News @ M-Media

Blog

  • လူကာကူကို အနားမပေးဟု အဲဗာတန်နည်းပြပြော

    လူကာကူကို အနားမပေးဟု အဲဗာတန်နည်းပြပြော

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    lukaku

    – အသင်းရှိတိုက်စစ်မှူး လူကာကူအား မိမိအနေဖြင့် အနားပေးရန် အစီအစဉ်မရှိဘဲ ၎င်း၏ အသက်အရွယ်မှာ ၁၂ နာရီခန့် အနားယူရန်သာ လိုအပ်သည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောကြားလိုက်သည်။

    အသက် ၂၂ နှစ်အရွယ် လူကာကူမှာ ယခုရာသီ အဲဗာတန်အသင်း ကစားသည့်ပွဲစဉ် ၁၉ ပွဲစလုံးတွင် ပါဝင်ထားပြီး ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ ပွဲ ၁၀၀ မြောက်တွင် အသင်းအတွက် ဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့သည်။ လူကာကူအား ပွဲစဉ်တိုင်းတွင် ထည့်သွင်းကစားသည့်အတွက် ဝေဖန်မှုများရှိနေပြီး မာတီနက်ဇ်ကမူ တုန့်ပြန်ပြောဆိုခဲ့သည်။

    “အသက် ၂၂ နှစ်ဆိုတဲ့အရွယ်မှာ ဘောလုံးကစားရတာကို ပျော်နေရမှာပါ။ နောက်တစ်ပွဲကစားဖို့ မစောင့်နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်နေရမှာပါ။ သေချာဂရုစိုက်ဖို့လိုတဲ့ ကစားသမားတွေက ၂၈၊ ၂၉၊ ၃၀ ၀န်းကျင် ကစားသမားတွေပါ။ ကျွန်တော်တို့မှာ အဲဒီအသက်အရွယ်ကစားသမား အနည်းငယ်ရှိပါတယ်။ သူတို့ရဲ့ အနားယူချိန်ကို တော်တော်လေး ဂရုတစ်စိုက် စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အသက် ၂၁နှစ်၊ ၂၂ နှစ်အရွယ် ကစားသမားတွေကတော့ ပွဲကစားနိုင်ဖို့ ၁၂ နာရီလောက်သာ နားချိန်လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့မှာ စွမ်းအင်တွေပြည့်ဝနေလို့ပါ” ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • တိရစ္ဆာန်သုံး ပဋိဇီဝဆေးများက လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်

    တိရစ္ဆာန်သုံး ပဋိဇီဝဆေးများက လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    animal

    – ခြံမွေးတိရစ္ဆာန်များအပေါ် ဆေးဝါးများ လွဲမှားစွာ အသုံးပြုခြင်းနှင့် အလွန်အကျွံအသုံးပြုခြင်းတို့သည် လူတို့တွင် ကိုယ်ခံအားကျဆင်းမှုပြဿနာများ ၊ အလွန်ဆိုးရွားသော ဘက်တီးရီးယားရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ဗြိတိသျှအစိုးရသို့ တင်ပြရန် စီစဉ်ထားသည့် အစီရင်ခံစာတွင် သတိပေးဖော်ပြထားသည်။

    မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသော ပဋိဇီဝဆေးများ၏ အသုံးပြုမှု ၁၃၉ ခုခန့်ကို လေ့လာကြည့်ရာတွင် သတ္တ၀ါများကို ပဋိဇီဝပစ္စည်းများ ပုံမှန်တိုက်ကျွေးမှုနှင့် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပဋိဇီဝဆေးယဉ် ဘက်တီးရီးယားများ ပွားများလာခြင်းတို့ ဆက်စပ်လျက်ရှိကြောင်း တွေ့ရပြီး တစ်ခါတရံတွင် ဆရာဝန်က လူနာကို လက်လွှတ်လိုက်ရခြင်းမျိုးပင် တွေ့ကြုံရသည်။

    ယင်းဖြစ်ရပ်များမှာ တိရစ္ဆာန်ကောင်ရေပွားများဆေးရန်အတွက် ဆေးဝါးအသုံးပြုမှုများပြားလာခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

