News @ M-Media

Blog

  • နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်ပစ်လွှတ်

    နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်ပစ်လွှတ်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    paki

    – ပါကစ္စတန်မှာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါ ဒုံးကျည်မှာ ၂၇၅၀ ကီလိုမီတာ (၁၇၀၈ မိုင်) အကွာအဝေးအထိ ရောက်ရှိနိုင်သည်ဟု သိရသည်။

    ပါကစ္စတန်စစ်ဘက် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သောကြာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ စမ်းသပ်ပစ်လွှတ်မှုမှာ လောင်စာခဲ ဖြည့်တင်းထားသော Shaheen-III (Falcon- III) ဒုံးကျည်ဖြစ်ပြီး အာရေဘီယန်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် အဆိုပါဒုံးကျည်ကို “အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်ရန်နှင့် လက်နက်ကိရိယာ၊ နည်းပညာဆိုင်ရာ ကွာအဝေးအမျိုးမျိုးအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ပါကစ္စတန် မဟာဗျူဟာရေးဆွဲရေးအဖွဲ့ဒါရိုက်တာ ဗိုလ်ချုပ် မဇ်ဟာ ဂျမီးလ်က ထိုအောင်မြင်မှုမှာ နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။

    “ပါကစ္စတန်ဟာ ဒေသတွင်းမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုတဲ့ဆန္ဒ ရှိပါတယ်။ အဲဒီလို နေထိုင်မှုအတွက် ကလီးယားကာကွယ်ရေး စွမ်းအားဟာ တောင်အာရှအတွင်း မဟာဗျူဟာကျတဲ့ တည်ငြိမ်မှုကို ပိုပြီး ခိုင်မာစေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဂျမီးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပါကစ္စတန်မှာ ၁၉၄၇ တွင် အိန္ဒိယမှ ခွဲထွက်ပြီးကတည်းက လက်နက်အပြိုင်အဆိုင် ထုတ်လုပ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်နိုင်ငံသည် ဒုံးကျည်စမ်းသပ်မှုများကို အဆက်မပြတ် ပြုလုပ်လျက်ရှိကြပြီး နျူကလီးယား မပြန့်ပွားရေးစာချုပ် (NPT) ကိုလည်း လက်မှတ်မထိုးသည့်အပြင် နူကလီးယားလက်နက် စမ်းသပ်မှုနှင့် ထုတ်လုပ်မှု ကန့်သတ်ချက်များပါဝင်သည့် အခြားသောစာချုပ်များကိုလည်း ငြင်းဆိုထားသော နိုင်ငံများဖြစ်သည်။

    Ref : Presstv

  • ဇန်န၀ါရီတွင် လူထပ်မခေါ်ဘဲ ရှိနေသူများကိုသာ နေရာပေးမည်ဟု လီဗာပူးလ်နည်းပြပြော

    ဇန်န၀ါရီတွင် လူထပ်မခေါ်ဘဲ ရှိနေသူများကိုသာ နေရာပေးမည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    klop

    – မိမိတို့အသင်းမှာ လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူရန် မလိုအပ်ဘဲ အသင်း၌ ရှိသူများကိုသာ အခွင့်အရေးပေးသွားမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ၂၀၁၁ ခုနှစ်တွင် အသင်းရှိ နာမည်ကြီးကစားသမားများဖြစ်သော လူးဝစ်ဆွာရက်ဇ်နှင့် အန်ဒီကာရိုလ်းတို့အား ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရောင်းချခဲ့သည့် လီဗာပူးလ်မှာ ယခုအချိန်တွင် နာမည်ကြီးကစားသမားများကို ၀ယ်ယူရန် ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ တကယ်လို့ သူတို့ကို ယုံကြည်ရင် သူတို့ကလည်း ဒီယုံကြည်မှုအကျိုးကို ခံစားရမှာပါ။ တစ်ရက်နှစ်ရက်ကိစ္စမဟုတ်ပါဘူး။ ရေရှည်အတွက်ပါ။ ဒါက ကမ္ဘာကြီးကမြင်နေတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့မှာ ပြဿနာရှိတယ်ဆိုရင် ဒါဟာ အရည်အသွေးပြဿနာမဟုတ်ပါဘူး။ အာရုံစူးစိုက်မှုနဲ့ အခြားပြဿနာတွေပဲဖြစ်မှာပါ” ဟု အသင်းနှင့်ပတ်သက်၍ ကလော့ပ်က ပြောကြားခဲ့သည်။

