ ကို စုစည်းကာ ယဉ်ကျေးမှုနှင့် သိပ္ပံဆိုင်ရာ သုတေသနပြုမှုကို စူစမ်းဆောင်ရွက်ရမည့် အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်ကို ဘုရင်အဘ်ဒူလ်အဇစ် သိပ္ပံနှင့် နည်းပညာဆိုင်ရာမြို့ KACST နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

    ထိုအစီအစဉ် အကောင်အထည်ဖော်မှုနှင့် တိုးတက်မှုကို ကြီးကြပ်ရန်အတွက် ကျောင်း၏ အုပ်ချုပ်ရေးပိုင်းကိုလည်း တိုက်တွန်းထားသည်။

    ကျောင်းသားများမှာ ထိုအစီအစဉ်တွင် ပါဝင်ရန် စာရင်းသွင်းကာ နယ်ပယ်အသီးသီးတွင် သုတေသနလုပ်ငန်းများအတွက် အဆိုပြုချက် တင်သွင်းနိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်အောက်မှ ပေါ်ထွက်လာသည့် အထူးစီမံကိန်းများအတွက် ပညာရေးဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆုများလည်း ချီးမြှင့်သွားမည်ဖြစ်သည်။

    Ref: Arabnews

  • လာလီဂါအပြောင်းအရွှေ့ အရှုပ်တော်ပုံကို ဘလတ္တာထုတ်ဖော်

    လာလီဂါအပြောင်းအရွှေ့ အရှုပ်တော်ပုံကို ဘလတ္တာထုတ်ဖော်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    lalig

    – ဘာစီလိုနာကဲ့သို့ပင် ရီးယဲလ်နှင့် အက်သလက်တီကိုမက်ဒရစ် အသင်းများမှာလည်း အပြောင်းအရွှေ့ မသမာမှုများကြောင့် စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်ဟု ရာထူးမှ ရပ်ဆိုင်းခံထားရသည့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ချန်ပီယံ ဘာစီလိုနာမှာ အသက် ၁၈ နှစ်အောက် ကစားသမားများ ခေါ်ယူမှုတွင် အပြောင်းအရွှေ့ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည့်အတွက် ကစားသမားသစ်များ ခေါ်ယူမှုကို ၂ နှစ် ပိတ်ပင်ခြင်း ခံထားရသည်။ ဘလတ္တာကမူ ရီးယဲလ်နှင့် အက်သလက်တီကိုတို့မှာလည်း အပြစ်ရှိကြောင်း တွေ့ရပါက ထိုကဲ့သို့ အပြစ်မျိုးပေးရန် ဆော်သြခဲ့သည်။

    “ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတွေကိုလည်း ဘာစီလိုနာကျူးလွန်ခဲ့တဲ့ စည်းမျဉ်းဥပဒေ ချိုးဖောက်မှုနဲ့ပဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးမှု ပိတ်သွားပြီဆိုတာ ကျွန်တော်သိပါတယ်။ ပြစ်ဒဏ်က ဘာလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ လွတ်လပ်တဲ့ကော်မတီဖြစ်ပြီး အခုအချိန်မှာ ကျွန်တော်က တာဝန်ရပ်ဆိုင်းခံထားရတာကြောင့် ဖီဖာထဲကို ၀င်လို့မရလို့ပါ” ဟု ဘလတ္တာက Mundo Deportivo သို့ ပြောကြားခဲ့သည်။

    “တကယ်လို့ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့ ဘာစီလိုနာက အပြစ်ဒဏ်ပေးခံရရင်၊ ဒီလိုမသမာမှုကျူးလွန်တဲ့ မက်ဒရစ်ကလပ်နှစ်သင်းကလည်း ဒီလိုပြစ်ဒဏ်မျိုးပဲ ခံရသင့်ပါတယ်”