    “ပထမဦးဆုံးအနေနဲ့ တိရစ္ဆာန်တွေဟာ လူ (အထူးသဖြင့် လယ်သမားတွ) နဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ပဋိဇီဝဆေးယဉ်ပြဿနာများ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဆေးယဉ်မှုရဲ့ ဒုတိယအကြောင်းအရင်းကတော့ အသားတွေကို ကိုယ်တိုင်ချက်ပြုတ် စားသောက်ခြင်းကြောင့် အစာကွင်းဆက်ကနေ လူကို ကူးပြောင်းသွားတဲ့ ဖြစ်စဉ်မျိုး ဖြစ်ပါတယ်။ နောက်ဆုံးအချက်က တိရစ္ဆာန်တွေရဲ့ အညစ်အကြေးစွန့်ပစ်မှုတွေကနေ လူကျန်းမာရေးကို သွယ်ဝိုက်ခြိမ်းခြောက်မှုတွေ ဖြစ်လာတာမျိုးပါ” ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ယူကေရှိ ဆေးယဉ်ပြဿနာ လေ့လာဆန်းစစ်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ ဂျင်မ်အိုနေးလ်ကမူ ကမ္ဘာပေါ်ရှိ လူသန်း ၇ ထောင်စလုံးမှာ ပဋိဇီဝဆေးဝါးများကို အလွန်အကျွံ သုံးစွဲနေကြသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ဆေးတွေကို သကြားလုံးတွေကို စားနေကြပါတယ်။ အဲဒီရဲ့ ပြဿနာတွေကို ကမ္ဘာ့နေရာအချို့မှာ ခံစားနေရပါတယ်။ တိရိစ္ဆာန်တွေနဲ့ပတ်သက်လာရင်တော့ ပဋိဇီဝဆေးသုံးစွဲမှုဟာ ပိုပြီး ဆိုးရွားပါတယ်။ ကမ္ဘာ့အရေးကြီးတဲ့ ဒေသအချို့မှာ ဒါကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့လိုလာပါပြီ၊ အထူးသဖြင့် အမေရိကန်လိုနေရာမျိုး၊ ပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အဓိကအားဖြင့် လူဦးရေသိပ်သည်းတဲ့ တရုတ်နဲ့ အိန္ဒိယလို နေရာမျိုးတွေမှာ လိုအပ်ပါတယ်”

    အစီရင်ခံစာတွင် အစားအစာများ ထုတ်လုပ်ရာ၌ ပဋိဇီဝဆေးသုံးစွဲမှုလျှော့ချရေးကို တစ်ကမ္ဘာလုံး၌ ပစ်မှတ်ထား လုပ်ဆောင်သွားရန်၊ လူနှင့်တိရစ္ဆာန်များတွင်ပါ ပဋိဇီဝဆေးများအသုံးပြုမှုကို ထိန်းချုပ်မှုများပြုလုပ်ရန် တိုက်တွန်းထားသည်။

ှRef: Aljazeera

  • စိုက်ပျိုးရေးတွင် အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦး ရှာဖွေတွေ့ရှိ

    စိုက်ပျိုးရေးတွင် အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦး ရှာဖွေတွေ့ရှိ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    saudi

    – သဘာဝ ဓာတ်မြေသြဇာအဖြစ် အသုံးပြုသည့် မြေဆီမြေနှစ်များတွင် တွေ့ရသည့် တီကောင် ဥများကို ရှာဖွေဖော်ထုတ်ရာတွင် အကူအညီဖြစ်စေမည့် နည်းလမ်းတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦးက ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတေးလျရှိ ဆော်ဒီယဉ်ကျေးမှုဌာန SACM က ကြေငြာလိုက်သည်။

    ဘက်စ်မာ ခါလက်ဖ်ဆိုသူဖြစ်ပြီး ၎င်းရှာဖွေတွေ့ရှိခဲ့သည့် နည်းလမ်းအသစ်က အဆိုပါဥများကို မြင့်မားသောနှုန်းဖြင့် ဖော်ထုတ်နိုင်မည်ဖြစ်ကာ မြေဆီမြေနှစ်များတွင် တီကောင်များအား လွယ်ကူလျင်မြန် တိကျစွာ ရှာဖွေ သိရှိနိုင်မည်ဖြစ်သည်။