    ထို့ပြင် အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် ကစားသမားများ၏ ဗီဒီယိုများကို ကြည့်ရှုနေပြီး ယခုဆောင်းရာသီ၊ သို့မဟုတ် နွေရာသီ သို့မဟုတ် မည်သည့်အချိန်၌ ခေါ်ယူမည်ကို မိမိအနေဖြင့် မသိရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • “အကြမ်းဖက်ဝါဒဖြန့်မှု” ဆိုသည့် စကားလုံးအား ဖယ်ရှားရန် ပျက်ကွက်မှုအတွက် Twitter ကို တူရကီက ဒဏ်ရိုက်

    “အကြမ်းဖက်ဝါဒဖြန့်မှု” ဆိုသည့် စကားလုံးအား ဖယ်ရှားရန် ပျက်ကွက်မှုအတွက် Twitter ကို တူရကီက ဒဏ်ရိုက်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    – လူမှုကွန်ရက်ဆိုက်တစ်ခုဖြစ်သည့် တွစ်တာကုမ္ပဏီမှာ “အကြမ်းဖက်ဝါဒဖြန့်မှု” စသည့် စာသားများပါဝင်ခြင်းကို
    မဖယ်ရှားခဲ့သည့်အတွက် တူရကီနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာအာဏာပိုင်အဖွဲ့ BTK က ဒဏ်ငွေ ယမန်နေ့တွင် တူရကီလီရာ ၁၅၀၀၀၀ (ကန်ဒေါ်လာ ၅၁၀၀၀) ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

    အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမပြုသော်လည်း လူမှုကွန်ရက်ဝဘ်ဆိုက်တစ်ခုကို တူရကီက ယခုကဲ့သို့ ဒဏ်ရိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

    တူရကီမှာ ယခင်ကလည်း ၎င်းတို့ ဖယ်ရှားခိုင်းသည်များကို မလိုက်လျောခဲ့ခြင်းကြောင့် Twitter ကို ယာယီပိတ်သိမ်းမှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

    Ref: Reuters

  • တာချီလိတ်မှာ ဗလီဆောက်တယ်လို့ လုပ်ကြံ လှုံ့ဆော် ဝါဒဖြန့်မှု အပေါ် မြို့ခံတွေရဲ့ တုံ့ပြန်ဖြေရှင်းမှု

    တာချီလိတ်မှာ ဗလီဆောက်တယ်လို့ လုပ်ကြံ လှုံ့ဆော် ဝါဒဖြန့်မှု အပေါ် မြို့ခံတွေရဲ့ တုံ့ပြန်ဖြေရှင်းမှု

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    .Tar Chee Late_Soe Paing
    ယခုရက်ပိုင်းတွေမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး သတင်းမှားတွေနဲ့ လှုံ့ဆော်ဝါဒဖြန့်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။
    .
    ယခုလဲ တာချီလိတ်မြို့မှာ ဗလီဆောက်တယ်ဆိုတဲ့ သတင်းအမှားတခုကို မနေ့ကစပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာ စပြီးဖြန့်ဝေလာတာကိုတွေ့ရပါတယ်။
    .
    ဒီလို့ လှုံ့ဆော်ဝါဒဖြန့်မှုနဲ့ပတ်သက်ပြီး တာချီလိတ်မြို့ခံလို့ ယူဆရတဲ့ “မယ်ဆု” အမည်နဲ့ Facebook အသုံးပြုသူ တယောက်က အောက်ပါအတိုင်း တုံ့ပြန်ပြီး ဖြေရှင်းထားတာကိုလဲ တွေ့ရပါတယ်။