    Ref: Goal

  • အစ္စရေးက IS ကို ငွေကြေးထောက်ပံ့နေသည်ဟု ဒေါ်နယ်ထရမ့် ပြောပြန်

    အစ္စရေးက IS ကို ငွေကြေးထောက်ပံ့နေသည်ဟု ဒေါ်နယ်ထရမ့် ပြောပြန်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    turmp

    – အမေရိကန် ရီပက်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် အမေရိကန်သူဌေးကြီး ဒေါ်နယ်ထရမ့်က အစ္စရေးမှာ IS အကြမ်းဖက်သမားများအား ငွေကြေးအမြောက်အများပေးပို့ခြင်းဖြင့် ကူညီနေသည်ဟု ပြောကြားလိုက်သည်။

    Morning Joe ဟု အမည်ရသည့် ရုပ်သံအစီအစဉ် အင်တာဗျူးတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်အပြီး နာရီအနည်းငယ်အကြာတွင် အစ္စရေးသို့သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။

    “ကျွန်တော်တို့နိုင်ငံက စစ်ရေးနဲ့ ကာကွယ်မှုပေးထာပြီး ကျွန်တော်တို့နဲ့လက်တွဲအလုပ်လုပ်နေတဲ့ မဟာမိတ်နိုင်ငံထဲက အချို့က ISIS၊ အလ်ကိုင်ဒါနဲ့ အခြားသောအကြမ်းဖက်အဖွဲ့အစည်းတွေကို အလွန်များပြားတဲ့ငွေတွေ ပေးပို့ထောက်ပံ့နေပါတယ်” ဟု ထရမ့်က အင်တာဗျုးတွင် ပြောဆိုခဲ့သည်။

    မည်သူ့ကို ရည်ရွယ်ပြောဆိုသနည်းဟု ထပ်မံမေးမြန်းရာ “ဘယ်သူလဲဆိုတာ ခင်ဗျားတို့သိပါတယ်” ဟုသာ ထရမ့်က ဖြေဆိုခဲ့သည်။

    ၎င်းက မိမိမှာ အစ္စရေးနိုင်ငံသားများနှင့် ဆက်ဆံရေးရှိနေသောကြောင့် IS ကိုထောက်ပံ့ပေးနေသည့် အမေရိကန်မဟာမိတ်နိုင်ငံများကို ထုတ်ဖော်ပြောကြားမှု ပြုမည်မဟုတ်ဟု ဆိုသည်။ သို့သော်လည်း အစ္စရေးနှင့် အခြားနိုင်ငံများက IS အား ထောက်ပံ့ပေးနေသည်များကို လူတိုင်းက သိရှိကြသော်လည်း မည်သူကမှ အစ္စရေးအကြောင်း မပြောကြကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ရှိတယ်ဗျ။ ဒါပေမယ့် ကျွန်တော်ကတော့ ပြောမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူတွေရဲ့ ဆက်ဆံရေးတွေများကြီး ရှိလို့ပါ။ ဒါပေမယ့် ထောက်ပံ့နေတယ်ဗျ။ ခင်ဗျားတို့လည်း ဒါကိုသိပါတယ်။ လူတိုင်းကလည်း ဒါကိုသိပါတယ်။ မပြောကြတာပါ။ ဘယ်သူမှမပြောကြတာပါ”

    ထို့ပြင် အမေရိကန်အစိုးရကလည်း အဆိုပါကိစ္စကို သိနေပြီး ၎င်း၏ ပြောဆိုမှုများ မှန်ကန်ကြောင်းသေချာစေရန် မှတ်တမ်းများ စစ်ဆေးကြည့်နိုင်သည်ဟု ဆိုသည်။

    “ခင်ဗျားတို့လုပ်သင့်တာက မှတ်တမ်းမှတ်ရာတွေကို ပြန်စစ်ဆေးဖို့ပါပဲ၊ ကျွန်တော်တို့အစိုးရက ဒီနိုင်ငံတွေကို သိနေပါတယ်” ဟု ဖော်ညွှန်းခဲ့သည်။ ထရမ့်မှာ အစ္စရေးသို့ သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး “ကျွန်တော် သမ္မတဖြစ်ပြီး တစ်ရက်ရက်မှပဲသွားတော့မယ်” ဟု ပြောကြားခဲ့သည်။