    “အဲဒီလေ့လာမှုဟာ ဇီဝဓာတ်မြေသြဇာတွေကို သိုလှောင်တဲ့နေရာမှာ အသုံးပြုရတဲ့အချိန်ကို လျော့ချနိုင်မှာပါ။ အဲဒီလို လျော့ချနိုင်တာကြောင့် သိုလှောင်မှု ကုန်ကျစားရိတ်ကို လျော့ကျစေမည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အဟာရဓာတ်တွေကိုလည်း မြင့်တက်စေမှာဖြစ်ပါတယ်” ဟု ဘက်စ်မာက ပြောကြားခဲ့သည်။

    “ဒီရလဒ်ဟာ ဇီဝဓာတ်မြေသြဇာတွေကို အကျိုးရှိစွာအသုံးချရေး အစိုးရရဲ့ ပေါ်လစီကို အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်”

    ဘက်စ်မာမှာ သြစတေးလျရှိ RMIT တက္ကသိုလ်တွင် ဇီဝဗေဒနှင့် ဇီဝနည်းပညာဘာသာရပ်များဖြင့် Ph.D တက်ရောက်နေသူဖြစ်ပြီး သူမ၏ တွေ့ရှိချက်ကို ယခုနှစ်အစောပိုင်းတွင် International Water Association ဂျာနယ်၌ ဖော်ပြခြင်း ခံခဲ့ရသည်။

    “ကျွန်မရဲ့ Ph.D လေ့လာမှုမှာ မြေဆီမြေနှစ်တွေကို ခွဲခြမ်းစိတ်ဖြာရတာကြောင့် ကျွန်မရဲ့ တွေ့ရှိမှုကို မြေဆီမြေနှစ်စီမံရေး အသင်းအဖွဲ့တွေနဲ့ သုတေသနအဖွဲ့တွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းနဲ့ ဆက်စပ်ပြီး တစ်စိတ်တစ်ပိုင်း ပါဝင်ရတာကိုလည်း ကျွန်မ ကျေနပ်မိပါတယ်” ဟု ဘက်စ်မာက ထည့်သွင်းပြောကြားခဲ့သည်။

    South East Water နှင့် ALS Water Resources Group တို့အပါအ၀င် သြစတေးလျရှိ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များမှာ ဘက်စ်မာ၏ အဆိုပါတွေ့ရှိချက်ကို အသိအမှတ်ပြုခဲ့ပြီး သူမ၏ ထိုနည်းလမ်းအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Arabnews

  • ယူရိုပါအရှုံးကြောင့် ဆားဘီးယာချန်ပီယံကလပ်၏ ဘုတ်အဖွဲ့တစ်ခုလုံး နှုတ်ထွက်

    ယူရိုပါအရှုံးကြောင့် ဆားဘီးယာချန်ပီယံကလပ်၏ ဘုတ်အဖွဲ့တစ်ခုလုံး နှုတ်ထွက်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    patizan

    – ယူရိုပါလိဂ်မှ ထွက်ခဲ့ရခြင်းကြောင့် ဆာဘီးယားအမှတ်ပေးချန်ပီယံအသင်းဖြစ်သော ပါတီဇန်အသင်း၏ ဘုတ်အဖွဲ့တစ်ခုလုံးမှာ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    ယနေ့မနက်က အော့စ်ဘာ့ဂ်အသင်းအား အိမ်ကွင်း၌ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီဇန်မှာ ဥရောပ၏ ဒုတိယအဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်သော ယူရိုပါလိဂ်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ဆားဘီးယားစူပါလီဂါ အမှတ်ပေးပြိုင်ပွဲတွင်လည်း ထိပ်ဆုံးမှ ခါးသီးသောပြိုင်ဘက် ကာရ်ဗီနာ ဇဗီဇ်ဒါအသင်းနှင့် ၂၄ မှတ် ကွာဟနေသည်။