    Mae Su
    .
    ” တာချီလိတ်မြို့ က မိုးသောက်ကြယ်သူဌေး ဦးစိုင်းစိုင်းရဲ့ အိမ်ပါ ဘုရားခန်းအဖြစ် သီးသန့် ထားလိုတာရယ်
    ခု ခေတ်စားနေတဲ့ အိမ်ဒီဇိုင်းဖြစ်တာကြောင့် ဒီပုံစံဆောက်ထားတာပါ
    အိမ်က မပြီးသေးပါဘူး အမိုးဘေးမှာ ကနုတ်တွေနဲ့ အလှဆင်မှာ အများကြီး ကျန်ပါသေးတယ်
    သူဌေးကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသား စစ်စစ်ကြီး
    ဒီအိမ်ဒီဇိုင်းမျိုးကို မယ်ဆိုင် ချင်းမိုင် နဲ့ တရုပ်ဘက်မှာ အများစုဆောက်လေ့ရှိပါတယ်
    အိမ်ရဲ့ အတွင်းအပြင်နဲ့ ဘုရားခန်း အိမ်ပြီးစီးရင် ထွက်လာမယ့်ပုံတွေကိုပါ ဆက်ပြီးတင်ပေးသွားပါမယ်
    တစ်ခုဘဲမေတ္တာရပ်ခံလိုပါတယ်
    အေးချမ်းသာယာနေတဲ့ ကျွန်မတို့တာချီလိတ်မြို့လေးကို ဘာသာရေးပြသနာတွေဖြစ်လာအောင် မဖွကြပါနဲ့
    သေချာချင်တယ်ဆိုရင် သံသယရှိသူတွေအားလုံး ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုကြပါ”
    .
    ယခု လှုံဆော်ဝါဒဖြန့်မှု မတိုင်ခင် တရက်က ရန်ကုန်မြို့ “ဗိုလ်တထောင်ဗလီမှာ လူစိမ်း ၁၀၀ ရောက်နေရှိနေကြောင်း” နှင့် ရှီအာမွတ်စလင်မ်များ ဘာသာရေး အထိမ်းအမှတ် အလံလွှင့်မှုကို IS အဖွဲ့ အလံ လွှင့်ထားကြောင်း လုပ်ကြံဝါဒဖြန့်မှု လူမှု့ကွန်ယက်စာမျက်တွေမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ သတင်းတွေနဲ့ပတ်သက်ပြီး မှားယွင်းကြောင်း နှင့် ဖြစ်စဉ်အမှန်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သော်လည်း လုပ်ကြံဝါဒဖြန့်နေသူများကို အရေးယူဆောင်ရွက်မှု မရှိသေးပါဘူး။
ံ.
    ref: လှုံဆော်ဝါဒဖြန့်နေသည့် လင့်ခ် Link

  • အိန္ဒိယမှ မွတ်စလင်ဓမ္မဆရာပေါင်း ၇၀၀၀၀ မှ အကြမ်းဖက်အုပ်စုများမှာ အစ္စလာမ့်အဖွဲ့အစည်းများမဟုတ်ဟု ဖသ်ဝါ ဓမ္မသတ်ထုတ်ပြန်

    အိန္ဒိယမှ မွတ်စလင်ဓမ္မဆရာပေါင်း ၇၀၀၀၀ မှ အကြမ်းဖက်အုပ်စုများမှာ အစ္စလာမ့်အဖွဲ့အစည်းများမဟုတ်ဟု ဖသ်ဝါ ဓမ္မသတ်ထုတ်ပြန်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Medi

    is
    ၂၀၁၄ စက်တင်ဘာ ၁၁ ရက်၊ တီကရစ်နှင့် ကီရ်ကုက်အကြား လမ်းမပေါ် ရာရှဒ်ရှိ အစ္စလာမ်စစ်သွေးကြွများနှင့် ကာ့ဒ်လူမျိုးစု ပက်ရှ်မာဂါတိုက်ခိုက်ရေးသမားတို့ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်မှ တံတားတစ်ခု၏တစ်ဖက်တွင် လွှင့်ထူထားသည့် ISIS အလံအား တွေ့မြင်ရစဉ် (ဓာတ်ပုံ – AFP)

    – အကြမ်းဖက်အုပ်စုများသည် အစ္စလာမ်အဖွဲ့အစည်းများ အလျဉ်းမဟုတ်သည်သာမက လူသားမျိုးနွယ်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အိန္ဒိယနိုင်ငံမှ အစ္စလာမ့်ဓမ္မဆရာများက ပြောကြားလိုက်သည်။

    အိန္ဒိယမွတ်စ်လင်မ်ဓမ္မဆရာပေါင်း ခုနှစ်သောင်းခန့်က ISIS နှင့် အခြားအကြမ်းဖက်အုပ်စုများမှာ အစ္စလာမ်အဖွဲ့အစည်းများ မဟုတ်ကြောင်းလည်း ဓမ္မသတ်အဆုံးအဖြတ်တစ်ရပ်ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

    အနောက်ပိုင်း ရာဂျပ်စတာန်းပြည်နယ်၊ အဂ်ျမီးရ်မြို့အနီး အစ္စလာမ်သူတော်စင်တစ်ပါး၏ဂူဗိမာန်တွင် ကျင်းပသော အူရွတ်စ် ဘာသာရေးပွဲတော်ကာလအတွင်း လာရောက်သူ မွတ်စ်လင်မ်ပေါင်း ၁.၅ သန်းဝန်းကျင်တို့သည် အကြမ်းဖက်တိုက်ခိုက်မှုကို ဆန့်ကျင်သော လက်မှတ်ထိုးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