    ထရမ့်၏ မဲဆွယ်စည်းရုံးရေးများသည် စကတည်းကပင် အငြင်းပွားစရာများရှိနေသော်လည်း ၎င်းသည် ရီပက်ဘလီကန် ထိပ်ပိုင်းခေါင်းဆောင်များ၏ ထောက်ခံမှု ၂၇ ရာခိုင်နှုန်းရရှိထားသူ ဖြစ်သည်။

    Ref: Press TV

  • မွတ်စလင်တို့ကို ပစ်မှတ်ထားသည့် ဥပဒေ ဗုဒ္ဓဘာသာဝင်များကို ထိမှန်

    မွတ်စလင်တို့ကို ပစ်မှတ်ထားသည့် ဥပဒေ ဗုဒ္ဓဘာသာဝင်များကို ထိမှန်

    MonogamyLaw
    ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် တွေ့ရသည့် မိသားစုတစ်စု (ဓာတ်ပုံ – Myanmar Now/ခွန်းလတ်)

    သင်းလဲ့ဝင်း/Myanmar Now

    ရန်ကုန် (Myanmar Now) − အေးအေး၏ ခင်ပွန်း ဖုန်းမှတဆင့် ပေးပို့သည့် စာတိုလေးတစ်ကြောင်းတည်းဖြင့် သူတို့နှစ်ဦးကြား ဆက်ဆံရေး အဆုံးသတ်သွားသည်။ “ငါ နင်နဲ့ ဆက်ပြီး မပေါင်းချင်တော့ဘူး။ အခုတွေ့ထားတဲ့တစ်ယောက်က နင့်ထက်သာလို့ လိုက်သွားတာ ဆိုပြီး  စာပို့လိုက်တယ်။ ကျွန်မဘက်က ဘာဆက်လုပ်လို့ ရတော့မှာလဲ” ဟု ရှေ့မှ စားပွဲခုံ မျက်နှာပြင်ကို ကြည့်ရင်း အေးအေးက ပြောသည်။

    အမည်ရင်းကို မဖော်ပြလိုသော အသက် ၂၆ နှစ်အရွယ် အေးအေး၏ ဘဝ ပြိုလဲသွားခဲ့ရသည်။ သူတို့နှစ်ဦး သူငယ်ချင်းဘဝဖြင့် ၁ဝ နှစ် နေပြီးနောက် အိမ်ထောင်သည်ဘဝဖြင့် ၂ နှစ် ကြာမြင့်ခဲ့ကြသည်။ သူ့လက်တွဲဖော်အမျိုးသားက လွန်ခဲ့သော လအနည်းငယ်က Viber မှတစ်ဆင့် သိခဲ့သည့် အမျိုးသမီး တစ်ဦးနောက်သို့ ပါသွားပြီဖြစ်သည်။

    “မကွဲချင်ဘူးပေါ့။ လူပုံအလယ်မှာ တစ်ခုလပ်ဆိုတဲ့ နာမည်ဆို မကောင်းဘူးလေ။ အိမ်ထောင်ရေးကို တည်မြဲအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်” ဟု ပြောစဉ် သူ့မျက်လုံးနှစ်ဖက်တွင် မျက်ရည်များဝဲနေသည်။
    မိသားစုက အေးအေးတစ်ဦးတည်းပေါ်တွင် အားထားနေရပြီး ဈေးထဲတွင် ကုန်စိမ်းရောင်းရသည့် ဝင်ငွေဖြင့် သူ့အမျိုးသားအတွက် ဆိုင်ကယ်၊ မိုဘိုင်းဖုန်း၊ ရွှေဆွဲကြိုး တို့ကိုလည်း ဝယ်ပေးထားခဲ့ပြီး ယင်းပစ္စည်းအားလုံးကို ယခုတော့ သူ့အမျိုးသားက ယူသွားပြီဖြစ်သည်။