    “စီမံခန့်ခွဲရေးဘုတ်အဖွဲ့တစ်ခုလုံး မနေ့က နှုတ်ထွက်သွားပြီး ရက် ၃၀ အတွင်း ညီလာခံခေါ်ကာ ခေါင်းဆောင်ပိုင်း ရွေးချယ်ပြီးတဲ့အထိ အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာအပိုင်းကို ကျွန်တော်က ဦးဆောင်သွားမှာပါ။ ဒါဟာ ပါတီဇန်အတွက် ခက်ခဲတဲ့အချိန်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ဆားဘီးယားလိဂ်မှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေ ဆိုးရွားခဲ့ပြီးတဲ့နောက် ယူရိုပါလိဂ်မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို အားလုံးပုံထားတာပါ။ ကျွန်တော်တို့ ကစားသမားတွေကို အပြစ်မတင်ချင်ပါဘူး။ ဒါပေမယ့် လိုအပ်နေတဲ့ရလဒ်ကို သူတို့ရခဲ့လို့လား။ အမှန်က ကျွန်တော်တို့ နှုတ်ထွက်စရာ မလိုပါဘူး” ဟု အသင်း၏ အထွေထွေမန်နေဂျာဖြစ်သူ မီလို့စ် ဗာဇူရာက ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာစစ်လိင်ကျွန်ကိစ္စအတွက် ဂျပန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    ကမ္ဘာစစ်လိင်ကျွန်ကိစ္စအတွက် ဂျပန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    – ဒုတိယကမ္ဘာစစ်အတွင်း ကိုးရီးယားအမျိုးသမီးများကို ဂျပန်က လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှုများအတွက် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    စစ်အတွင်း ဂျပန်စစ်တပ်များက ပြည့်တန်ဆာအိမ်များတွင် လုပ်ကိုင်ရန် ကိုးရီးယားအမျိုးသမီးများကို ဇိမ်မယ်များအဖြစ် အတင်းအကြပ်ခိုင်းစေခဲ့သော ကိစ္စအပေါ် ဆွေးနွေးမည့် ၁၁ ကြိမ်မြောက် အဆိုပါ အစည်းအဝေးကို ဒီဇင်ဘာ ၁၅ တွင် တိုကျို၌ ကျင်းပမည်ဖြစ်သည်။

    တောင်ကိုးရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့ ယင်းကိစ္စနှင့်ပက်သက်၍ အလျင်အမြန်ဆွေးနွေးရန် ပြီးခဲ့သောလတွင် သဘောတူညီမှုယူခဲ့ရာမှ အစည်းအဝေးပွဲ ဖြစ်လာခြင်းဖြစ်သည်။

    ၁၉၁၀-၄၅ အတွင်း ကိုးရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုခဲ့စဉ် ဖြစ်ပွားခဲ့သော သမိုင်းနှင့်ချီသည့် အငြင်းပွားမှုများ အထူးသဖြင့် ကိုးရီးယားအမျိုးသမီးများကို ဂျပန်က လိင်ကျွန်အဖြစ် အသုံးပြုမှုအတွက် ယခုဆွေးနွေးပွဲမှာ ပက်ဂျုံဟေးနှင့် ရှင်ဇိုးအာဘေးတို့အကြား ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးမှု ဖြစ်မည်ဖြစ်သည်။ ယခင်က ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် တောင်ကိုရီးယားသမ္မတက ငြင်းဆိုခဲ့သည်။

    တောင်ကိုရီးယားမှာ အာဘေးထံမှ စိတ်ပါလက်ပါတောင်းပန်မှုကို အလိုရှိနေပြီး လိင်ကျွန်ပြုခံ ကိုရီးယားအမျိုးသမီးများအတွက် သင့်တင့်လျောက်ပတ်သည့် နစ်နာကြေးကိုလည်း ပေးအပ်စေချင်သည်။ သို့သော်လည်း ဂျပန်ကမူ ထိုကိစ္စကို ဂျပန်နှင့် တောင်ကိုရီးယားတို့ သံတမန်ဆက်ဆံရေး စတင်ခဲ့သည့် ၁၉၆၅ ခုနှစ်ကတည်းက ဖြေရှင်းပြီးဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။

    Ref: Xinhua