    “လာမယ့် တနင်္ဂနွေနေ့ကစပြီး နှစ်စဉ် အူရွတ်စ်ပွဲတော် စတင်တိုင်း ဒရ်ဂါ အအ်လာ ဟဇ်ရသ်အဖွဲ့ဝင်တွေက ဖောင်ဖြည့်စာရွက်တွေ လက်မှတ်ထိုးကြဖို့ ဝေငှပေးမှာ ဖြစ်ပါတယ်။ မိမိတို့ဟာ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြောင်း ပြသကြဖို့ ဖြစ်ပါတယ်။ မွတ်စလင်မ်ပေါင်း ၁.၅ သန်းက မိမိတို့ရဲ့အလေးအနက်ဆန္ဒပြုချက်များကို မှတ်တမ်းတင်ထားပါတယ်။ ကမ္ဘာတစ်ဝှန်းက ဓမ္မဆရာပေါင်း ၇၀၀၀၀ ၀န်းကျင်ကလည်း ဒီလှုပ်ရှားမှုထဲပါဝင်ပြီး ဖသ်ဝါဓမ္မသတ်ထုတ်ပြန်ခဲ့ပါတယ်” ဟု ဓမ္မသတ်ဆုံးဖြတ်ထုတ်ပြန်ချက်၌ လက်မှတ်ထိုးခဲ့သူများတွင် အပါအ၀င်ဖြစ်သော မုဖ်သီ မုဟမ္မဒ် စလီမ်း နူရီက Times of India သို့ ပြောကြားသည်။ ၎င်းနောက် သူက ဆက်လက်၍ ISIS ၊ တာလီဘန်၊ အလ်ကိုင်ဒါ အပါအ၀င် အကြမ်းဖက်အုပ်စုများကို “အစ္စလာမ်” ဟု အမည်တပ်နေခြင်းမှ ရပ်တန့်ပေးရန် မီဒီယာအဖွဲ့အစည်းတို့အား တိုက်တွန်းဆော်သြလိုက်သည်။

    ပဲရစ်တိုက်ခိုက်မှုဂယက်ရိုက်နေစဉ်ကပင် မွတ်စ်လင်မ်လူ့ဘောင်တစ်ရပ်လုံး အစ္စလာမ်အမည်ခံအကြမ်းဖက်ဝါဒအား ရှုတ်ချမည့်သတင်းစကား ဖြန့်ချိရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်သည်ဟု နောက်ထပ်ဓမ္မဆရာတစ်ဦးဖြစ်သူ ဟဇရသ် စုဗ်ဟာန်း ရာဇာခန်း က ဆိုသည်။

    အဂ်ျမီးရ်မှ ဂူဗိမာန်၏ဦးစီး မုဟမ္မဒ် အိဟ်စာန် ရာဇာခန်းကလည်း “အပြစ်မဲ့လူသားတစ်ဦးကို သတ်ဖြတ်ခြင်းဟာ လူသားမျိုးနွယ်တစ်ရပ်လုံးကိုသတ်ဖြတ်ရာရောက်ကြောင်း ကျမ်းမြတ်ကုရ်အာန်ထဲမှာ ရေးထားပါတယ်” ဟု ပြောပြသည်။

    သို့သော် ဓမ္မဆရာအပေါင်းတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်က လေကြောင်းတိုက်ခိုက်မှုသဘောတူညီခဲ့သော ဗြိတိန် အပါအ၀င် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ဗုံးကြဲတိုက်ခိုက်မှုကိုလည်း ဆန့်ကျင်ခဲ့ကြသည်။ ၎င်းတို့က ဆီးရီးယားရှိ ISIS တို့ကို လေကြောင်းမှ တိုက်ခိုက်သည်ဟုဆိုသော်လည်း အပြစ်မဲ့ အမျိုးသမီးများ၊ ကလေးငယ် အများအပြား သေဆုံးသွားရသည်။ အနောက်တိုင်းအင်အားစုများအနေနှင့် အကြမ်းဖက်သမားများကို တားဆီးရေး၌သာ ဦးတည်သင့်ပြီး အရပ်သားတို့၏ အသက်ဘ၀များအပေါ် တန်ဖိုးထားအပ်ကြောင်း လည်း ပြောကြားလိုက်သည်။

    Ref : The Independent