    သူ ရပ်ကွက်ရုံးသို့ သွားသည်။ ရပ်ကွက်လူကြီးအားလုံးက အမျိုးသားများဖြစ်သည်။ သူတို့ တာဝန်ယူဖြေရှင်းပေးရသည့် ပြဿနာများတွင် ရပ်ကွက်အတွင်းမှ လူမှုရေး ပြဿနာများလည်း ပါဝင်သည်။

    “သူတို့က ဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အများဖြစ်နေတဲ့ကိစ္စ တဲ့။ အဲဒီစကားကို အတော်ခံပြင်းတယ်” ဟု ခန္ဓာကိုယ် ပိန်ပိန်သေးသေး၊ ဆံပင်ရှည်ရှည်၊ ပါးနှစ်ဖက်ပေါ်တွင် သနပ်ခါးပါးကွက်ကြား လိမ်းထားသည့် အေးအေးက ပြောသည်။

    သူ၏ ဒုက္ခကို အိမ်နီးချင်းများကလည်း ဘာမှ မကူညီနိုင်ခဲ့ဘဲ မိမိလင်ကို ထိန်းမထားနိုင်သည့် သူ့ကိုသာ လှောင်ပြောင်ကဲ့ရဲ့ကြကြောင်း ပြောသည်။

    အမျိုးသားများကြီးစိုးထားပြီး ရှေးရိုးစွဲဆန်သည့် ဓလေ့ထုံးစံများအကြား စာနာမှုကင်းမဲ့သော အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပြောဆိုရသည့် အခါ အေးအေးကဲ့သို့ပင် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ အိမ်ထောင်ရေးပြဿနာတို့တွင် တရားစွဲဆိုနိုင်သည့် အငြင်းပွားဖွယ်ရာ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ အပေါ် အားကိုးလာကြောင်း တွေ့ရှိလာရသည်။ အဆိုပါ ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး အာမခံလည်း မလျှောက်ထားနိုင်ပေ။
    “ဒီလိုဥပဒေမျိုးတွေရှိတာ ကောင်းပါတယ်။ ဒီဥပဒေပြဋ္ဌာန်းတာ နောက်တောင်ကျတယ်လို့ ပြောရမယ်” ဟု  သူက ဆက်ပြောပါသည်။ အေးအေးကို ခင်ပွန်းသည်က မတ်လအတွင်း ပစ်ထားခဲ့ပြီး ယခုဥပဒေကို စက်တင်ဘာ ၁ ရက်နေ့က ပြဌာန်းလိုက်ခြင်းဖြစ်သောကြောင့် ပြန်လည်တရားစွဲရန် မဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောသော်လည်း အေးအေးက ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း တစ်ခုရှာနေကြောင်း ပြောသည်။

    “ကျွန်မက တိုင်မှာ၊ ဒီအတိုင်းတော့ မထားဘူး” ဟု အံကြိတ်ရင်း ပြောသည်။

    မြန်မာနိုင်ငံနှင့် အမျိုးသမီးများသည် အစ္စလမ်ဘာသာ၏ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း ပြောဆိုနေသည့် အမျိုးသားရေးဝါဒီရဟန်းများက ဦးဆောင်တိုက်တွန်းပြီးနောက် ပြဋ္ဌာန်းခဲ့သော မျိုးစောင့် ဥပဒေလေးခုအနက် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် အတိုဆုံးဖြစ်ပြီး နောက်ဆုံးမှအတည်ပြုခဲ့သောသော ဥပဒေ ဖြစ်သည်။ အဆိုပါ ဥပဒေသည် မူလ ရည်ရွယ်ထားသည့်အတိုင်း မဖြစ်ခဲ့။

    အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီးနောက်ပိုင်း စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ဖြင့် တရားစွဲဆိုမှုမှာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း၌ပင်လျှင် ၂၉ မှုအထိ ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။ တရားစွဲဆိုခံရသူအများစုသည်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသားများသာဖြစ်ပြီး အမျိုးသမီး သုံးဦး ပါဝင်သည်။

    ရှေးရိုးစွဲ ဓလေ့ထုံးစံနှင့် စာနာမှု ကင်းမဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူများကြောင့် နှိမ်ချဆက်ဆံခံခဲ့ရ သည့် အမျိုးသမီးများက ‘တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ ကို အားကိုး လာကြသည်။

    ယုန်ထောင်ကြောင်မိ
    ————————
    ဗြိတိသျှအစိုးရလက်ထက် ၁၉ ရာစုအတွင်းက စတင်ကျင့်သုံးခဲ့သည့် လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကွာရှင်းပြတ်စဲခွင့် ဥပဒေ အစရှိသည့် ဥပဒေများသည် ခေတ်နှင့်လိုက်လျော ညီထွေမှု မရှိတော့ကြောင်း၊ ရှင်းလင်းမှု မရှိကြောင်းနှင့် ထိရောက်မှု မရှိတော့ကြောင်း အမျိုးသမီးအခွင့်အရေး ဆိုင်ရာအဖွဲ့များက ပြောကြားလျက်ရှိသည်။ ကြီးလေးသည့် ရာဇဝတ်မှုများကို ကာကွယ်နှိမ်နှင်းရန် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေအရ လင်ပြိုင်မယားပြိုင်စနစ်ကို တားမြစ်သည့် ဥပဒေရှိပြီးဖြစ်သော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်သတ်မှတ်ထားခြင်းမရှိဘဲ အမျိုးသားတစ်ဦးသည် အိမ်ထောင်ရှိသည့်အခြား အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန် ပါက ပြစ်မှုမြောက်ကြောင်းသာ ပြဋ္ဌာန်းထားသည်။
    သို့သော် မျိုးစောင့်ဥပဒေလေးခုပြဋ္ဌာန်း လိုက်ခြင်းသည် မှန်ကန်သည့် အဖြေ တစ်ရပ်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်များ အားကောင်းသည့် မြန်မာနိုင်ငံတွင် မွတ်စလင်များကို ခွဲခြားနှိပ်ကွပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးသမားများက ထောက်ပြကြသည်။
    ယင်းဥပဒေများကို လွှတ်တော် အတွင်း မြန်မြန်ဆန်ဆန် ဆွေးနွေး အတည်ပြုပြဋ္ဌာန်းခဲ့ပြီး သမ္မတဦးသိန်းစိန်က လက်မှတ် ရေးထိုးခဲ့သည်။ မဘသ (ခေါ်) အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို ဝေဖန်သူများအနေဖြင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမည်ဖြစ်သည်။

    မျှော်လင့်မထားသည့် နောက်ဆက်တွဲများဖြစ်ပေါ်နေပြီဖြစ်သော အဆိုပါဥပဒေ လေးခုကို ၂ဝ၁၆ ခုနှစ်တွင် တက်လာမည့် အစိုးရအနေဖြင့် ကျင့်သုံးရတော့မည်ဖြစ်သည်။

    ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် “အိမ်ထောင့်သစ္စာခိုင်မြဲရေး၊ မယားအများအပြားယူ၍ လူဦးရေစုဆောင်းကာ မူဆလင်နိုင်ငံ တည်ထောင်ရန် ကြံစည်အားထုတ်နေသော ဂျီဟဒ်ဝါဒီ မူဆလင်များ၏ အန္တရာယ်ကာကွယ်ရေးနှင့် အမျိုးသမီးများ မယားပြိုင်ဒုက္ခ ကင်းဝေးရေးတို့ကို ရှေးရှုရည်ရွယ်သည်” ဟု မဘသအဖွဲ့၏ ဦးဆောင်ဆရာတော် ဦးဝီရသူက ၎င်းတို့အဖွဲ့က ထုတ်ဝေသော   အတုမရှိဂျာနယ် တွင် မကြာသေးမီက ရေးသားထားသည်။

    သို့သော် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ဖြင့် တရားစွဲခံထားရသူ  အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်သောကြောင့် မြန်မာလူမှုမီဒီယာများတွင် အဆိုပါဥပဒေများကို ‘ယုန်ထောင်ကြောင်မိ’ ဆိုသည့် စကားပုံဖြင့် ခိုင်းနှိုင်းရေးသားကြသည်။

    နိုင်ငံရေးလှုံ့ဆော်မှု ပါနေသလား

    ————————————–

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်များက မျိုးစောင့်ဥပဒေ လေးရပ်ကို လွှတ်တော်တွင်း ဆွေးနွေးစဉ်က ကန့်ကွက်ခဲ့သောကြောင့် ၎င်းတို့ပါတီကို မဲမပေးရန် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အကြိုကာလအတွင်း မဘသအဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။ ရွေးကောက်ပွဲတွင် NLD  အနိုင်ရပြီးနောက်ပိုင်းတွင်လည်း အဆိုပါ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း မလုပ်ဆောင်ရန် မဘသက သတိပေးခဲ့သည်။

    ဒေါ်ဖြူဖြူသင်းသည် ယင်းဥပဒေများအား ကန့်ကွက်ခဲ့သည့် NLD မှ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

    “ဒီဥပဒေက တကယ်လုပ်ချင်တာကတစ်မျိုး၊ ထိတာကတစ်မျိုး လို့ အခုပြောနေကြပြီ။ ဥပဒေတွေဆိုတာ တစ်သမတ်တည်းရှိပြီး လူ့အခွင့်အရေးကို ချိုးဖောက်လို့ မဖြစ်ပါဘူး” ဟု ပြောသည်။

    “ဒီဥပဒေတွေဟာ အမျိုးသမီးတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ထင်တယ်”

    ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် မြန်မာနိုင်ငံတွင် နေထိုင်သူ အားလုံးနှင့်လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင်နေထိုင်သော နိုင်ငံသားနှင့် လည်းကောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်သည်။

    အိမ်ထောင်ရေးပြစ်မှုကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့် စပ်လျဉ်း၍ ၎င်း၏အခွင့်အရေးများ ဆုံးရှုံးမည့်အပြင် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် ၇ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ခံရမည့် အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။

    ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအပေါ် ထိပါးခြင်း
    ——————————–
    နည်းဥပဒေများ မထုတ်ပြန်ခင်ကပင် ယင်းဥပဒေများဖြင့် တရားစွဲဆိုမှုများ ရှိနေပြီဖြစ်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

    “တကယ်ဆိုရင် ဥပဒေတစ်ရပ် စတင်သက်ရောက်မှုမရှိခင် နည်းဥပဒေထွက်ပေါ်ဖို့ လိုအပ်ပါတယ်။ နည်းဥပဒေတွေ မထွက်သေးပါဘူး။ ဒါပေမဲ့ ကျင့်သုံးနေပါတယ်။ အဲဒါ ခက်တယ်။ ထူးခြားတဲ့ကွာခြားမှုဖြစ်နေတယ်” ဟု Myanmar Now နှင့်ပြုလုပ်သည့် တယ်လီဖုန်းအင်တာဗျူးတွင် ဦးရောဘတ်စန်းအောင်က ပြောသည်။

    အိမ်ထောင်ရေးဖောက်ပြန်မှုသည် ရာဇဝတ်မှု ပုံစံမျိုး ကိုင်တွယ်ရမည့် ပြဿနာ မဟုတ်ဟု လူ့အခွင့်အရေး အဖွဲ့များက  ထောက်ပြပြီး အစိုးရအနေဖြင့် လူမှုရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်နေခြင်းကိုလည်း မေးခွန်းထုတ်လိုက်သည်။

    “ကျွန်မတစ်ဦးတည်း အနေနဲ့ကတော့ တစ်လင်တစ်မယားစနစ်ကို ထောက်ခံပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာကတော့ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ခေတ်မှ မဟုတ်ဘူး၊ နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိပါတယ်” ဟု Gender Equality Network (GEN) မှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူ က ပြောကြားသည်။

    “အဲဒါက ကျွန်မတို့လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ရွေးချယ်မှုနဲ့အကျင့်စာရိတ္တ၊ သူတို့ရဲ့လူမှုရေးဆိုင်ရာ ထိန်းသိမ်းမှုအပေါ်မှာ ဘယ်လောက်လိုက်နာမှုရှိတယ်ဆိုတာနဲ့ပဲ ဆိုင်တာပါ။ ဒါကို ဥပဒေနဲ့ကန့်သတ်တာ၊ ပိတ်ပင်တာ အဓိပ္ပာယ်မရှိတာ” အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရွယ်ရောက်သူ အချင်းချင်း နှစ်ဦးသဘောတူ လိင်ဆက်ဆံခြင်းအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်း Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောကြားထားသည်။

    အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တစ်ဖွဲ့က အိမ်ထောင်ရေးဖောက်ပြန်မှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်း ၂ဝ၁၂ ခုနှစ်တွင် ပြောကြား ခဲ့သည်။

    ကာကွယ်ခြင်း
    ——————-
    ‘ယောက်ျားကောင်း မောင်းမတစ်ထောင်’ ၊ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ ဆိုသည့် ဆိုရိုးများဖြင့် ယောက်ျားများက အထက်စီး ယူထားသော လူအဖွဲ့အစည်းတွင် အေးအေးကဲ့သို့သော အမျိုးသမီးများအတွက် ပိုမို ကာကွယ်မှုပေးနိုင်သည့် ဥပဒေ လိုအပ်နေသည်။

    မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိရခြင်းသည် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးရမည့် ငါးပါး သီလတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ သို့သော် အဆိုပါကျင့်ဝတ်ကို လိုက်နာရန် မြန်မာအမျိုးသားတချို့ ပျက်ကွက်လျက် ရှိသည်။ မြန်မာနိုင်ငံအနောက်ပိုင်းဒေသမှ အသက် ၄၈ နှစ် အရွယ် ခင် ဆိုသူ အမျိုးသမီးကြီး ထိမ်းမြားခဲ့သူမှာ   အိမ်ထောင်သက် ၇ နှစ်အကြာတွင် သူ့ကို စွန့်ခွာသွားပြီး အခြားအမျိုးသမီးတစ်ဦးကို လက်ထပ်သွားရာ − ခင် သိချိန်တွင် အဆိုပါ အမျိုးသမီးတွင် ကိုယ်ဝန်ပင်ရနေပြီဖြစ်သည်။

    “ကျွန်မယောက်ျားက သူ့ညီအစ်ကို ဝမ်းကွဲတွေ၊ ဦးလေး၊ ဘကြီးတွေဆီကနေ အတုယူတာလေ။ သူတို့က လမ်းပြခဲ့ကြတာ” ဟု ပြောသည်။

    ကွာရှင်းပြတ်စဲရန် သဘောတူပြီးမှ  ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’အကြောင်းကို သူသိရသည်။ ယင်းဥပဒေ စတင်အသက်ဝင်သည့် ရက်မတိုင်မီကပင် ခင်ပွန်းသည်က သူ့ကိုစွန့်ခွာသွားသောကြောင့် ယင်းဥပဒေဖြင့် တရားစွဲနိုင်မည်မဟုတ်ပေ။
    “ရရင်  အကုန်လုံးကို နမူနာအနေနဲ့ ထောင်ချပစ်ချင်တယ်” ဟု ခင်က ပြောလိုက်သည်။     ။